ဟက်ပီဘာ့ဒေး ညီမလေး


(ပုံကို ဒီနေရာမှ ယူသည်။)

ဒီနေ့ ချစ်လှစွာသော ညီမလေးရဲ့ မွေးနေ့ဖြစ်သည်။

ညီမလေးနဲ့ ကိုယ်က အသက် ၇ နှစ်တိတိကွာသည်။ ညီမလေးသည် ကိုယ့်အတွက်တော့ သက်ရှိ အရုပ်ကလေးဖြစ်သည်။ ကိုယ်နဲ့ တခြား ရွယ်တူကလေးတွေ အရုပ်မလေးတွေနဲ့ ဆော့နေချိန် ကိုယ်ကတော့ ညီမလေးရဲ့ အကျီင်္သေးသေးလေးတွေ ကို လျှော်နေခဲ့သည်။ ညီမလေးကို အကျီင်္လဲပေး၊ ရေချိုးပေး၊ သနပ်ခါးလိမ်းပေးနှင့် ကိုယ့်ကလေးဘ၀အချိန်များရဲ့ ကစားချိန်တော်တော်များများကို သူမအတွက် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့သည်။ ကိုယ့်စိတ်ကူးပေါက်ရာ ဆံပင်ပုံစံများ ညီမလေးခေါင်းမှာ စမ်းခဲ့ဖူးသည်။ ကိုယ့်လက်ရာ သနပ်ခါးဘဲကြားနဲ့ ညီမလေးကို အရမ်းချောလိုက်တာဟု တစ်ဖွဖွ ပြောသောကြောင့် အမေတို့ အမတို့ က ၀ိုင်းဟားကြသည်။ ညီမလေး အိပ်ရာထဲ ရှူရှူးပေါက်လျှင် ကိုယ်ချက်ချင်းသိသည်။ အနှီးလဲပေးပြီး ပွစိပွစိပြောကာ ပြန်အိပ်သည်။ ညီမလေးကို အမြဲချီပိုး နေတတ်သည်။ ညီမလေး ငါးတန်းအရွယ်ထိ ချီနေသောကြောင့် ပတ်ဝန်းကျင်က ၀ိုင်းပြောကြရသည်။ ထိုင်လျှင်ကိုယ့်ပေါင်ပေါ် ညီမလေးကို အမြဲတင်ထားသည်။ ညီမလေးအိပ်နေလျှင် ပါးဖောင်းဖောင်းလေးကို ခဏခဏ ခိုးနမ်းသည်။ ကြာတော့ ညီမလေးသည် ကိုယ့်ကို အမေထက် ပိုခင်တွယ်လာသည်။

ညီမလေး ၄ နှစ် မူကြိုတက်တော့ ကိုယ်က လူကြီးလုပ်ပြီး လိုက်အပ်ပေးသည်။ ပြန်မယ်ပြင်တော့ ညီမလေးက အပြန်မခံ။ အာပြဲကြီးနှင့်အော်ငိုတာ အတင်းပြန်လိုက်ပြေးလာသည်။ ဆူလို့လည်းမရ ငေါက်လို့လည်းမရ ချော့လို့လည်းမရသည့်နောက်ဆုံး ကိုယ် သူ့မူကြိတွင် ထိုင်စောင့်နေရသည်။ နောက်ရက်တွေတော့ မူကြိုသို့ ကိုယ့်စာအုပ်တွေယူလာကာ ကျောင်းအိမ်စာများ ထိုင်လုပ်နေရသည်။ မူကြိုဆရာမက ကျောင်းတက်တာ နှစ်ယောက်ဆိုတော့ နှစ်ယောက်စာ ပေးရမယ်ဟု စသည်။

အမျိုးတွေလာလည်သဖြင့် မယ်လမုဘုရား လိုက်ပို့သည့်နေ့က ညီမလေးကို ကိုယ်ကိုယ်တိုင် ရေချိုးပေး၊ ဂါဝန်ဝတ်ပေး၊ ဆံပင်စည်းပေးပြီး၊ ပထမဆုံးအဖြစ် နုတ်ခမ်းနီဆိုးပေးလိုက်သည်။ ထိုနေ့က ညီမလေး ဘာမှ မစား။ ကျွေးလို့လည်းမရ။ နုတ်ခမ်းနီပျက်မှာစိုလို့ဆိုပြီး နုတ်ခမ်းလေးကို ထော်ထားသည်။ ကိုယ်တို့တွေ သဘောတွေကျကြရသည်။

ညီမလေးကို မည်သူ ဆူသည် ငေါက်သည်ကိုမှ ကိုယ်လက်မခံ။ ကိုယ်ကိုယ်တိုင်လည်း အမြဲချော့ပြောသည်။ ထို့ကြောင့်ပင် ညီမလေးသည် တော်တော်ဆိုးလာသည်။ စိတ်ကြီးလာသည်။ လိုချင်တာ မရလျှင် ပစ္စည်းတွေကို ကိုင်ပေါက်တတ်လာည်။ ကိုယ်ကလည်းငယ်သေးတော့ မစဉ်းစားတတ်။ အမေရိုက်မယ်ပြင်တိုင်း ညီမလေးရှေ့က ကာဆီးကာဆီးလုပ်သည်။ ကိုယ့်မုန့်ဖိုးသည် ညီမလေးအတွက် မုန့်လေးတွေ၊ ကစားစရာလေးတွေ၊ အသုံးအဆောင်လေးတွေ ၀ယ်ရင်း ကုန်သွားလေ့ရှိသည်။ ကိုယ်ကျောင်းတက်ရင်း အလုပ်လုပ်သည့်ပိုက်ဆံသည် ညီမလေး ကျောင်းဖိုး၊ ကျူရှင်ဖိုးဖြစ်သည်။ ကိုယ့်အတွက်ကိုယ် ကိုယ်တိုင် အ၀တ်အစား ၀ယ်ဝတ်လေ့မရှိပေမယ့် ညီမလေးအတွက်ဆို ကိုယ်သည် အလိုလို ၀ယ်ပြီးသား ဖြစ်နေသည်။ ညီမလေးကလည်း ကိုယ့်ကို အ၇မ်းတွယ်သည်။

ဒီလိုနဲ့ ကိုယ်တက္ကသိုလပ်တက်ချိန် ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်ဝိုင်းတွေတစ်ဖက်နဲ့ ဖြစ်လာချိန်၊ ညီမလေးလည်း ဆယ်တန်းအောင်ပြီဖြစ်သောကြောင့် ညီမလေးကို ကိုယ် လက်လွှတ်လိုက်သည်။ ကိတ်စတစ်ခုပေါ်လာတိုင်း အရင် လို ဆုံးဖြတ်မပေး။ သူ့ဘာသာ ဆုံးဖြတ်ခိုင်းသည်။ အဲဒိအချိန်မှာပဲ ၀မ်းနဲစရာ ကောင်းသောအရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။ ညီမလေးသည် ကိုယ်ရဲ့ ပြုစုမှုအောက်တွင် ကြီးပြင်းလာရသောကြောင့် အရာရာ ကိုယ့်ကိုပဲ အားကိုးနေသည်။ သူ့ဘာသာ ဘာမှ မလုပ်တတ်။ မစဉ်းစားတတ်။ မလုပ်ရဲ မကိုင်ရဲဖြစ်နေသည်။ ငယ်စဉ်က သူမကို ချစ်သောစိတ်ဖြင့် အရာရာ လုပ်ပေးရသည်ကို ကျေနပ်ခဲ့သောကိုယ် ထိုအချိန်တွင် တကယ့်ကို ကြေကွဲရသည်။ ညီမလေးကို ကိုယ်ချစ်ရာ မရောက် နှစ်ရာ ရောက်ခဲ့လေပြီ။

ကိုယ်ကိုယ်တိုင်လည်း အလုပ်တွေ မိုးလင်းက မိုးချုပ်များနေသည်ကို အကြောင်းပြပြီး ညီမလေးကို ဥပက္ခာပြုလိုက်သည်။ အရင်လို ယုယုယယမနေ။ သူမ အနားလာကပ်လျှင် အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်။ အခန်းတံခါးပိတ်ပြီး စာဖတ်ချင်ယောင်ဆောင်သည်။ တစ်ခုခုကို လာတိုင်ပင်လျှင် ဆုံးဖြတ်စေချင်လျှင် ကိုယ့်ဘာသာစဥ်းစားဟု အနည်းငယ် မာမာပြောလွှတ်သည်။ ကိုယ်ထင်သည်။ ညီမလေးသည် ထိုကာလများကို အားငယ်စွာ၊ ၀မ်းနဲစွာ ယောင်ချာချာနိုင်စွာ ကျော်ဖြတ်ခဲ့ရမည်။ ပိုဆိုးသည်က ထိုကာလများသည် ကိုယ်အတင်းတက်ခိုင်းသောကြောင့် တက်ခဲ့ရသော စီးပွားရေးတက္ကသိုလ် ပညာသင်နှစ်များဖြစ်နေခြင်းပင်ဖြစ်သည်။ ညီမလေးသည် စာရင်းအင်းကို နဲနဲမှ ၀ါသနာမပါ။ ခေါင်းသိပ်ရှုပ်တတ်သည်။ ကိုယ်က ဒါကောင်းတယ် ဒါတက်ဟု ပြောခဲ့သည်ကို ညီမလေးသည် မလွန်ဆန်ရဲ။ ၀ါသနာလုံးလုံး မပါသည့်ဘာသာများကို တတ်နိုင်သမျှကြိုးစားပြီး သင်ယူခဲ့ရှာသည်။ ထိုအတောအတွင်းမှာပင် အားကိုးစရာ အမသည် သူမကို လုံးလုံး လျစ်လျူရှုနေခဲ့ခြင်းဖြစ်သည်။

ညီမလေးဘွဲ့ရတော့ အလုပ်ဝင်သည်။ ဒါကိုလည်း ကိုယ်မကူညီ။ ကိုယ့်စိတ်သည် တစ်ဖက်စွန်းကို ရောက်သွားသည်။ အသိထဲက ဘွဲ့ရခါစ ကလေးတွေ အကူအညီလိုလျှင် ကိုယ်တတ်နိုင်သမျှကူညီသည်။ ပြောပေးသည်။ အလုပ်ရှာပေးသည်။ အလုပ်သွင်းပေးသည်။ ညီမလေးဘွဲ့ရသော် ကိုယ့်အားကိုယ်ကိုးစေလိုသော စေတနာဟု ဆင်ခြေပေးတာ ကူညီခဲ့ခြင်း အလျင်းမရှိ။ ညီမလေးသည် ကိုယ့်ကို အပြစ်မဆို။ ကိုယ်ညီမလေးနဲ့ ခပ်ခွာခွာနေသည့်နောက်ပိုင်းတွင် ညီမလေးသည် အမေ့နား အလိုလိုကပ်သွားသည်။ ထို့နောက်တွင်တော့  ကိုယ် နိုင်ငံခြား ထွက် အလုပ်လုပ်သည်။ အိမ်ထောင်ကျသည်။ ညီမလေးနဲ့ ပိုဝေးသွားသည်။

ဒီနှစ် နောက်ပိုင်း ရန်ကုန် ခဏခဏပြန်ဖြစ်တော့ ညီမလေးနဲ့ ပြန်ရင်းနှီးလာသည်။ သူမသည် ကိုယ့်ကိုယ်ကို အားကိုးတတ်နေပြီ။ မိဘနှစ်ပါးကို အနီးကပ်ပြုစုပြီး အိမ်တွင်လည်း သူမသည် တကယ့်အိမ်ရှင်မကြီးလို စီစဉ်တတ်နေပြီ။ မိဘတွေရဲ့ စိတ်ဆန္ဒကို တခြား သားသမီးတွေထက် အတူနေ ညီမလေးက ကောင်းကောင်းနားလည်သည်။ လူတွေရဲ့အကြောင်းကို ကိုယ့်ထက် ညီမလေးက ပိုသိနေသည်။ ကိုယ့်ရန်ကုန်ပြန်တိုင်းညီမလေးသည် လိုလေသေ့မရှိ ပြုစုသည်။ သူမရဲ့ နည်းပါးလှစွာသော လခထဲမှ သူမထက် အဆပေါင်းများစွာ လခရသောကိုယ့်အတွက် တစ်ခုပြီးတစ်ခု ၀ယ်ပေးသည်။ ညီမလေးသည် ကိုယ့်ကို သူငယ်စဉ်က စောင့်ရှောက်ခဲ့သည်များကို ပြန်လည်ပေးဆပ်နေသလားဟုပင် အောက်မေ့ရသည်။ ဘာပဲပြောပြော ညီမလေးဧ။် အခုအနေအထားကြောင့် ကိုယ်စိတ်သက်သာရာ အများကြီးရသည်။ ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေသော ညီမလေးကြောင့်ကိုယ် ဂုဏ်ယူရသည်။

ညီအစ်မတွေချစ်ခြင်းသည် နေရာ အနီးအဝေးနှင့်လည်းမဆိုင်။ အလိုလိုနားလည်ပြီး အလိုလိုနီးကပ်နေသည်ဟု ကိုယ်ကိုယ်တိုင် ခံစား လက်ခံရသည်။

ဒီနေ့တော့ ထိုညီမလေးသည် မွေးနေ့ဟူသောမှတ်တိုင်တစ်တိုင်သို့ ရောက်ပြန်လေပြီ။

မိဘကို အနီးကပ်ပြုစုလုပ်ကျွေးနေသော ချစ်ရတဲ့ညီမလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ ကိုယ်ရင်ထဲက ဆုတောင်းလိုက်ပါသည်။

No comments:

Post a Comment

ဆန်းဆန်းတင့် (၁) ၊ ကြွက်ကလေးနဲ့ ကိုယ်

ကိုယ်ဟာ ဆန်းဆန်းတင့်သူတစ်ယောက်ပါ။ အဲဒိအကြောင်းနဲ့ ပတ်သတ်လို့ အရင်ကတော့ ပေါ့ပေါ့ဆဆပါပဲ။ တဖြည်းဖြည်း ပျော်ရွှင်မှုတွေ နည်းနည်းလာတာက...