လွန်ခဲ့သော ၅နှစ်၊ ဒီနေ့မှာ ကိုယ်တို့လက်ထပ်ခဲ့တယ်


အခန်း(၁)  - ၂၀၀၂ ခုနှစ် ဆောင်းဝင်ခါနီး၊ ရန်ကုန်။

သူက အလယ်တန်းကျောင်းသား၊ ကိုယ်က တက္ကသိုလ်စတက်ချိန်။
ကျွန်တော်ကြီးလာလို့ မိန်းမယူရင် ကိုယ့်လို မိန်းမမျိုးကိုပဲ ယူမယ်လို့ သူက သူ့အမေကို ပြောလေ့ရှိပါတယ်။ အသက်ကွာတဲ့ ကိုယ့်ကိုယူမယ်လို့တော့ သူစိတ်ကူးခဲ့ဟန်မတူပါဘူး။ ကိုယ်ကတော့ သူ့ကို ငယ်စဉ်ကတည်းက မောင်လေးအရင်းတစ်ယောက်လို ချစ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ် အပျိုကြီးအရွယ်ထဲစ၀င်လာတဲ့ အချိန်မှာ သူနဲ့ တကယ်ပဲ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

" အပျိုကြီး၊ ဒီအရွယ်ထိ ကျွန်တော့်ကို (သူက ချစ်သူသက်တမ်း တော်တော်ကြာတဲ့ထိ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်ပါတယ်။) စောင့်နေတာမလား " လို့ နောက်ရင် စနေမှန်းသိသိကြီးနဲ့ ဒေါသဖြစ်ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘာကြောင့် ရည်းစားထားဖို့ မေ့နေခဲ့ပါလိမ့်လို့ ခဏခဏ မေးနေမိပါတယ်။

(စာကြွင်း။    ။ အဲဒါ ပေါင်းတဲ့ သူငယ်ချင်းပေါ်အများကြီး မူတည်ပါတယ်။ :P တကယ်ပါ။ သူငယ်ချင်း ၁၂ ယောက်အုပ်စုထဲမှာ ကျောင်းမတက်ခင်ကတည်းက အိမ်ထောင်ကျတဲ့သူ တစ်ယောက်ကို ဖယ်လိုက်ရင် ၂ ယောက်ပဲ အိမ်ထောင်ကျပါသေးတယ်။ ကျန်တဲ့ ၉ ယောက်က အိမ်ထောင်ပဲ မကျတာလားဆိုတော့ မဟုတ်ပါဘူး။ ရည်းစားကို မရှိကြတာပါ။ သူငယ်ချင်းအပျိုကြီးများ စိတ်မဆိုးကြပါကုန်။)

ချစ်သူသက်တမ်း တစ်လျှောက်လုံး အသွားအများဆုံးနေရာက ရွှေတိဂုံဘုရားပါ။ ပန်းခြံသွားရမှာ ရှက်တဲ့ကိုယ့်ကို သူခေါ်သွားဖို့ အဆင်အပြေဆုံးနေရာက ဘုရားပါ။ ကျောင်းပြေး၊ ရုံးပြေးပြီး ဘုရားမှာ တစ်နေကုန် နေကြပါတယ်။ ဘုရားမှာ တစ်နေကုန်ဘာလုပ်နေကြလဲလို့ စပ်စုချင်တဲ့သူတွေအတွက် ပြောရမယ်ဆိုရင် စာဖတ်ကြပါတယ်။ ဟုတ်ပါတယ်၊ ကျောင်းစာ သို့မဟုတ် ၀တ္ထု၊ နှစ်ယောက်လုံး ကိုယ်သန်ရာသန်ရာ ထိုင်ဖတ်နေကြတာပါ။ ဗိုက်ဆာလာရင်တော့ ဘုရားမြောက်ဘက်မုဒ်ကဆင်းပြီး အောင်သုခထမင်းဆိုင်မှာ ထမင်းစားကြပါတယ်။ ပြီး ဘုရားပေါ် ပြန်တက်၊ စာပြန်ဖတ်ကြပါတယ်။
သူက အိမ်မှာ တစ်နေကုန် အခန်းအောင်းပြီး စာဖတ်နိုင်တဲ့သူပါ။ ကဲ သမီးရည်းစား ချိန်းတွေ့ကြတာ ကုသိုလ်လည်းရ၊ စာလည်းရတယ် မဟုတ်ပါလား။


အခန်း(၂)  - ၂၀၀၇ ခုနှစ်၊ နွေဦး၊ စင်ကာပူ။

ဇာတ်လမ်းဆိုရင်တော့ ဒါ အလွမ်းခန်းပါ။
ကိုယ်က စင်ကာပူမှာ အလုပ်ရှာဖို့ ထွက်လာတော့ သူက တက္ကသိုလ်တက်နေဆဲပါ။ ရေချိုးပျင်းတဲ့ကိုယ်က သူ့ကိုလွမ်းတိုင်း ရေချိုးပါတယ်။ တစ်မျိုးမထင်ပါနဲ့။ ရေပန်းအောက်မှာ ငိုရတာ ပိုပြီး လွတ်လပ်လို့ပါ။ အသံလည်းထွက်ငိုနိုင်၊ မျက်ရည်တွေကို အထူးတလည်လည်း သုတ်စရာ မလိုတော့ဘူးမလား။
ဒါပေမယ့် အတူနေသူငယ်ချင်းကတော့ သိပါတယ်။ ရေချိုးခန်းထဲကနေ မျက်လုံးနီနီ၊ မျက်ခွံမို့မို့ကြီးနဲ့ ထွက်လာတာ မသိ နေနိုင်ရိုးလား။

လွမ်းတယ် လွမ်းကြတယ်ဆိုတော့ တွေ့ရအောင် သူက စင်ကာပူကို လာလည်ပါတယ်။ လွမ်းလွန်းတဲ့ကိုယ်ကလည်း စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာ ရင်တခုန်ခုန်နဲ့ စောင့်ပါတယ်။ တကယ်တမ်းကျတော့ သူ ကိုယ့်ရှေ့က ထွက်သွားတာ မမြင်လိုက်သလို သူကလည်း ကိုယ့်ကို မမြင်ဘဲ ကျော်သွားပါတယ်။ သူက ခန်းမကို ကိုယ့်နောက်ကျောက နေ ခေါက်တုံခေါက်ပြန် လျှောက်ပြီးမှ မှန်တံခါးကို ကပ်ပြီး သူ့ကို ရှာနေတုန်းဖြစ်တဲ့ကိုယ့်ကို အသာလေး လာတို့ပါတယ်။ ဒါတောင်ပြောသေးတာ။ တို့သာတို့ရ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး စိုးရိမ်နေတာတဲ့။ ကိုယ်က ၀လာတယ်ဆိုပဲ။ ဟွန်း။


အခန်း(၃)  - ၂၀၀၉ ခုနှစ်၊ နွေဦး၊ ရန်ကုန်။

ဇာတ်ပေါင်းခန်းလို့ပဲ ဆိုကြပါစို့။

လွန်ခဲ့သော ၅နှစ်၊ ဒီနေ့မှာ ကိုယ်တို့ လက်ထပ်ခဲ့တယ်။
မြောက်ဥက္ကလာ တရားရုံးမှာ အဖေနှစ်ဦးကို သက်သေအရာထားပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

မိုးကောင်း မဟာဗောဓိ ပရိယတ္ထိစာသင်တိုက်မှာ ဆွမ်းကျွေးပါတယ်။

မင်္ဂလာဆောင်  ကိစ္စတွေကို ရန်ကုန်ကနေ တစ်ယောက်တည်း ဒိုင်ခံစီစဉ်တဲ့သူက ပင်ပန်းပြီး မင်္ဂလာဆောင်ဖို့ ၁ ပတ်လောက်အလိုမှာ တိုက်ဖွိုက် ဖြစ်ပါတော့တယ်။ ဒီတစ်ခါတော့ ကိုယ့်အလှည့်ပါ။ ကိုယ်နဲ့ မင်္ဂလာဆောင်ဖို့များ လန့်ဖျားတောင် ဖျားရသလား နောက်တိုင်း သူမခံချိမခံသာနဲ့ လက်သီးကြီးရွယ်ပါတယ်။

ဟန်းနီးမွန်း အနေနဲ့ ချောင်းသာသွားခဲ့ကြပါတယ်။ အဖျားပျောက်ခါစ သူ့ကို  ပင်လယ်လေတိုက်လို့ ပြန်ဖျားမလား။ ပင်လယ်စာတွေစားလို့ တစ်ခုခုများဖြစ်မလား စိုးရိမ်ရတာကလွဲရင် နှစ်ယောက်ပေါင်း ဘ၀ခရီးအစဟာ တခြား တခြား စုံတွဲတွေလိုပဲ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် ဖြစ်ခဲ့ပါတယ်။



အခန်း (x) - ဆက်ရန်

ဘ၀ခရီးဆိုတဲ့အတိုင်း ဘ၀တစ်ဆစ်ချိုး အခန်းတွေကတော့ မသေမချင်း ရှိနေဦးမှာပါ။ သံသရာ ခရီးအနေနဲ့ ကြည့်ရင်တော့ နိဗ္ဗာန် မ၀င်မချင်းပေါ့။ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ပြီးဘ၀လေးကိုတော့ ဒီဘ၀အတိုင်းအတာနဲ့ဆိုရင် ၂ ယောက်လုံး ကွယ်လွန်တဲ့အထိ အေးအေးချမ်းချမ်း ဖေးဖေးမမ ရှိနေသွားချင်တာပါ။

ဒီဆန္ဒလေး ပြည့်ဝစေဖို့ ဆုတောင်းရင်း ....

ငြိမ်းမိန်းကလေး
၂၀၁၄၊ မတ်လ ၊ ၃ ရက်

7 comments:

  1. ဇာတ်လမ်းလေးက မိုက်တယ်... ငယ်ငယ်ကတည်းက သိနေတာပေါ့... အိမ်နီးချင်းလား... မမနဲ့ မောင်လေး ဇာတ်လမ်းတွေ ကြိုက်တယ်... ဟီး... ၂ဦး ၂ဘက် နားလည်မှုနဲ့ ချစ်နိုင်မှု ဒီလို relationship က ဖြစ်လာနိုင်တာလေ... ဓာတ်ပုံလေးတွေက ဒိထက် နည်းနည်း ကြီးကြီး မြင်ရရင်ကောင်းမယ်... ခု ကြည့်ရတာ အားမရဘူး... ဒါနဲ့ အသက်ကွာတယ်သာပြောတယ်... မထင်ရပါဘူး... နုတယ်...

    ReplyDelete
  2. ကျေးဇူးပါ မဗေဒါရေ.. ဒါ ဒီဘလော့ရဲ့ ပထမဆုံး ကွန်မန့်ပါ။ ကိုယ့်ဘာသာ ရေးပြီး ဘယ်သူ့ကိုမှ မပြောဘဲ ထားထားတော့ ဒီလို ကွန်မန့်ရမယ်လို့ မထင်ထားဘူး။
    မဗေဒါ ဘယ်လိုများ ရှာတွေ့ပါလိမ့်။ ကျေးဇူးအများကြီးတင်ပါတယ်။ ၀မ်းလည်းသာတယ်။
    ဘ၀ရဲ့ အမှတ်တရလေးတွေကို ပြန်ကြည့် ပြန်ကြည်နူးတတ်တဲ့ အကျင့်ရှိလို့သာ ရေးထား၊ ဓာတ်ပုံတွေ တင်ထားတာပါ။ ကိုယ့်ပုံကိုပြန်တင်ရတာ နဲနဲတော့ ရှက်သား။ ဒါကြောင့်ပုံလေးတွေ ချုံ့ထားတာပါ။
    နုတယ်ပြောလို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် အဲဒါ လွန်ခဲ့တဲ့ ၅ နှစ်ကပုံပါ။ အခုလက်ရှိကတော့ ၀တုတ်ဖောင်းကြီးဖြစ်နေပါပြီ။း)

    ReplyDelete
    Replies
    1. နုတယ်ဆိုတာက သတို့သားနဲ့ အသက်ကွာတယ် မထင်ရဘူးလို့ပြောတာ... ခုပုံတွေ တွေ့ပါတယ်... ကိုရီးယားခရီးစဉ်မှာ... :D
      အစ်မဘလော့ကို ဘယ်သူမှ လာမဖတ်ဘူးမထင်ပါနဲ့ မဗေဒါ ဒီဘလော့ကို ရှာတွေ့တာ ဒီဘလော့ကနေ reader တစ်ယောက် ရောက်လာလို့ လာကြည့်ရင်း တွေ့တာပါ... မဗေဒါ sidebar မှာ link လုပ်ထားလိုက်မယ်...

      Delete
    2. မဗေဒါရဲ့ ဘလော့မှာ link လုပ်ထားတာတွေ့တယ်။ ကျေးဇူးနော်.. ကိုယ့်ဘလော့မှာလဲ sidebar လေးတင်မလို့ ခုထိ မလုပ်ဖြစ်သေးဘူး။

      Delete
  3. ဇာတ်လမ်းလေးဖတ်လို့ကောင်းတယ်...ဟင်းချက်နည်းတွေကြည့်သွားတယ် ပိုစ့်တွေလည်းဖတ်သွားပါတယ်ရှင့်

    ReplyDelete
    Replies
    1. မဆုမြတ်မိုး.... လာလည်တဲ့အတွက် ကျေးဇူးပါ..

      Delete
    2. ညီမလေးဆုမြတ်ရေ.. ဆောရီးနော်.. ၂၀၀၉ မှာ အသက်၂၁ နှစ်သာသာပဲရှိသေးတဲ့ ညီမလေးကို မ တပ်ခေါ်မိတာ..အခုမှ ဆုမြတ်ဆိုဒ်က ပို့စ်လေးတွေ ဖတ်ရင်း သိလာလို့ပါ။

      Delete

ဆန်းဆန်းတင့် (၁) ၊ ကြွက်ကလေးနဲ့ ကိုယ်

ကိုယ်ဟာ ဆန်းဆန်းတင့်သူတစ်ယောက်ပါ။ အဲဒိအကြောင်းနဲ့ ပတ်သတ်လို့ အရင်ကတော့ ပေါ့ပေါ့ဆဆပါပဲ။ တဖြည်းဖြည်း ပျော်ရွှင်မှုတွေ နည်းနည်းလာတာက...