Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

Penang 4D3N Free & Easy - Intro


ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။
အောက်တိုဘာ ၆ ရက်မှ ၉ ရက်။
စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။

ဒီလိုတွေ စီစဉ်ကြတာ။
ဒီခရီးကတော့ သွားခါနီး ၂ ရက်အလိုမှ စိတ်ကူးရပြီး ထွက်ဖြစ်ခဲ့တဲ့ ခရီးပါ။ ဒီ weekend အမျိုးသားနဲ့ တစ်နေရာ သွားလည်ကြမလား စဉ်းစားကြတော့ သွားချင်တဲ့နေရာတွေက များပြီး ရက်က ကပ်ကပ်လာပါတယ်။ နောက်ဆုံး  ကြာသပတေးနေ့ရောက်မှပဲ ပီနန်သွားကြမယ်လို့ ဆုံးဖြတ်ချက် ကျကြပါတယ်။ ဘယ်လိုသွားမယ်၊ ဘယ်တွေလည်မယ်ဆိုတာ မစီစဉ်ရသေးတော့ အချိန်နဲနဲ ပိုပေးရမယ်ဆိုပြီး တနင်္လာ၊ အင်္ဂါနှစ်ရက်ခွင့်တင်လိုက်ပါတယ်။ ကြာသပတေးနေ့ ညနေဘက်မျာ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ စကြည့် ချက်ချင်းဆုံးဖြတ် ၀ယ်ကြပါတယ်။ အသွားကို သောကြာညထွက်မယ့် express bus နဲ့ ၊ အပြန်ကို အင်္ဂါညနေထွက်မယ့် လေယာဉ်ဆိုပြီး ၀ယ်ဖြစ်သွားတယ်။ လေယာဉ်နဲ့သွားရင် အချိန်သက်သာပေမယ့် စနေကို နေ့လည်မှ ထွက်မယ့်အချိန်တွေချည်းပဲဆိုတော့ မနက်တစ်ပိုင်းလည်ချိန်လျော့သွားမှာလည်းစိုးသေးတယ်လေ။ သောကြာညကားစီးရင် ဟိုကို စနေ မနက်အစောကြီးရောက်မယ်ဆို စလည်လို့ရပြီပေါ့။ တွက်ရေးကတော့ အဲလို စက်သေူဌေးပေါ့လေ။ ကြာသပတေးနေ့ ညမှာ အ၀တ်တွေ ကျောပိုးအိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ သောကြာနေ့ နေ့လည်မှ ဟိုတယ် booking ကို ရုံးကနေပဲ လုပ်ဖြစ်ပါတယ်။ သောကြာနေ့ရုံးအပြန် အိမ်ရောက်ရောက်ချင်း အိမ်မှာ ရှိတာလေးနဲ့ ညစာစား ၊ ပြင်ထားတဲ့ ကျောပိုးအိတ်ကောက်လွယ်ပြီး နှစ်ယောက်သား တက်စီငှား၊ ကားဂိတ်ကို ပြေးရပါတယ်။ ကားစီးရမယ့်နေရာကလည်း စင်ကာပူမှာသာ ဆယ်နှစ်ကျော်နေတာ တစ်ခါမှ မကြားဖူးတဲ့ Our Tampines Hub  တဲ့။ ဟိုရောက်တော့ တော်တော်ကြီးတဲ့ ရှောပင်းမောလ်ကြီးဖြစ်နေတာကိုး။

ဒီကားနဲ့သွားတာ

မောလ်ကို ပတ်ချာလည်လှည့်ပြီး ရှာတော့ မောလ်အပြင်တစ်နေရာမှာ coach pickup ဆိုတဲ့ နေရာတွေ့တယ်။ အဝေးပြေးကားတစ်စီးရပ်ထားတယ်။ ကားသမားကို လက်မှတ်ပြ သွားမေးတော့ လား လား.. ဘိုးတော်က အင်္ဂလိပ်လို မတတ်ဘူးဗျ။ ၂ ယောက် ရှိတယ် လူလတ်ပိုင်းတစ်ယောက်၊ လူငယ်တစ်ယောက်။ လူလတ်ပိုင်းကတော့ ရက်စ် နိုး ပြောတတ်တယ်။ လက်မှတ်ကို မကြည့်ဘဲ ခေါင်းပဲ ညိမ့်ပြတယ်။ ကားကို လက်ညှိုးထိုးပြတယ်။ မိုက်ပြီလေ။ ဘာမှ ပြောမရတဲ့အတူတူ ကားပေါ်တက် ကိုယ့် ခုံနံပါတ်နေရာ ၀င်ထိုင်လိုက်တယ်။ အနီးအနားတစ်ဝိုက်မှာ စောင့်နေတဲ့ ၄၊ ၅ ယောက်လည်း ကားပေါ်တက်လာကြတယ်။ ကိုယ်တို့လည်းတက်ပြီးရော ကားက စထွက်တော့တာပဲ။ ည ၉ နာရီခွဲ။

ကားက အားသွင်းစရာ ပလက်ပေါက်တွေ ဘာတွေ မပါဘူး။ ခြေထောက်ဆန့်စရာလည်း ရှေ့ကို အများကြီးမကျယ်ဘူး။ ပုံမှန် express ကားပေါ့လေ။ အကောင်းကြီးမဟုတ်ဘူး။ ကားပေါ် ၇ ယောက်လောက်ပဲ ရှိတော့ ချောင်တယ်ပေါ့။ ဘယ်ဟုတ်မလဲ Jurong East, Big Box မှာ ရပ်ပြီး လူတွေ ထပ်တင်တယ်။ သူတို့တွေကတော့ ပီနန်သွားမယ့်သူတွေ မဟုတ်ဘူး။ KL တို့၊ Ipoh တို့ သွားမယ့်သူတွေ ပေါ့။ ကားလူပြည့်ပြီဆိုမှ ကားက ဆက်ထွက်တယ်။

second link လို့ခေါ်တဲ့ Tuas ဘက်က သွားပေမယ့် သောကြာညမလို့လား မသိ။ စလုံး အင်မီဂေ၇းရှင်းမှာ ကားတွေ ကြပ်နေလို့ ကားက နာရီဝက်လောက် တန်းစီလိုက်ရတယ်။ မထူးပါဘူး။ မလေးရှား အင်မီဂရေးရှင်းမှာလည်း နောက်ထပ်နာရီဝက်လောက် တန်းစီလိုက်ရတာပါပဲ။ မလေးရှား အင်မီဂရေးရှင်းဖြတ်ပြီးချိန်မှာ ည ၁၁း၃၀ ရှိပါပြီ။ ဘာမှ လုပ်စရာ မရှိတော့ ခုံကို နောက်လှန်ချ စအိပ်တော့တာပေါ့။

ဒါက iPoh မ၀င်ခင်

တိုးဂိတ်

ipoh မြို့နားက အဖြတ်


Yong Peng မှာတစ်ခါ၊ KL မှာ တစ်ခါ၊ iPoh မှာ တစ်ခါ၊ နောက်(နေရာမမှတ်မိ) တစ်နေရာ မှာ တစ်ခါ ရပ်ပေးပါတယ်။ အိပ်ပျော်နေလိုက်၊ နိုးလာလိုက်၊ ရှခင်းလေး ကြည့်လိုက်၊ ပြန်အိပ်ပျော်နေလိုက်နဲ့ butterworth ကနေ ပီနန်ကျွန်းကို တံတားကြီးဖြတ်တာကိုတောင် မသိလိုက်ပါဘူး။ အမျိုးသားက အတင်းနှိုးပြီး ပြလို့တံတား တစ်ဝက်လောက်မှ နိုးပြီး ရှည်လျားလှတဲ့ တံတားကြီးကို တအံ့တသြ ကြည့်ရပါတယ်။

ပီနန်တံတား

ပီနန်တံတား

ပီနန်ကျွန်းကို မြင်ရပြီ

ကဲ နောက်တစ်ပိုင်းကျမှ  ကားဂိတ်ရောက်တဲ့နေရာက ဆက်ရေးတော့မယ်နော်။

ဒီခရီးအတွက် ဒီလောက် သုံးခဲ့တယ်။
ခုတော့ ဒီခရီးစဉ်အတွက် ကုန်ကျစရိတ်လေးတွေ တွက်ပြချင်ပါတယ်။
ကိုယ်ကိုယ်တိုင်က ခရီးတစ်ခု သွားပြီဆို အနည်းဆုံး ဘယ်လောက်ကုန်တယ်ဆိုတာ အသေးစိတ်သိချင်တဲ့သူဆိုတော့ တခြားကိုယ့်လိုလူတွေ အတွက်လည်း သိပါစေဆိုပြီး တွက်ပြတာပါ။

Exchange Rate 1 SGD = 3 RM 

ကိုယ်ရေးကိုယ်တာ အသုံးစရိတ်မပါ တစ်ယောက်ကို စင်ကာပူဒေါ်လာ ၂၆၆.၅၀ ကျပါတယ်။
လက်ဆောင် ၀ယ်တာ၊ အိမ်အပြန်မုန့်ဝယ်တာ၊ လှူတာ တန်းတာနဲ့ ဆိုတော့ စုစုပေါင်း စင်ကာပူဒေါ်လာ ၃၀၀ ခန့် ကုန်ခဲ့ပါတယ်။

(အကျယ်ချဲ့ရန် နှိပ်ပါ)

ဒီနေရာတွေ လည်ခဲ့တယ်။
သေချာ မစီစဉ်ဘဲ သွားတဲ့ ခရီးဆိုတော့ ဟိုရောက်မှ တစ်နေ့စာ တစ်နေ့၊ တခါတလေ နေ့တစ်ပိုင်းစာလောက် နေ့တွင်းချင်း စီစဉ်ပြီး လည်ပတ်ကြတာပါ။ စင်ကာပူပြန်မယ့်နေ့ဆို ဘယ်သွားရမှန်းမသိလို့ check-out ထွက်ပြီး ဟိုတယ် မှာ ထိုင်စဉ်းစားတာ အကြာကြီးရယ်။ ပြီးတော့ ဘယ်မှ မသွားဖြစ်ဘဲ ပြန်လာကြတာ။



Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 1

၂၀၁၈ စက်တင်ဘာ ၁၄၊ ၁၅၊ ၁၆။

ဒီတစ်ခါတော့ ရုံးက သူငယ်ချင်းတွေနဲ့ အတူ ဒီခရီး လေး သွားဖြစ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ Berjaya Hills က Colmar Tropicale Resort ကို တစ်ညအိပ် နှစ်ရက်ခရီးပါ။

Singapore => KL (Berjaya Times Square)
လူတစ်ယောက် ၁ ည အိပ် ၂ ရက်ခရီးကို စုစုပေါင်း ၁၅၉ ဒေါ်လာ ကျပါတယ်။ ဟိုမှာ အချိန်ပိုရအောင်ဆိုပြီး သောကြာညထွက်မယ့် ကားကို စီးကြပါတယ်။ ကားက ည ၁၁း၃၀ မှ ထွက်မှာမို့ ရုံးက နေ အိမ်ပြန် ရေချိုး၊ ထမင်းစားချိန် ကောင်းကောင်းရပါတယ်။ ကားထွက်မယ့်နေရာက kovan hub မှာပါ။  စုရပ်မှာ သူငယ်ချင်းတွေ ဆုံကြပြီး ကားလာတော့ ကားသမားက ဟိုတယ် အတွက် booking voucher နဲ့ invoice တွေကို ပေးပါတယ်။ ကားက တစ်တန်းကို ၃ ခုံပဲပါတော့ နေရာကျယ်ကျယ်ဝန်းဝန်း ထိုင်ရပါတယ်။ ထိုင်ခုံတစ်ခုံတိုင်းမှာ usb port ပါပါတယ်။ wifi ရတယ်လို့ရေးထားပြီး ဘာမှ မတွေ့လို့ ကားသမားကို မေးကြည့်တော့မှမလေးရှားဘက်အခြမ်းကျမှ စရမယ်ပြောပါတယ်။ မနက် ၁၂း၃၀ မှာ စင်ကာပူ အင်မီဂရေးရှင်းကို ဖြတ်ရပါတယ်။ ကားပေါ်မှာ အထုတ်တွေ ထားခဲ့လို့ရပါတယ်။ ပတ်စပို့ပဲ ယူသွားရင် လုံလောက်ပါတယ်။ စောင့်ရမယ့်နေရမှာ ကားက မလာသေးတာနဲ့ အိမ်သာ အပြေးအလွားဝင်ကြပါတယ်။ မလေးရှား အင်မီဂရေးရှင်းဝင်တော့ အထုတ်တွေပါ ယူသွားရပါတယ်။ check-in လုပ်ရမှာမို့ပါ။ မလေးရှား အင်မီဂရေးရှင်း ၀င်အပြီးမှာ မနက်  ၁ နာရီခွဲ ၀န်းကျင်ရှိပါပြီ။ အင်မီဂရေးရှင်းက အထွက်မှာ  mini mart နဲ့ အိမ်သာ ရှိပါတယ်။ကားပေါ်အရောက်မှာ ၀ိုင်ဖိုင် ချိတ်ကြည့်တော့ ရသွားပါပြီ။ ၀ိုင်ဖိုင်ကော်နက်ရှင် အရမ်းကောင်းပေမယ့် မနက် လည်ရပတ်ရဦးမှာမို့ အိပ်ကြပါတယ်။

အဝေးပြေးလမ်းဆိုတော့ လမ်းမီးမရှိပါဘူး။ ဒါပေမယ့် တိုးဂိတ်တစ်ခု ရောက်ခါနီးတိုင်း လမ်းမီးတိုင်တွေ လင်းနေအောင် ထွန်းထားပါတယ်။ အိပ်နေပေမယ့် တိုးဂိတ် ၄ ခု လောက်ဖြတ်တော့ ဖြတ်တိုင်း နိုးနိုးလာပါတယ်။ ကားက ဖြည်းဖြည်းပဲ သွားပါတယ်၊ စိတ်အထင် ကီလို ၈၀ လောက် အများဆုံးဖြစ်မယ်ထင်ပါတယ်။ မနက် ၃ နာရီခန့်မှာ Yong Peng ကိုရောက်ပြီး  မိနစ် ၂၀ နားပါတယ်။ စားသောက်ဆိုင်များ၊ စူပါမာ့တ် အသေးစားလေးနဲ့ အိမ်သာတို့ ရှိပါတယ်။ ၃ နာရီခွဲခန့်မှာ ပြန်ထွက်ပြီး KL ကို မနက် ၅း၄၅ မိနစ်မှာ ရောက်ပါတယ်။ Berjaya Times Square ရှေ့က ဘတ်စကားမှတ်တိုင်မှာ ဆင်းရတာပါ။  ကားပေါ်မှာ ပါလာတဲ့ သူတော်တော်များများ ဆင်းကြပါတယ်။ မိုးမလင်းသေးတာကြောင့် မှတ်တိုင်မှာပဲ ထိုင်နေဖြစ်ပါတယ်။ တက်စီသမားတွေ ရောက်လာပြီး ခပ်ဝေးဝေးကနေပဲ လူခေါ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကားပေါ်ကဆင်းလာတဲ့ အုပ်စုတွေ တစ်စုပြီး တစ်စု ကားငှားသွားတဲ့သူသွား၊ လမ်းလျှောက်သွားတဲ့သူသွားနဲ့ ကိုယ်တို့ အုပ်စုပဲ ကျန်ခဲ့ပါတယ်။ ကြောက်စရာတော့ မကောင်းပါဘူး၊ ဟိုနားဒီနား မနက်စားစားလို့ရမလား ရှာကြည့်ပေမယ့် နီးနီးနားနားမှာ မလေးဆိုင်ကြီးတစ်ဆိုင် တွေ့ပါတယ်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်လောက်ပဲ ရှိပြီး ပလာတာတို့ တိုရှည်တို့ မနက် ၇ နာရီမှ ရမယ်ဆိုတော့ ကားမှတ်တိုင် ပြန်ထိုင်ကြပါတယ်။

KL (Berjaya Times Square) => KL (Twin Towers)
မနက် ၇ နာရီလောက်ကျတော့ တော်တော်လင်းလာပါပြီ။ တက်စီတစ်စီးကို ဈေးမေးကြည့်တော့ KLCC ကို ရင်းဂစ် ၂၀ တောင်းပါတယ်။ ဈေးများနေမှန်းသိပေမယ့် ဆက်မထိုင်ချင်တာကြောင့်ရယ်၊  မျှခံရင် သိပ်မကျတာရယ်ကြောင့် စီးဖြစ်ပါတယ်။ ကားသမားက အတော်ကို စကားပြောတဲ့သူပါ။ ဟိုမေးဒီမေး လည်း မေးပါသေးတယ်၊ ဟိုတယ် ရပြီလား ၊ ဘယ်မှာရလဲ ဘာညာပေါ့။ ကိုယ်တို့က မဖြေဘဲ ဝေ့နေပြီး KLCC နားမှာ မနက်စာ ကောင်းကောင်း စားလို့ရမယ့်နေရာကို မေးပါတယ်။ သူက KLCC ကိုကျော်ပြီး ၅ မိနစ်လောက် လမ်းလျှောက်ရမယ့် နေရာက စားသောက်ဆိုင် ကောင်းတယ်ဆိုပြီး စားသောက်ဆိုင်မှာ ချပေးသွားပါတယ်။

စားသောက်ဆိုင်က တော်တော်ကျယ်ပါတယ်၊ ပလာတာ၊ တိုရှည် ၊ လက်ဘက်ရည် စသည်ဖြင့် အစားအသောက်စုံစုံရှိပါတယ်။  ကိုယ်တို့ဆီက lucky 7 လို ဆိုင်မျိုးပေါ့။  ဆိုင်နာမည်က Malaysia's Favourite ပါ။ plain thosai တစ်ချပ်ကို ရင်းဂစ် ၂.၂၀ ပါ။ ဈေးက မဆိုးဘူး ပြောရမယ်။ ဆိုင်တင် သန့်သန့်ရှင်းရှင်း မဟုတ်ပါဘူး။ အိမ်သာလည်း သန့်ပါတယ်။ မှာထားတာတွေ စောင့်ရင်း ခပ်တည်တည်နဲ့ အိမ်သာထဲဝင် မျက်နှာသစ် အလှပြင်ကြပါတယ်။ အမယ်၊ အကျီင်္လဲတဲ့သူတောင် ပါသေး။ မိန်းကလေးတွေ လေ သိတယ်မလား။

Petronas Twin Towers နဲ့ အမှတ်တရ

စားသောက်ပြီး မြင်နေရတဲ့ Twin Towers ကို လမ်းလျှောက်ကြပါတယ်။ ဆိုင်ကနေ တကယ့်ကိုနီးနီးလေးပါ။ KLCC က တော့ မဖွင့်သေးပါဘူး။ ကိုယ်တွေကလည်း twin towers နဲ့ ဓာတ်ပုံရိုက်ဖို့လာတာဆိုတော့ မဖွင့်လည်း ကိစ္စမရှိဆိုပြီး ဓာတ်ပုံရိုက်ကြပါတယ်။ ပြီးတော့ ခုန လမ်းလျှောက်ရင်း တွေ့ခဲ့တဲ့ မှတ်တိုင်ကို ပြန်သွားပြီး GO KL အစိမ်းလိုင်း ကားစီးကြပါတယ်။ အဲဒိကားအကြောင်း အရင်တစ်ခေါက်တုန်းက ဒီမှာ ရေးဖူးပါတယ်။

KL (Twin Towers) => KL (Pavilion Mall)
Pavilion Shopping Mall


Pavilion Shopping Mall ရှေ့ .. မဖွင့်သေးလို့ ဓာတ်ပုံရိုက်

Pavilionမာလ်က ၁၀ နာရီမထိုး သေးလို့ မဖွင့်သေးပါဘူး။ ၁၀ မိနစ်လောက် လိုသေးတယ်ဆိုတော့ ဟိုဟိုဒီဒီ ဓာတ်ပုံလျှောက်ရိုက်ရင်း အချိန်ဖြုန်းပါတယ်။ မောလ်ဖွင့်တော့ အထဲဝင်ကြည့်ပေမယ့် သူ့ဆိုင်တွေက ချန်ဂီလေဆိပ်က ဆိုင်တွေလိုပါပဲ၊ ဘရန်းတွေဖြစ်ပြီး လူကမရှိတော့  ကြောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့် ခဏကြည့်ကြပြီး ပြန်ထွက်ပါတယ်။ Berjaya Hills ကိုသွားမယ့် shuttle bus ကို Berjaya Time Square က နေ စီးရမှာဆိုတော့ အဲဒိကို ပြန်သွားရမှာပါ။


fahienheit 88 shopping mall က Pavilion ရဲ့ ရှေ့မျက်စောင်းထိုးတင်ပါ

Luxury brand တွေပဲရောင်းတဲ့ Starhill Gallery 
သူကလည်း Pavilion ရဲ့ ရှေ့တည့်တည့်မှာပါပဲ


KL (Pavilion Mall) => KL (Berjaya Times Square)
Berjaya Times Square

အဲဒိမှာ ဇာတ်လမ်းက စတော့တာပါပဲ။ Go KL web site က မြေပုံမှာ Berjaya Times Square ဆိုတာ မပါပေမယ့် ကိုယ် google ခေါက်ရင်း ပုံတစ်ပုံမှာ ပါတော့ ရောက်တယ်ဆိုပြီး GoKL bus အစိမ်းကို တက်စီးကြပါတယ်။ စီးနေရင်း twin towers ဂိတ်ရင်းဆီ နောက်တစ်ခေါက်ထပ်ရောက်သွားတော့ ဆင်းပြီး အဲဒိဂိတ်က ကားသမားကို ထပ်မေးပါတယ်။ ကားသမားက ဒီကား အခုထွက်မှာ တက်ဆိုတာနဲ့ တက်ကြပြန်ပါတယ်။ စီးရင်း Pavilion ကို ပြန်ရောက်လာတော့ မဖြစ်ဘူးဆိုပြီး ကားမောင်းသမားကို ထပ်မေးပါတယ်။ မရောက်ဖူးဆိုတာနဲ့ အဲဒိမှာ ဆင်းကြပါတယ်။ အမှန်က Pavilion က နေ BTS ကို နီးနေတော့ သူတို့က ရောက်တယ်ပဲ အလွယ်ပြောလိုက်ကြတာပါ။ နောက်ဆုံးတော့ အဲဒိနားက security တစ်ယောက်ရဲ့ အကူအညီနဲ့ လမ်းလျှောက်သွားကြပါတယ်။ ၁၀ မိနစ်က နေ ၁၅ မိနစ်လောက်တော့ လျှောက်လိုက်ရတယ်။ နေ့လည်စားစားပြီးမှ shuttle bus စောင့်မယ်ဆိုတဲ့ အစီအစဉ် လက်လွှတ်လိုက်ရတယ်။  shuttle bus က ၁၂ နာရီ လာမှာလို့ ရေးထားပေမယ့် ဘယ်နေရမှာ ရပ်မယ်ဆိုတာ မပါတော့ ဟိုပြေး ဒီပြေး မေးရမြန်းရပါသေးတယ်။ နေ့လည်စာ ထိုင်စားဖို့ အချိန်မရတော့လို့ အဲဒိနားက မုန့်ကလေးတွေ ၀ယ်ပြီး 7-11 ဆိုင်ရှေ့မှာ ကားစောင့်ကြပါတယ်။ ၁၂ အတိမှာ Colmar Tropicale ဟိုတယ် တံဆိပ်ကပ်ထားတဲ့ မီနီ ဘက်စ်လေး ရောက်လာပြီး ကားသမားက အဲဒိကျမှ လက်မှတ် ပေးပါတယ်။ အဲဒိ လက်မှတ်က ဟိုတယ်ကို အသွားအပြန် ရယ်၊ Japanease Village, Animal Park နဲ့ Botanical Garden ၀င်ခွင့် လက်မှတ် ပါ ပါတယ်။

 KL (Berjaya Times Square) => Berjaya Hills (Colmar Tropicale)
ဒါက Shuttle Bus.. ကိုယ်တို့ကို လာကြိုတဲ့ကားမှာတော့ ဟိုတယ်လိုဂိုပါတယ်

ကိုယ်တို့ ကားပေါ်ရောက်ပြီး ချိန်မှာ တခြား ခရီးသည်အုပ်စုတစ်စု ရောက်လာပြီး shuttle ပေါ် မစီးရလို့ ကားသမားနဲ့ စကားများနေကြပါတယ်။ မလေးလို ပြောတာကြောင့် အကြောင်းရင်းတော့ သေချာ မသိပါဘူး။ မှန်းရသလောက်တော့ သူတို့က မနက် ၉ နာရီ ထွက်မယ့် shuttle ကို book လုပ်ထားပြီး မလိုက်ဖြစ်လို့ အခု ၁၂ နာရီကားနဲ့ လိုက်ဖို့ လာကြတာပါ။ ကားသမားက သူ မသိဘူး၊ သူ့စာရင်းမှာပါတာက ဒီလူတွေပဲဆိုပြီး စာရင်းကို ပြပေမယ့် အဲဒိအဖွဲ့က ပေးမထွက်ပါဘူး။ အဲလိုနဲ့ နာရီဝက်လောက်ကြာသွားပါတယ်။ အဲဒိ အုပ်စုလည်း တစ်နေရာ ထွက်သွားပါတယ်။  ဘယ်လိုရှင်းပေးလိုက်လဲတော့ မသိပါဘူး။ ၁၂ နာရီခွဲလောက်မှ ထွက်လာရတော့ ဟိုတယ်ကို ၁ နာရီခွဲလောက်မှ ရောက်ပါတယ်။

Colmar Tropicale အ၀င်ဝလမ်း

ဒါက Colmar Tropicale ဟိုတယ်ရှေ့ ကားဝင်းထဲကနေ လှမ်းရိုက်ထားတာ


ဟိုတယ်မှာ လွယ်လွယ်ကူကူ check-in ၀င်လို့ရပေမယ့် ကိုယ့်အထုတ်ကို သယ်ပြီး ကိုယ့်အခန်းကို ရှာရတာပါ။ လိုက်ပို့ပေးမယ့် bellboy ဘာညာ မရှိပါဘူး။ ကိုယ်တို့ ရတဲ့အခန်းက 2 bedroom suite ပါ။ ၀င်ဝင်ချင်း ဧည့်ခန်း၊ ထမင်းစားပွဲ၊ ပြီးတော့ နှစ်ယောက်အိပ် ကုတင်၊ မှန်တင်ခုံ၊ ရေချိုးခန်း အိမ်သာရှိပါတယ်။ အပေါ်ထပ်မှာ အိပ်ခန်းတစ်ခန်းရယ် ရေချိုးခန်း အိမ်သာရယ်ရှိပါတယ်။ ပြတင်းပေါက်က နေ ကြည့်ရတဲ့ မြင်ကွင်းကတော့ ဒီခရီးအတွက် ပင်ပန်းရကျိုးနပ်စေပါတယ်။ မြင်ကွင်းတစ်ဆုံး စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေရယ် ငှက်သံလေးတွေရယ် လေအေးအေးလေးတွေရယ်က အခန်းထဲမှာ ထိုင်ပြီး အပန်းဖြေချင်စရာကောင်းပါတယ်။ အပေါ်ထပ်ရော အောက်ထပ်ရော အခန်းတွေက ကျယ်ကျယ်ဝန်းဝန်း သန့်သန့်ရှင်းရှင်းနဲ့ ပြင်သစ်စတိုင် ပြင်ဆင်ထားတာပါ။ ဗိုက်ဆာနေကြတော့ ၀ယ်လာတဲ့ မုန့်တွေစားပြီးတာနဲ့ အချိန်မဆိုင်းဘဲ ရေချိုး၊ ပြန်ထွက်ကြပါတယ်။

အောက်ထပ်က ကုတင်နဲ့ ဧည့်ခန်း

အပေါ်ထပ်က အိပ်ခန်း

Berjaya Hills (Colmar Tropicale) => Berjaya Hills (Japanese Village)


ဟိုတယ်ရှေ့ ကားစောင့်ရာနေရာ

Japanese Village ကိုသွားတဲ့ အလုံပိတ် tram 

ဟိုတယ်ရှေ့ လူစုစု ရပ်နေတဲ့ shuttle bus ရပ်နေတဲ့ နေရာကိုပဲ ပြန်သွားပြီး ဘာကား ဘယ်အချိန် လာမယ်မှန်းမသိကို စောင့်ကြပါတယ်။ Japanese Village ကို အရင်သွားမယ်ပေါ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ မေးမရပါဘူး။ အလုံပိတ် tram လေး တစ်စီး လာတော့ ခပ်တည်တည်နဲ့ တက်ကြပါတယ်။ ခုန စုရပ်မှာ ကျန်နေတဲ့သူတွေလည်း အများကြီးတွေ့တော့ ကိုယ်စီးလာတာ အမှန်ဟုတ်မဟုတ်လည်း မသိပါဘူး။ ကဲရောက်ချင်ရာရောက်ဆိုပြီး စီးကြတာ တောင်ပေါ် အကွေ့အကောက် အတက်လမ်းတွေ ၁၅ မိနစ်လောက် မောင်းပြီး ဂိတ်တစ်ခုကို ရောက်ပါတယ်။ လူတွေ အကုန်ဆင်းတော့ ကိုယ်တွေလည်း လိုက်ဆင်းတယ်။ အဲဒိကျမှ Japanese Village သို့လို့ ဆိုင်းဘုတ်ပြထားတဲ့နေရာကို တွေ့ပါတော့တယ်။

မလေးရှားရောက် ဂျပန်မ

ဒါက ဓာတ်ပုံရိုက်ဖို့ တဲကလေး

တဲထဲ ၀င်ရိုက်

ပြထားတဲ့ လမ်းအတိုင်း၊ သူများသွားတဲ့ လမ်းအတိုင်း တက်ကြတာ ခပ်မတ်မတ် လမ်းတွေ နဲနဲ တက်လိုက်ရပါတယ်။ Botanical Garden ဆိုတာ အရင်တွေ့ပေမယ့် မ၀င်သေးဘဲ Japanese Village ရှိရာကို ဆက်သွားကြပါတယ်။ တော်တော်လေး ဆက်လျှောက်ပြီးမှ အဲဒိကို ရောက်ပါတယ်။ ဂျပန်ရိုးရာ အိမ်လေး ၂ လုံးရှိပြီး တစ်လုံးက ဓာတ်ပုံရိုက်ဖို့ သက်သက်ပါ။ တစ်လုံးကတော့ ဂျပန် ၀တ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အတွက် ၀တ်စုံငှားပေးတဲ့နေရာပါ။ တစ်စုံကို ရင်းဂစ် ၂၀ ပေးရပါတယ်။ ကိုယ်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဒါဆိုတော့ ၀တ်စုံတွေ ရွေးကြပါတယ်။  လာတဲ့သူတွေ အရမ်းများတော့ ရှေ့က ရွေးကျ နဲနဲပဲကျန်တဲ့ထဲက လှနိုးရာရာကို ရွေးကြပါတယ်။ တကယ်တမ်းက သူတို့ ၀တ်စုံတွေက ဂျပန် ၀တ်စုံထက် ၊ မလေး ၀တ်စုံနဲ့ ပိုတူပါတယ်။ အဆင်တွေကလည်း မလေးဆင်တွေလိုပါပဲ။ ပိုက်ဆံ ပေးပြီးပြီဆိုတော့ မရရတာ ပဲ ယူဝတ်ကြရတာပါပဲ။ ၀တ်စုံရွေးပြီရင် သူတို့ ၀တ်ပေးပါတယ်။ ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားပေါ်ကပဲ ထပ်ဝတ်ကြတာပါ။ အဲဒိနားလေးတင် လှည့်ပတ် ဓာတ်ပုံရိုက်ကြရင်း ညနေ ၅ နာရီဝန်းကျင်ဖြစ်လာတော့ ၀တ်စုံပြန်အပ်ပြီး ပြန်ဆင်းကြပါတယ်။


လမ်းဘေးတွေမှာ တွေ့ရတဲ့ ပန်းလေးတွေ.. မြန်မာလို စိန်နားကပ် ပန်းလို့ခေါ်တယ်

လမ်းတစ်လျှောက် ဒီအပင်လေးတွေလည်း အများကြီးပဲ

ဘာပင်လဲတော့ မသိ.. အသီးလား ပန်းလား လည်း မသိ

Berjaya Hills (Japanese Village) => Berjaya Hills (Colmar Tropicale) 

Botanic gardens ဆိုတာလည်း မ၀င်နိုင်ကြတော့ပါဘူး။ မနက် ၅ နာရီကနေ တောက်လျှောက် ဆိုတော့ တော်တော်ပင်ပန်းနေကြပါပြီ။ ခုန ကားရပ်တဲ့ ၀င်းထဲ ပြန်ထိုင်စောင့်နေပေမယ့် ဘာသတင်းမှ မသိရပါဘူး။ ကားဘယ်အချိန်လာမယ်၊ လာမယ်မလာဘူးဆိုတာတောင် မသိကြပါဘူး။ ခရီးသည် အချင်းချင်း စုံစမ်းနေကြပေမယ့် ဘယ်သူမှ မသိဘဲ၊ တခြား မေးရမယ့်သူလည်း မရှိဘဲ စောင့်ကြရတာပါ။ ၁၅ မိနစ်လောက် အကြာမှာ အလာတုန်းက စီးခဲ့တဲ့ အလုံပိတ် tram လေး ပြန်ရောက်လာတာနဲ့ အဲဒါနဲ့ ပြန်တက်ပြီး ဟိုတယ် ပြန်ရောက်ပါတယ်။

La Flamme က Hawaiian Pizza (RM 37)

Prawn Arrabiata (RM 40)

Orange, Guava, Pineapple, Apple

နေ့လည်စာလည်း ကောင်းကောင်းမစားကြရတော့ ညစာ ကောင်းကောင်းစားမယ်ဆိုပြီး ဆိုင်တွေ လိုက်ကြည့်ပါတယ်။ ပီဇာနဲ့ ပါစတာဆိုင်၊ ပေါင်မုန့်ဆိုင်၊ စတားဘတ်၊ ဥရောပစာ တစ်ဆိုင်နဲ့ ဟိုတယ်က ဖွင့်ထားတဲ့ စားသောက်ဆိုင် အဲဒါ အကုန်ပါပဲ။ ညစာစားလို့ရတာ ၃ ဆိုင်လောက်ပဲ ရှိတော့ လူများတဲ့ ပီဇာနဲ့ ပါစတာဆိုင် La Flamme Italian ဆိုင်မှာပဲ ထိုင်ကြပါတယ်။ ပီဇာ တစ်ချပ် ၃၅ မှ ၃၈ ရင်းဂစ်၊ ပါစတာာ တစ်ပွဲ ၃၀ ကနေ ၃၈ ရင်းဂစ်အထိ ရှိပါတယ်။ အအေးက ၇ ရင်းဂစ်ပါ။ တခြား ဘီယာ၊ ၀ိုင်နဲ့ သောက်စရာတွေလည်း ရပါတယ်။ အရသာက မဆိုးပါဘူး။ စားကောင်းပါတယ်။ Seafood Aglio Olio ကတော့ အရမ်းကို စပ်ပါတယ်။ စားကောင်းပေမယ့် အစပ်မစားနိုင်သူတွေ ဒုက္ခရောက်ပါလိမ့်မယ်။

ဟိုတယ် အဆောက်အအုံနှစ်ခုကြားက လမ်းကြားလေး

Wishing Well

ဒီလိုမြင်းရုပ်တွေ အများကြီးပဲ

ညစာစားပြီးချိန်မှာ ခဏတဖြုတ်လမ်းလျှောက်မယ်လုပ်တော့ မိုးဖွဲဖွဲလေးကျလာလို့ ဟိုတယ်အခန်းကို ပြန်ကြပါတယ်။ ဟိုတယ်ဝိုင်ဖိုင်က အောက်ထပ် ဧည့်ခန်းမှာပဲ ကောင်းပြီး အခန်းထဲပြန်ရောက်တာနဲ့ လုံးဝ သုံးလို့မရတော့ပါဘူး။ ၇ နာရီလောက်ပဲ ရှိသေးတော့ မအိပ်ချင်တာနဲ့ ကော်ဖီဖျောက်သောက်ရင်း မိုးတိတ်အောင် စောင့်ကြပါတယ်။ နောက် အောက်ပြန်ဆင်းပြီး လမ်းလျှောက်ကြပါတယ်။ မိုးကတော့မဆိုသလောက်လေး ကျတုန်းပါပဲ။ ဟိုတယ်ဝန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် ခဏလျှောက်ပြီးတာနဲ့ လည်စရာက ကုန်သွားပါပြီ။ ကုန်သွားပြီဆိုတာ သေချာတော့မှ အခန်းပြန် အိပ်ကြပါတော့တယ်။

ခဏတော့ ရပ်ငေးခဲ့တယ်


starbucks

Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 1
Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 2

Hello Saigon - Day 3 : Tacu Mountain Jeep Tour

ဖေဖော်ဝါရီ ၂၀၁၇။
တာကူးတောင် - မွေ့နဲ။ 




မနက်စောစော ကင်မရာကိစ္စပြီးသွားတော့မှ resort က ကျွေးတဲ့ မနက်စာ ဘူဖေးစားကြပါတယ်။ အတူပါတဲ့ သူငယ်ချင်းတွေက မနက်စာစားရင်း မျက်နှာငယ်လေးတွေနဲ့ စောင့်နေကြတာပါ။ ကိုယ်တို့နှစ်ယောက် ကင်မရာကိုင်ပြီး ၀င်လာတာတွေ့မှ အားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်သွားကြပါတယ်။ 

တာကူးတောင် (Tacu Mountain)

မနက်စာစားပြီး ချိန် ၇ နာရီ ခွဲခါနီးပါပြီ။ ဂျစ်ကားက အသင့်စောင့်နေပါတယ်။ မောင်းတဲ့သူက အင်္ဂလိပ်စကားကောင်းကောင်းနားမလည်တဲ့ လူငယ်လေးတစ်ယောက်ပါ။ ခေါင်းခန်းတစ်ယောက် နောက်ခန်း ၃ ယောက် ထိုင်ကြပါတယ်။ ကားက အမိုးပါပေမယ့် အကာမပါတော့ လေတိုးတဲ့ ဒဏ်တော်တော်ခံရပါတယ်။ ပ၀ါတွေ ဦးထုပ်တွေ ဆံပင်တွေ ကားနောက်ခန်းထဲ ပလူပျံနေလို့ ၃ ယောက်သား အချိန်အတော်ကြာ ဗရုတ်သုတ်ခ ဖြစ်သွားရပါသေးတယ်။ နေကာမျက်မှန်ကို လေကာမျက်မှန်အဖြစ် သုံးလိုက်ရပါတယ်။ 


ဒီဂျစ်ကားနဲ့ သွားခဲ့တယ်

ရှေ့ခန်းက လေတိုက်သက်သာပေမယ့် နောက်ခန်းကတော့ အရမ်းခံရတယ်

ကားမောင်းချိန် တော်တော်ကြာပါတယ်။ သူတို့ တိုး itinerary ထဲမှာ ၄၅ မိနစ်လို့ရေးထားပေမယ့် တကယ်သွားတော့ ၁ နာရီ ၁၅ မိနစ်လောက်ကြာပါတယ်။ တောင်ခြေက ဂိတ်ပေါက်ဝမှာ ဂျစ်ကားကို ရပ်ပြီး ကားမောင်းသူက သူဒီမှာစောင့်မယ်၊ ၀င်ကြေးနဲ့ တောင်ပေါ်တက်မယ့် ကေဘယ်ကားလက်မှတ်သွားဝယ်ရမယ့်နေရာကို လက်ဟန်ခြေဟန်နဲ့ ပြောပါတယ်။ ကိုယ်တို့တွေ အူကြောင်ကြောင်လေးတွေနဲ့ ရပ်နေတော့ သူကိုယ်တိုင် လက်မှတ်ဝယ်ရမယ့် နေရာထိ လိုက်ပို့ပါတယ်။


တာကူးတောင်ခြေက ပန်းခြံထဲမှာ..တာကူးတောင်နဲ့ အမှတ်တရ

ဝင်ကြေးနဲ့ အသွားအပြန် ကေဘယ်ကားခ တစ်ယောက်ကို 180,000 vnd  ကျသင့်ပါတယ်။ ဂိတ်ဝကနေ တောင်ခြေ ကေဘယ်လ်ကား စခန်းကို လမ်းတော်တော်လျှောက်ရပါတယ်။ အမှန်က ဂိတ်ဝနဲ့ တောင်ခြေကို buggy shuttle ဆွဲပေးပါတယ်။ လက်မှတ်ဖိုးမှာ အဲဒါပါ ထည့်ယူထားပြီးသားပါ။ ကိုယ်တို့ကို ရှင်းပြပေးမယ့်သူမရှိတော့ ခပ်တည်တည်နဲ့ လမ်းလျှောက်ကြတာပါ။ တရုတ်တစ်ဖွဲ့ ကိုယ်တို့အရင် လက်မှတ်ဝယ်ပြီး အဲဒိနားမှာ ထိုင်စောင့်ကျန်ခဲ့ပါတယ်။ buggy က နှစ်စီးလောက်ပဲ ရှိပုံပေါ်ပါတယ်။ လမ်းတစ်ဝက်မှာ အဲဒိနှစ်စီး ဖြတ်သွားတာမြင်မှ သြော် အဲဒါကို ဟို အဖွဲ့စောင့်နေတာဖြစ်မယ် တွေးမိကြပါတယ်။ တောင်ခြေစခန်းကို လှမ်းမြင်ရတဲ့ အကွားအဝေးလောက်မှာ တရုတ်အဖွဲ့ buggy က ကျော်တက်သွားပါတယ်။


ကေဘယ်ကား

ကေဘယ်ကားနဲ့ မတက်ဘဲ ခြေလျင်တက်ရင် ၂ နာရီခန့် တက်ရပါတယ်။ ကေဘယ်ကားစီးရင်း မြင်ရတဲ့ မြင်ကွင်းက အရမ်းလှပါတယ်။ ၁၀ မိနစ်ခန့်ကြာတဲ့အခါမှာတော့ တောင်ပေါ်ရောက်ပါပြီ။ တောင်ပေါ်ရောက်ပေမယ့် ကိုယ်သွားချင်တဲ့ နေရာကို ရောက်သေးတာ မဟုတ်ပါဘူး။ လှေကားထစ်ပေါင်းများစွာ ထပ်တက်ရပါသေးတယ်။  


Thich Ca Nhap Niet Ban (လျောင်းတော်မူဘုရား)


ဒီလျောင်းတော်မူဘုရားက ဗီယက်နမ်ရဲ့ အကြီးဆုံး လျောင်းတော်မူဘုရားပါ။ ၅၉ မီတာ အရှည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ ၄၂၀ မီတာ အမြင့်၊ တာကူးတောင်ရဲ့ တစ်ဝက်လောက်မှာ တည်ရှိပါတယ်။ ကွန်ကရစ်နဲ့တည်ဆောက်ထားတာဖြစ်ပြီး ဆေးအဖြူသုပ်ထားတာပါ။  ကေဘယ်ကား တောင်ပေါ်စခန်းကနေ တောလမ်းလေးအတိုင်း တက်ပြီး မကြာခင် လှေကားမတ်မတ်ကြီးကို တွေ့ရပါတယ်။ အဲဒိ လှေကားကို တက်ပြီးရင်တော့ ဘုံကျောင်းတစ်ခု ကို တွေ့ရပါတယ်။ ခဏနား သို့ ဘုရားဖူးပေါ့လေ။ 


ကိုရွှေမျောက်က ခပ်ချေချေပဲ
တာကူးတောင်ပေါ်ကနေ လှမ်းရိုက်ထားတာပါ


ဒီလှေကားတွေကိုတော့  တစ်နေ့တစ်လံ တာကူးဘယ်ရွေ့ထုံး နှလုံးမူပြီး တစ်ထစ်ချင်းတက်ခဲ့ရပါတယ်



ဒီလမ်းလေးကတင် လျောင်းတော်မူဘုရားကြီးကို လှမ်းဖူးလို့ရနေပြီပေါ့

Thich Ca Nhap Niet Ban (လျောင်းတော်မူဘုရား)

ဆက်တက်ရင်တော့ တောလမ်း မြေသား လှေကားထစ်ဖြစ်ပြီး သိပ်မကြာခင် ဘုရား၊ ကွမ်ရင် နဲ့အန်းကုန်း ရုပ်တုများကို တွေ့ရပါတယ်။ အဲဒိနားမှာ မျောက်အစာရောင်းတဲ့သူ နှင့် မျောက်များကိုလည်းတွေ့ရပါတယ်။ မျောက်တွေကမြင်ဖူးသမျှမျောက်တွေထဲတော့  တော်တော်ငြိမ်ပါတယ်။ လူနားကို သိပ်မကပ်ပါဘူး။ အဲဒိကနေ တောလမ်းအတိုင်း အုတ် လှေကားထစ်များကို ဆက်တက်ရင်တော့ တောင်ရိပ်တောင်ရိပ်ထဲမှာ ကြည်ညိုစရာ လျောင်းတော်မူဘုရားကို စဖူးရပါပြီ။ အနီးထိ သွားဖူးနိုင်ပါတယ်။ 
လျောင်းတော်မူဘုရားရဲ့ ခြေတော်မှာ လူတစ်ကိုယ်စာ ၀င်သာရုံ ဂူတစ်ဂူရှိတယ်လို့ နောင်မှ သိရပါတယ်။ အဲဒါသွားတဲ့အချိန်က မသိခဲ့လို့ သွားမကြည့်ခဲ့ရပါဘူး။ တောင်ပေါ် ကေဘယ်ကား စခန်းကနေ ဘုရားအထိ အေးအေးဆေးဆေးလမ်းလျှောက်တာ နာရီဝက်လောက်ကြာပါတယ်။ 

တောင်ပေါ်က အဆင်း မြေလမ်းလေး

ပြန်ဆင်းလာတော့လည်း အေးအေးဆေးဆေး နားနားပြီးဆင်းတော့ ဂိတ်ဝ ပြန်ရောက်တဲ့အချိန်မှာ ၁၀ နာရီခန့်ရှိပါပြီ။ ဂျစ်ကားမောင်းသူ ကိုယ်တော်ချောက ဆိုင်တစ်ဆိုင်မှာ အိပ်ပျော်နေပါတယ်။ ဆိုင်ရှင်ကို နှိုးခိုင်းပြီး သူ့ကို mui ne resort ကို ၁၂ နာရီ အရောက်ပြန်ချင်ကြောင်း၊ ခရီးစဉ်ထဲမှာ ပါတဲ့ နဂါးမောက်သီးခြံ အလည်သွားတဲ့ အစီအစဉ်ကို ကျော်လိုက်မည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်နဲ့ ရှင်းရပြန်ပါတယ်။ ၀ိုင်လုပ်တဲ့ နေရာကို သွားလေ့လာပြီး ၀ိုင်အစမ်းသောက်တဲ့ အစီအစဉ်ကိုလည်း မသွားတော့ကြောင်း ပြောရပြန်ပါတယ်။

Cham Tower Complex ဆိုတာကို တော့ သွားမယ် အချိန်မီလားဆိုတော့ မီတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ချန်းလူမျိုးတွေ အခုထိ ကိုးကွယ်နေတဲ့ ချန်း ဂူဘု၇ားများဆီကို သွားကြပါတယ်။


ချန်းဂူဘုရားများ (Cham Tower Complex)


ချန်းဂူဘုရားနှစ်ဆူ

ချန်းဂူဘုရားတစ်ဆူ


ဂူထဲကနေ အပေါ်ကို မော့ရိုက်ထားတာပါ

၇ ရာစု နှင့် ၁၂ ရာစု အကြားမှာ ဆောက်ထားခဲ့တဲ့  ဒီ  Po Nagar ချန်း ဂူဘုရားတွေကို အခုထက်ထိ ချန်း၊ တရုတ်၊ ဗီယက်နမ် ဗုဒ္ဓဘာသာတွေက ကိုးကွယ် နေဆဲ ဖြစ်ပါတယ်။ ကနဦးမှာ ဂူဘုရား ၇ ဆူမှ ၈ ဆူ အတွင်း ရှိခဲ့ပြီး၊ အခုအချိန်မှာတော့ ၄ ဆူပဲ ကျန်ပါတော့တယ်။ ချန်း(chams) လူမျိုးစုတွေ အဓိက ကိုးကွယ်တဲ့ နေရာဖြစ်ပါတယ်။ လူသူအရောက်အပေါက်နည်းပုံရပြီး တိတ်ဆိတ်အေးချမ်းပါတယ်။ စိတ်ထဲမှာတော့ အညာဒေသ ကို ပြန်ရောက်သွားသလို၊ ပုဂံကိုပဲ ရောက်နေသလိုလို ခံစားရပါတယ်။ ဂူထဲဝင်ကြည့်တော့ အထဲမှာ ဘုရားဆင်းတုလိုဘာမှ မတွေ့ရပါဘူး။ ဟာလာဟင်းလင်းဆိုတော့ ဘုရားရှိခိုးဖို့မလိုဘဲ ဂူထဲဝင် ဟိုကြည့်ဒီကြည့် ပြန်ထွက်လာကြပါတယ်။ ဒီဂူဘုရားတွေက ပြန်ရင် resort ကို အရမ်းနီးနေပြီဆိုတာ မြေပုံကြည့်ပြီး သိထားတော့ အေးအေးဆေးဆေးကို ထိုင်ပြီး ပတ်ဝန်းကျင်အလှအပ ခံစားခဲ့ကြပါတယ်။ 

ငါးမြေအိုး

အဲဒိကနေ resort ကို ပြန်ရောက်တဲ့အချိန်က တကယ့်ကို ၁၂ နာရီအတိမှာပါပဲ။ ကားမောင်းတဲ့ သူကို လိုရာခရီးကို အန္တရာယ်ကင်းကင်း မောင်းပို့တာကျေးဇူးတင်တဲ့အနေနဲ့ လေးယောက်သား tip ပေးခဲ့ပါတယ်။ အခန်းထဲဝင် ရေချိုးပြီး တစ်ခါတည်း check out လုပ်ကြပါတယ်။ အထုပ်တွေကို reception မှာ အပ်ပြီး နေ့လည်စာစားကြပါတယ်။ ဒီနေ့နေ့လည်စာမှာတော့ ဗီယက်နမ်ရဲ့ နာမည်ကြီးဟင်းဖြစ်တဲ့ ငါးမြေအိုးကို မြည်းခွင့်ရခဲ့တယ်။ 

ကားက အလာတုန်းကလိုပဲ နှစ်ထပ်အိပ်စင်ကားဆိုတော့ စားပြီး တစ်ရေးအိပ်ဖို့ ပံ့ပိုးနေသလိုပါပဲ။ ဘက်စကားက နေ့လည် ၁ နာရီ အချိန်အတိအကျ ထွက်ပါတယ်။ ညနေ ၃ နာရီခန့်မှာ အလာတုန်းက နားနေခဲ့တဲ့ နေရာမှာပဲ ၁၅ မိနစ်ခန့်နားပါတယ်။ ဟိုချီမင်းမြို့ တိုးကုမ္ပဏီနေရာကို ရောက်တဲ့အချိန်မှာတော့ ၆ နာရီခွဲခန့်ရှိပါပြီ။ အဲဒိနေရာနဲ့နီးတဲ့ ဟိုတယ်ကိုပဲ ဘွတ်လုပ်ထားတာဖြစ်တဲ့အတွက် ဟိုတယ်ကို ၅ မိနစ်ခန့် လမ်းလျှောက်ကြပါတယ်။ 

single bed နှစ်ခုနဲ့ couple room :P

ဒီဟိုတယ်က Platinum hotel ထက် အများကြီး ပိုကောင်းပါတယ်။ လမ်းမကြီးပေါ်မှာ ရှိတာ၊ ၀န်ထမ်းတွေ ဖော်ရွေတာ၊ အခန်း အရမ်းကောင်းတာ အပြင် roof top restaurant လေးနဲ့ဆိုတော့ နေချင်စဖွယ်ရှိပါတယ်။ ရေချိုးပြီး မြန်မြန်ပြန်ထွက်ကြပါတယ်။ ဗိုက်ဆာလှပြီလေ။ 


ဒါတွေစားခဲ့တယ်.. ပုစွန်ကင်အကြိုက်ဆုံး

ဒါ ကျသင့်ငွေ (လူ ၄ ယောက်စာ)

ညစာကိုတော့ seafood စားမယ်ဆိုပြီး လမ်းတစ်လျှောက် လိုက်ကြည့်ကြပါတယ်။ လူများပုံပြီး စားကောင်းမယ်ထင်ရတဲ့ ဆိုင်တစ်ဆိုင်ကိုရွေးပြီးထိုင်ကြပါတယ်။ ကိုယ်စားချင်တာတွေချည်းမှာတော့ တော်တော်စားကောင်းပါတယ်။

စားနေရင်း ဘယ်သွားကြမလဲ တိုင်ပင်တဲ့အခါ  Saigon Skydeck ကို သွားကြဖို့ ဖြစ်လာပါတယ်။ လမ်းလျှောက်ရင် နာရီဝက်လောက်လျှောက်ရပြီး တက်စီစီးကြမလားတိုင်ပင်တဲ့အခါ နေ့တစ်ဝက်လောက် ကားပေါ်မှာ အိပ်လာပြီး ညစာစားတာလည်းများနေတာနဲ့ အေးအေးဆေးဆေး လမ်းလျှောက်ကြမယ်လို့ အဖြေထွက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ လျှောက်လို့ကောင်းတဲ့ နေရာတွေရှိသလို တစ်ချို့လမ်းကျ လမ်းဘေးမှာ လူတွေစုပြီး အရက်ထိုင်သောက်နေသလို အုပ်စုလည်းတွေ့ရပါတယ်။ changi wif i router နဲ့ google map က ဒီလိုအချိန်မှာ အရမ်းအသုံးဝင်ပါတယ်။ 




sky deck ပေါ်က လှမ်းမြင်ရတဲ့ ဆိုင်ဂုံမြစ် (ပုံဝါးတာလေးတော့ သည်းခံကြပါ)

sky deck ပေါ်က လှမ်းမြင်ရတဲ့ မြို့ဆိုင်ဂုံ

Tower က ကောင်တာမှ လက်မှတ်ဝယ်တော့ တာဝါ ပိတ်ဖို့ နာရီဝက်လောက်ပဲ လိုတော့တယ်၊ အဆင်ပြေရဲ့လား အရင်မေးပါတယ်။ လက်မှတ်ဝယ်ပြီး အပေါ်တက်မယ့် ဓာတ်လှေကားအထိ ၀န်ထမ်းတစ်ယောက် လိုက်ပို့ပါတယ်။ အပေါ်ရောက်တော့လည်း ဓာတ်လှေကားတံခါးဖွင့်ဖွင့်ချင်း ၀န်ထမ်းတစ်ယောက်က ကြိုဆိုပြီး လမ်းပြပါတယ်။ တာဝါပေါ်မြင်ရတဲ့ မြင်ကွင်းကတော့ မြို့တစ်မြို့ကို အပေါ်စီးက စီးမိုးကြည့်ရတဲ့ ပုံမှန်မြင်ကွင်းတစ်ခုပါပဲ။ ဆိုင်ဂုံမြစ်ဘေးမှာ မီးရောင်စုံနဲ့ လှပနေတဲ့ ဆိုင်ဂုံမြို့ရဲ့ အမှတ်တရ မြင်ကွင်းတစ်ခုပေါ့။ ကိုယ့်စိတ်ထဲတော့ MBS skypark က မြင်ရတဲ့ စင်ကာပူညရှုခင်းက ပိုလှတယ်ထင်တာပါပဲ။

အမှတ်တရဆိုပြီး ပင်ပန်းနေတဲ့ကြားထဲက ဓာတ်ပုံရိုက်လာခဲ့သေးတယ်

အပြန်မှာ တက်စီငှားပြန်မယ် စီစဉ်ပေမယ့် နောက်ဆုံးတော့ လာရာလမ်းအတိုင်းပဲ လမ်းပြန်လျှောက်ကြပါတယ်။ အသွား နာရီဝက် အပြန်နာရီဝက် လမ်းလျှောက်ကြရတယ်ဆိုတော့ အပြန်မှာ စကားတောင် မပြောနိုင်ကြတော့ပါဘူး။ အပြန်လမ်းမှာ Ben Thanh ညဈေးကို လှမ်းမြင်နေရတော့ မနက်ဖြန်မှ လာတော့မယ်လို့ပဲ စိတ်ထဲ တေးကြပါတယ်။


ဟိုတယ်နားရောက်တော့ ဟိုတယ်နားက အနှိပ်ဆိုင်ထဲ သူဝင်အနှိပ်ခံတာ စောင့်ရပါသေးတယ်။ ဒီနေ့တော့ တော်တော်ပင်ပန်းသွားကြတယ်။ ရေကုန်ရေခန်း လည်တယ်ဆိုတာ ဒါပဲနေမှာ။

မနက်ဖြန်တော့ TheSinhTourist တိုးနဲ့ပဲ ကူချီလှိုဏ်ခေါင်းနဲ့ မဲခေါင်ဒေသသွားမှာ ဖြစ်ပါတယ်။ လိုက်ခဲ့ကြပါဦး။






Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...