ကိုရီးယား အလှကုန်များ (Korea Skin Care Products)

ကိုရီးယားခရီးတုန်းက ၀ယ်လာခဲ့တဲ့ အလှကုန်လေးတွေပါ။ အရင်တုန်းက skin care ဆိုတာ ဘာမှန်းမသိ၊ ကြားပဲ ကြားဖူးပြီး တစ်ခါမှ ဂရုမစိုက်ဖူးတဲ့ ဘ၀ကနေ ဒီခရီးစဉ်မှာတော့ ထပ်ခါတလဲလဲကြားရဖန်များလို့ စိတ်ဝင်စားပြီး ၀ယ်ဖြစ်ခဲ့တာပါ။ ခရီးက ပြန်လာပြီးချိန်ကတည်းက ၀ယ်လာတဲ့ ပစ္စည်းလေးတွေသုံးရင်း ဆက်တိုက်သုံးဖြစ်သွားပါတယ်။ အောက်မှာ ပြထားထဲ့ ဈေးတွေက ကိုရီးယားဝမ်အနေနဲ့ပါ။  တစ်ချို့လည်း ဘောင်ချာတွေ ပျောက်သွားလို့ ဈေးမသိတော့ပါ။ စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်တော့ စူပါမာ့ကက်တွေက ကောင်တာဈေးတွေနဲ့ စာရင် သက်သာပေမယ့် အွန်လိုင်း စတိုး (e.g qoo10.sg) တွေနဲ့ စာရင်တော့ ဈေးနဲနဲ ပိုကြီးပါသေးတယ်။

သူတို့ ပြောတဲ့ skin care steps တွေက ဒီလိုပါ။
၁။ Exfoliator (Peeling/Scrub) - မျက်နှာက ချေးညှော်တွေကို ရှင်းပေးပါတယ်။ သေနေတဲ့ဆဲလ်အဟောင်းတွေကို ရှင်းပေးပါတယ်။ တစ်ပတ်တစ်ခါ လုပ်သင့်ပါတယ်။
၂။ Cleanser (Facial Foam) မျက်နှာသစ်ဆပ်ပြာ - ဒါကတော့ မျက်နှာပေါ်က ဖုန်တွေ ချေးတွေကို သန့်စင်ပေးပါတယ်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၃။ Toner (Refresher) - မျက်နှာသစ်ပြီးစ အစိုဓာတ်ကို ညှိပေးသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၎။ Essence - မျက်နှာကို ချောမွေ့စေပြီး ကြညလင်တောက်ပစေသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၅။ Moisturizer  (Emulsion) - အစိုဓာတ်ကို အသားထဲထိ စိမ့်ဝင်စေပြီး မျက်နှာစိုပြေစေသည်။ နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၆။ Sun cream - အပြင်သွားမယ်ဆိုရင်တော့ sun cream ကို မဖြစ်မနေသုံးပါ။
၇။ Night cream (sleeping pack) - ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာရဲ့အစိုဓာတ်ကို အိပ်နေစဉ် ထိန်းသိမ်းထားဖို့ ညတိုင်းသုံးပါ။

သူတို့တွေတကယ် အဲဒိ အဆင့်တွေအတိုင်းသုံးတယ်လို့ ဆိုကြပါတယ်။ ဒါတောင် eye cream တို့ facial mask တို့ ampoule တို့ ထည့်မပြောတော့ပါဘူး။ အဲဒါတွေက အထူးသုံးတွေဖြစ်ပါတယ်။

Facial Masks
လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်တဲ့ masks လေးတွေပါ။
Esfolio Green Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Esfolio Aloe Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်

Laneige
ဒီတံဆိပ်ကိုတော့ ကြေငြာမင်းသမီး (song hye kyo) ကို သဘောကျပြီး စမ်းသုံးကြည့်ရာကနေ အခုချိန်မှာ ပင်တိုင်သုံးဖြစ်သွားပါတယ်။ သုံးဖူးသမျှထဲမှာ စိတ်တိုင်းမကျစရာ မပါတဲ့အပြင် ဈေးလည်း မဆိုးဘူး ထင်ပါတယ်။ အပေါ်က ပြောသလို အွန်လိုင်း စတိုးတွေက ၀ယ်ရင်ပေါ့လေ။


Laneige Water Sleeping Pack (80ml) - 25,000 ကိုရီးယားဝမ်
ဒါက Laneige နဲ့ product series ထဲက နာမည်ကျော် ထုတ်ကုန်ပါ။  ညအိပ်ရာမ၀င်ခင် လိမ်းပြီး မနက်ကျမှ တစ်ခါတည်း မျက်နှာသစ်လိုက်ရုံပါပဲ။ ညအိပ်နေစဉ် မျက်နှာရဲ့ အစိုဓာတ်ကို တစ်ညလုံး စိမ့်ဝင်စေပြီး မနက်မှာ မျက်နှာလေး စိုစိုဝင်းဝင်းလေး ဖြစ်စေပါတယ်။ လိမ်းစမှာ အနည်းငယ်စေးကပ်ကပ်နိုင်ပေမယ့် ခြောက်သွားရင် အဆင်ပြေသွားပါပြီ။ ဒီမှာ ၀ယ်လို့ရပါတယ်။


 (ပုံကို google မှယူပါသည်။)

Laneige Whitening BB Cushion (15g) - 37,000 ကိုရီးယားဝမ်
ဒါကတော့ ကိုရီးယား BB cream ရဲ့နောက်ပုံစံတစ်မျိုးပါ။ ဘီဘီကရင်တွေလို အရမ်းဆွဲစရာမလိုပါဘူး။ Makeup foundation အနေနဲ့ သုံးပါတယ်။ moisturizer လိမ်းအပြီးမှာ သူရဲ့ puff လေးနဲ့ ဖိဖိပြီး လိုက်တို့ ပေးရပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ရွေးပြီး ၀ယ်လို့ရပါတယ်။ ဗူးတစ်ဗူးထဲမှာပဲ refill တစ်ခု ထပ်ပါတာကြောင့် အချိန်တော်တော်ကြာ (၄ လကနေ ၆ လအထိ) သုံးလို့ရပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။

The Faceshop


The Faceshop Rice Water Bright cleansing foam - လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနေ ခုထိ သုံးနေတဲ့ မျက်နှာသစ်ဆပ်ပြာပါ။ ဘယ်လောက်ကြိုက်လဲဆိုတာတော့ ပြောနေစရာ မလိုတော့ဘူးပေါ့နော်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Faceshop Whie Tree Snow exfoliating form cleanser - ဒါကတော့ မျက်နှာချေးချွတ်ဆပ်ပြာပါ။ မဆိုးပါဘူး။ ကြမ်းကြမ်းကြီးလည်းမဟုတ်ဘဲ အနေတော်လေးပါ။ ဒါပေမယ့် သုံးလေ့သုံးထ သိပ်မရှိတာနဲ့ အဲဒိဝယ်လာတဲ့ တစ်ခါပဲ သုံးပြီး ထပ်မ၀ယ်ဖြစ်တော့ပါ။ 

The Faceshop Chia Seed Watery Toner - သူ့ skin care အဆင့်တစ်ဆင့်အနေနဲ့ တိုနာ သုံးမယ်ဆိုတော့ ဒါလေးမဆိုးပါဘူး။ ဒါပေမယ့် ပျော့ပါတယ်။ watery ဆိုတဲ့အတိုင်းပဲ ရေအတိုင်းပါပဲ။ အနံ့လည်း ဖျော့ဖျော့လေးပါ။ တိုနာကို စစမ်းသုံးကြည့်ချင်ပြီး မျက်နှာနဲ့ ဓာတ်မတည့်မှာ ကြောက်တဲ့သူတွေ စမ်းလို့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Facesohp Chia Seed Watery Lotion - ဒါကလည်း သူ့စီးရီးထဲက တိုနာနဲ့ အတွဲပါ။ နို့ကျဲကျဲလေးလို ဖြူဖြူပျစ်ပျစ်နဲ့ လိမ်းရတာ အရမ်းကို အဆင်ပြေပါတယ်။ တိုနာနဲ့ စာရင် ဒီလိုးရှင်းကို သဘောပိုကျပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 
  
The Faceshop Face It Artist Finger Gloss - နုတ်ခမ်းနီတစ်တောင့်မှ မရှိလို့ သူဝယ်စေချင်တဲ့ ၀ယ်လာခဲ့တဲ့ lip gloss ပါ။ ခုချိန်ထိသုံးဆဲပါ။ ဆိုးပြီး အကြာကြီးတော့ မခံပါဘူး။



The Faceshop NEO CLASSIC HOMME BLACK ESSENTIAL MEN'S CC CREAM - ဒါကတော့ သုံးစေချင်လို့ သူ့အတွက် ၀ယ်ပေးတဲ့ ယောက်ျားလေးသုံး မိတ်ကပ် (cc cream) ပါ။ ဆိုင်မှာ သေသေချာချာ စမ်းခဲ့ပါတယ်။ မျက်နှာကို မိတ်ကပ် အရောင်လုံးဝမထင်ဘဲ ကြည်ကြည်ပြောင်ပြောင်လေးဖြစ်နေလို့ ကိုယ်က သဘောတော်တော်ကျပြီး ၀ယ်ပေးလိုက်တာပါ။ ကိုရီးယားမှာ နေတုန်း အရမ်းအေးတော့ မျက်နှာ်တွေ ခြောက်လို့ သူသုံးပေမယ့် စင်ကာပူပြန်ရောက်ကတည်းက မသုံးတော့ပါဘူး။ ($$ ပလုံ :P ) စိတ်ဝင်စားရင်တော့ ဒီမှာ ၀ယ်လို့ရပါတယ်။

Etude House


Etude House Hand Cream
(1) You Did It, Almost There (Floral Musk)
(2) Don’t Worry, I’m on Your Side (Powdery Citrus)
(3) It’s Fine, All is Well ( Citrus Floral)
(4) Good Luck, You are the Best (Floral Fruity Woody)
သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ ၀ယ်လာတဲ့ hand cream လေးတွေပါ။  ပေးရင်းနဲ့ ကိုယ့်အတွက် မကျန်လို့ စမ်းမသုံးလိုက်ရပါဘူး။ သူငယ်ချင်းတွေက သုံးပြီး အရမ်းသဘောကျကြပါတယ်။ ကောင်းတယ်၊ သုံးပြီး စေးကပ်ကပ် ဖြစ်မနေဘူးလို့ feedback ပြန်ပေးကြပါတယ်။အခု ညွှန်းဖို့ သူ့ ၀က်ဘ်ဆိုဒ်မှာ ပြန်ရှာကြည့်တော့ မတွေ့တော့ပါဘူး။ ကြည့်ရတာ ဗားရှင်း အမျိုးမျိုးထုတ်နေပုံရပါတယ်။ ဟန်းခရင် အသစ် ဒီဇိုင်းလေးတွေတော့ ဒီမှာ ကြည့်လို့ရပါတယ်။ qoo10 မှာတော့ ရောင်းနေဆဲပါ။ ဒီမှာ ၀ယ်လို့ရပါတယ်။ 



တိုးဂိုက်ကတော့ ဒီတံဆိပ်ကို သူတို့ နိုင်ငံရဲ့ SKII လို့ ပြောပါတယ်။ အရည်အသွေးအရမ်းကောင်းတယ်လို့ ပြောပြီး သူကိုယ်တိုင်လည်း ဒါပဲ သုံးတယ်လို့ ကြေငြာပါတယ်။ ကိုရီးယားနိုင်ငံထဲမှာပဲ ၀ယ်လို့ရပါတယ်။ ဒါပေမယ့် qoo10 မှာ ရှာကြည့်တော့ တွေ့ပါတယ်။ ဈေးအနေနဲ့ပြောရရင် ဈေးကြီးပါတယ်။ ပစ္စည်းအရည်အသွေးအနေနဲ့ ပြောရရင်လည်း ကောင်းတယ်၊ ကြိုက်တယ်လို့ ပြောရမှာပါ။

The odbo Aqua Soothing Silky Essence - အမှန်ပြောရရင်  SKII နဲ့ facial treatment essence ထက်ပိုကြိုက်ပါတယ်။ SKII treatment essence က သိပ်မနှစ်မြို့စရာ အနံ့နဲနဲရှိပါတယ်။ odbo ကတော့ အနံ့မရှိပါ။ လိမ်းလိုက်တဲ့အခါ မျက်နှာကို ချက်ချင်း ကြည်လင်းဝင်းပသွားစေပါတယ်။ ပြသနာက ခဏလေးနဲ့ အကုန်မြန်တာပါပဲ။ ဈေးကလည်း ကြီး၊ အကုန်လည်းမြန်ဆိုတော့ ကုန်သွားပြီးကတည်း မ၀ယ်ဖြစ်တော့ပါဘူး။

The odbo Peeling Gel - တခြား peeling gel တွေ မသုံးဖူးတော့ ဒီသုံးဖူးတဲ့တစ်ခုပဲ ကောင်းတယ်ပြောရတော့မှာပါ။ တစ်ပတ်တစ်ခါသုံးဖို့ တိုက်တွန်းထားပေမယ့် တစ်လတစ်ခါတောင် မသုံးဖြစ်ပါဘူး။

The odbo Sleeping Pack - ဒါကတော့ ခုထိ ဗူးအသစ်ပါပဲ။ sleeping pack အနေနဲ့ Laneige sleeping pack က ခုချိန်ထိ မကုန်သေးတော့ ဒါကို ဖွင့်ကို မဖွင့်ရသေးပါဘူး။

ကိုရီးယား ခရီးစဉ် Day 6

ဆိုးလ်မြို့ Seoul။  ၂၆ ဖေဖော်ဝါရီ ၂၀၁၄။

Beauty Academy (The Faceshop Outlet)
ဒီနေ့ ဆိုးလ်မြို့ကို လည်ပါတယ်။ မိုးလင်းလင်းချင်းသွားတာက Beauty Academy ဆိုတဲ့ faceshop outlet ကို သွားပါတယ်။ သူတို့ တကယ်ရောင်းချင်တဲ့ ပစ္စည်းက Adbo ဆိုတဲ့ တံဆိပ်ပါ။ skin care လုပ်ပုံလုပ်နည်းကို Adbo တံဆိပ် set တစ်ခုလုံးနဲ့ သေချာ ရှင်းပြပြီး လိုက်လုပ်ခိုင်းပါတယ်။ ဂျပန်က နာမည်ကျော် SKII နဲ့ အရည်အသွေးအတူတူလို့တောင် ပြောပြီး ကြေငြာကြပါတယ်။ ဈေးကလည်း မသေးပါဘူး။ SKII လောက်ဈေးမကြီးပေမယ့် သူ့လောက်နီးနီးပါပဲ။ တိုနာ (toner) ကနေ နောက်ဆုံး sun cream အထိ series အလိုက်ကို ထုတ်တာပါ။ နိုင်ငံခြားက တိုးရစ်တွေကိုပဲ ဆွဲဆောင် ရောင်းတဲ့ တံဆိပ်ဖြစ်ပြီး ပြည်တွင်းမှာ ကြော်ငြာပြီး မရောင်းပါဘူး။ အပြောကောင်းတာနဲ့ တစ်ချို့ဝယ်ခဲ့ပါတယ်။ (နောက်ကြုံမှပဲ ၀ယ်လာခဲ့တဲ့ အလှကုန်ပစ္စည်းတွေ ကို ဈေးတွေနဲ့ တစ်ကွ ကြွားပါမယ်။)

Lotte World



နောက် လိုက်ပို့တဲ့နေရာက Lotte World ပါ။ Amusement Park ပေါ့။ ၀င်ကြည့်ပေမယ့် တစ်ခုမှ မစီးဖြစ်ပါဘူး။ သွားတဲ့နေ့က ကြားရက် ဖြစ်တာတောင် တစ်ခုတစ်ခု စီးဖို့တန်းစီနေတဲ့ အတန်းကြီးက အရှည်ကြီးပါ။ ဂိုက်ပေးထားတဲ့ ၂ နာရီအတွင်းမှာ စီးမယ်ဆိုရင် တစ်ခု၊ နှစ်ခု လောက်ပဲ စီးရမယ့်ပုံပေါ်ပါတယ်။ အဲဒါနဲ့ စီးဖို့လည်း စိတ်မပါတော့ဘဲ သေသေချာချာ နေရာအနှံ့သာ လည်ပတ်ကြည့်ရှူခဲ့ပါတယ်။

Myeong-dong








Lotte World က အပြန် နာမည်ကျော် မြောင်ဒုံး (Myeong-dong) ရှော့ပင် လမ်းကို လိုက်ပို့ပါတယ်။ ကိုရီးယား နိုင်ငံထုတ် အလှကုန်ပစ်စည်း အမျိုးမျိုးကို အဲဒိမှာ ၀ယ်လို့ရပါတယ်။ Face mask တွေ တန်ပါတယ်။ တစ်ခုကို စင်ကာပူဒေါ်လာ ၁ ဒေါ်လာလောက်ပဲ ရှိတာပါ။ လက်ဆောင် တွေလည်း ပေးပါသေးတယ်။

ဂိုက်က မြောင်ဒုံးပြီးရင် တခြား ဈေးဝယ်တဲ့နေရာတစ်ခုဖြစ်တဲ့ ဒေါင်ဒေမန် (Dongdaemun) ကိုလိုက်ပို့မယ် ပြောပါတယ်။ ကိုယ်တွေကတော့ ဈေးဝယ်ဖို့ထက် ရှခင်းကြည့်ဖို့ အားသန်နေပြီး ဈေးဝယ်စရာလည်း ပိုက်ဆံ မကျန်တော့တာနဲ့ ဂိုက်ကို ဒေါင်ဒေမန် မလိုက်တော့ကြောင်းပြောပြီး ဆိုးလ်တာဝါ (Seoul Tower (or) Namsam Tower) ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပါတယ်။

Seoul Tower 



အစကတည်းက သွားဖို့အစီအစဉ်ရှိတော့ ဘယ်လိုသွားရမလဲဆိုတာကို စင်ကာပူမှာ ကတည်းက ရှာလာခဲ့ပြီးသားပါ။ ရောက်နေတဲ့ မြောင်ဒုံးကနေပဲ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရင်ဆိုးလ်တာဝါရှိတဲ့ တောင်အောက်ခြေကို ရောက်ပါပြီ။အဲဒိ တောင်ခြေစခန်းကနေ ကေဘယ်လ်ကားစီးပြီး တောင်ပေါ်တက်ပါတယ်။တောင်ပေါ်မှာ တော်တော်လေး ချမ်းပါတယ်။ ၀တ်သွားတာတဲ့ ခြေအိတ်ရှည်က လမ်းလျှောက်တိုင်း အောက်ကို လျှောလျှောကျတော့ ဂါဝန်နဲ့ လွတ်နေတဲ့ ခြေအိတ်ကြား အအေးဒဏ်ကို အဲဒိညက တော်တော်ခံလိုက်ရပါတယ်။ နောက်ကိုတော့ ဒီလိုအေးတဲ့ နိုင်ငံတွေ လည်ရင် လှဖို့ ပဲများဖို့ထက် နွေးနွေးထွေးထွေး သက်သောင့်သက်သာဖြစ်ဖို့ ဦးစားပေးရတော့မယ်။ နို့မို့ ပတ်ဝန်းကျင်အလှအပလည်း ကောင်းကောင်းမခံစားနိုင်ပဲ ဒီအေးတာကိုပဲ စိတ်က ကသိကအောက်နဲ့ ဖြစ်နေမှာပါ။ 

Seoul Tower က ချစ်ချင်း သင်္ကေတတွေ






တောင်ပေါ်ရောက်ရောက်ချင်း တွေ့လိုက်ရတာက သော့ဂလာက်တွေပါပဲ။ လက်ရန်းဘောင်တွေ၊ သစ်ပင်ပုံစံ သံစင်တွေမှာ ချိတ်ထားကြပါ။ သူတို့အဆိုအရတော့ သမီးရည်းစားတွေ သော့ဂလာက်တွေမှာ သူတို့နာမည်ရေး၊ ဒီနေရာမှာ လာချိတ်ပြီး သော့တံကိုတော့ သူတို့နာမည်ကျော် ဟန်မြစ်ထဲ သွားပစ်ကြတယ် ပြောပါတယ်။ သူတို့အချစ်က မကွဲမကွာအတူတူ ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုကြပါတယ်။ သော့ဂလောက်တင်မက ဖုန်းကာဗာတွေ၊ ရာဘာကဒ်ပြားလေးတွေ စသည်ဖြင့် ချိတ်လို့ရတာမှန်သမျှ နာမည်တွေ ပုံတွေရေးပြီး ချိတ်ထားကြပါတယ်။  ကိုယ်တွေလည်း အားကျမခံ ဖုန်းက ကာဗာကို ဖြုတ် နာမည်ထိုးပြီး ချည်ခဲ့ပါသေးတယ်။ ရောက်ဖြစ်ရင် ရှာကြည့်လိုက်ပါဦး၊ ခရမ်းရောင် ကာဗာလေးပါး။ :P ရှေ့နည်းနည်း ဆက်လျှောက်မှ သော့တွဲလေးတွေ ရောင်းတဲ့ ဆိုင်တွေ ရှိမှန်း သိခဲ့ရပါတယ်။ သော့မယူသွားမိရင်၊ ချိတ်စရာမပါရင် စုံတွဲတွေ ၀မ်းနဲနေဖို့ မလိုဘူးပေါ့နော်။







 ဆိုးလ်တာဝါရဲ့ observation deck (ရှုခင်းကြည့်နေရာ) ပေါ်တက်ဖို့ လက်မှတ် ၀ယ်ရပါတယ်။  ဓာတ်လှေကားထဲမှာ တီဗွီ အကြီးကြီးနဲ့ ဒီတာဝါရဲ့ အမြင့်နဲ့ နေရာကို ပြပေးနေပါတယ်။ နန်စမ့် တောင်ပေါ်မှာ ရှိလို့ နန်စမ့် တာဝါလို့ နာမည်ပေးထားပေမယ့် တိုးရစ်တွေကြားမှာတော့ ဆိုးလ်တာဝါလို့ လူသိပိုများပါတယ်။ ၂၃၆.၇ မီတာ မြင့်တယ်လို့ သိရပါတယ်။  အဲဒိ short video လေး အပြီးနဲ့ observatory ကို ရောက်တဲ့အချိန် ကွက်တိပါပဲ။ တာဝါပေါ်မှာ ပတ်ပတ်လည် မှန်တွေကာထားပြီး ဆိုးလ်မြို့ကို အပေါ်စီးက ရှုထောင့် အမျိုးမျိုးက မြင်ရပါတယ်။ မုန့်ရောင်းတဲ့ ကောင်တာအကြီးတစ်ခု ရှိပါတယ်။ ထိုင်စရာ ထိုင်ခုံ မရှိပါဘူး။ ဒါတောင် တစ်နေရာကို တော်တော်ကြာကြာ မတ်တပ်ရပ်ပြီး ဆိုးလ်ရဲ့ ညရှူခင်းကို နေရာပေါင်းစုံက ခံစားခဲ့ပါတယ်။ တောင်အောက်က ဆိုးလ်မှာ မီးတွေလင်းနေတယ်ဆိုပေမယ့် စင်ကာပူလို ထိန်ထိန်ညီးမနေပါဘူး။ ပြီး စင်ကာပူလို သေသေသပ်သပ် စီစီရီရီ ထွန်းထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပီသတဲ့ မြို့လေးအဖြစ် ချစ်ဖို့ အရမ်းကောင်းပါတယ်။ တောင်ကြီးမြို့လေးနဲ့ မြေအနေအထားတော်တော်တူပါတယ်။ အချိန်ကြာကြာနေပြီးမှ ပြန်ဆင်းခဲ့ပါတယ်။
 


တာဝါအောက်ထပ် နေရာ တော်တောများများမှာ တွေ့ရတဲ့ နံရံကပ် ကျောက်ပြားလေးတွေပါ။ အဲဒိကျောက်ပြားလေးတွေကို အနီးအနားက ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ ဘာစာရေးချင်သလဲ ဘယ်လိုဒီဇိုင်းဆွဲချင်သလဲ ဓာတ်ပုံလေးတွေ ထည့်ချင်သလား အဲဒိ ဆိုင်တွေမှာ အကုန် လုပ်လို့ရပါတယ်။ချစ်လည်းချစ်နိုင်ကြတဲ့ ဆိုးလ်က စုံတွဲတွေပါပဲ။


နှစ်ယောက်တွဲပုံလေးလိုချင်တာနဲ့ အနားက ကိုရီးယားကောင်မလေး နှစ်ယောက်ကို အကူအညီတောင်းပြီး ရိုက်ခိုင်းရပါတယ်။ သူတို့က အင်္ဂလိပ်စကားကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ ဒါပေမယ့် ကင်မရာပြပြီး တာဝါကို လက်ညှိုးထိုးနေတော့ ဓာတ်ပုံရိုက်ခိုင်းနေမှန်းတော့ သိပုံရပါတယ်။ နှစ်ယောက်သားရယ်ပြီး နင်ရိုက်ပေးလိုက်၊ ငါရိုက်ပေးလိုက် လုပ်နေကြပါတယ်။ နောက်တော့ တစ်ယောက်က ကင်မရာယူပြီး ရိုက်ပေးပါတယ်။ ၂ ပုံ လောက်ရိုက်ပေးပြီး ကင်မရာ ပြန်ပေးပေမယ့် ထွက်မသွားသေးပါဘူး။ ပုံကောင်းမကောင်း ကြည့်ပြီး မကောင်းသေးရင် ထပ်ရိုက်ပေးမယ့် ပုံနဲ့ စောင့်နေကြပါတယ်။ ကိုယ်တွေလည်း ဒီလောက်ရ မဆိုးဘူး အမှတ်တရဖြစ်ပြီဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာကို အရမ်းသဘောတွေကျပြီး ရယ်နေပါတော့တယ်။

တော်တော်လေးအေးလာတာနဲ့ လာလမ်းအတိုင်း ကေဘယ်လ်ကားစီး၊တောင်အောက်ကိုဆင်းပြီး မြောင်ဒုံးကို လမ်းလျှောက်ကြပါတယ်။ မြောင်ဒုံးဘူတာကနေ ဟိုတယ်ကို ရထားစီးပြီး ပြန်ကြပါတယ်။ ကိုရီးယား ဘူတာကို သဘောကျတဲ့ တစ်ချက်က ဘူတာပလက်ဖောင်းမှာ မုန့်ဆိုင်လေးတွေ ရှိပြီး ရထားစောင့်ရင်း မုန့်စားလို့ရတာပါပဲ။ အမှန်တော့ ဆင်းတဲ့ ဘူတာက ဟိုတယ်နဲ့ သိပ်မနီးလှပါဘူး။ ကိုယ်တွေက ရှုခင်းတွေကြည့်ချင်၊ ဆိုးလ်ရဲ့ ညကို ခံစားချင်တာနဲ့ တက်စီမစီးဘဲ ရထားနဲ့ ပြန်တဲ့ လမ်းကို ရွေးခဲ့တာပါ။ နောက်နေ့ဆို စင်ကာပူကို ပြန်ရပြီဆိုတော့ ကိုရီးယားခရီးပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ


Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...