စက်တင်ဘာ ၃ ရက် ၂၀၁၆
စနေနေ့
ည၁၂ နာရီ စင်ကာပူကနေ စီးလာတဲ့ကားက မနက် ၅ နာရီခန့်မှာ KL Sentral (ကေအမ်လ် ဘူတာကြီး) ကို ဆိုက်ပါတယ်။ မနက် ၅ နာရီက လုံးဝကို မှောင်နေသေးတာပါ။ တစ်ကားလုံးဆင်းကြပြီး ဘူတာရုံအဆာက်အုံထဲ ၀င်ကြတော့ အထဲမှာ လူတွေ ရှိပါတယ်။ လုံခြုံရေးတွေ၊ ထိုင်ငိုက်နေတဲ့ ခရီးသည်တွေ၊ ဘူတာ check in ကောင်တာက ၀န်ထမ်းတွေ အပြင် ခုံတွေပေါ်မှာ အိပ်နေကြတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ လေဆိပ်ကိုသွားတဲ့
KLIA ရထားတွေကတော့ မနက် ၄နာရီ ခွဲကတည်းက ထွက်တာဆိုတော့ ရထားသံတွေကြားနေရပါတယ်။ KLIA ရထားအတွက် လက်မှတ်ဝယ်တဲ့ ကောင်တာ၊ check in ၀င်တဲ့ ကောင်တာတွေလည်းဖွင့်နေပါပြီ။ မြို့တွင်းရထားတွေကတော့ မနက် ၆ နာရီမှ စတင်ပြေးဆွဲတာ ဖြစ်ပါတယ်။ ကောင်တာတွေပိတ်ထားတုန်းပါပဲ။ အချိန်စောနေတော့ ဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ဖြစ်ပါတယ်။
KL Sentral ဘူတာနှင့် ရထားလိုင်းများ (click for larger image)
KL Sentral က မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ဘူတာပါ။ ရထားလိုင်း အားလုံးဆုံတဲ့နေရာလည်းဖြစ်ပါတယ်။ ဘူတာထဲက Mcdonald ဆိုင်က 24 hours လို့ရေးထားပေမယ့် မဖွင့်သေးပါဘူး။ 7-11 အပါအ၀င် စတိုးဆိုင် ၂ ဆိုင် ခန့်တော့ ဖွင့်ပါတယ်။ အဲဒိကပဲ ဘာစားစရာ ရှိလဲ လိုက်ကြည့်ရင်း ကြက်ဥပြုတ်ဝယ်စားဖြစ်ပါတယ်။ ဘူတာထဲ ဟိုဟိုသည်သည် လိုက်ကြည့်တော့ ကိုယ့်ပစ္စည်းတွေများနေရင် ထားခဲ့ပြီး လိုရာခရီးသွားလို့ရအောင် လော်ကာ (locker) တွေကိုလည်း ရှိပါတယ်။ လော်ကာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်ပြီး ရင်းဂစ် ၅ ကျပ်မှ ရင်းဂစ် ၂၀ အထိ ရှိကြပါတယ်။ ဒုတိယထပ်မှာလည်း luggage တွေ အပ်လို့ရတဲ့ ကောင်တာ ရှိပါတယ်။
Setiwangsa ဘူတာမှာ မနက်စောစော အမှတ်တရ
မနက် ၆ နာရီအတိမှာ မြို့တွင်းရထား ကောင်တာတံခါး စဖွင့်ပါတယ်။ လက်မှတ်ကိုတော့ ကောင်တာက ၀ယ်ဝယ်၊ စက်က ၀ယ်ဝယ် စင်ကာပူလိုပါပဲ။ စက်နဲ့ပဲ LRT လိုင်းကို ရွေးပြီး KLCC ဘူတာအထိ ၀ယ်လိုက်ပါတယ်။ တစ်ယောက်ကို ရင်းဂစ် ၁.၆၀ ကျပါတယ်။ အကြွေစေ့နဲ့ပေးပေး၊ အတန်ရွက်နဲ့ပေးပေးရပါတယ်။ အရွက်ဆိုရင်တော့ အကြီးဆုံး ၅ ရင်းဂစ်တန်ပဲ လက်ခံပါတယ်။ ရထားက စင်ကာပူက ရထားတွေလိုပါပဲ။ အများကြီးမကွာပါဘူး။ KLCC ဘူတာနားရောက်တဲ့အထိ အပြင်မှာ မှောင်နေတုန်းပဲဆိုတော့ နှစ်ယောက်သား ရှေ့ဘူတာတွေထိ လိုက်စီးကြပါတယ်။ Setiwangsa ဘူတာရောက်တော့ အပြင်မှာနဲနဲလင်းပြီးဆိုပြီး အဲဒိဘူတာမှာဆင်းပြီး ပလက်ဖောင်းပြောင်းပြီး ရထားပြန်စီးခဲ့ကြပါတယ်။
KLCC ရှေ့ ပန်းခြံထဲမှာ
နောက်ခံ Petronas Twin Towers နဲ့
KLCC ဘူတာက ထွက်ထွက်ချင်း
Suria KLCC Shopping Mall ထဲ တန်းရောက်သွားတာပါ။ မနက် ၇ နာရီခန့်ဆိုတော့ ဆိုင်တွေတော့ မဖွင့်သေးပါဘူး။ သွားလာနေတဲ့ လူတွေတော့ ရှိပါတယ်။ Suria KLCC က
PETRONAS Twin Towers ရဲ့အောက်တည့်တည့်မှာ ရှိတာပါ။ တာဝါပေါ် တက်ချင်ရင် လက်မှတ်ဝယ်ရပြီး အွန်လိုင်းကနေ ကြိုဝယ်ထားလို့လည်းရပါတယ်။ ကိုယ်တွေကတော့ တက်ဖို့အစီအစဉ်မရှိတာနဲ့ ရှော့ပင်းစင်တာရှေ့ ပန်းခြံကနေပဲ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပန်းခြံထဲမှာ မနက်စောစော လေ့ကျင့်ခန်း လုပ်နေသူတွေ အများကြီးတွေ့ရပါတယ်။ လူစည်တဲ့ နေရာတိုင်းမှာ လုံခြုံရေးဝန်ထမ်းကို လက်ညှိုးထိုးမလွဲ တွေ့ရပါတယ်။ Pentronas Twin Towers နဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးတော့ လှမ်းမြင်နေရတဲ့ KL Tower ကို လမ်းလျှောက် သွားကြပါတယ်။
KL Tower (ပုံကို
ဒီနေရာ မှ ယူသည်)
ဒါကတော့ ကိုယ်ရိုက်လာတဲ့ပုံပေါ့
မနက်စောစောပဲ လှမ်းလျှောက်ကြတာပေါ့ဆိုပြီး လျှောက်တာ အမြင်နီးပေမယ့် တကယ်တမ်း လှမ်းပါတယ်။ တည့်တည့်လျှောက်ရင် နာရီဝက်နဲ့ ရောက်မယ့်ခရီးကို လမ်းမှားသွားတော့ ၄၅ မိနစ်လောက်ကြာပါတယ်။ ကဲ အလည်လာတဲ့သူဆိုတော့လည်း လမ်းမှားတော့ ရောက်ဖူးတာပေါ့လို့ပဲ အကောင်းမြင်ရပါတယ်။ လမ်းမှာ ဆိုင်တန်းလေးတွေ့တာနဲ့ မနက်စာ ၀င်စားခဲ့ပါသေးတယ်။ ကြက်ဥပလာတာ၊ ကြက်ဥ ကြော်၊ လက်ဘက်ရည်၊ အုန်းထမင်းငှက်ပျော်ဖက်ထုပ် အားလုံးကို ၅ ရင်းဂစ် ကျော်လောက်ကျပါတယ်။ စားပွဲထိုးတွေက ကိုယ့်အမျိုးသားကို မလေးလူမျိုး ထင်ပုံရပါတယ်။ သူ ဘယ်လိုပဲ အင်္ဂလိပ်လိုပြောပြော မလေးလိုပဲ ပြန်ပြောနေလို့ ခွကျရပါသေးတယ်။
KLCC မှ KL Tower ကို လျှောက်တဲ့လမ်း (တည့်တည့်လျှောက်ရင် ပိုနီးပါတယ်)
ဝေးတဲ့လမ်းက လျှောက်ပြီး အနားရောက်တော့လည်း လမ်းမှားချိုးပါသေးတယ်။ တွေ့တွေ့ချင်းလမ်းတိုလေးကို ၀င်သွားတာ လမ်းက အပိတ်ကြီး ဖြစ်နေရော။ ပြန်လျှောက်ရမှာပျင်းတာနဲ့ တွေ့တဲ့သူကိုမေးပြီးသူပြောတဲ့အတိုင်း သွားလိုက်တာ ဖြတ်လမ်းကရောက်ရော။ ဘယ်လိုသွားလဲဆိုတော့ အဲဒိလမ်းထိပ်က Pacific Regency Hotel ထဲဝင်၊ လော်ဘီက ဓာတ်လှေကားကို အပေါ်ဆုံးထပ်ထိ စီးလိုက်တာ အပေါ်ဆုံးထပ် ဟိုတယ်လော်ဘီထဲ ရောက်သွားရော။ လောဘီက ထွက်ထွက်ချင်း KL Tower ကို သွားတဲ့ shuttle bus ဂိတ်ကို တန်းရောက်သွားတာ။ shuttle bus က မီနီဘက်စ်လေးတွေပါ။ အဲကွန်းလည်းကောင်းတယ်။ တောင်ကုန်းပေါ်ကို သိပ်မဝေးပါဘူး၊ ဒါပေမယ့် အတက်လမ်းဆိုတော့ နေပူပူထဲ လမ်းလျှောက်ရင် တော်တော်ပင်ပန်းမှာ ခုတော့ ကားနဲ့ဆိုတော့ အတော်ဖြစ်သွားတယ်။
KL Tower လက်မှတ်ဝယ်ရတဲ့ ကောင်တာ
ကားရောက်ရောက်ချင်း ၀န်ထမ်းလေးတွေက အဖွဲ့တစ်ဖွဲ့ကို တစ်ယောက်ကြိုကြတယ်။ တာဝါပေါ်တက်မယ်ဆိုရင် လက်မှတ်ဘယ်မှာဝယ်ရတယ်ဆိုတာ လိုက်ပြကြတယ်။ လက်မှတ်အမျိုးအစားတွေ အကြောင်းလည်း သေချာ ရှင်းပြပါတယ်။ ရောက်တဲ့အချိန်စောတော့ လူရှင်းပါတယ်။ KL Tower က မလေးရှားနိုင်ငံရဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်တဲ့ တာဝါပါ။ ရုံးခန်းတွေလည်း ဒီတာဝါမှာပဲ ရှိပါတယ်။
တာဝါပေါ်တက်မယ်ဆိုရင် observation deck နဲ့ sky deck ဆိုပြီး ရှိပါတယ်။ observation deck ကတော့ မှန်တွေနဲ့ ကာထားတဲ့ အဲကွန်းခန်းထဲက ကြည့်ရမှာဖြစ်ပြီး တစ်ယောက်ကို ၅၂ ရင်းဂစ်ပါ။ sky deck ကတော့ observation deck ရဲ့ အပေါ်ထပ် ဟင်းလင်းပြင်ဖွင့်ထားတဲ့ နေရာမှာ ဖြစ်ပြီး တစ်ယောက်ကို ရင်းဂစ် ၁၀၅ ပါ။ sky deck လက်မှတ်ဝယ်ရင် observation deck ကိုလည်း သွားခွင့်ရှိပါတယ်။ sky deck မှာ sky box လို့ ခေါ်တဲ့ ကြမ်းပြင်ပါ မှန်ခင်းထားတဲ့ မှန်ခန်းလေးကိုလည်း မေလ ၂၅ ရက်၊ ၂၀၁၆ ကမှ ဖွင့်ထားတာ ရှိပါတယ်။ မြို့ကို ၃၆၀ ဒီဂရီ အမြင်နဲ့ decks နှစ်ခုလုံးကနေ မြင်ရပါတယ်။ ကိုယ်တို့က sky deck လက်မှတ်ကို
KL Tower ၀ဘ်ဆိုဒ် က ကြိုဝယ်ထားတော့ ၁၅ ရာခိုင်နှုန်း သက်သာပါတယ်။ မသွားခင် ပရိုမိုးရှင်းရှိမရှိ အရင်စစ်ပြီး သွားမယ့်ရက်သေချာရင် ကြိုဝယ်ထားလို့ရတာပေါ့။
KL Tower ပထမထပ် ကောင်တာနားက လော်ကာအခန်းများ
KL Tower Skybox
ကောင်တာရောက်တော့ ပရင့်ထုတ်လာတဲ့ လက်မှတ်ကို တကယ့်လက်မှတ်နဲ့ လဲရပါတယ်။ အထုတ်တွေကို အနားကလော်ကာထဲမှာ ထားခဲ့ဖို့ လော်ကာ သော့ပေးပါတယ်။ အိတ်ကြီးရင် သယ်ခွင့်မပြုပါဘူး။ ပြီးတာနဲ့ ဓာတ်လှေကားမောင်းတဲ့ ၀န်ထမ်းက sky deck ကို အရင်လိုက်ပို့ပါတယ်။ ကွာလာလမ်ပူတစ်မြို့လုံးကို အပေါ်စီးက မြင်နေရတဲ့ မြင်ကွင်းက တကယ့်ကို နှစ်သက်ဖွယ်ကောင်းပါတယ်။ sky box နေရာမှာတော့ ၀န်ထမ်းတစ်ယောက် ရှိပါတယ်။ လူ ၆ ဦးဝင်ခွင့် ပေးသည်လို့ ရေးထားပေမယ့် ၀န်ထမ်းကတော့ တစ်ခါဝင် လူ ၃ယောက်ပဲ ခွင့်ပြုပါတယ်လို့ ပြောပါတယ်။ ဖိနပ်ချွတ်ရပါတယ်။ အောက်မှာခင်းထားတဲ့ မှန်သားက တော်တော်ကို ထူတာပါ။ မှန်ပေါ်မှာ လျှောက်ရတာ မကြောက်ပေမယ့် အောက်ကို ကြည့်အပြီးမှာတော့ ဒူးနဲနဲတုန်ချင်ပါတယ်။ လူရှင်းတော့ ဓာတ်ပုံကောင်းကောင်း ရိုက်ချိန်ရပါတယ်။ ၀န်ထမ်းလေးက တော်တော်ဖော်ရွေပါတယ်။ သိပ်မကြာခင်လူတွေများလာမှာ အဲဒိကျရင် ဒီနေရာမှာ တန်းစီပြီး ဓာတ်ပုံရိုက်ဖို့ စောင့်ရတာလို့ သတင်းပေးပါတယ်။ ကိုယ်တို့တွေက ဓာတ်ပုံရိုက်ပြီး ကောင်းမကောင်း နေရာမှာတင် ပြန်ကြည့်နေလို့ ရှေ့မှာ sky box တစ်ခု ရှိသေးတယ်၊ အဲဒိမှာ ထပ်ရိုက်ဦး။ မကြိုက်သေးရင် နောက်တစ်ပတ် ပတ်ပြီး ပြန်လာခဲ့ဦး။ အကြာကြီးနေလို့ အကြံပေးပါသေးတယ်။
View from KL Tower Skybox
KL Tower Skybox ရောက် အမှတ်တရ စုံတွဲပုံ
KL Tower observation deck
နောက်ထပ်တွေ့ရတဲ့ sky box မှာလည်း ပုံနဲနဲ ထပ်ရိုက်ပြီး ကျေနပ်သွားတာနဲ့ အောက်ထပ်က observation deck ကို ဆက်သွားပါတယ်။ သူကတော့ korea seoul tower လိုပါပဲ။ မှန်တွေကတဆင့် မြို့ကို ကြည့်ရတာပေါ့လေ။ ကြည့်လို့ဝတာနဲ့ မြေညီထပ်ပြန်ဆင်းပြီး shuttle bus ပြန်စောင့်ပါတယ်။ မြေညီထပ်မှာ မီနီ တိ၇စ္ဆာန်ရုံတို့၊ ရေအာက်ကမ္ဘာလို ပြခန်းတို့ ရှိပါသေးတယ်။ ပိုက်ဆံပေးဝင်ရတာပါ။ ကိုယ်တို့ ပြန်ဆင်းတဲ့အချိန်မှာတော့ မြေညီထပ်မှာ လူတွေ အများကြီးဖြစ်နေပါပြီ။ လက်မှတ်ရောင်းတဲ့ကောင်တာမှာ တန်းစီနေတာ အတန်းတော်တော်ရှည်နေပါပြီ။ ဒူးရင်းသီးတွေနဲ့ အတူ အသီးအစုံရောင်းတဲ့ အသီးတန်းလည်းရှိပါတယ်။
shuttle bus ဂိတ်ရောက်ပြီး ညာဘက်ကို လမ်းလျှောက်ကာ
GoKL free bus ခရမ်းလိုင်းကို စောင့်ပါတယ်။ GoKL က တစ်နေကုန်အလကားပြေးဆွဲပေးနေတဲ့ ကားလိုင်းပါ။ အနီ၊ အပြာ၊ ခရမ်း၊ အစိမ်းဆိုပြီး ၄ လိုင်းရှိပါတယ်။ မြို့ရဲ့ အထင်ကရ နေရာတွေကို ဆွဲပေးတာပါ။ ကြားရက်ဆို ၅ မိနစ်ခြားတစ်ခါရှိပြီး စနေ၊ တနင်္ဂနွေဆိုရင်တော့ ၁၀ မိနစ်ခြား တစ်စီးလာပါတယ်။
GoKL ဘက်စ်နဲ့ ဘယ်ကိုစီးကြမလဲ ရှာနေတဲ့ တိုးဂိုက်ကြီး
Pavillion Shopping Mall in Kuala Lumpur
အဲဒိ ဂျပန်ဆိုင်က ငါးဟင်းချိုကို ရေနွေးအိုးနဲ့ထည့်ပေးတယ်။ အရသာ အရမ်းကောင်းတယ်။
KL ရဲ့ အကြီးဆုံး ရှော့ပင်းမောလ်
Pavillion ရှေ့ကိုရောက်တော့ GoKL ကနေဆင်းပါတယ်။ လူတော်တော်များများလည်း အဲဒိမှာ ဆင်းကြပါတယ်။ Pavillion ရှော့ပင်းမောက Shopping distinct bukit bintang မှာ ရှိပြီး တော်တော်ကြီးပါတယ်။ စင်ကာပူရဲ့ အော့ချတ်လိုနေရာပေါ့။ နိုင်ငံတကာ ဘရန်းပေါင်းစုံ၊ လိုကယ် ဘရန်းပေါင်းစုံရဲ့ ဆိုင်တွေ ရှိပါတယ်။နှစ်ယောက်သား ဈေးဆိုင်တွေ မငေးအားပါဘူး။ ဗိုက်ဆာနေပြီလေ။ ဘာစားမလဲ လိုက်ကြည့်ရင်း ဂျပန်ဆိုင်တစ်ဆိုင်မှာ စားဖြစ်ပါတယ်။ ဆိုင်ရှေ့က မီနူးဖတ်ရင်း နှစ်ယောက်သား မြန်မာလို တွတ်ထိုးကြတာ စားပွဲထိုး ကောင်လေးက မြန်မာတွေလား။ လာပါ။ ထိုင်ပါ ဆိုတာနဲ့ မတိုင်ပင်ရဘဲ ဆိုင်ထဲ ၀င်သွားကြတာပါပဲ။ တစ်ဆိုင်လုံး စားပွဲထိုး၊ cashier၊ ချက်တဲ့သူ အကုန်လုံးနီးနီး မြန်မာတွေချည်းပါပဲ။ စကားတော့ အင်မတန်ဝဲကြပါတယ်။ အစားအသောက်ကလည်း တော်တော်ကောင်းပါတယ်။
ဟိုတယ် ချက်အင် ၀င်
ရှော့ပင် အနည်းငယ်လုပ်ပြီး နေ့လည် ၂ နာရီလောက်မှာတော့ GoKL ခရမ်းလိုင်းနဲ့ပဲ တည်းမယ့်ဟိုတယ်နဲ့အနီးဆုံးနေရာဖြစ်တဲ့ Pasar Seni ကိုသွားပါတယ်။ ဟိုတယ်က အဲဒိကနေ ၁၀ မိနစ်ပျော့ပျော့လောက်ပဲ လျှောက်ရတာပါ။ ရှာရ အင်မတန်လွယ်ပါတယ်။ Central Market ဘေးအတိုင်း တည့်တည့်လျှောက်သွားပြီး ဈေးလမ်းဆုံးတာနဲ့ ဟိုတယ်ရောက်သွားတာပါပဲ။ ဟိုတယ်အခန်းကတော့ စင်ကာပူ ၃၅ ဒေါ်လာတန်ဆိုတော့ များများစားစား ပြောပလောက်အောင် မရှိပါဘူး။ မနက်စာမပါဘူး။ အခန်းက ကျဉ်းပါတယ်။ ပြတင်းပေါက်မပါပါဘူး။ ပြတင်းပေါက်ကို ကျယ်နိုင်သမျှ ကျယ်မှ ကြိုက်တဲ့ ကိုယ့်အတွက်တော့ အမှတ်တွေလျော့စေတဲ့ အခန်းပါပဲ။ အခန်းမီးတွေက အ၀ါရောင်တွေဖြစ်နေတော့ အခန်းထဲနေရင် နေ့လားညလားတောင် မသိပါဘူး။ အခန်းထဲဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ပဲ ကောင်းပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာ အကုန် အဆင်ပြေပါတယ်။ အဲကွန်းလည်းတော်တော်အေးတယ်။ ရေချိုးခန်း အိမ်သာ ကျယ်ပြီး သန့်ရှင်းပါတယ်။ အပေါ်ထပ်မှာ ရေကူးကန်ရှိပါတယ်။
central market ရဲ့ အတွင်းတစ်နေရာ
central market က ဆိုင်တစ်ဆိုင်
မနက်ကတည်းက လမ်းလျှောက်နေရတာဆိုတော့ ပင်ပန်းပြီး အိပ်ပျော်သွားပါသေးတယ်။ ညနေ ၄ နာရီလောက်မှ တစ်ခါ ပြန်ထွက်ပြီး central market ကို လည်ပါတယ်။ ဈေးက တော်တော် သန့်သန့်ရှင်းရှင်းရှိပြီး ၀ယ်လို့ ကြည့်လို့တော်တော်ကောင်းပါတယ်။ ကိုယ်တို့နိုင်ငံက ဗိုလ်ချုပ်ဈေးလိုမျိုးပါပဲ။ ရှေးဟောင်းဈေးဖြစ်ပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ အင်မတန်ကောင်းတဲ့နေရာပါ။ လက်မှုပစ္စည်းမျိုးစုံ၊ ရိုးရာအထည်မျိုးစုံနဲ့ ပန်းချီကားတွေ ၀ယ်လို့ရပါတယ်။ ပါတိတ်ဆိုင်တွေလည်း တော်တော်များများတွေ့ပါတယ်။ မြန်မာဆိုင်တစ်ချို့လည်းတွေ့ရပါတယ်။ လိုချင်တာလေးတွေဝယ်ပြီး အပြင်ထွက်တော့ မိုးရွာနေပါတယ်။ ဒါနဲ့ ဟိုတယ်ပြန် ၀ယ်ထားတဲ့ ပစ္စည်းတွေထားပြီး မိုးတိတ်အောင် ခဏစောင့်ပါတယ်။ ဟိုတယ်က ဈေးကပ်ရပ်ဆိုတော့ မိုးမစိုဘဲ ပြန်လို့ရတာ တော်တော်အဆင်ပြေသွားပါတယ်။
Petaling Street ရောက် ရွှေတစ်ယောက်
မိုးစဲတာနဲ့ ပြန်ထွက်ပြီး နာမည်ကျော် တရုတ်တန်းရဲ့ Petaling Street ကို လမ်းလျှောက်ပါတယ်။ အဲဒိလမ်းက တော်တော်ရှည်ပြီး တစ်လမ်းလုံး လမ်းပေါ်မှာ ဈေးဆိုင်တွေခင်းပြီးရောင်းတာပါ။ ဈေးလမ်းတွေက နိုင်ငံတကာမှာရှိတာပဲ၊ ဒီလမ်းကဘာထူးခြားလို့လဲဆိုတော့ အဲဒိမှာရောင်းတဲ့ဆိုင်တွေက နာမည်ကျော် ဘရန်းပေါင်းစုံရဲ့ အတုတွေကိုရောင်းတာပါ။ coach, Micheal Kor, Prada, LV, Burberry အစရှိတဲ့ အိတ်တွေ၊ under armour, addidas, nike အစရှိတဲ့ အ၀တ်အစား တွေ၊ gucci, ck အစရှိတဲ့ ရေမွှေးပေါင်းစုံ၊ rolex လို နာရီပေါင်းစုံ အပြင် ဒီဇိုင်နာ ဖိနပ်အစုံကိုလည်း ၀ယ်နိုင်ပါတယ်။ ကြိုက်တဲ့ တံဆိပ်သာပြော သူတို့ရောင်းတယ်ဆိုတဲ့ ပုံစံပါပဲ။ ဈေးလမ်းက လမ်းမကို အလယ်မှာထားပြီး ဟိုဘက်ဒီဘက် လမ်းကျဉ်းတစ်လျှောက်ရောင်းတာပါ။ လမ်းမရဲ့ တစ်ဖက်က လမ်းကျဉ်းက ပုံမှန်လမ်းကျဉ်းဖြစ်ပြီး တခြား တစ်ဖက်က အဲဒိလမ်းကျဉ်းကိုမှ အလည်မှာ ဆိုင်နှစ်ဆိုင် ကျောချင်းကပ်လျက်ပုံစံ ပြန်ဆောက်ထားတာမို့ လမ်းက လူတစ်ယောက်စာပဲ သွားလို့ရပါတော့တယ်။ တစ်လမ်းထဲကိုပဲ ဒီဘက်အခြမ်းလမ်းက စ၀င်ပြီး လမ်းဆုံးတော့ တစ်ခြားတစ်ဖက်က ပြန်ထွက်တော့ လမ်းနှစ်လမ်းစာ လျှောက်ရသလိုပါပဲ။
အကင်ဆိုင်က တုတ်ထိုးတွေ။ ကင်မလား ပြုတ်မလား ကြိုက်တာရွေး။
တုတ်ထိုးအကင်။ အပြုတ်စားမယ်ဆို နောက်က ရေနွေးအိုးထဲမှာ ကိုယ့်ဘာသာ ထည့်ပြုတ်ပြီး စားရမှာပါ။ စားပွဲတစ်လုံးကို ပြုတ်အိုး တစ်အိုးတင်ပေးထားပါတယ်။
ညစာကတော့ အဲဒိနားက လမ်းဘေးက အကင်ဆိုင် တစ်ဆိုင်မှာပဲ စားဖြစ်ပါတယ်။ ထုံးစံအတိုင်း အကင်ရောင်းနေတဲ့ သူတွေ၊ စားပွဲထိုးတွေက မြန်မာတွေပါပဲ။ အကင်က စားအကောင်းကြီးမဟုတ်ပါဘူး။ တစ်ဝက်လောက်က စားကောင်းပြီး တစ်ဝက်လောက်ကတော့ အရသာ မရှိပါဘူး။ ဒါပေမယ့် ဘေးကပ်လျက်ဆိုင်က မြန်မာဝန်ထမ်းလေးတွေရယ် အကင်ဆိုင်က မြန်မာဝန်ထမ်းတွေရယ် အချင်းချင်း ချစ်ချစ်ခင်ခင် ကူညီဖေးမပြီး စနောက်နေကြတာတွေ ကြားနေမြင်နေရတော့ ဒီဆိုင်မှာစားရတာ အရမ်းကို ကျေနပ်ခဲ့ပါတယ်။
central market ဈေးလမ်းအနီးမှာ တွေ့ရတဲ့ လမ်းဘေးဆိုင်
ည ၈ နာရီလောက်မှာတော့ ဟိုတယ် ကို လမ်းလျှောက် ပြန်ခဲ့ကြပါတယ်။ ပထမအစီအစဉ်က မနက်ဖြန် bird park သွားမယ်ပေါ့လေ။ ဒါပေမယ့် ဒီနေ့မိုးရွာနေလို့ ခရီးဖင့်ထားတော့ တစ်ချို့နေရာတွေ မသွားဖြစ်လိုက်တာမို့ ဟိုတယ်ရောက်တာနဲ့ နောက်တစ်နေ့ အစီအစဉ်ပြန်ဆွဲကြပါတယ်။
Weekend getaway to Kuala Lumpur - Day 1
Weekend getaway to Kuala Lumpur - Day 2