သူက အသံအကျယ်ကြီးနဲ့ စကားပြောတတ်ပြီး တစ်ခါတစ်ခါ ရန်ဖြစ်နေတယ်ထင်ရအောင် အော်ပြောတတ်သူ။
ကိုယ်က အိညှက် အိညှက်နဲ့ ပလုံးပထွေး စကားမြန်မြန်ပြောတတ်သူ။
ဒါကြောင့် သူအော်ပြောနေတဲ့အချိန် ကိုယ်ငြိမ်နားထောင်ရတယ်။ ကိုယ့်ပလုံးပထွေးစကားသံကို သူနားလည်အောင် ကြိုးစားရတယ်။ (အဲဒိအချိန် အပြင်ကကြည့်ရင် ငြိမ်နေတဲ့သူက သနားစရာလေး)
သူက ဘယ်သွားသွား သူ့လက်ကို ဆွဲထားမှကြိုက်သူ။
ကိုယ်က လက်ဖ၀ါး ချွေးထွက်လွယ်သူ။
ဒါကြောင့် ကိုယ်တို့နှစ်ယောက်ကို တွေ့ရင် လက်တွဲထားလျက်ကြီး အမြဲတွေ့ရမယ်။ တစ်ရှူးတစ်ထုပ်လည်း တစ်ယောက်ယောက်ရဲ့ အိတ်ထဲမှာ ရှိလိမ့်မယ်။
(ဒီအရွယ်ကြီး လက်တွဲထားတယ်လို့ ကြည့်ရမှာ ရှက်နေတဲ့သူတွေလည်း ရှိလိမ့်မယ်)
သူက ရေအေးအေးနဲ့မှ ရေချိုးချင်သူ။
ကိုယ်က ရေအေးနဲ့ထိရင် ဖျားတတ်သူ။
ဒါကြောင့် အိမ်မှာ ရေပူရေအေး တပ်ထားတယ်။
(ကိုယ်ဆောင်းတွင်းတွေမှာ နေ့တိုင်းရေမချိုးတတ်တာ အခု သူသိသွားပြီ)
သူက လူကြီးလုပ်ပြီး ဆုံးမချင်သူ။
ကိုယ်က ကလေးလုပ်ပြီး ချွဲ့နွဲ့ချင်သူ။
ဒါကြောင့် ကိုယ်က အသက်ကြီးပြီး မရင့်ကျက်လာဘူး။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ကရင့်နေပြီ။
(ကိုယ်ကလည်း သူ့ထက်ငယ်တယ်လို့ အထင်ခံရရင် ပါးစပ်စိမရတော့ဘူး၊ အင်း တစ်ခါမှလည်း အထင်မခံရဘူး။ )
သမီးရည်းစားဘ၀မှာ သူက အနိုင်ယူသူ။
အိမ်ထောင်သည်ဘ၀မှာ ကိုယ်က အနိုင်ယူသူ။
ဒါကြောင့် ဘဲစားဘဲချေလို့ သူ့ကို ကိုယ်အမြဲပြောတယ်။
( တရားပါတယ်နော်၊ ကိုယ်က တရားမျှတမှုကို လိုလားတယ်လေ။)
သူက ကိုယ့်စိတ်ကို ၉၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ကိုယ်က သူ့စိတ်ကို ၁၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ဒါကြောင့် ၁၀၀ ရာခိုင်နှုန်း နားလည်မှုတွေ ရှိကြတယ်။
(နားလည်မှုက အရေးကြီးတယ်လေ။ ဘယ်လိုပဲ နားလည် နားလည်)
အသက်ကြီးလို့ အနားယူကြရင် သူက အေးမြတဲ့ ဒေသမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာဖတ်ချင်သူ။
ကိုယ်က အညာက နွေနေပူပူက ထန်းလက်တဲလေးထဲမှာ နှီးယပ်တောင်လေးခပ်ပြီး ရေနွေးကြမ်းသောက်ချင်သူ။
ဒါကြောင့် ပြင်ဦးလွင်မှာ မြေတကွက်ဝယ်ဖို့၊ ကျောက်ပန်းတောင်းမှာ ယာတကွက်ဝယ်ဖို့ ပိုက်ဆံစုနေကြတယ်။
( ဘယ်တော့မှ မဖြစ်လာနိုင်မှန်း သိလည်းပ။ဲ)
နှစ်ယောက်သား မတူတဲ့ ဓလေ့စရိုက်တွေကို ရန်ဖြစ်ရင်း ပြန်ချစ်ရင်း သည်းခံရင်း စိတ်ဆိုးရင်း အတူတူ ဖြတ်သန်းလာခဲ့ကြတာ ဘာလိုလိုနဲ့ သူတောင် မွေးနေ့ဆိုတဲ့ မှတ်တိုင်တစ်ခု ရောက်လာပြန်ပြီ။
ချစ်ရတဲ့ ကိုယ့်အမျိုးသားလေး နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ မိသားစုနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
Categories
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
အစားတစ်လုပ်
မျှစ်ထောင်းသုပ်၊ ထန်းရည်ချိုးသုပ်၊ မြူရွက်သုပ်၊ ကဆစ်သီးဟင်း စားချင်တယ်ဟု ဟိုတစ်နေ့က ဖေ့စ်ဘုတ်ပေါ် တက်ရေးမိသည်။ ညီမအရင်းတွေ တစ်ဝမ်းကွဲတွေက တွေ့တော့ အမေ့ဆီ သတင်းရောက်ပုံပေါ်သည်။ ရွာက တူ မင်္ဂလာဆောင် သွားရင်း အမေသည် ကိုယ်စားချင်သည်ဟု ပြောသောအရာများ ရှာပုံတော်ဖွင့်တော့သည်။ မျှစ်ကရန်ကုန်မှာ ရှိပေမယ့် တခြားဟာတွေကတော့ အညာစာတွေ မဟုတ်လား။ ရွာမှာ အေးအေးဆေးဆေး တစ်လလောက် နေမည့်အမေသည် ရန်ကုန်တွင် စင်ကာပူ လူကြုံရှိသည်ဟု သိရသည်နှင့် သူ စုဆောင်း ရှာဖွေထားသည်များကို ရွာမှ ရန်ကုန်သို့ ပို့ကာ ကိုယ့်အမနှင့် ညီမကို လူကြုံဆီ သွားပို့ပေးရန်မှာသည်။ ရန်ကုန်သူစစ်စစ်ဖြစ်လျက် အညာစာကို မှ တက်မက်သည့် သမီးလတ်အတွက် ဖုန်းတစ်လုံးနှင့် ဟိုမှသည် သည်မှဟို ဆက်ကာ logistics manager အလုပ်ကို လုပ်တော့သည်။ ထိုကဲ့သို့ သမီးဆန္ဒကို ကြိုးကြိုးစားစားဖြည့်ဆည်းပေးသည့် အမေနှင့် ကိုယ်သည် ငယ်စဉ်ကတော့ အစေးကပ်သူများ မဟုတ်ကြ။ ကိုယ်သည်လည်း ငယ်စဉ်ကတော ဒါလေးစားချင်လိုက်တာ။ ဟိုဟာလေးစားချင်လိုက်တာဟို အစားတစ်လုပ်ကို အရသာခံ မက်မောတတ်သူမဟုတ်ခဲ့။
ကိုယ့်အမကြီးသည် အိမ်အလုပ်အတွက် အစစအရာရာ စိတ်ချရသည်။ ပိုက်ဆံကို နိုင်နိုင်နင်းနင်း အကျိုးရှိရှိ အသုံးချတတ်သည်။ ထို့ကြောင့် အမေသည် အရောင်းအ၀ယ်ကိစ္စဖြင့် ခရီးထွက်တိုင်း အိမ်စရိတ်၊ အိမ်ကိစ္စများကို အမကြီးထံ စိတ်ချ လက်ချအပ်နှံကာ တစ်လ၊ နှစ်လ အကြာကြီးသွားလေ့ရှိသသည်။ ၇ တန်း အရွယ် အမကြီးသည် အောက်က အငယ်တွေကိုလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သည်။ အဖေ့ကိုလည်း ကောင်းကောင်းမွန်မွန် ချက်ကျွေးတတ်သည်။ ကိုယ်ကတော့ ငယ်ငယ်ကတည်းက ဘာမှ ကောင်းကောင်းမချက်တတ်။ ဘေးမှာ ငရုတ်သီးထောင်း၊ ကြက်သွန်နွှာ အလုပ်လောက်သာ ခိုင်းလို့ရသည်။ ခိုင်းစရာရှိသည့် အချိန်တိုင်း စာအုပ်ကောက်ကိုင်ကာ စာကျက်ချင်ယောင်ဆောင်သည်။ အမကြီးသည် ကိုယ့်ကို အရမ်းညှာသည်။ သူပဲ အကုန်လုပ်သည်။ အမေရှိလျှင် ကိုယ်မနေရ၊ အမေက တစ်ခုမဟုတ် တစ်ခု ရှာကြံခိုင်းတတ်သည်။ ဆန် တစ်အိတ်ဝယ်လာတိုင်း ဆန်အိုးထဲ မထည့်မီ ဆန်ကွဲခုပ်၊ စပါးလုံးရွေးလေ့ရှိသည်။ အမေက ဆန်ပြာ၊ ဆန် ကွဲခုပ်သည်။ အမကြီးနှင့်ကိုယ်က စပါးလုံးရွေးရသည်။ ကိုယ့်လင်ပန်း တစ်ပန်း ရွေးပြီးချိန်ဝယ် အမကြီးသည် သုံးဗန်းလောက်ပြီးသွားပြီ။ အမေ သတိထားမိလို့ဆူသော အခါ အမကြီးသည် သူရွေးပြီးသား ပြီးခါနီးဗန်းနှင့် ကိုယ့်ဗန်းကို အမေမသိအောင် တိတ်တိတ်လေး လဲပေးလေ့ရှိသည်။
တစ်ခါ ကိုယ် ၈ တန်း အရွယ်လောက်က အမေသည် အမျိုးအဆွေ ကိစ္စတစ်ခုဖြင့် အညာ သူ့ရွာပြန်ရသည်။ ဘာကြောင့်မှန်းတော့ မသိ။ အမကြီးလည်း လိုက်သွားရသည်။ အငယ်လေးတွေကိုလည်း ခေါ်သွားသည်။ အိမ်မှာ ကိုယ်နဲ့ အဖေသာ ကျန်သည်။ အဖေသည် ပုံမှန်အချိန်တွင် ဟင်းချေးများသူ ဖြစ်သော်လည်း သူ့သမီးလတ် အကြောင်းကောင်းကောင်း ကောင်းကောင်းသိတော့ ညနေအလုပ်ကပြန်လာတိုင်း တစ်ခုခု ၀ယ်လာသည်။ ညစာ သားအဖနှစ်ယောက်စား၊ ပိုတာ နောက်နေ့နေ့လည် ကိုယ်စားပေါ့လေ။ များသောအားဖြင့် အသားဝယ်လာလေ့ရှိပြီး အသီးအရွက်၊ ငပိရည်တို့စရာ ကတော့ ကိုယ်က ဈေးသွားပြီး ချက်ပြုတ်လေ့ရှိသည်။ ကိုယ် ချက်လေ့ရှိတဲ့အရွက် က ကန်စွန်းရွက်ကြော်။ ဒါပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာကိုး။ နေ့တိုင်း ကန်စွန်းရွက်ကြော်ဆိုတော့ အဖေ့ကို အားနာလာသည်။ အရည်သောက်လေးဘာလေး အဖေ့ကို ချက်ကျွေးဦးမှ။ ငှားဖတ်သော မဂဇင်းစာအုပ်များတွင် ချက်နည်းပြုတ်နည်းများ ပါလေ့ရှိတာပဲ။ ဘာခက်တာမှတ်လို့။ သူ့အဆင့်အတိုင်း လိုက်လုပ်ရုံပဲဟာ။ ကိုယ့်အတွက်အလွယ်ဆုံးလို့ထင်ရသည့် အရည်သောက်ချက်လိုက်သည်။
ညနေအဖေပြန်လာတော့ ၀က်ခေါင်းသုပ်ဝယ်လာသည်။ ပန်းကန်လုံးထဲက ညိုဝါ၀ါ အရည်တွေကို ကြည့်ကာ သမီး ဒါဘာရည်တွေလဲကွ ဟု အမေး၊ ကိုယ်က ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်သည်။ အာလူးဟင်းချို အဖေ။ အဖေက ဇွန်းနဲ့ခပ်လိုက်တော့မှ ပါလာတဲ့ အာလူးအတုံးများကို ကြည့်ကာ တဟားဟားရယ်တော့သည်။ ကိုယ့်ဗီဇက အဲလို၊ မချက်တတ်ပေမယ့် အဆန်းထွင်ချင်သည်။ အိမ်ထောင်ကျခါမှ ဟင်းရယ် လို့ ကောင်းကောင်းချက်တတ်သူက ဟင်းချက်နည်းတွေ ကို ရေးချင်သေးသည်။ အမှန်က တစ်ခါချက်ခါနီးရင် ဘလော့ပေါင်းစုံရှာဖွေကာ ပရင့်ထုတ်ပြီး တစ်ဆင့်ချင်း လိုက်နာ ချက်တာ ကိုယ့်ဟာကိုယ် အသိဆုံးဖြစ်သည်။ နောက်တစ်ခေါက် ထပ်ချက်ချင်တော့ မေ့တေ့တေ့ ဖြစ်ပြန်သည်။ ထို့ကြောင့် ကိုယ့်ဟာကိုယ် ဘလော့ထောင်ကာ မှတ်ထားရင် ရှာရပိုလွယ်မယ်ဟု အကြံညာဏ်စူးရောက်တော့သည်။ ဒါတောင် တစ်ခါနဲ့တစ်ခါ အရသာ မတူပေ။
ကိုယ်သည် ငယ်ငယ်ကတည်းက အစားအသောက် ချေးမများ၊ နဲနဲကြိုက်လျှင်နဲနဲစားသည်။ များများကြိုက်လျှင် များများစားသည်။ ဒါလေးစားချင်တယ်။ ဒီဟာကြီး မစားချင်ဘူးဟု မရှိလှ။ အိမ်အလုပ်ကို လက်ကြောမတင်းသော ကိုယ့်ကို အမေသည် နဲနဲမှ ကြည့်မရသော်လည်း ဟင်းချေးမများတာ တစ်ခုကိုတော့ တော်တော်သဘောကျသည်။ ကျဆို ကိုယ်ကလွဲလို့ အိမ်သားအားလုံးသည် အကြိုက်ဟင်း၊ မစားဟင်း စသည် ဖြင့် အသီးသီး ရှိကြသောကြောင့်ဖြစ်သည်။
တစ်သက်လုံးဟင်းချေးမများသော်လည်း အခု အသက်ကြီးလာသောအခါ၊ အမိမြေနဲ့ဝေးနေသောအခါ စားချင်သော၊ တောင့်တမိသော ဟင်းများတော့ ရှိလာသည်။ အထူးသဖြင့် အညာဟင်းတွေ။ အမေ့လက်ရာတွေ။ သရက်ချဉ်ကို ပုစွန်ခြောက်မှုန့်၊ ဆီချက်တို့နှင့် ဝေေ၀ဆာဆာ ထည့်သုပ်စား နေရင်း ပဲဆီမွှေးမွှေးဆမ်းပြီး ကြက်သွန်နီပါးပါးလှီးထည့်ထားသည့် ရိုးရှင်းသည့် အမေ့သရက်ချဉ်သုပ် ကို စားချင်နေပြန်သည်။ အမေ့လို လိုက်သုပ်ပြန်တော့ ဆီကပဲ ပဲဆီဆုံဆီ မဟုတ်လို့လား၊ ပင်နီစူးလားက ၀ယ်လာသည့် သရက်ချဉ်ကပဲ မကောင်းတာလား၊ ကြက်သွန်နီကပဲ တောင်သာကြက်သွန် မဟုတ်လို့လားတော့မသိ။ အမေ့သရက်ချဉ်သုပ်လောက် စားမကောင်းပြန်။
အစားအသောက်က သတိမရသည့်အခါ၊ မမြင်ရသည့်အခါ စားချင်လှသည်ဟု သိပ်မဖြစ်တတ်။ အခုဟာက ဖေ့စ်ဘုတ်က အစားအသောက်ပေ့ခ်ျများ။ ချက်တဲ့သူတွေကလည်း ချက်နိုင်သည်။ မြန်မာပြည်အင်တာနက် မကောင်းဟု ညည်းနေသူက ညည်းနေရင်းနဲ့ ပုံတွေလည်း တင်နိုင်ကြသည်။ တစ်ချို့က မချက်ရသေး။ ဒီအရွက်လေး ဒီအသီးလေး ဘယ်လိုလုပ်စားရမလဲ ပုံပြပြီး မေးကြသည်။ ထိုအခါ မမြင်တာကြာသောကြောင့် မေ့နေသော တစ်ချို့ဟင်းများ ကို ပြန်သတိရ စားချင်လာမိသည်။ ထိုဟင်းများသည် စင်ကာပူတွင်ဝယ်လို့မရရုံမဟုတ်၊ တစ်ခါတစ်လေ မြန်မာပြည်မှာပင် ရာသီချိန်မှ ရနိုင်သည်။ တစ်ချို့ဒေသတွင်မှ ရနိုင်သည်။ အစားတစ်လုပ်ဧ။် အာသီသကို မမြိုသိပ်နိုင်သောအခါ လူ့သဘာဝအတိုင်း ရင်ဖွင့်လို့ရသော နေရာတွင် အန်ထုတ်ရသည်။ ထိုနေရာကား ဖေ့စ်ဘုတ်။
အကျိုးဆက်ကား တစ်ချိန်က အစားတစ်လုပ်ကို ချေးမများတတ်သော သမီးလတ်က ယခုအချိန်တွင် တောင့်တောင့်တတ စားချင်လှပါသည်ဟူသော စားစရာများအား၊ တစ်ချိန်က အစားချေးမများလို့ သဘောကျ ချီးမွမ်းခဲ့သော အမေက ယခုအချိန်တွင် သူ့သမီးစားချင်လို့ဆိုကာ သဘောတကျ လိုက်လံရှာဖွေ နေခြင်းပင်ဖြစ်သည်။
ဒါကိုက ပြောင်းလဲတတ်သော လောကကြီးအား တစ်စေ့တစ်စောင်း မီးမောင်းထိုးပြနေသယောင် ရှိပေတော့သည်။
ငြိမ်းမိန်းကလေး
၂၉ ရက် ဇူလိုင်လ ၂၀၁၅
အလုံးတစ်လုံးနဲ့ ခြာခြာလည်
ကိုယ်ချစ်သောအလုံး
ဒီဇွန်လကတော့ တကယ်ပဲ ဒီအလုံးနဲ့ အလုပ်ရှုပ်ရတဲ့လပါ။ ဘာအလုံးလဲဆိုတော့ ဘောလုံးပါ။ ကမ္ဘာ့ဖလား ပွဲတွေတိုင်း ညကြီးသန်းခေါင် တီဗွီရှေ့မှာ အဖေနဲ့အတူတူ အားပေးနေတာ ကိုယ်ပါ။ မြန်မာအသင်း ဘယ်အသင်းနဲ့ကန်ကန် တီဗွီမှာ ပြသမျှ ပွဲတိုင်း မလွတ်တန်း အားပေးတတ်သူပါ။ တီဗွီက မလွှင့်ရင်တော့ ကိုယ်လည်း ကြည့်မရဘူးလေ။ စလောင်းမှ မရှိတာကိုး။ အနားက ဗွီဒီယိုရုံလေးတွေမှာ ပြပေမယ့် အမေက ယောက်ျားလေးတွေ တရုံးရုံးကြားမှာ သွားကြည့်တာ မကြိုက်ပါဘူး။ အဖေကတော့ မသိချင်ယောင်ဆောင်နေတတ်ပါတယ်။ လိုက်ခဲ့လို့လည်းမခေါ်။ မကြည့်နဲ့လို့လည်းမပြော။ သူကတော့ အချိန်ရောက်ရင် သွားတော့တာပါပဲ။ ငယ်တုန်းကတော့ မိဘမျက်နှာရိပ် မျက်နှာကဲ ကြည့်နေခဲ့ရသူမို့ မေးတောင် မမေးရဲပါဘူး။ အခုလို အချိန်ဆိုရင်တော့ ခပ်တည်တည်နဲ့ အဖေနဲ့ လိုက်သွားဖြစ်မယ် ထင်ပါတယ်။ :P
နောက်ပိုင်း ကမ္ဘာ့ဖလားပွဲတွေတော့ ကြည့်ဖြစ်နေပေမယ့် မြန်မာအသင်းပါတဲ့ ပွဲတွေတော့ လက်လျှော့လိုက်ပါတယ်။ စားမ၀င် အိပ်မပျော်၊ နှလုံးတုန်တာတွေက သွေးဆေးသောက်လည်း မပျောက်ပဲကိုး။ ဆိုတော့ကာ ပြောချင်တာက ကိုယ်ငယ်ငယ်ကတည်းက ဘောလုံးရောဂါရှိခဲ့တယ်ဆိုတာပါ။
စူဇူကီးဖလား ၂၀၁၄
ဒီရောဂါဟောင်းက မနှစ်က စင်ကာပူမှာလာကန်သွားတဲ့ Suzuki Cup 2014 မှာ ပြန်ပေါ်လာတာပါပဲ။ မြန်မာပွဲတွေ မကြည့်ဖြစ်တော့ပေမယ့် သတင်းတွေတော့ ပွဲတစ်ခု ပြီးတိုင်း မတော်တဆ တွေ့တာလိုလို၊ ပေါ်ပြူလာဖြစ်တဲ့သတင်း သိထားမှဖြစ်မယ် ဆိုတာလိုလိုနဲ့ ဖတ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ မနှစ်က Suzuki ဖလားအတွက် မြန်မာအသင်း စင်ကာပူမှာ လာကန်မယ်ဆိုတော့ ကိုယ့်အမျိုးသားလေးက သွားကြည့်ကြမယ်ဆိုတာနဲ့ မလေးရှားနဲ့ မြန်မာပွဲကစ ကြည့်ဖြစ်ပါတယ်။ တကယ်က ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ အားမပေးဖူးတာကြောင့် သွားရမှာ နဲနဲ သွေးကြောင်နေပါသေးတယ်။ ကွင်းထဲက ဖိုက်တင်ဆင်းတွေ၊ ထီးပျံ ဖိနပ်ပျံ ခုံချိုး ဇာတ်လမ်းတွေ လည်း ကြားဖူးနားဝတွေ အများကြီးမလား။ ကိုယ့် အမျိုးသားလေးကတော့ သွားမယ်၊ ချ ဆိုတာချည်းပဲဆိုတော့ တစ်ယောက်တည်း လွှတ်လိုက်ဖို့လည်း စိတ်ပူရပါသေးတယ်။ ဒီတော့ ကိုယ်လည်း လိုက်မယ်၊ အားပေးမယ်။ တစ်ခုခုဆို ပြေးဖို့တော့ ဖိနပ်တောင် အပြေးဖိနပ် ၀တ်သွားခဲ့ပါသေးတယ်။ (ကြောက်တတ်တယ် မပြောပါနဲ့ ၊ တကယ်ကြောက်ပါတယ်။)
ဂျာစီရှာပုံတော်
ဒီက ပရိသတ်တွေက ဘောလုံးဂျာစီဝတ်ပြီး အားပေးကြမယ်ဆိုတော့ ဂျာစီရှာပုံတော် ဖွင့်ရပြန်ပါတယ်။ အဲဒိအချိန် ကိုယ်တို့ မြန်မာအသင်း ဂျာစီ က ဘယ်လိုဒီဇိုင်းဆိုတာတောင် မသိပါဘူး။ သူများပြမှ သြော် ဒါ တို့တွေ ဂျာစီဆိုပြီး ပုံလေးကိုင်ရှာရပါတယ်။ ရန်ကုန်အပြီးပြန်သွားတဲ့ အလုပ်က မောင်လေးတစ်ယောက်ကို အပူကပ်ရပါတယ်။ ရှာပေးပါ။ ၀ယ်ပေးပါ။ ပို့ပေးပါ။ ဘယ်နှစ်ယောက်စာပါ။ ဘယ်ဆိုဒ်တွေပါပေါ့။ သူ့ခမျာလည်း မအားတဲ့ကြားက မှာသမျှကို ၀ယ်ပို့ရှာပါတယ်။ ပိုက်ဆံလည်း မယူရှာပါဘူး။ (ကျေးဇူးတင်ပါတယ် ကော်ကော်ကျိုရေ) ခက်တာက ရန်ကုန်က Large Size က ကိုယ့်အမျိုးသားလေး အတွက် မတော်ပါဘူး။ ၀င်းဦး အကျီင်္ဝတ်ထားသလို ကိုယ်ကြပ်လေးဖြစ်နေပါတယ်။ သူက မ၀တ်ရဲဘူး၊ ရှက်တယ်ဆိုတာနဲ့ ပင်နီစူးလား ပလာဇာက တစ်ထည်သွားဝယ်ပါတယ်။ အမျိုးအစားတွေကလည်း မြန်မာမိတ်ဆိုတာရယ်၊ ဒါက Lotto ကထုတ်တဲ့အစစ်ဆိုတာရယ် နှစ်မျိုးကွဲနေပါတယ်။ ရန်ကုန်က မှာထားတဲ့အကျီင်္တွေက မြန်မာမိတ်ပေါ့လေ။ ဒါနဲ့ အစစ်ဆိုရင် ဆိုဒ်မှန်လောက်တယ်၊ မြန်မာမိတ် က ဆိုဒ်သေးတာဖြစ်မယ်ဆိုပြီး ကိုယ်ပဲ သူ့အတွက် အစစ်ဆိုတဲ့ဟာ Large Size ထပ်ဝယ်လာခဲ့တယ်။ (အဲဒါပဲ အကြီးဆုံးရှိတာကိုး) အိမ်ရောက်တော့ ၀တ်ကြည့်ခိုင်းတော့ ယောင်ယောင်လေး ကြီးပေမယ့် ထုံးစံအတိုင်း မတော်ပါဘူး။ ကိုယ်ဝတ်ကြည့်တော့ မဆိုးဘူး နဲနဲပွပွလေးနဲ့ အတော်ပဲ။ အဲဒါနဲ့ ကိုယ်လည်း ဂျာစီ ၃ထည် ထည်လဲနဲ့ ပိုင်ဆိုင်သွားပါတော့တယ်။ သူလည်း တခြား အားကစား အကျီင်္ပဲ ၀တ်တော့မယ်ဆိုပြီး စိတ်လျှော့သွားပါတော့တယ်။
ဘောလုံးဆိုတာ အလုံးကြီးပါ
ပထမဆုံးနေ့ မလေးရှားနဲ့ ပွဲကနေ နောက်ဆုံးထိုင်းနဲ့ပွဲအထိ သွားအားပေးခဲ့ပေမယ့် ကိုယ့်နိုင်ငံအသင်းကန်နေတာ တစ်စက်ကလေးမှ အားရစရာ မရှိခဲ့ပါဘူး။ ဘောလုံးရောက်လာရင် ခြေထောက်ကလေးနဲ့ တော့တော့နေပြီး ဘာလုပ်ရမှန်းမသိ၊ အမြင့်ဘောမကန်တတ်၊ မဖမ်းတတ်၊ လူပေးရင် အမြဲတစ်လွဲဆိုတော့ မျှော်လင့်ချက် မရှိမှန်း ပထမပွဲနေ့ကတည်းက သိသွားပါပြီ။ ဒါပေမယ့် ကိုယ်တို့တွေ အားပေးရတာကို ပျော်နေပါပြီ။ ဒုန်းဒုန်းဒုန်းဆိုတဲ့ ဗုံသံအနောက်မှာ မြန်မာလို့ တစ်ညီတစ်ညွတ်တည်း အော်ရတာကို အရသာတွေ့နေပါပြီ။ ကစားကွင်းထဲက ကစားသမားတွေနဲ့အတူ မတ်တတ်ရပ်၊ နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုပြီး ကြက်သီးတွေထ မျက်ရည်တွေဝဲရင်း နိုင်ငံကို လွမ်းတတ်နေပါပြီ။ အလံအကြီးကြီးအောက်မှာ လက်တွေညီညီညာညာနဲ့ ကွင်းဟိုဘက်ကနေ ဒီဘက်အထိ အလံကို လွှင့်တတ်နေပါပြီ။ ပွဲအပြီး အမှိုက်လိုက်ကောက်ပေးနေတဲ့ မြန်မာတွေကို ကူညီရင်း ကိုယ့်အသင်းရှုံးတယ်ဆိုတယ်ဆိုတာအပေါ် အများကြီး မခံစားရတော့ပါဘူး။ မမျှော်လင့်ထားတာလည်း ပါမှာပေါ့လေ။ ပြီးတော့ ဘောလုံးဆိုတာ အလုံးကြီးမဟုတ်လား။
ဆီးဂိမ်း ၂၀၁၅
ကဲမြန်မာအသင်းလာပြန်ပြီတဲ့။ ဒါပေမယ့် ဒီတစ်ခါလာမှာ ဟိုတစ်ခါကန်တဲ့ အဖွဲ့မဟုတ်ဘူးတဲ့။ ယူ၂၃ အငယ် ကလေးတွေတဲ့။ ဘာပဲပြောပြော အားပေးတယ်ကွာ။ လာသွားကြမယ်လို့ ဒီတစ်ခါ စပြောတာက ကိုယ်ပါ။ ကိုယ့်အမျိုးသားလေးကလည်း ဟိုတစ်ခါ မ၀တ်ခဲ့ရတဲ့ ဂျာစီကို ထပ်ကြိုးစားပြန်ပါတယ်။ ဒီတစ်ခါတော့ ရန်ကုန်က သူ့အကိုက အဖြူတစ်ထည်၊ အနီတစ်ထည် ၀ယ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း large ပါပဲ။ ဒီတစ်ခါတော့ မဆိုးဘူးပြောရမယ်။ နဲနဲလေး ပိုကြီးလာပါတယ်။ ၀တ်ကြည့်တော့လည်း fitting ပါပဲ။ ဒါပေမယ့် ဒီတစ်ခါ သူချေးမများတော့ပါဘူး။ သူများတွေ ၀တ်ပြီး သူမ၀တ်ရတာ တော်တော်အားငယ်နေပုံရပါတယ်။ အကျီင်္လက် လက်မောင်းမှာ တစ်နေတာကိုလည်း အတော်ပဲနော်...အိုကေတယ်မလား လုပ်နေပါသေးတယ်။ ကဲကိုယ်ထင် ကုတင်ရွှေနန်းဆိုတဲ့ စကားပုံ ဘယ်သွားထားမတုန်း။ လှပါ့၊ ကြည့်ကောင်းပါ့၊ အိုကေပါ့ ပေါ့။
ပရိသတ်ရဲ့အချစ်တော် ယူ၂၃
ပထမဆုံးပွဲက အင်ဒိုနီးရှားနဲ့ပွဲပါ။ ပွဲစရင်ပဲ ဟိုးအရင်ကလို စိတ်လျှော့ပြိး အားပေးနေတဲ့ မြန်မာပရိသတ်ကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားစေပါတယ်။ အရင်လာကန်ခဲ့တဲ့ လက်ရွေးစင်အသင်းနဲ့ တော်တော်လေး ခြေကွာပါလား။ ကောင်းလိုက်တာလို့ အားပေးနေတဲ့ မြန်မာတိုင်းစိတ်ကို ၀င်ရောက် ပျော်ရွှင်စေပါတယ်။ ကစားသမားလေးတွေ တော်တော်ပြေးနိုင် ကြိုးစားနိုင်ကြပါတယ်။ တစ်သင်းလုံး ညီညီညွှတ်ညွှတ်နဲ့ အပေးအယူမမှားအောင် ကစားနိုင်ကြပါတယ်။ အမြင့်ဘောတွေ ကို သေသေသပ်သပ်ဖမ်းတတ်၊ ကန်တတ်ကြပါတယ်။ ဘောလုံးခြေထောက်ထဲရောက်ရင် နဲနဲမှ တုံ့ဆိုင်းနေခြင်းမရှိပါဘူး၊ ပေးရမယ့်သူကိုပေး၊ ဆွဲပြေးတန်ပြေးနဲ့ အရမ်းလည်း ကြိုးစားကြပါတယ်။ ဘောလုံးမကန်တတ်တဲ့အသင်းတောင် အားပေးလာတာ ဒီလို ကန်တတ်တဲ့အသင်း ဘာပြောကောင်းမလဲ။ ပရိသတ်က ရင်တွေကွဲရင်ကွဲပစေ၊ မြန်မာ မြန်မာလို့ တစ်ချိန်လုံးအော်ဟစ် အားပေးနေကြတာပါ။ အင်ဒိုကို ၄-၂ နဲ့နိုင်သွားတော့ ကွင်းထဲက ထွက်လာတဲ့ မြန်မာတွေဟာ တပြုံးပြုံးနဲ့ပေါ့။ လုံခြုံရဲလည်းမချန်၊ သူစိမ်းလည်းမချန် နုတ်ဆက်ပြုံးပြနေတော့တာပါပဲ။
နိုင်ပွဲတွေဆက် ဆီမီးတက်ပြီ
အိမ်ရှင်စင်ကာပူအသင်းကို ထပ်နိုင်ပြန်တော့၊ ပရိသတ်က ထိန်းမရတော့ပါဘူး။ နေ့နေ့ညည၊ အိမ်မှာ၊ ရုံးမှာ၊ ဖေ့စ်ဘုတ်မှာ၊ ယူ၂၃ ဖြစ်ကုန်တော့တာပါပဲ။ ငါတို့အသင်းကွဆိုပြီး မာန်တက်တဲ့သူကတက်၊ သူများအသင်းကို ရန်သွားတွေ့တဲ့သူကတွေ့နဲ့ အပျော်တွေ လွန်ကုန်ကြတော့တာပါပဲ။ ကိုယ်တွေတောင် မနဲထိန်းထားရတာ တစ်ချို့တွေလည်း လွတ်မှာပေါ့လို့ တွေးမိပါတယ်။ ပြသနာကြီးကြီးကျယ်ကျယ်တွေ မဖြစ်လို့ တော်ပါသေးတယ်။ စင်ကာပူဆိုတာ ဥပဒေက နေရာတိုင်းမှာ ရှိတာမလား။ အရေးမယူချင်ရင် လွှတ်ပေးထားပြီး အရေးယူချင်ရင် ချပြစရာ ဥပဒေက အမြဲရှိပြီးသားပါ။ ဖိလစ်ပိုင်အသင်းကို နိုင်၊ ကမ်ဘောဒီးယားအသင်းကို သရေကျပြီး မြန်မာ ယူ၂၃ အသင်းဟာ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်သွားပါတယ်။
ဆီမီးမှသည် ဖိုင်နယ်ဆီသို့
ဆီမီးဖိုင်နယ်ပွဲမှာတော့ အသဲတယားယားနဲ့ အားပေးရပါတယ်။ ဗီယက်နမ်ခြေက ကိုယ့်ရွှေအသင်းထက် ပိုကောင်းတာ အမှန်ပါ။ သူတို့ ဘက်က တိုက်စစ်တွေတရကြမ်းနဲ့ ကိုယ့်ဂိုးတိုင်နားမှာ ၀ဲနေတိုင်း ရင်ထဲမှာ အောင့်အောင့်လာပါတယ်။ ဘေးက အမကြီးကတော့ သံဗုဒ္ဓေ တောက်လျှောက်ရွတ်နေတော့ပါပဲ။ နောက်ကခုံက ကလေးမလေးတွေကတော့ အသံကုန် အော်ဟစ် အားပေးကြတာ တော်တော်အားရဖို့ကောင်းပါတယ်။ ဗီယက်နမ်ကို ၂-၁ နဲ့ နိုင်သွားတဲ့အချိန်မှာတော့ အသံတွေပြာတဲ့အထိ အော်ဟစ်အားပေးကြပါတယ်။ ကဲ တို့ရွှေတွေတော့ ဖိုင်နယ်တက်ပြီပေါ့။
ရွှေတို့ရဲ့ ငွေ
ဖိုင်နယ်မကန်ခင် ကိုယ့်ရဲ့ ပြိုင်ဘက် ထိုင်းအသင်းကန်ပုံကို လေ့လာကြည့်ပြီးတော့ ရွှေမြန်မာတို့ရင်ထဲ လေးသွားကြပါတယ်။ ကောင်းလှချည်လား ကိုရွှေထိုင်းတို့ ကန်ချက်။ လူတွေက ခပ်ထွားထွား။ ကန်ချက်က ပြင်းပြင်း။ တိုက်စစ်ကောင်းကောင်းနဲ့ သွက်သွက်လက်လက် ကစားပြီး အင်ဒိုနီးရှားကို ငါးဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြသွားခဲ့ပြီး ဗိုလ်လုပွဲ တက်လာပါတယ်။ တက်ကြွနေတဲ့မြန်မာပရိတ်သတ် ခမျာ ကိုယ့်ကစားသမားတွေ အားငယ်သွားမှာစိုးကာ ဖေ့စ်ဘုတ်ပေါ်ကနေ အားပေးကြပါတော့တယ်။ တစ်ခါမှ ဘောလုံး ပွဲ ၀ါသနာ မပါတဲ့သူတွေတောင် ဒီပွဲကို အားပေးဖို့ ကြိုးစားလာကြပါတယ်။ စင်ကာပူရဲ့ ကွင်းအသစ်ကြီးမှာ ကန်မယ့် ငါတို့ အသင်း ဖိုင်နယ်ရောက်တဲ့ ငါတို့အသင်း၊ ငါတို့ အားပေးမယ်ဆိုပြီး လက်မှတ်ရဖို့ အကြိတ်အနယ်ကြိုးစားကြ။ ဘောလုံးအကျီင်္ဝယ်ကြနဲ့ ပေါ့။
ဖိုင်နယ်ပထမပိုင်းမှာ သူတင်ကိုယ်တင် ကန်နိုင်ပြီး နှစ်ဘက်လုံး ဂိုးမရကြတော့ တော်တော်အားတက်လာကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ထိုင်းဘက်က ၃ ဂိုးသွင်းကာ ကိုရွှေထိုင်းတို့ စီးဂိမ်း ၂၀၁၅ ရဲ့ ဘောလုံး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ပရိသတ်ကတော့ အစကတည်းက မရဲတရဲ မျှော်လင့်ပြီး အားပေးလာခဲ့ကြတာဆိုတော့ ငွေနဲ့ တင်းတိမ်နိုင်အောင် ပြင်ဆင်လာခဲ့ပုံရပါတယ်။ ငွေရတဲ့ ကိုယ့်အသင်းကိုယ် ဆုယူတဲ့အထိ တစ်ချိန်းချိန်းနဲ့ အားပေးကြတာ ESPNFC Asia web site က အကောင်းဆုံး ပရိတ်သတ်အဖြစ် မြန်မာကို အသိအမှတ်ပြုရတဲ့ အထိပါပဲ။
ပွဲပြီး မီးမသေ
ယူ၂၃ အသင်းကြီးက ငွေဆုကြီးပိုက်ပြီး ရန်ကုန်သို့ ပြန်သွားပါပြီ။ စင်ကာပူက ပရိတ်သတ်များကတော့ ပွဲပြီး မီးမသေနိုင်ကြပါ။ သံယောဇဉ်တွေ အမျှင်တန်းလို့ ဘောလုံးသမားလေးများရဲ့ ဖေ့စ်ဘုတ်မှာ အားပေးကြ၊ နောက် ကန်မယ့် ပွဲတွေအကြောင်း ဆွေးနွေးကြ၊ ခြိမ့်ခြိမ့်သဲ အားပေးခဲ့တဲ့ ကာလတွေကို စားမြုံ့ပြန်ကြနဲ့ တသသ ဖြစ်နေတုန်းပါပဲ။ ကိုယ်တွေလည်း ဒီပရိတ်သတ်ထဲ တစ်ယောက်အပါအ၀င်ပေါ့။ ခုလည်း နောက်နှစ် မြန်မာပြည်မှာ ကျင်းပမယ့် suzuki cup 2016 ကို ပြန်ကြည့်ရင် ကောင်းမလား၊ Sea Games 2017 ကို မလေးရှားမှာ သွားအားပေးရင် ကောင်းမလားနဲ့ အရှိန်မသေသေးဘဲ အကွက်တွေချ အကြံတွေထုတ်နေပါတယ်။

ဝင်းဦးအကျီင်္လက်နဲ့ သူ့ဂျာစီ

ဂျလန်းဘဇားကွင်းမှာ မြန်မာ ဖန်တွေက ဒီလို ဒီလို လာအားပေးတာ
နိုင်ပွဲတွေဆက် ဆီမီးတက်ပြီ
အိမ်ရှင်စင်ကာပူအသင်းကို ထပ်နိုင်ပြန်တော့၊ ပရိသတ်က ထိန်းမရတော့ပါဘူး။ နေ့နေ့ညည၊ အိမ်မှာ၊ ရုံးမှာ၊ ဖေ့စ်ဘုတ်မှာ၊ ယူ၂၃ ဖြစ်ကုန်တော့တာပါပဲ။ ငါတို့အသင်းကွဆိုပြီး မာန်တက်တဲ့သူကတက်၊ သူများအသင်းကို ရန်သွားတွေ့တဲ့သူကတွေ့နဲ့ အပျော်တွေ လွန်ကုန်ကြတော့တာပါပဲ။ ကိုယ်တွေတောင် မနဲထိန်းထားရတာ တစ်ချို့တွေလည်း လွတ်မှာပေါ့လို့ တွေးမိပါတယ်။ ပြသနာကြီးကြီးကျယ်ကျယ်တွေ မဖြစ်လို့ တော်ပါသေးတယ်။ စင်ကာပူဆိုတာ ဥပဒေက နေရာတိုင်းမှာ ရှိတာမလား။ အရေးမယူချင်ရင် လွှတ်ပေးထားပြီး အရေးယူချင်ရင် ချပြစရာ ဥပဒေက အမြဲရှိပြီးသားပါ။ ဖိလစ်ပိုင်အသင်းကို နိုင်၊ ကမ်ဘောဒီးယားအသင်းကို သရေကျပြီး မြန်မာ ယူ၂၃ အသင်းဟာ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်သွားပါတယ်။
လက်ပတ်ဆင်တူနဲ့ အားပေးတာ။ :P
ဆီမီးမှသည် ဖိုင်နယ်ဆီသို့
ဆီမီးဖိုင်နယ်ပွဲမှာတော့ အသဲတယားယားနဲ့ အားပေးရပါတယ်။ ဗီယက်နမ်ခြေက ကိုယ့်ရွှေအသင်းထက် ပိုကောင်းတာ အမှန်ပါ။ သူတို့ ဘက်က တိုက်စစ်တွေတရကြမ်းနဲ့ ကိုယ့်ဂိုးတိုင်နားမှာ ၀ဲနေတိုင်း ရင်ထဲမှာ အောင့်အောင့်လာပါတယ်။ ဘေးက အမကြီးကတော့ သံဗုဒ္ဓေ တောက်လျှောက်ရွတ်နေတော့ပါပဲ။ နောက်ကခုံက ကလေးမလေးတွေကတော့ အသံကုန် အော်ဟစ် အားပေးကြတာ တော်တော်အားရဖို့ကောင်းပါတယ်။ ဗီယက်နမ်ကို ၂-၁ နဲ့ နိုင်သွားတဲ့အချိန်မှာတော့ အသံတွေပြာတဲ့အထိ အော်ဟစ်အားပေးကြပါတယ်။ ကဲ တို့ရွှေတွေတော့ ဖိုင်နယ်တက်ပြီပေါ့။
စင်ကာပူ နေရှင်နယ် အားကစားကွင်း
စင်ကာပူ နေရှင်နယ် အားကစားကွင်း
ဖိုင်နယ်မကန်ခင် ကိုယ့်ရဲ့ ပြိုင်ဘက် ထိုင်းအသင်းကန်ပုံကို လေ့လာကြည့်ပြီးတော့ ရွှေမြန်မာတို့ရင်ထဲ လေးသွားကြပါတယ်။ ကောင်းလှချည်လား ကိုရွှေထိုင်းတို့ ကန်ချက်။ လူတွေက ခပ်ထွားထွား။ ကန်ချက်က ပြင်းပြင်း။ တိုက်စစ်ကောင်းကောင်းနဲ့ သွက်သွက်လက်လက် ကစားပြီး အင်ဒိုနီးရှားကို ငါးဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြသွားခဲ့ပြီး ဗိုလ်လုပွဲ တက်လာပါတယ်။ တက်ကြွနေတဲ့မြန်မာပရိတ်သတ် ခမျာ ကိုယ့်ကစားသမားတွေ အားငယ်သွားမှာစိုးကာ ဖေ့စ်ဘုတ်ပေါ်ကနေ အားပေးကြပါတော့တယ်။ တစ်ခါမှ ဘောလုံး ပွဲ ၀ါသနာ မပါတဲ့သူတွေတောင် ဒီပွဲကို အားပေးဖို့ ကြိုးစားလာကြပါတယ်။ စင်ကာပူရဲ့ ကွင်းအသစ်ကြီးမှာ ကန်မယ့် ငါတို့ အသင်း ဖိုင်နယ်ရောက်တဲ့ ငါတို့အသင်း၊ ငါတို့ အားပေးမယ်ဆိုပြီး လက်မှတ်ရဖို့ အကြိတ်အနယ်ကြိုးစားကြ။ ဘောလုံးအကျီင်္ဝယ်ကြနဲ့ ပေါ့။
ဖိုင်နယ်ပထမပိုင်းမှာ သူတင်ကိုယ်တင် ကန်နိုင်ပြီး နှစ်ဘက်လုံး ဂိုးမရကြတော့ တော်တော်အားတက်လာကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ထိုင်းဘက်က ၃ ဂိုးသွင်းကာ ကိုရွှေထိုင်းတို့ စီးဂိမ်း ၂၀၁၅ ရဲ့ ဘောလုံး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ပရိသတ်ကတော့ အစကတည်းက မရဲတရဲ မျှော်လင့်ပြီး အားပေးလာခဲ့ကြတာဆိုတော့ ငွေနဲ့ တင်းတိမ်နိုင်အောင် ပြင်ဆင်လာခဲ့ပုံရပါတယ်။ ငွေရတဲ့ ကိုယ့်အသင်းကိုယ် ဆုယူတဲ့အထိ တစ်ချိန်းချိန်းနဲ့ အားပေးကြတာ ESPNFC Asia web site က အကောင်းဆုံး ပရိတ်သတ်အဖြစ် မြန်မာကို အသိအမှတ်ပြုရတဲ့ အထိပါပဲ။
သူ့ဂျာစီတွေ အရမ်းကြပ်နေလို့ ဖိုင်နယ်ပွဲမှာ ၀ယ်မယ့် သူ့အကျီင်္မှာ အိပ်ချည်ကြိုးနဲ့ အလံစတစ်ကာကို ချုပ်ပေးရသည်။။ အဲဒါ ပါးမှာကပ်တဲ့ အလံ စတစ်ကာလေးက တစ်ခုကို စင်ကာပူဒေါ်လာ ၀.၅ ကျပ်။
ဒီလို ဗူဖောင်းရှည်တွေကိုလည်း ပင်နီစူးလား ပလာဇာက သွားဝယ်ရသည်။ နှစ်ခုကို စင်ကာပူဒေါ်လာ ၁ ကျပ်။
ဒါကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေးမှုပေါ့။
အားပေးနေတဲ့ သူ
နိုင်ငံတော် သီချင်းဆိုရင်း ဖုန်းဖလက်တွေလင်းစေသော လက်တစ်စုံ
ဆုပေးပွဲထိ အားပေးဆဲ ဘောလုံး ပရိသတ်
နောက်ဆုံး ရလဒ်
ယူ၂၃ အသင်းကြီးက ငွေဆုကြီးပိုက်ပြီး ရန်ကုန်သို့ ပြန်သွားပါပြီ။ စင်ကာပူက ပရိတ်သတ်များကတော့ ပွဲပြီး မီးမသေနိုင်ကြပါ။ သံယောဇဉ်တွေ အမျှင်တန်းလို့ ဘောလုံးသမားလေးများရဲ့ ဖေ့စ်ဘုတ်မှာ အားပေးကြ၊ နောက် ကန်မယ့် ပွဲတွေအကြောင်း ဆွေးနွေးကြ၊ ခြိမ့်ခြိမ့်သဲ အားပေးခဲ့တဲ့ ကာလတွေကို စားမြုံ့ပြန်ကြနဲ့ တသသ ဖြစ်နေတုန်းပါပဲ။ ကိုယ်တွေလည်း ဒီပရိတ်သတ်ထဲ တစ်ယောက်အပါအ၀င်ပေါ့။ ခုလည်း နောက်နှစ် မြန်မာပြည်မှာ ကျင်းပမယ့် suzuki cup 2016 ကို ပြန်ကြည့်ရင် ကောင်းမလား၊ Sea Games 2017 ကို မလေးရှားမှာ သွားအားပေးရင် ကောင်းမလားနဲ့ အရှိန်မသေသေးဘဲ အကွက်တွေချ အကြံတွေထုတ်နေပါတယ်။
ကဲ စာဖတ်သူရော၊ ဘယ်လိုအကြံများ ပေးချင်ပါသလဲ။
ဟက်ပီဘာ့ဒေး ညီမလေး
(ပုံကို ဒီနေရာမှ ယူသည်။)
ဒီနေ့ ချစ်လှစွာသော ညီမလေးရဲ့ မွေးနေ့ဖြစ်သည်။
ညီမလေးနဲ့ ကိုယ်က အသက် ၇ နှစ်တိတိကွာသည်။ ညီမလေးသည် ကိုယ့်အတွက်တော့ သက်ရှိ အရုပ်ကလေးဖြစ်သည်။ ကိုယ်နဲ့ တခြား ရွယ်တူကလေးတွေ အရုပ်မလေးတွေနဲ့ ဆော့နေချိန် ကိုယ်ကတော့ ညီမလေးရဲ့ အကျီင်္သေးသေးလေးတွေ ကို လျှော်နေခဲ့သည်။ ညီမလေးကို အကျီင်္လဲပေး၊ ရေချိုးပေး၊ သနပ်ခါးလိမ်းပေးနှင့် ကိုယ့်ကလေးဘ၀အချိန်များရဲ့ ကစားချိန်တော်တော်များများကို သူမအတွက် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့သည်။ ကိုယ့်စိတ်ကူးပေါက်ရာ ဆံပင်ပုံစံများ ညီမလေးခေါင်းမှာ စမ်းခဲ့ဖူးသည်။ ကိုယ့်လက်ရာ သနပ်ခါးဘဲကြားနဲ့ ညီမလေးကို အရမ်းချောလိုက်တာဟု တစ်ဖွဖွ ပြောသောကြောင့် အမေတို့ အမတို့ က ၀ိုင်းဟားကြသည်။ ညီမလေး အိပ်ရာထဲ ရှူရှူးပေါက်လျှင် ကိုယ်ချက်ချင်းသိသည်။ အနှီးလဲပေးပြီး ပွစိပွစိပြောကာ ပြန်အိပ်သည်။ ညီမလေးကို အမြဲချီပိုး နေတတ်သည်။ ညီမလေး ငါးတန်းအရွယ်ထိ ချီနေသောကြောင့် ပတ်ဝန်းကျင်က ၀ိုင်းပြောကြရသည်။ ထိုင်လျှင်ကိုယ့်ပေါင်ပေါ် ညီမလေးကို အမြဲတင်ထားသည်။ ညီမလေးအိပ်နေလျှင် ပါးဖောင်းဖောင်းလေးကို ခဏခဏ ခိုးနမ်းသည်။ ကြာတော့ ညီမလေးသည် ကိုယ့်ကို အမေထက် ပိုခင်တွယ်လာသည်။
ညီမလေး ၄ နှစ် မူကြိုတက်တော့ ကိုယ်က လူကြီးလုပ်ပြီး လိုက်အပ်ပေးသည်။ ပြန်မယ်ပြင်တော့ ညီမလေးက အပြန်မခံ။ အာပြဲကြီးနှင့်အော်ငိုတာ အတင်းပြန်လိုက်ပြေးလာသည်။ ဆူလို့လည်းမရ ငေါက်လို့လည်းမရ ချော့လို့လည်းမရသည့်နောက်ဆုံး ကိုယ် သူ့မူကြိတွင် ထိုင်စောင့်နေရသည်။ နောက်ရက်တွေတော့ မူကြိုသို့ ကိုယ့်စာအုပ်တွေယူလာကာ ကျောင်းအိမ်စာများ ထိုင်လုပ်နေရသည်။ မူကြိုဆရာမက ကျောင်းတက်တာ နှစ်ယောက်ဆိုတော့ နှစ်ယောက်စာ ပေးရမယ်ဟု စသည်။
အမျိုးတွေလာလည်သဖြင့် မယ်လမုဘုရား လိုက်ပို့သည့်နေ့က ညီမလေးကို ကိုယ်ကိုယ်တိုင် ရေချိုးပေး၊ ဂါဝန်ဝတ်ပေး၊ ဆံပင်စည်းပေးပြီး၊ ပထမဆုံးအဖြစ် နုတ်ခမ်းနီဆိုးပေးလိုက်သည်။ ထိုနေ့က ညီမလေး ဘာမှ မစား။ ကျွေးလို့လည်းမရ။ နုတ်ခမ်းနီပျက်မှာစိုလို့ဆိုပြီး နုတ်ခမ်းလေးကို ထော်ထားသည်။ ကိုယ်တို့တွေ သဘောတွေကျကြရသည်။
ညီမလေးကို မည်သူ ဆူသည် ငေါက်သည်ကိုမှ ကိုယ်လက်မခံ။ ကိုယ်ကိုယ်တိုင်လည်း အမြဲချော့ပြောသည်။ ထို့ကြောင့်ပင် ညီမလေးသည် တော်တော်ဆိုးလာသည်။ စိတ်ကြီးလာသည်။ လိုချင်တာ မရလျှင် ပစ္စည်းတွေကို ကိုင်ပေါက်တတ်လာည်။ ကိုယ်ကလည်းငယ်သေးတော့ မစဉ်းစားတတ်။ အမေရိုက်မယ်ပြင်တိုင်း ညီမလေးရှေ့က ကာဆီးကာဆီးလုပ်သည်။ ကိုယ့်မုန့်ဖိုးသည် ညီမလေးအတွက် မုန့်လေးတွေ၊ ကစားစရာလေးတွေ၊ အသုံးအဆောင်လေးတွေ ၀ယ်ရင်း ကုန်သွားလေ့ရှိသည်။ ကိုယ်ကျောင်းတက်ရင်း အလုပ်လုပ်သည့်ပိုက်ဆံသည် ညီမလေး ကျောင်းဖိုး၊ ကျူရှင်ဖိုးဖြစ်သည်။ ကိုယ့်အတွက်ကိုယ် ကိုယ်တိုင် အ၀တ်အစား ၀ယ်ဝတ်လေ့မရှိပေမယ့် ညီမလေးအတွက်ဆို ကိုယ်သည် အလိုလို ၀ယ်ပြီးသား ဖြစ်နေသည်။ ညီမလေးကလည်း ကိုယ့်ကို အ၇မ်းတွယ်သည်။
ဒီလိုနဲ့ ကိုယ်တက္ကသိုလပ်တက်ချိန် ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်ဝိုင်းတွေတစ်ဖက်နဲ့ ဖြစ်လာချိန်၊ ညီမလေးလည်း ဆယ်တန်းအောင်ပြီဖြစ်သောကြောင့် ညီမလေးကို ကိုယ် လက်လွှတ်လိုက်သည်။ ကိတ်စတစ်ခုပေါ်လာတိုင်း အရင် လို ဆုံးဖြတ်မပေး။ သူ့ဘာသာ ဆုံးဖြတ်ခိုင်းသည်။ အဲဒိအချိန်မှာပဲ ၀မ်းနဲစရာ ကောင်းသောအရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။ ညီမလေးသည် ကိုယ်ရဲ့ ပြုစုမှုအောက်တွင် ကြီးပြင်းလာရသောကြောင့် အရာရာ ကိုယ့်ကိုပဲ အားကိုးနေသည်။ သူ့ဘာသာ ဘာမှ မလုပ်တတ်။ မစဉ်းစားတတ်။ မလုပ်ရဲ မကိုင်ရဲဖြစ်နေသည်။ ငယ်စဉ်က သူမကို ချစ်သောစိတ်ဖြင့် အရာရာ လုပ်ပေးရသည်ကို ကျေနပ်ခဲ့သောကိုယ် ထိုအချိန်တွင် တကယ့်ကို ကြေကွဲရသည်။ ညီမလေးကို ကိုယ်ချစ်ရာ မရောက် နှစ်ရာ ရောက်ခဲ့လေပြီ။
ကိုယ်ကိုယ်တိုင်လည်း အလုပ်တွေ မိုးလင်းက မိုးချုပ်များနေသည်ကို အကြောင်းပြပြီး ညီမလေးကို ဥပက္ခာပြုလိုက်သည်။ အရင်လို ယုယုယယမနေ။ သူမ အနားလာကပ်လျှင် အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်။ အခန်းတံခါးပိတ်ပြီး စာဖတ်ချင်ယောင်ဆောင်သည်။ တစ်ခုခုကို လာတိုင်ပင်လျှင် ဆုံးဖြတ်စေချင်လျှင် ကိုယ့်ဘာသာစဥ်းစားဟု အနည်းငယ် မာမာပြောလွှတ်သည်။ ကိုယ်ထင်သည်။ ညီမလေးသည် ထိုကာလများကို အားငယ်စွာ၊ ၀မ်းနဲစွာ ယောင်ချာချာနိုင်စွာ ကျော်ဖြတ်ခဲ့ရမည်။ ပိုဆိုးသည်က ထိုကာလများသည် ကိုယ်အတင်းတက်ခိုင်းသောကြောင့် တက်ခဲ့ရသော စီးပွားရေးတက္ကသိုလ် ပညာသင်နှစ်များဖြစ်နေခြင်းပင်ဖြစ်သည်။ ညီမလေးသည် စာရင်းအင်းကို နဲနဲမှ ၀ါသနာမပါ။ ခေါင်းသိပ်ရှုပ်တတ်သည်။ ကိုယ်က ဒါကောင်းတယ် ဒါတက်ဟု ပြောခဲ့သည်ကို ညီမလေးသည် မလွန်ဆန်ရဲ။ ၀ါသနာလုံးလုံး မပါသည့်ဘာသာများကို တတ်နိုင်သမျှကြိုးစားပြီး သင်ယူခဲ့ရှာသည်။ ထိုအတောအတွင်းမှာပင် အားကိုးစရာ အမသည် သူမကို လုံးလုံး လျစ်လျူရှုနေခဲ့ခြင်းဖြစ်သည်။
ညီမလေးဘွဲ့ရတော့ အလုပ်ဝင်သည်။ ဒါကိုလည်း ကိုယ်မကူညီ။ ကိုယ့်စိတ်သည် တစ်ဖက်စွန်းကို ရောက်သွားသည်။ အသိထဲက ဘွဲ့ရခါစ ကလေးတွေ အကူအညီလိုလျှင် ကိုယ်တတ်နိုင်သမျှကူညီသည်။ ပြောပေးသည်။ အလုပ်ရှာပေးသည်။ အလုပ်သွင်းပေးသည်။ ညီမလေးဘွဲ့ရသော် ကိုယ့်အားကိုယ်ကိုးစေလိုသော စေတနာဟု ဆင်ခြေပေးတာ ကူညီခဲ့ခြင်း အလျင်းမရှိ။ ညီမလေးသည် ကိုယ့်ကို အပြစ်မဆို။ ကိုယ်ညီမလေးနဲ့ ခပ်ခွာခွာနေသည့်နောက်ပိုင်းတွင် ညီမလေးသည် အမေ့နား အလိုလိုကပ်သွားသည်။ ထို့နောက်တွင်တော့ ကိုယ် နိုင်ငံခြား ထွက် အလုပ်လုပ်သည်။ အိမ်ထောင်ကျသည်။ ညီမလေးနဲ့ ပိုဝေးသွားသည်။
ဒီနှစ် နောက်ပိုင်း ရန်ကုန် ခဏခဏပြန်ဖြစ်တော့ ညီမလေးနဲ့ ပြန်ရင်းနှီးလာသည်။ သူမသည် ကိုယ့်ကိုယ်ကို အားကိုးတတ်နေပြီ။ မိဘနှစ်ပါးကို အနီးကပ်ပြုစုပြီး အိမ်တွင်လည်း သူမသည် တကယ့်အိမ်ရှင်မကြီးလို စီစဉ်တတ်နေပြီ။ မိဘတွေရဲ့ စိတ်ဆန္ဒကို တခြား သားသမီးတွေထက် အတူနေ ညီမလေးက ကောင်းကောင်းနားလည်သည်။ လူတွေရဲ့အကြောင်းကို ကိုယ့်ထက် ညီမလေးက ပိုသိနေသည်။ ကိုယ့်ရန်ကုန်ပြန်တိုင်းညီမလေးသည် လိုလေသေ့မရှိ ပြုစုသည်။ သူမရဲ့ နည်းပါးလှစွာသော လခထဲမှ သူမထက် အဆပေါင်းများစွာ လခရသောကိုယ့်အတွက် တစ်ခုပြီးတစ်ခု ၀ယ်ပေးသည်။ ညီမလေးသည် ကိုယ့်ကို သူငယ်စဉ်က စောင့်ရှောက်ခဲ့သည်များကို ပြန်လည်ပေးဆပ်နေသလားဟုပင် အောက်မေ့ရသည်။ ဘာပဲပြောပြော ညီမလေးဧ။် အခုအနေအထားကြောင့် ကိုယ်စိတ်သက်သာရာ အများကြီးရသည်။ ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေသော ညီမလေးကြောင့်ကိုယ် ဂုဏ်ယူရသည်။
ညီအစ်မတွေချစ်ခြင်းသည် နေရာ အနီးအဝေးနှင့်လည်းမဆိုင်။ အလိုလိုနားလည်ပြီး အလိုလိုနီးကပ်နေသည်ဟု ကိုယ်ကိုယ်တိုင် ခံစား လက်ခံရသည်။
ဒီနေ့တော့ ထိုညီမလေးသည် မွေးနေ့ဟူသောမှတ်တိုင်တစ်တိုင်သို့ ရောက်ပြန်လေပြီ။
မိဘကို အနီးကပ်ပြုစုလုပ်ကျွေးနေသော ချစ်ရတဲ့ညီမလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ ကိုယ်ရင်ထဲက ဆုတောင်းလိုက်ပါသည်။
လွန်ခဲ့သော ၅နှစ်၊ ဒီနေ့မှာ ကိုယ်တို့လက်ထပ်ခဲ့တယ်
အခန်း(၁) - ၂၀၀၂ ခုနှစ် ဆောင်းဝင်ခါနီး၊ ရန်ကုန်။
သူက အလယ်တန်းကျောင်းသား၊ ကိုယ်က တက္ကသိုလ်စတက်ချိန်။
ကျွန်တော်ကြီးလာလို့ မိန်းမယူရင် ကိုယ့်လို မိန်းမမျိုးကိုပဲ ယူမယ်လို့ သူက သူ့အမေကို ပြောလေ့ရှိပါတယ်။ အသက်ကွာတဲ့ ကိုယ့်ကိုယူမယ်လို့တော့ သူစိတ်ကူးခဲ့ဟန်မတူပါဘူး။ ကိုယ်ကတော့ သူ့ကို ငယ်စဉ်ကတည်းက မောင်လေးအရင်းတစ်ယောက်လို ချစ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုယ် အပျိုကြီးအရွယ်ထဲစ၀င်လာတဲ့ အချိန်မှာ သူနဲ့ တကယ်ပဲ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
" အပျိုကြီး၊ ဒီအရွယ်ထိ ကျွန်တော့်ကို (သူက ချစ်သူသက်တမ်း တော်တော်ကြာတဲ့ထိ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်ပါတယ်။) စောင့်နေတာမလား " လို့ နောက်ရင် စနေမှန်းသိသိကြီးနဲ့ ဒေါသဖြစ်ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘာကြောင့် ရည်းစားထားဖို့ မေ့နေခဲ့ပါလိမ့်လို့ ခဏခဏ မေးနေမိပါတယ်။
(စာကြွင်း။ ။ အဲဒါ ပေါင်းတဲ့ သူငယ်ချင်းပေါ်အများကြီး မူတည်ပါတယ်။ :P တကယ်ပါ။ သူငယ်ချင်း ၁၂ ယောက်အုပ်စုထဲမှာ ကျောင်းမတက်ခင်ကတည်းက အိမ်ထောင်ကျတဲ့သူ တစ်ယောက်ကို ဖယ်လိုက်ရင် ၂ ယောက်ပဲ အိမ်ထောင်ကျပါသေးတယ်။ ကျန်တဲ့ ၉ ယောက်က အိမ်ထောင်ပဲ မကျတာလားဆိုတော့ မဟုတ်ပါဘူး။ ရည်းစားကို မရှိကြတာပါ။ သူငယ်ချင်းအပျိုကြီးများ စိတ်မဆိုးကြပါကုန်။)
ချစ်သူသက်တမ်း တစ်လျှောက်လုံး အသွားအများဆုံးနေရာက ရွှေတိဂုံဘုရားပါ။ ပန်းခြံသွားရမှာ ရှက်တဲ့ကိုယ့်ကို သူခေါ်သွားဖို့ အဆင်အပြေဆုံးနေရာက ဘုရားပါ။ ကျောင်းပြေး၊ ရုံးပြေးပြီး ဘုရားမှာ တစ်နေကုန် နေကြပါတယ်။ ဘုရားမှာ တစ်နေကုန်ဘာလုပ်နေကြလဲလို့ စပ်စုချင်တဲ့သူတွေအတွက် ပြောရမယ်ဆိုရင် စာဖတ်ကြပါတယ်။ ဟုတ်ပါတယ်၊ ကျောင်းစာ သို့မဟုတ် ၀တ္ထု၊ နှစ်ယောက်လုံး ကိုယ်သန်ရာသန်ရာ ထိုင်ဖတ်နေကြတာပါ။ ဗိုက်ဆာလာရင်တော့ ဘုရားမြောက်ဘက်မုဒ်ကဆင်းပြီး အောင်သုခထမင်းဆိုင်မှာ ထမင်းစားကြပါတယ်။ ပြီး ဘုရားပေါ် ပြန်တက်၊ စာပြန်ဖတ်ကြပါတယ်။
သူက အိမ်မှာ တစ်နေကုန် အခန်းအောင်းပြီး စာဖတ်နိုင်တဲ့သူပါ။ ကဲ သမီးရည်းစား ချိန်းတွေ့ကြတာ ကုသိုလ်လည်းရ၊ စာလည်းရတယ် မဟုတ်ပါလား။
အခန်း(၂) - ၂၀၀၇ ခုနှစ်၊ နွေဦး၊ စင်ကာပူ။
ဇာတ်လမ်းဆိုရင်တော့ ဒါ အလွမ်းခန်းပါ။
ကိုယ်က စင်ကာပူမှာ အလုပ်ရှာဖို့ ထွက်လာတော့ သူက တက္ကသိုလ်တက်နေဆဲပါ။ ရေချိုးပျင်းတဲ့ကိုယ်က သူ့ကိုလွမ်းတိုင်း ရေချိုးပါတယ်။ တစ်မျိုးမထင်ပါနဲ့။ ရေပန်းအောက်မှာ ငိုရတာ ပိုပြီး လွတ်လပ်လို့ပါ။ အသံလည်းထွက်ငိုနိုင်၊ မျက်ရည်တွေကို အထူးတလည်လည်း သုတ်စရာ မလိုတော့ဘူးမလား။
ဒါပေမယ့် အတူနေသူငယ်ချင်းကတော့ သိပါတယ်။ ရေချိုးခန်းထဲကနေ မျက်လုံးနီနီ၊ မျက်ခွံမို့မို့ကြီးနဲ့ ထွက်လာတာ မသိ နေနိုင်ရိုးလား။
လွမ်းတယ် လွမ်းကြတယ်ဆိုတော့ တွေ့ရအောင် သူက စင်ကာပူကို လာလည်ပါတယ်။ လွမ်းလွန်းတဲ့ကိုယ်ကလည်း စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာ ရင်တခုန်ခုန်နဲ့ စောင့်ပါတယ်။ တကယ်တမ်းကျတော့ သူ ကိုယ့်ရှေ့က ထွက်သွားတာ မမြင်လိုက်သလို သူကလည်း ကိုယ့်ကို မမြင်ဘဲ ကျော်သွားပါတယ်။ သူက ခန်းမကို ကိုယ့်နောက်ကျောက နေ ခေါက်တုံခေါက်ပြန် လျှောက်ပြီးမှ မှန်တံခါးကို ကပ်ပြီး သူ့ကို ရှာနေတုန်းဖြစ်တဲ့ကိုယ့်ကို အသာလေး လာတို့ပါတယ်။ ဒါတောင်ပြောသေးတာ။ တို့သာတို့ရ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး စိုးရိမ်နေတာတဲ့။ ကိုယ်က ၀လာတယ်ဆိုပဲ။ ဟွန်း။
အခန်း(၃) - ၂၀၀၉ ခုနှစ်၊ နွေဦး၊ ရန်ကုန်။
ဇာတ်ပေါင်းခန်းလို့ပဲ ဆိုကြပါစို့။
လွန်ခဲ့သော ၅နှစ်၊ ဒီနေ့မှာ ကိုယ်တို့ လက်ထပ်ခဲ့တယ်။
မြောက်ဥက္ကလာ တရားရုံးမှာ အဖေနှစ်ဦးကို သက်သေအရာထားပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။
မိုးကောင်း မဟာဗောဓိ ပရိယတ္ထိစာသင်တိုက်မှာ ဆွမ်းကျွေးပါတယ်။
မင်္ဂလာဆောင် ကိစ္စတွေကို ရန်ကုန်ကနေ တစ်ယောက်တည်း ဒိုင်ခံစီစဉ်တဲ့သူက ပင်ပန်းပြီး မင်္ဂလာဆောင်ဖို့ ၁ ပတ်လောက်အလိုမှာ တိုက်ဖွိုက် ဖြစ်ပါတော့တယ်။ ဒီတစ်ခါတော့ ကိုယ့်အလှည့်ပါ။ ကိုယ်နဲ့ မင်္ဂလာဆောင်ဖို့များ လန့်ဖျားတောင် ဖျားရသလား နောက်တိုင်း သူမခံချိမခံသာနဲ့ လက်သီးကြီးရွယ်ပါတယ်။
ဟန်းနီးမွန်း အနေနဲ့ ချောင်းသာသွားခဲ့ကြပါတယ်။ အဖျားပျောက်ခါစ သူ့ကို ပင်လယ်လေတိုက်လို့ ပြန်ဖျားမလား။ ပင်လယ်စာတွေစားလို့ တစ်ခုခုများဖြစ်မလား စိုးရိမ်ရတာကလွဲရင် နှစ်ယောက်ပေါင်း ဘ၀ခရီးအစဟာ တခြား တခြား စုံတွဲတွေလိုပဲ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် ဖြစ်ခဲ့ပါတယ်။
အခန်း (x) - ဆက်ရန်
ဘ၀ခရီးဆိုတဲ့အတိုင်း ဘ၀တစ်ဆစ်ချိုး အခန်းတွေကတော့ မသေမချင်း ရှိနေဦးမှာပါ။ သံသရာ ခရီးအနေနဲ့ ကြည့်ရင်တော့ နိဗ္ဗာန် မ၀င်မချင်းပေါ့။ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ပြီးဘ၀လေးကိုတော့ ဒီဘ၀အတိုင်းအတာနဲ့ဆိုရင် ၂ ယောက်လုံး ကွယ်လွန်တဲ့အထိ အေးအေးချမ်းချမ်း ဖေးဖေးမမ ရှိနေသွားချင်တာပါ။
ဒီဆန္ဒလေး ပြည့်ဝစေဖို့ ဆုတောင်းရင်း ....
ငြိမ်းမိန်းကလေး
၂၀၁၄၊ မတ်လ ၊ ၃ ရက်
Valentine Run 2014
အပြေးပြိုင်ပွဲတစ်ခုခုဝင်ချင်နေတာကြာပြီ။
ဒါပေမယ့် ပြိုင်ပွဲတော်တော်များများက အနည်းဆုံး ကီလိုမီတာ ၁၀ ဆိုတော့ ကိုယ့်ကိုယ်ကို ပြေးနိုင်မယ်မထင်တာကြောင့် တစ်ခါမှ မပါဝင်ခဲ့။
ဒီနှစ်တော့ Kampong Chai Chee CC က စီစဉ်တဲ့ Valentine Run 2014 ကို ပါဝင်ဖို့ စာရင်းပေးလိုက်ပါတယ်။
ဝင်ကြေးသင့်တာရယ်..အဓိက က ၄.၃၅ ကီလိုမီတာ ဆိုတော့ စမ်းချင်တဲ့ကိုယ့်အတွက် အဆင်သင့်ဖြစ်သွားလို့ပါ။
website
http://kgchaichee.wix.com/valentinerun2014
Place : Bedok Reservoir Park, Floating Platform
Date : Sunday, 16-Feb-2014
Time : 4 pm
ဝင်ကြေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Early Bird Price Normal Price
(Until 19th Jan 2014) (Until 5th Feb 2014)
Single $15/pax $18/pax
Couple $12/pax $15/pax
Group / Family $9 /pax $12/pax

ဒါကတော့ သူတို့ပေးတဲ့ goodie bag ထဲက ပစ္စည်းတွေပါ။
မှတ်ချက်။ ။ အားခဲထားတဲ့ရက်မှာ မပြေးနိုင်တော့ပါဘူး။ သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင် အချိန်နဲ့ တိုက်နေလို့ပါ။ ဒါတောင် အချိန်ရလိုရငြား ပြေးမယ့်ဝတ်စုံတွေ မင်္ဂလာဆောင်ကို သယ်သွားပါသေးတယ်။ စောစောပြန်လို့ရရင် တစ်နေရာရာမှာ အ၀တ်အစားလဲပြီး သွားမယ်ပေါ့။ တကယ်တန်းကျတော့ ပင်ပန်းလို့ အိမ်ပဲ တန်းပြန်လိုက်ပါတယ်။ နောက်တစ်ခါလို့ပဲ တေးလိုက်ရပါတယ်။
ချစ်သော အဘိုး
မူလတန်းကစ အထက်တန်းအောင်တဲ့အထိ နွေရာသီအတန်းတင်စာမေးပွဲဘယ်တော့ပြီးမလဲဆိုတာကို ရက်တွေတွက်
တစ်ပတ်လောက်ကြို ရန်ကုန်တက်လာပြီး ချစ်တဲ့မြေးမကို အညာကိုခေါ်ဖို့ အဆင်သင့်ပြင်နေတတ်တဲ့ အဘိုး၊
ရန်ကုန်ရောက်တုန်း မြေးမကိုလက်ဆွဲ မြို့ပတ်ရထားစီးပြီး ကုန်တိုက်(၁) နဲ့ ကုန်တိုက်(၂) မှာ ရန်ကုန်ပြန် လက်ဆောင်ဝယ်
သိမ်ကြီးဈေးမှာ အဘွားအတွက် ထဘီကိုယ်တိုင်ရွေး ၀ယ်တတ်တဲ့ အဘိုး၊
ရွှေတိဂုံဘုရားရင်ပြင်မှာ အညာခေါင်းပေါင်းကြီးနဲ့ အကြာကြီးဘုရားရှိခိုးတတ်တဲ့အဘိုး၊
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် သူ့အညာခေါင်းပေါင်းကြီး မဖြုတ်တမ်းဝတ်တတ်တဲ့အဘိုး၊
မြေးမကိုရထားကြီးနဲ့ အညာခေါ်၊ အညာမရောက်မချင်း ရထားပေါ်မှာ လာသမျှဈေးသည်ကို လက်ညိုးထိုးတဲ့မြေးမကို အလိုလိုက်ဝယ်ကျွေးတတ်တဲ့ အဘိုး၊
လမ်းခရီးတစ်လျှောက်လုံး မြေးမကျွေးတဲ့နေကြာစေ့၊ ဆီးထုပ်၊ အချဉ်ထုပ်တို့ကို အတူတူစားတဲ့ အဘိုး၊
နွေရာသီသုံးလလုံး အညာရောက် မြေးမကို အနီးအနားရွာတွေကို နွားလှည်းကိုယ်တိုင်မောင်းပို့ ပြီး ဆွေမျိုးတွေရွာ အလည်ထွက်တဲ့အဘိုး၊
သူငယ်ချင်းတွေနဲ့ ရွာထဲလည်တဲ့မြေးမကို နောက်ကကြည့်ပြီး ဟဲ့ဟဲ့ နောက်မှာစကတ်ပြဲနေတယ် စကတ်ပြန်လဲဦးလို့ အလန့်တကြားအော်တဲ့ အဘွားကို
ပြုံးပြုံးကြီးကြည့်ပြီး အုံးငွေရာ အဲဒါတမင်သတ်သတ်ခွဲထားတာဟ ရန်ကုန်မှာအဲလိုပဲဝတ်ကြတယ် ဆိုတဲ့ ခေတ်အဘိုး၊
ရန်ကုန်သူမြေးမ ခွေးကိုက်ခံရလို့ ခွေးပိုင်ရှင်အိမ်ကို ချက်ချင်းရောက်သွားပြီး ခွေးပိုင်ရှင်တွေ အထပ်ထပ်တောင်းပန်နေတဲ့ကြားက ခွေးကိုသတ်မယ် တကဲကဲဖြစ်နေတဲ့ အဘိုး၊
သင်္ကြန်တွင်း ရွာထဲလည်တဲ့ မြေးမကို ကာလသားတွေ ရေလောင်းလို့ဆိုပြီး ဓားမကြီးဆွဲ ဘယ်သူ့သားတုန်းကွ ဧည့်သည်ကိုရေလောင်းတာ ဆိုလို့
ဘယ်ကာလသားမှ တုတ်တုတ်မလှုပ် သင်္ကြန်တွင်းဘယ်အချိန်ဘယ်သွားသွား နောက်ထပ်ရေမစိုစေခဲ့တဲ့ အဘိုး၊
အညာရောက်ခါမှ ၀က်သက်တွေပေါက် အဖျားတွေတက် ကယောင်ကတမ်းတွေပြောနေတဲ့ မြေးမကိုကြည့်ပြီး ယောကျာ်းကြီးတန်မယ့် မျက်ရည်စို့နေတဲ့ အဘိုး၊
တစ်အိမ်လုံးရဲ့ စားဦးစားဖျား အဘိုးနဲ့ အဘွားအတွက်ပဲပြင်တဲ့ ထမင်းစားပွဲမှာ မြေးမ မပါရင် ထမင်းစားမ၀င်တဲ့ အဘိုး၊
ကန်တော့ခံမုန့်တွေ အချိုရည်တွေ သူကိုယ်တိုင်သော့ကိုင်တဲ့ ဗီရိုထဲ ထည့်သိမ်းထားပြီး မြေးမလာမှ တစ်နေ့ တစ်မျိုး မရိုးအောင် ထုတ်ကျွေးတဲ့ အဘိုး၊
ကျောလည်ရောက် ဆံပင်ရှည်ကြီး ရွာရောက်ခါမှ တောင်သာမြို့ပေါ်တက် တခြမ်းစောင်းဂုတ်ဝဲ ညှပ်တဲ့ မြေးမကို
အဘွားတပျစ်တောက်တောက်ဆူသလောက် ဘာတစ်ခွန်းမှ အပြစ် မပြောရှာတဲ့ အဘိုး၊
ဒီမြေးမလေးရောက်ရင်အိမ်သားတွေ လည်း မနေရ၊ ဒီနေ့ ဒီမုန့်လုပ် ဒီနေ့ ဟိုမုန့်ုလုပ်နဲ့ သြဇာပေးပြီး တစ်ခါတစ်လေ သူကိုယ်တိုင် သာကူထကျိုချင်ကျိုနေတတ်တဲ့ အဘိုး၊
မြို့ပေါ်မှာ ပေါ်ကျော့နေပြီး ရွာရောက်ခါမှ တောင်သူအလုပ်တွေ ကူလုပ်နေတဲ့မြေးမကိုကြည့်ပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေတဲ့အဘိုး၊
မြေးမရန်ကုန်ပြန်မယ့်ရက် အကန်တော့ခံ ဆုတွေတစ်သီကြီးပေးပြီး လိုက်ပို့တဲ့လှည်းတွေထွက်တဲ့ထိမစောင့် အိမ်လည်အမြဲတမ်းထွက်တတ်ပြီး ရှောင်နေတတ်တဲ့ အဘိုး၊
မြေးမ ရှိတုန်း တောက်လျှောက်ကျန်းကျန်းမာမာကနေ မြေးမပြန်အပြီးတစ်ပတ်ဆယ်ရက် ချက်ချင်းကြီး နေမကောင်းဖြစ်တတ်တဲ့ အဘိုး၊
မြေးမဆုယူတဲ့ ဓာတ်ပုံတွေတစ်အိမ်လုံးမှာ ချိတ်ပြီး လာသမျှဧည့်သည် မမောနိုင် မပန်းနိုင် ဒိုင်ခံကြွားတဲ့ အဘိုး၊
တက္ကသိုလ်ရောက်မြေးမ ငယ်ငယ်ကလို နွေရာသီကျောင်းပိတ်ရက်မှာ အညာကိုအလည်မပြန်နိုင်တဲ့အခါ ရန်ကုန်ကို တစ်လကိုးသီတင်း လာတွေ့ရှာတဲ့အဘိုး၊
မြေးမအလုပ်ကရတဲ့ လစာနဲ့ဝယ်ပေးလိုက်တဲ့ မုန့်ကို တကြွားကြွားနဲ့ တန်ဖိုးထားနေလို့ အတူနေပြုစုစောင့်ရှောက်တဲ့ တခြားမြေးတွေ မျက်စောင်းထိုးခံရတဲ့ အဘိုး၊
တို့တွေက သူ့မြေးမလို ဘဘ လို့မှ ချွဲ့ချွဲ့နွဲ့နွဲ့မခေါ်တတ်တာလို့ တခြားမြေးတွေ ရန်အထောင်ခံရတဲ့ အဘိုး၊
မြေးမရဲ့ တရောသောပါး မင်္ဂလာဆောင်ကို မြေးမအရင် ရန်ကုန်ရောက်လို့ တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အဘိုး၊
မြေးမခင်ပွန်းကို မြေးအရင်းလိုသဘောထား အညာလာလည်တဲ့ မြေးမတို့စုံတွဲကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့တဲ့အဘိုး၊
မြေးမကို နာမည်မခေါ် ချစ်စနိုးနဲ့ မိန်းကလေး လို့ နာမ်စားသုံး ခေါ်ဝေါ်ခဲ့တဲ့အဘိုး၊
ဒီဇင်ဘာလ ၈ ရက် ၂၀၁၃ (တနင်္ဂနွေ) နေ့မှာ အဘိုးချစ်တဲ့ မြေးမကို ထားခဲ့ပြီကော၊
(ဘဘရေ....ဘယ်အချိန်ပြန်တွေးတွေး ဘဘကျေးဇူးတွေ စေတနာ မေတ္တာတွေ ဘဘရဲ့မိန်းကလေး သတိရ ကျေးဇူးတင်နေမှာပါ
ဘဘအတွက်ရည်စူးပြီး မိန်းကလေး ပြုသမျှကောင်းမှုအစုစုကို ဘဘကို အမျှပေးပါတယ် ဘဘရောက်ရာဘ၀က သာဓုခေါ်ပါ
)
~~~~ အသက် ၈၉ နှစ်တွင် ကွယ်လွန်သွားသော အဘိုးအတွက် အမှတ်တရ ~~~~

၂၀၀၇ မတ်လ မြေးမ မင်္ဂလာဆောင်မှာတွေ့ရတဲ့ ဘဘ.. ထုံးစံအတိုင်း ခေါင်းပေါင်းကြီးနဲ့..
၂၀၁၁ ခုနှစ် ဘဘဆီ အလည်သွားတုန်းကပါ။ အဲဒိတုန်းက ဘဘက ၈၆ နှစ်၊ ကျန်းကျန်းမာမာနဲ့ ခြံထဲမှာ အလုပ်တွေ လုပ်နေတုန်းပါ။
ဒါကတော့ ၂၀၁၁ ခုနှစ်၊ အညာကနေ ရန်ကုန်ပြန်မယ့်မနက်ပါ။ ငယ်ငယ်တုန်းကလို ဘဘမျက်ရည်မ၀ဲတော့ပေမယ့် မပြုံးတော့ပါဘူး။
ဒီပုံကတော့ ၂၀၁၂ ဘဘဆီအလည်သွားတုန်းက ရိုက်ထားတဲ့ နောက်ဆုံးပုံပါ။ ဘဘ အသက် ၈၇နှစ် ထဲမှာပါ။
Subscribe to:
Posts (Atom)
Penang 4D3N Free & Easy - Intro
ပီနန်ကျွန်း၊ မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...
-
ဖေဖော်ဝါရီ ၂၀၁၇။ စင်ကာပူ- ဟိုချီမင်း (ဆိုင်ဂုံ)။ Changi Airport, Singapore ချန်ဂီလေဆိပ်ရောက်ရောက်ချင်း ကြိုတင် booking လုပ်ထားတဲ့ wifi...
-
နိုဝင်ဘာ ၇ ရက်၊ ၂၀၁၆။ တနင်္လာနေ့။ ရန်ကုန် မန္တလေး အမြန်လမ်း - ရန်ကုန် မော်လမြိုင်လမ်း - ကျိုက်ထီးရိုး ဘုရားလမ်း ဒီတစ်ခေါက်မြန်မာပြည် အြ...
-
အခန်း(၁) - ၂၀၀၂ ခုနှစ် ဆောင်းဝင်ခါနီး၊ ရန်ကုန်။ သူက အလယ်တန်းကျောင်းသား၊ ကိုယ်က တက္ကသိုလ်စတက်ချိန်။ ကျွန်တော်ကြီးလာလို့ မိန်းမယူရင် ကိုယ်...