ကိုရီးယား ခရီးစဉ် Day 6

ဆိုးလ်မြို့ Seoul။  ၂၆ ဖေဖော်ဝါရီ ၂၀၁၄။

Beauty Academy (The Faceshop Outlet)
ဒီနေ့ ဆိုးလ်မြို့ကို လည်ပါတယ်။ မိုးလင်းလင်းချင်းသွားတာက Beauty Academy ဆိုတဲ့ faceshop outlet ကို သွားပါတယ်။ သူတို့ တကယ်ရောင်းချင်တဲ့ ပစ္စည်းက Adbo ဆိုတဲ့ တံဆိပ်ပါ။ skin care လုပ်ပုံလုပ်နည်းကို Adbo တံဆိပ် set တစ်ခုလုံးနဲ့ သေချာ ရှင်းပြပြီး လိုက်လုပ်ခိုင်းပါတယ်။ ဂျပန်က နာမည်ကျော် SKII နဲ့ အရည်အသွေးအတူတူလို့တောင် ပြောပြီး ကြေငြာကြပါတယ်။ ဈေးကလည်း မသေးပါဘူး။ SKII လောက်ဈေးမကြီးပေမယ့် သူ့လောက်နီးနီးပါပဲ။ တိုနာ (toner) ကနေ နောက်ဆုံး sun cream အထိ series အလိုက်ကို ထုတ်တာပါ။ နိုင်ငံခြားက တိုးရစ်တွေကိုပဲ ဆွဲဆောင် ရောင်းတဲ့ တံဆိပ်ဖြစ်ပြီး ပြည်တွင်းမှာ ကြော်ငြာပြီး မရောင်းပါဘူး။ အပြောကောင်းတာနဲ့ တစ်ချို့ဝယ်ခဲ့ပါတယ်။ (နောက်ကြုံမှပဲ ၀ယ်လာခဲ့တဲ့ အလှကုန်ပစ္စည်းတွေ ကို ဈေးတွေနဲ့ တစ်ကွ ကြွားပါမယ်။)

Lotte World



နောက် လိုက်ပို့တဲ့နေရာက Lotte World ပါ။ Amusement Park ပေါ့။ ၀င်ကြည့်ပေမယ့် တစ်ခုမှ မစီးဖြစ်ပါဘူး။ သွားတဲ့နေ့က ကြားရက် ဖြစ်တာတောင် တစ်ခုတစ်ခု စီးဖို့တန်းစီနေတဲ့ အတန်းကြီးက အရှည်ကြီးပါ။ ဂိုက်ပေးထားတဲ့ ၂ နာရီအတွင်းမှာ စီးမယ်ဆိုရင် တစ်ခု၊ နှစ်ခု လောက်ပဲ စီးရမယ့်ပုံပေါ်ပါတယ်။ အဲဒါနဲ့ စီးဖို့လည်း စိတ်မပါတော့ဘဲ သေသေချာချာ နေရာအနှံ့သာ လည်ပတ်ကြည့်ရှူခဲ့ပါတယ်။

Myeong-dong








Lotte World က အပြန် နာမည်ကျော် မြောင်ဒုံး (Myeong-dong) ရှော့ပင် လမ်းကို လိုက်ပို့ပါတယ်။ ကိုရီးယား နိုင်ငံထုတ် အလှကုန်ပစ်စည်း အမျိုးမျိုးကို အဲဒိမှာ ၀ယ်လို့ရပါတယ်။ Face mask တွေ တန်ပါတယ်။ တစ်ခုကို စင်ကာပူဒေါ်လာ ၁ ဒေါ်လာလောက်ပဲ ရှိတာပါ။ လက်ဆောင် တွေလည်း ပေးပါသေးတယ်။

ဂိုက်က မြောင်ဒုံးပြီးရင် တခြား ဈေးဝယ်တဲ့နေရာတစ်ခုဖြစ်တဲ့ ဒေါင်ဒေမန် (Dongdaemun) ကိုလိုက်ပို့မယ် ပြောပါတယ်။ ကိုယ်တွေကတော့ ဈေးဝယ်ဖို့ထက် ရှခင်းကြည့်ဖို့ အားသန်နေပြီး ဈေးဝယ်စရာလည်း ပိုက်ဆံ မကျန်တော့တာနဲ့ ဂိုက်ကို ဒေါင်ဒေမန် မလိုက်တော့ကြောင်းပြောပြီး ဆိုးလ်တာဝါ (Seoul Tower (or) Namsam Tower) ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပါတယ်။

Seoul Tower 



အစကတည်းက သွားဖို့အစီအစဉ်ရှိတော့ ဘယ်လိုသွားရမလဲဆိုတာကို စင်ကာပူမှာ ကတည်းက ရှာလာခဲ့ပြီးသားပါ။ ရောက်နေတဲ့ မြောင်ဒုံးကနေပဲ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရင်ဆိုးလ်တာဝါရှိတဲ့ တောင်အောက်ခြေကို ရောက်ပါပြီ။အဲဒိ တောင်ခြေစခန်းကနေ ကေဘယ်လ်ကားစီးပြီး တောင်ပေါ်တက်ပါတယ်။တောင်ပေါ်မှာ တော်တော်လေး ချမ်းပါတယ်။ ၀တ်သွားတာတဲ့ ခြေအိတ်ရှည်က လမ်းလျှောက်တိုင်း အောက်ကို လျှောလျှောကျတော့ ဂါဝန်နဲ့ လွတ်နေတဲ့ ခြေအိတ်ကြား အအေးဒဏ်ကို အဲဒိညက တော်တော်ခံလိုက်ရပါတယ်။ နောက်ကိုတော့ ဒီလိုအေးတဲ့ နိုင်ငံတွေ လည်ရင် လှဖို့ ပဲများဖို့ထက် နွေးနွေးထွေးထွေး သက်သောင့်သက်သာဖြစ်ဖို့ ဦးစားပေးရတော့မယ်။ နို့မို့ ပတ်ဝန်းကျင်အလှအပလည်း ကောင်းကောင်းမခံစားနိုင်ပဲ ဒီအေးတာကိုပဲ စိတ်က ကသိကအောက်နဲ့ ဖြစ်နေမှာပါ။ 

Seoul Tower က ချစ်ချင်း သင်္ကေတတွေ






တောင်ပေါ်ရောက်ရောက်ချင်း တွေ့လိုက်ရတာက သော့ဂလာက်တွေပါပဲ။ လက်ရန်းဘောင်တွေ၊ သစ်ပင်ပုံစံ သံစင်တွေမှာ ချိတ်ထားကြပါ။ သူတို့အဆိုအရတော့ သမီးရည်းစားတွေ သော့ဂလာက်တွေမှာ သူတို့နာမည်ရေး၊ ဒီနေရာမှာ လာချိတ်ပြီး သော့တံကိုတော့ သူတို့နာမည်ကျော် ဟန်မြစ်ထဲ သွားပစ်ကြတယ် ပြောပါတယ်။ သူတို့အချစ်က မကွဲမကွာအတူတူ ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုကြပါတယ်။ သော့ဂလောက်တင်မက ဖုန်းကာဗာတွေ၊ ရာဘာကဒ်ပြားလေးတွေ စသည်ဖြင့် ချိတ်လို့ရတာမှန်သမျှ နာမည်တွေ ပုံတွေရေးပြီး ချိတ်ထားကြပါတယ်။  ကိုယ်တွေလည်း အားကျမခံ ဖုန်းက ကာဗာကို ဖြုတ် နာမည်ထိုးပြီး ချည်ခဲ့ပါသေးတယ်။ ရောက်ဖြစ်ရင် ရှာကြည့်လိုက်ပါဦး၊ ခရမ်းရောင် ကာဗာလေးပါး။ :P ရှေ့နည်းနည်း ဆက်လျှောက်မှ သော့တွဲလေးတွေ ရောင်းတဲ့ ဆိုင်တွေ ရှိမှန်း သိခဲ့ရပါတယ်။ သော့မယူသွားမိရင်၊ ချိတ်စရာမပါရင် စုံတွဲတွေ ၀မ်းနဲနေဖို့ မလိုဘူးပေါ့နော်။







 ဆိုးလ်တာဝါရဲ့ observation deck (ရှုခင်းကြည့်နေရာ) ပေါ်တက်ဖို့ လက်မှတ် ၀ယ်ရပါတယ်။  ဓာတ်လှေကားထဲမှာ တီဗွီ အကြီးကြီးနဲ့ ဒီတာဝါရဲ့ အမြင့်နဲ့ နေရာကို ပြပေးနေပါတယ်။ နန်စမ့် တောင်ပေါ်မှာ ရှိလို့ နန်စမ့် တာဝါလို့ နာမည်ပေးထားပေမယ့် တိုးရစ်တွေကြားမှာတော့ ဆိုးလ်တာဝါလို့ လူသိပိုများပါတယ်။ ၂၃၆.၇ မီတာ မြင့်တယ်လို့ သိရပါတယ်။  အဲဒိ short video လေး အပြီးနဲ့ observatory ကို ရောက်တဲ့အချိန် ကွက်တိပါပဲ။ တာဝါပေါ်မှာ ပတ်ပတ်လည် မှန်တွေကာထားပြီး ဆိုးလ်မြို့ကို အပေါ်စီးက ရှုထောင့် အမျိုးမျိုးက မြင်ရပါတယ်။ မုန့်ရောင်းတဲ့ ကောင်တာအကြီးတစ်ခု ရှိပါတယ်။ ထိုင်စရာ ထိုင်ခုံ မရှိပါဘူး။ ဒါတောင် တစ်နေရာကို တော်တော်ကြာကြာ မတ်တပ်ရပ်ပြီး ဆိုးလ်ရဲ့ ညရှူခင်းကို နေရာပေါင်းစုံက ခံစားခဲ့ပါတယ်။ တောင်အောက်က ဆိုးလ်မှာ မီးတွေလင်းနေတယ်ဆိုပေမယ့် စင်ကာပူလို ထိန်ထိန်ညီးမနေပါဘူး။ ပြီး စင်ကာပူလို သေသေသပ်သပ် စီစီရီရီ ထွန်းထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပီသတဲ့ မြို့လေးအဖြစ် ချစ်ဖို့ အရမ်းကောင်းပါတယ်။ တောင်ကြီးမြို့လေးနဲ့ မြေအနေအထားတော်တော်တူပါတယ်။ အချိန်ကြာကြာနေပြီးမှ ပြန်ဆင်းခဲ့ပါတယ်။
 


တာဝါအောက်ထပ် နေရာ တော်တောများများမှာ တွေ့ရတဲ့ နံရံကပ် ကျောက်ပြားလေးတွေပါ။ အဲဒိကျောက်ပြားလေးတွေကို အနီးအနားက ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ ဘာစာရေးချင်သလဲ ဘယ်လိုဒီဇိုင်းဆွဲချင်သလဲ ဓာတ်ပုံလေးတွေ ထည့်ချင်သလား အဲဒိ ဆိုင်တွေမှာ အကုန် လုပ်လို့ရပါတယ်။ချစ်လည်းချစ်နိုင်ကြတဲ့ ဆိုးလ်က စုံတွဲတွေပါပဲ။


နှစ်ယောက်တွဲပုံလေးလိုချင်တာနဲ့ အနားက ကိုရီးယားကောင်မလေး နှစ်ယောက်ကို အကူအညီတောင်းပြီး ရိုက်ခိုင်းရပါတယ်။ သူတို့က အင်္ဂလိပ်စကားကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ ဒါပေမယ့် ကင်မရာပြပြီး တာဝါကို လက်ညှိုးထိုးနေတော့ ဓာတ်ပုံရိုက်ခိုင်းနေမှန်းတော့ သိပုံရပါတယ်။ နှစ်ယောက်သားရယ်ပြီး နင်ရိုက်ပေးလိုက်၊ ငါရိုက်ပေးလိုက် လုပ်နေကြပါတယ်။ နောက်တော့ တစ်ယောက်က ကင်မရာယူပြီး ရိုက်ပေးပါတယ်။ ၂ ပုံ လောက်ရိုက်ပေးပြီး ကင်မရာ ပြန်ပေးပေမယ့် ထွက်မသွားသေးပါဘူး။ ပုံကောင်းမကောင်း ကြည့်ပြီး မကောင်းသေးရင် ထပ်ရိုက်ပေးမယ့် ပုံနဲ့ စောင့်နေကြပါတယ်။ ကိုယ်တွေလည်း ဒီလောက်ရ မဆိုးဘူး အမှတ်တရဖြစ်ပြီဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာကို အရမ်းသဘောတွေကျပြီး ရယ်နေပါတော့တယ်။

တော်တော်လေးအေးလာတာနဲ့ လာလမ်းအတိုင်း ကေဘယ်လ်ကားစီး၊တောင်အောက်ကိုဆင်းပြီး မြောင်ဒုံးကို လမ်းလျှောက်ကြပါတယ်။ မြောင်ဒုံးဘူတာကနေ ဟိုတယ်ကို ရထားစီးပြီး ပြန်ကြပါတယ်။ ကိုရီးယား ဘူတာကို သဘောကျတဲ့ တစ်ချက်က ဘူတာပလက်ဖောင်းမှာ မုန့်ဆိုင်လေးတွေ ရှိပြီး ရထားစောင့်ရင်း မုန့်စားလို့ရတာပါပဲ။ အမှန်တော့ ဆင်းတဲ့ ဘူတာက ဟိုတယ်နဲ့ သိပ်မနီးလှပါဘူး။ ကိုယ်တွေက ရှုခင်းတွေကြည့်ချင်၊ ဆိုးလ်ရဲ့ ညကို ခံစားချင်တာနဲ့ တက်စီမစီးဘဲ ရထားနဲ့ ပြန်တဲ့ လမ်းကို ရွေးခဲ့တာပါ။ နောက်နေ့ဆို စင်ကာပူကို ပြန်ရပြီဆိုတော့ ကိုရီးယားခရီးပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ


2 comments:

  1. စကပ်က အေးပေမဲ့ စတိုင်ကတော့ လှပါတယ်။ တချို့ ကကြီးမတွေ ဘယ်လိုများနေကြလဲ မသိဘူးနော်.. အေးလဲ အောင့်ခံကြတယ်ထင်ပါတယ်။ တိုးနဲ့ သွားရင် Amusement Park တွေ သွားရတာ မတန်ဘူး. ညီမပထမတစ်ခေါက် သွားတုန်းကလဲ အဲ့လိုပဲ Everland မှာ Wooden roller-coaster စီးဖို့ စီလိုက်တာ ၂နာရီ ပြီးတော့ ပြန်ရရော... မြုံဒုံးကနေ ကိုယ့်ဟာကိုယ် Seoul tower ကိုသွားမယ်ပြောပြီး ထွက်လာလို့ရတာကို ချီးကျူးတယ်။ သူတို့ အဲ့လို ခွင့်ပြုတယ်ဆိုတော့ မစိုးပါဘူး။ ညကျတော့ ဟော်တယ် ကိုယ့်ဟာကိုယ်ပြန်တာပေါ့? သူတို့နဲ့ မနက်မှ ပြန်တွေ့တာပေါ့? Tower နဲ့ ကကြီးမလေးရိုက်ပေးတဲ့ ပုံက လှပါတယ်။ Post editing ပြန်လုပ်ထားရလားတော့ မသိဘူး။ အလင်းအမှောင်လဲ လှပါတယ်။

    ReplyDelete
    Replies
    1. ကကြီးမတွေက အပေါ်က ကုတ်နဲ့ အောက်ကအတိုနဲ့ နေသားကျနေတာကို အားကျပြီး အတိုဝတ်တဲ့ အညာသူမတော့ ထိတာပဲ မဗေဒါရေ။ နောက်ကိုစကတ်ဝတ်ချင်ရင်တောင် အောက်က legging ထူထူ ၀တ်မှ ရမယ်ထင်တယ်။ ခရီးသွားရင် amusement park တွေ မသွားချင်ဘူး၊ အချိန်တွေပိုမှ သွားရမယ့် နေရာတွေလို့ သတ်မှတ်ထားတာ... တိုးတွေနဲ့ သွားရင် အဲဒါတွေ အပြင် သူတို့နဲ့ချိတ်ထားတဲ့ အမှတ်တရပစ္စည်းဆိုင်တို့၊ ကျောက်မျက်ရတနာဆိုင်တို့၊ ဂျင်ဆင်းဆိုင်တို့ ၀င်တာလည်း မုန်းတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်မစီစဉ်နိုင်တော့ အဲလိုပဲ လိုက်ရတာပဲ။ နောက်တစ်ခေါက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားဖို့တော့ တေးထားတယ်။
      ဟုတ်တယ်။ ဂိုက်ကတော့ အဆင်ပြေပါတယ်။ သွားတတ်ရဲ့လား သေချာ မေးသေးတယ်။ ပရင့်ထုတ်ထားတဲ့ ဂူဂယ်မြေပုံ ထုတ်ပြလိုက်တယ်။ အပြန်လမ်းကိုလည်း ရထားနဲ့ ပြန်မယ်စဉ်းစားပြီး တည်းတဲ့ဟိုတယ်နားရောက်တဲ့ ဘူတာကို ကြိုကြည့်ထားတာ။ အရမ်းညဥ့်နက်ရင်တော့ တက်စီနဲ့ ပြန်မလို့ပဲ။ နောက် ပြန်တဲ့အချိန်က ၈ နာရီခွဲလောက်ဆိုတော့ ရထားနဲ့ပဲပြန်တာ။ ဆင်းတဲ့ဘူတာနဲ့ ဟိုတယ်နဲ့ နဲနဲလှမ်းတယ်။ မိနစ် ၂၀ လောက်တောင် လမ်းလျှောက်ရသလားပဲ။ အေးအေးဆေးဆေး လျှောက်နေတာလည်းပါတယ်။ လမ်းကလည်း တော်တော် လူရှင်းတယ် တစ်ယောက်စ နှစ်ယောက်စပဲ တွေ့ရတယ်။ အဲဒါကြောင့်လည်း သူတို့ဆီက ရုပ်ရှင်တွေမှာ မင်းသားက မင်းသမီးကို ကုန်းပိုးတဲ့အခန်းတွေ ရိုက်လို့ရတာ ဖြစ်မယ်။ လူမရှိဘူးလေ။ လုပ်ချင်တိုင်း လုပ်လို့ရတာပေါ့။

      Delete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...