ကိုရီးယား ဗီဇာ

(ဒီပို့စ်က စင်ကာပူမှာနေထိုင်သော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ပါတယ်။)

ကိုရီးယားဗီဇာ လျှောက်မယ်ဆိုတော့ ဖတ်ခဲ့ဖူးတဲ့ မဗေဒါ ဘလော့ပို့စ် ကို ပြေးမြင်တယ်။
သူရေးထားတာ စုံစုံလင်လင်ဆိုတော့ အဲဒိအတိုင်း ကိုယ်တိုင်သွားလျှောက်မယ်ပေါ့။
တကယ်တန်းကျတော့ ခွင့်ကလည်း ရှားပါးနေတော့ ခရီးသွားတိုးကုမ္ပဏီ chan brothers က လျှောက်ပေးတာပဲ အပ်လိုက်ပါတယ်။

ဒါကတော့ သံရုံးနဲ့ ဆိုင်တဲ့ information လေးတွေပါ။

ကိုရီးယားသံရုံး လိပ်စာ
47 Scotts Road #08-00 Goldbell Tower Singapore 228233
Tel : 65-6256-1188, Fax : 65-6254-3191
E-mail : info@koreaembassy.org.sg

ကိုရီးယားသံရုံး ဖွင့်ချိန်
Embassy Office - Monday~Friday 09:00-12:30, 14:00-17:00
Consular Office - Monday~Friday 09:00-12:30, 14:00-16:30  (Visa Matters: 09:00-11:30)

ကိုရီးယားသံရုံး ၀က်ဘ်ဆိုဒ်
http://sgp.mofa.go.kr/english/as/sgp/main/index.jsp

လိုအပ်တဲ့ စာရွက်စာတမ်းများ
http://sgp.mofa.go.kr/english/as/sgp/visa/issuance/index.jsp

အေးဂျင့်ကို ဒါတွေ ပေးရပါတယ်။

၁။ အနည်းဆုံး ၆ လ သက်တမ်းကျန်သေးသော ပတ်စ်ပို့

၂။ ဗီဇာ ဖောင် (သံရုံးဝက်ဘ်ဆိုဒ်မှ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ အေးဂျင့်နဲ့လျှောက်တဲ့အတွက် အေးဂျင့်မှ ပေးပါတယ်။)

၃။ ကာလာ ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံတစ်ပုံ (၃.၅  x ၄.၅ လက်မ)

၎။ အလုပ်မှ ထောက်ခံစာ
   (ကိုယ့်အလုပ်ခေါင်းစဉ်၊ လစာနဲ့ ဘယ်တုန်းက အလုပ်စ၀င်သလဲပါအောင် HR ကို ရေးခိုင်းရပါတယ်။
    ကိုယ့်ဘာသာရေး၊ HR ကို လက်မှတ်ထိုး တံဆိပ်တုံးထုခိုင်းပြီး အေးဂျင့်ဆီကို ယူသွားပါလိုက်ပါတယ်။
    အေးဂျင့်က သူတို့မှာ ပုံစံ (format) ရှိတယ်၊ ဒါလေးနဲ့ပြန်လုပ်ပေးပါဆိုလို့ နောက်တစ်ခေါက် HR ဆီ အပူကပ်ရပြန်ပါတယ်။
    သူတို့ရဲ့ ပုံစံကို အောက်မှာ ပြန်ရှယ်လိုက်ပါတယ်။)




၅။  ၃ လစာ bank  statement (သို့) bank passbook
    (bank passbook ရှိသူတွေ ဆို ကောင်းမှာပါ။ စာအုပ်လေးယူသွားရုံပါပဲ။ ဒါပေမယ့် မရှိတဲ့သူတွေကျတော့ အလုပ်နဲနဲ ရှုပ်ပါတယ်။
     bank statment ဆိုတာ bank transaction ပြောတာထင်ပြီး ၃လစာ transaction ကို ပရင့်ထုတ်ပြီး ဘဏ်ကို တံဆိပ်တုံးသွားထုခိုင်းပါတယ်။
     citibank က အခုယူလာတာ မှားနေတယ် bank e-statment ကို ထုတ်ရမှာလို့ပြောပြီး
     သူတို့ကိုယ်တိုင် ၃ လစာ ပရင့်ထုတ်ပြီး တစ်ခါတည်း တံဆိပ်တုံးထုပေးလိုက်ပါတယ်။
     dbs bank ကတော့ အခုယူလာတာ မှားနေတယ်ဆိုတဲ့အကြောင်း၊ ကိုယ့် ibanking ထဲမှာ e-statement ထုတ်လို့ရတဲ့ နေရာ ရှိကြောင်း၊
     အဲဒါကို သူတို့ ထုတ်ပေးရရင် ၁ လကို စင်ကာပူဒေါ်လာ ၂၀ ယူမှာ ဖြစ်တဲ့အကြောင်း၊
     ကိုယ့်ဘာသာ ယူလာရင်တော့ စေတနာနဲ့ အခမဲ့ တံဆိပ်ထုပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
     ပိုက်ဆံ ၆၀ နှမြောတာနဲ့ နောက်တစ်ခေါက်ထပ်သွားလိုက်ရပါတယ်။)

၆။  ID card (spass, EP , PR, student pass, work pass, etc)

၇။  ပီအာဖြစ်ရင် Re-entry Permit

အေးဂျင့်နဲ့လျှောက်တာ တစ်ယောက်ကို  ၆၂  စင်ကာပူဒေါ်လာ ကျပါတယ်။
သံရုံးဝက်ဘ်ဆိုဒ်မှာ ကြေငြာထားတဲ့ဈေးကတော့ ၅၂ စင်ကာပူဒေါ်လာ ပါ။ ၁၀ ပဲ ပိုပေးရတာ မဆိုးဘူး ထင်ပါတယ်။

နောက် ၄ ရက်အကြာမှာ အေးဂျင့်က ဖုန်းဆက်ပါတယ်။ ဗီဇာရပါပြီတဲ့.။


Valentine Run 2014

အပြေးပြိုင်ပွဲတစ်ခုခုဝင်ချင်နေတာကြာပြီ။

ဒါပေမယ့် ပြိုင်ပွဲတော်တော်များများက အနည်းဆုံး ကီလိုမီတာ ၁၀ ဆိုတော့ ကိုယ့်ကိုယ်ကို ပြေးနိုင်မယ်မထင်တာကြောင့် တစ်ခါမှ မပါဝင်ခဲ့။

ဒီနှစ်တော့ Kampong Chai Chee CC က စီစဉ်တဲ့ Valentine Run 2014 ကို ပါဝင်ဖို့ စာရင်းပေးလိုက်ပါတယ်။
ဝင်ကြေးသင့်တာရယ်..အဓိက က  ၄.၃၅ ကီလိုမီတာ ဆိုတော့ စမ်းချင်တဲ့ကိုယ့်အတွက် အဆင်သင့်ဖြစ်သွားလို့ပါ။

website
http://kgchaichee.wix.com/valentinerun2014

Place : Bedok Reservoir Park, Floating Platform
Date : Sunday, 16-Feb-2014
Time : 4 pm

ဝင်ကြေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
                          Early Bird Price                      Normal Price
                          (Until 19th Jan 2014)             (Until 5th Feb 2014)
Single                 $15/pax                                 $18/pax
Couple               $12/pax                                  $15/pax
Group / Family    $9 /pax                                  $12/pax

ဒါကတော့ သူတို့ပေးတဲ့ goodie bag ထဲက ပစ္စည်းတွေပါ။

မှတ်ချက်။  ။ အားခဲထားတဲ့ရက်မှာ မပြေးနိုင်တော့ပါဘူး။ သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင် အချိန်နဲ့ တိုက်နေလို့ပါ။ ဒါတောင် အချိန်ရလိုရငြား ပြေးမယ့်ဝတ်စုံတွေ မင်္ဂလာဆောင်ကို သယ်သွားပါသေးတယ်။ စောစောပြန်လို့ရရင် တစ်နေရာရာမှာ အ၀တ်အစားလဲပြီး သွားမယ်ပေါ့။ တကယ်တန်းကျတော့ ပင်ပန်းလို့ အိမ်ပဲ တန်းပြန်လိုက်ပါတယ်။ နောက်တစ်ခါလို့ပဲ တေးလိုက်ရပါတယ်။

ကိုရီးယားခရီးစဉ် နိဒါန်း

တကယ်တော့ ကိုးရီးယားကို သွားချင်လှချည်ရဲ့ မဟုတ်၊ ခရီးတစ်ခုခုသွားရအောင်တိုင်ပင်ကြတော့ ပထမ maldives ဆိုပြီး tour package တွေ လျှောက်ကြည့်ကြတယ်။
တကယ်တမ်း အမျိုးသားက သွားမယ်ဆိုတော့ ကိုယ်က မသွားရဲ၊ အဲဒိနေရာက ပင်လယ်ရေမျက်နှာပြင်ထက် ၅ ပေနီးပါးပဲ မြင့်တယ်ဆိုလား၊
ကိုယ်ရောသူပါ ရေကူးတတ်သူတွေ မဟုတ် ကြောက်တယ်ဆိုတော့ ကြည့်နေတဲ့ web page ရဲ့ ဘေးမှာ တွေ့တဲ့ကြော်ငြာက ကိုရီးယား၊
အဲဒိမှာတင် ကိုရီးယားသွားကြမလားဖြစ်သွားတာပဲ (flexible ဖြစ်တယ်နော်)။
ခရီးစဉ်ကို ကိုယ့်ဘာသာစီစဉ်ပြီးသွားရတာ ကြိုက်ပေမယ့် ကိုရီးယားစကားကို အညာဟဆေရော တစ်လုံးကလွဲပြီး ဘာမှ မတတ်၊
ဘယ်နေရာတွေ လည်လို့ကောင်းမှန်းလည်းနားမလည်တော့ တိုး (tour) နဲ့ပဲ သွားကြမယ် ဆုံးဖြတ်ကြတယ်။

အဲဒါနဲ့ နောက်တစ်နေ့ညနေ ရုံးအပြန် တရုတ်တန်း (china town complex) နားက ရှိသမျှ ခရီးသွား အေဂျင်စီတွေ ၀င်ပြီး စုံစမ်းကြတယ်။
ဝမ်းနဲစရာ ကောင်းတာက tour တွေအကုန်လုံး တရုတ်စကားပြော ဂိုက်တွေချည်းပဲ အင်္ဂလိပ်စကားပြော ဂိုက်မရှိ.. ဘယ်လိုဖြစ်သည်မသိ။
ကိုယ်က ကိုရီးယား  စကားလည်းမသိ တရုတ်စကားလည်းမတတ်ဆိုတော့ တိုးနဲ့သွားပြီး ဘာမှ နားမလည် ဖြစ်နေမယ်ဆိုပြီး စိတ်ပျက်ပြီး ပြန်လာခဲ့ရတယ်။
နောက်နေ့ကျတော့ ရုံးမှာ ဂူဂယ်လ်ပြီး ရှိသမျှတိုးတွေဆီ အင်္ဂလိပ်စကားပြော ကိုရီးယားခရီး ရှိသလား ဆိုပြီး အီးမေးလ် လွှတ်လိုက်တယ်။
ပြန်တဲ့အီးမေးလ်တွေထဲမှာ ၂ ခုပဲ အင်္ဂလိပ်ဂိုက်နဲ့ သွားတဲ့ တိုးရှိတယ် ဈေးက ပုံမှန်ဈေးထက် ဒေါ်လာ ၅၀ ၊ ၁၀၀ ပိုများတယ်။
ဒါပေမယ့် တစ်ခုက မွတ်စလင်တိုး ကိုယ်က မသွားချင်၊ နောက် ကုမ္ပဏီ တစ်ခုကကျတော့ သေးသေးလေး၊ စိတ်ချရရဲ့လားမသိတော့ စဉ်းစားတုန်း။

ဒီလိုနဲ့ ၂ ရက်လောက်နေတော့ သတင်းစာမှာ Chan Brothers 48th Anniversary Holiday Fiesta Sale Fair ဆိုပြီး ကြော်ငြာတွေ့တယ်
Suntec Singapore Conventions & Exhibition Centre မှာ စက်တင်ဘာ ၂၉ တဲ့ သွားကြည့်ကြတယ်ပေါ့.. တိုတို ပြောရရင် အဲဒိကပဲ ၀ယ်ခဲ့ပါတယ်။
၈ ရက် ၆ ည ကိုရီးယား စကီး ခရီးစဉ် ကို တစ်ယောက်ကို စင်ကာပူဒေါ်လာ ၂၈၈၈ တဲ့ (တကယ့်ဈေးရော ဟုတ်ရဲ့လားမသိ)။
အဲဒါကို ဈေးလျှော့မယ် ပြီးဒုတိယလူအတွက် ၅၀% ချမယ် ဘာညာပေါ့။ နောက်ဆုံး အနှစ်ချုပ်လိုက်တော့...

တစ်ယောက် -  စင်ကာပူဒေါ်လာ ၁၉၀၀

ပါဝင်သောအရာများ 
ဟိုတယ်
လေယာဉ်လက်မှတ် (Airport Tax , GST ဘာညာ အားလုံးအပြီးအစီးပါ)
မနက်စာ၊ နေ့လည်စာ၊ ညစာ
အင်္ဂလိပ်စကားပြော လိုကယ်တိုးဂိုက်
တိုးခေါင်းဆောင် (ခရီးစဉ်အစအဆုံးလိုက်မယ့်သူ....ခရီးသည် အယောက် ၂၀ ပြည့်မှသာ)
အနည်းဆုံးခရီးသည်အရေအတွက် - ၁၀ ယောက်

ထပ်ပေးရမည့်အခများ
လိုကယ်တိုးဂိုက် - ကိုရီးယားဝမ် ၆၀၀၀  (လူတစ်ယောက် တစ်ရက်စာ)
တိုးခေါင်းဆောင် (ပါလာရင်) -စင်ကာပူဒေါ်လာ ၂ ဒေါ်လာ(လူတစ်ယောက် တစ်ရက်စာ)

ဒါကတော့ ခရီးစဉ်ပါ သွားမယ့်အစီအစဉ်အတိုင်း နံပါတ်စီထားတာ ဖြစ်ပါတယ်။


စရန်အနည်းဆုံး.. တစ်ယောက် စင်ကာပူဒေါ်လာ ၅၀၀ ပေးရပါတယ်။သွားမယ့်ရက်က ဖေဖော်ဝါရီ ၂၀ပါ။
ခရီးမသွားခင် ၂ ပတ်အလိုနောက်ဆုံးထားပြီး ခရီးစဉ် သေချာမသေချာ (၁၀ ယောက်ပြည့်မပြည့်) အကြောင်းကြားမယ်ဆိုလို့ ရင်ခုန်စွာစောင့်ရပါတယ်။
ကိုယ်တွေက သူများတွေလို ဖုတ်ဖက်ခါ ထသွားလို့ရတာ မဟုတ် ဗီဇာ လျှောက်ရဦးမယ်လေ။

ဇန်န၀ါရီ ၂ ရက်နေ့မှာ ချန်းဘရားသား က ဖုန်းဆက်ပါတယ် ခရီးစဉ် သေချာပါပြီတဲ့..

ဗီဇာလျှောက်တဲ့ အကြောင်း နောက်ပို့စ်မှာ သီးသန့်ရေးပါမယ်။

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

ချစ်သော အဘိုး

မူလတန်းကစ အထက်တန်းအောင်တဲ့အထိ နွေရာသီအတန်းတင်စာမေးပွဲဘယ်တော့ပြီးမလဲဆိုတာကို ရက်တွေတွက်
တစ်ပတ်လောက်ကြို ရန်ကုန်တက်လာပြီး ချစ်တဲ့မြေးမကို အညာကိုခေါ်ဖို့ အဆင်သင့်ပြင်နေတတ်တဲ့ အဘိုး၊

ရန်ကုန်ရောက်တုန်း မြေးမကိုလက်ဆွဲ မြို့ပတ်ရထားစီးပြီး ကုန်တိုက်(၁) နဲ့ ကုန်တိုက်(၂) မှာ ရန်ကုန်ပြန် လက်ဆောင်ဝယ်
သိမ်ကြီးဈေးမှာ အဘွားအတွက် ထဘီကိုယ်တိုင်ရွေး ၀ယ်တတ်တဲ့ အဘိုး၊

ရွှေတိဂုံဘုရားရင်ပြင်မှာ အညာခေါင်းပေါင်းကြီးနဲ့ အကြာကြီးဘုရားရှိခိုးတတ်တဲ့အဘိုး၊

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် သူ့အညာခေါင်းပေါင်းကြီး မဖြုတ်တမ်းဝတ်တတ်တဲ့အဘိုး၊

မြေးမကိုရထားကြီးနဲ့ အညာခေါ်၊ အညာမရောက်မချင်း ရထားပေါ်မှာ လာသမျှဈေးသည်ကို လက်ညိုးထိုးတဲ့မြေးမကို အလိုလိုက်ဝယ်ကျွေးတတ်တဲ့ အဘိုး၊
လမ်းခရီးတစ်လျှောက်လုံး မြေးမကျွေးတဲ့နေကြာစေ့၊ ဆီးထုပ်၊ အချဉ်ထုပ်တို့ကို အတူတူစားတဲ့ အဘိုး၊

နွေရာသီသုံးလလုံး အညာရောက် မြေးမကို အနီးအနားရွာတွေကို နွားလှည်းကိုယ်တိုင်မောင်းပို့ ပြီး ဆွေမျိုးတွေရွာ အလည်ထွက်တဲ့အဘိုး၊

သူငယ်ချင်းတွေနဲ့ ရွာထဲလည်တဲ့မြေးမကို နောက်ကကြည့်ပြီး ဟဲ့ဟဲ့ နောက်မှာစကတ်ပြဲနေတယ် စကတ်ပြန်လဲဦးလို့ အလန့်တကြားအော်တဲ့ အဘွားကို
ပြုံးပြုံးကြီးကြည့်ပြီး အုံးငွေရာ အဲဒါတမင်သတ်သတ်ခွဲထားတာဟ ရန်ကုန်မှာအဲလိုပဲဝတ်ကြတယ် ဆိုတဲ့ ခေတ်အဘိုး၊

ရန်ကုန်သူမြေးမ ခွေးကိုက်ခံရလို့ ခွေးပိုင်ရှင်အိမ်ကို ချက်ချင်းရောက်သွားပြီး ခွေးပိုင်ရှင်တွေ အထပ်ထပ်တောင်းပန်နေတဲ့ကြားက ခွေးကိုသတ်မယ် တကဲကဲဖြစ်နေတဲ့ အဘိုး၊

သင်္ကြန်တွင်း ရွာထဲလည်တဲ့ မြေးမကို ကာလသားတွေ ရေလောင်းလို့ဆိုပြီး ဓားမကြီးဆွဲ ဘယ်သူ့သားတုန်းကွ ဧည့်သည်ကိုရေလောင်းတာ ဆိုလို့
ဘယ်ကာလသားမှ တုတ်တုတ်မလှုပ် သင်္ကြန်တွင်းဘယ်အချိန်ဘယ်သွားသွား နောက်ထပ်ရေမစိုစေခဲ့တဲ့ အဘိုး၊

အညာရောက်ခါမှ ၀က်သက်တွေပေါက် အဖျားတွေတက် ကယောင်ကတမ်းတွေပြောနေတဲ့ မြေးမကိုကြည့်ပြီး ယောကျာ်းကြီးတန်မယ့် မျက်ရည်စို့နေတဲ့ အဘိုး၊

တစ်အိမ်လုံးရဲ့ စားဦးစားဖျား အဘိုးနဲ့ အဘွားအတွက်ပဲပြင်တဲ့ ထမင်းစားပွဲမှာ မြေးမ မပါရင် ထမင်းစားမ၀င်တဲ့ အဘိုး၊

ကန်တော့ခံမုန့်တွေ အချိုရည်တွေ သူကိုယ်တိုင်သော့ကိုင်တဲ့ ဗီရိုထဲ ထည့်သိမ်းထားပြီး မြေးမလာမှ တစ်နေ့ တစ်မျိုး မရိုးအောင် ထုတ်ကျွေးတဲ့ အဘိုး၊

ကျောလည်ရောက် ဆံပင်ရှည်ကြီး ရွာရောက်ခါမှ တောင်သာမြို့ပေါ်တက် တခြမ်းစောင်းဂုတ်ဝဲ ညှပ်တဲ့ မြေးမကို
အဘွားတပျစ်တောက်တောက်ဆူသလောက် ဘာတစ်ခွန်းမှ အပြစ် မပြောရှာတဲ့ အဘိုး၊

ဒီမြေးမလေးရောက်ရင်အိမ်သားတွေ လည်း မနေရ၊ ဒီနေ့ ဒီမုန့်လုပ် ဒီနေ့ ဟိုမုန့်ုလုပ်နဲ့ သြဇာပေးပြီး တစ်ခါတစ်လေ သူကိုယ်တိုင် သာကူထကျိုချင်ကျိုနေတတ်တဲ့ အဘိုး၊

မြို့ပေါ်မှာ ပေါ်ကျော့နေပြီး ရွာရောက်ခါမှ တောင်သူအလုပ်တွေ ကူလုပ်နေတဲ့မြေးမကိုကြည့်ပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေတဲ့အဘိုး၊

မြေးမရန်ကုန်ပြန်မယ့်ရက် အကန်တော့ခံ ဆုတွေတစ်သီကြီးပေးပြီး လိုက်ပို့တဲ့လှည်းတွေထွက်တဲ့ထိမစောင့် အိမ်လည်အမြဲတမ်းထွက်တတ်ပြီး ရှောင်နေတတ်တဲ့ အဘိုး၊

မြေးမ ရှိတုန်း တောက်လျှောက်ကျန်းကျန်းမာမာကနေ မြေးမပြန်အပြီးတစ်ပတ်ဆယ်ရက် ချက်ချင်းကြီး နေမကောင်းဖြစ်တတ်တဲ့ အဘိုး၊

မြေးမဆုယူတဲ့ ဓာတ်ပုံတွေတစ်အိမ်လုံးမှာ ချိတ်ပြီး လာသမျှဧည့်သည် မမောနိုင် မပန်းနိုင် ဒိုင်ခံကြွားတဲ့ အဘိုး၊

တက္ကသိုလ်ရောက်မြေးမ ငယ်ငယ်ကလို နွေရာသီကျောင်းပိတ်ရက်မှာ အညာကိုအလည်မပြန်နိုင်တဲ့အခါ ရန်ကုန်ကို တစ်လကိုးသီတင်း လာတွေ့ရှာတဲ့အဘိုး၊

မြေးမအလုပ်ကရတဲ့ လစာနဲ့ဝယ်ပေးလိုက်တဲ့ မုန့်ကို တကြွားကြွားနဲ့ တန်ဖိုးထားနေလို့ အတူနေပြုစုစောင့်ရှောက်တဲ့ တခြားမြေးတွေ မျက်စောင်းထိုးခံရတဲ့ အဘိုး၊

တို့တွေက သူ့မြေးမလို ဘဘ လို့မှ ချွဲ့ချွဲ့နွဲ့နွဲ့မခေါ်တတ်တာလို့ တခြားမြေးတွေ ရန်အထောင်ခံရတဲ့ အဘိုး၊

မြေးမရဲ့ တရောသောပါး မင်္ဂလာဆောင်ကို မြေးမအရင် ရန်ကုန်ရောက်လို့ တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အဘိုး၊

မြေးမခင်ပွန်းကို မြေးအရင်းလိုသဘောထား အညာလာလည်တဲ့ မြေးမတို့စုံတွဲကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့တဲ့အဘိုး၊

မြေးမကို နာမည်မခေါ် ချစ်စနိုးနဲ့ မိန်းကလေး လို့ နာမ်စားသုံး ခေါ်ဝေါ်ခဲ့တဲ့အဘိုး၊

ဒီဇင်ဘာလ ၈ ရက် ၂၀၁၃ (တနင်္ဂနွေ) နေ့မှာ အဘိုးချစ်တဲ့ မြေးမကို ထားခဲ့ပြီကော၊

(ဘဘရေ....ဘယ်အချိန်ပြန်တွေးတွေး ဘဘကျေးဇူးတွေ စေတနာ မေတ္တာတွေ ဘဘရဲ့မိန်းကလေး သတိရ ကျေးဇူးတင်နေမှာပါ
ဘဘအတွက်ရည်စူးပြီး မိန်းကလေး ပြုသမျှကောင်းမှုအစုစုကို ဘဘကို အမျှပေးပါတယ် ဘဘရောက်ရာဘ၀က သာဓုခေါ်ပါ
)
~~~~ အသက် ၈၉ နှစ်တွင် ကွယ်လွန်သွားသော အဘိုးအတွက် အမှတ်တရ ~~~~

 ၂၀၀၇ မတ်လ မြေးမ မင်္ဂလာဆောင်မှာတွေ့ရတဲ့ ဘဘ.. ထုံးစံအတိုင်း ခေါင်းပေါင်းကြီးနဲ့..

၂၀၁၁ ခုနှစ် ဘဘဆီ အလည်သွားတုန်းကပါ။ အဲဒိတုန်းက ဘဘက ၈၆ နှစ်၊ ကျန်းကျန်းမာမာနဲ့ ခြံထဲမှာ အလုပ်တွေ လုပ်နေတုန်းပါ။

ဒါကတော့ ၂၀၁၁ ခုနှစ်၊ အညာကနေ ရန်ကုန်ပြန်မယ့်မနက်ပါ။ ငယ်ငယ်တုန်းကလို ဘဘမျက်ရည်မ၀ဲတော့ပေမယ့် မပြုံးတော့ပါဘူး။

ဒီပုံကတော့ ၂၀၁၂ ဘဘဆီအလည်သွားတုန်းက ရိုက်ထားတဲ့ နောက်ဆုံးပုံပါ။ ဘဘ အသက် ၈၇နှစ် ထဲမှာပါ။

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...