အလုံးတစ်လုံးနဲ့ ခြာခြာလည်

ကိုယ်ချစ်သောအလုံး

ဒီဇွန်လကတော့ တကယ်ပဲ ဒီအလုံးနဲ့ အလုပ်ရှုပ်ရတဲ့လပါ။ ဘာအလုံးလဲဆိုတော့ ဘောလုံးပါ။ ကမ္ဘာ့ဖလား ပွဲတွေတိုင်း ညကြီးသန်းခေါင် တီဗွီရှေ့မှာ အဖေနဲ့အတူတူ အားပေးနေတာ ကိုယ်ပါ။ မြန်မာအသင်း ဘယ်အသင်းနဲ့ကန်ကန် တီဗွီမှာ ပြသမျှ ပွဲတိုင်း မလွတ်တန်း အားပေးတတ်သူပါ။ တီဗွီက မလွှင့်ရင်တော့ ကိုယ်လည်း ကြည့်မရဘူးလေ။ စလောင်းမှ မရှိတာကိုး။ အနားက ဗွီဒီယိုရုံလေးတွေမှာ ပြပေမယ့် အမေက ယောက်ျားလေးတွေ တရုံးရုံးကြားမှာ သွားကြည့်တာ မကြိုက်ပါဘူး။ အဖေကတော့ မသိချင်ယောင်ဆောင်နေတတ်ပါတယ်။ လိုက်ခဲ့လို့လည်းမခေါ်။ မကြည့်နဲ့လို့လည်းမပြော။ သူကတော့ အချိန်ရောက်ရင် သွားတော့တာပါပဲ။ ငယ်တုန်းကတော့ မိဘမျက်နှာရိပ် မျက်နှာကဲ ကြည့်နေခဲ့ရသူမို့ မေးတောင် မမေးရဲပါဘူး။ အခုလို အချိန်ဆိုရင်တော့ ခပ်တည်တည်နဲ့ အဖေနဲ့ လိုက်သွားဖြစ်မယ် ထင်ပါတယ်။ :P
နောက်ပိုင်း ကမ္ဘာ့ဖလားပွဲတွေတော့ ကြည့်ဖြစ်နေပေမယ့် မြန်မာအသင်းပါတဲ့ ပွဲတွေတော့ လက်လျှော့လိုက်ပါတယ်။ စားမ၀င် အိပ်မပျော်၊ နှလုံးတုန်တာတွေက သွေးဆေးသောက်လည်း မပျောက်ပဲကိုး။ ဆိုတော့ကာ ပြောချင်တာက ကိုယ်ငယ်ငယ်ကတည်းက ဘောလုံးရောဂါရှိခဲ့တယ်ဆိုတာပါ။

စူဇူကီးဖလား ၂၀၁၄

ဒီရောဂါဟောင်းက မနှစ်က စင်ကာပူမှာလာကန်သွားတဲ့ Suzuki Cup 2014 မှာ ပြန်ပေါ်လာတာပါပဲ။ မြန်မာပွဲတွေ မကြည့်ဖြစ်တော့ပေမယ့် သတင်းတွေတော့ ပွဲတစ်ခု ပြီးတိုင်း မတော်တဆ တွေ့တာလိုလို၊ ပေါ်ပြူလာဖြစ်တဲ့သတင်း သိထားမှဖြစ်မယ် ဆိုတာလိုလိုနဲ့ ဖတ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ မနှစ်က Suzuki ဖလားအတွက် မြန်မာအသင်း စင်ကာပူမှာ လာကန်မယ်ဆိုတော့ ကိုယ့်အမျိုးသားလေးက သွားကြည့်ကြမယ်ဆိုတာနဲ့ မလေးရှားနဲ့ မြန်မာပွဲကစ ကြည့်ဖြစ်ပါတယ်။ တကယ်က ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ အားမပေးဖူးတာကြောင့် သွားရမှာ နဲနဲ သွေးကြောင်နေပါသေးတယ်။ ကွင်းထဲက ဖိုက်တင်ဆင်းတွေ၊ ထီးပျံ ဖိနပ်ပျံ ခုံချိုး ဇာတ်လမ်းတွေ လည်း ကြားဖူးနားဝတွေ အများကြီးမလား။ ကိုယ့် အမျိုးသားလေးကတော့ သွားမယ်၊ ချ ဆိုတာချည်းပဲဆိုတော့ တစ်ယောက်တည်း လွှတ်လိုက်ဖို့လည်း စိတ်ပူရပါသေးတယ်။ ဒီတော့ ကိုယ်လည်း လိုက်မယ်၊ အားပေးမယ်။ တစ်ခုခုဆို ပြေးဖို့တော့ ဖိနပ်တောင် အပြေးဖိနပ် ၀တ်သွားခဲ့ပါသေးတယ်။ (ကြောက်တတ်တယ် မပြောပါနဲ့ ၊ တကယ်ကြောက်ပါတယ်။)

ဂျာစီရှာပုံတော်

ဒီက ပရိသတ်တွေက ဘောလုံးဂျာစီဝတ်ပြီး အားပေးကြမယ်ဆိုတော့ ဂျာစီရှာပုံတော် ဖွင့်ရပြန်ပါတယ်။ အဲဒိအချိန် ကိုယ်တို့ မြန်မာအသင်း ဂျာစီ က ဘယ်လိုဒီဇိုင်းဆိုတာတောင် မသိပါဘူး။ သူများပြမှ သြော် ဒါ တို့တွေ ဂျာစီဆိုပြီး ပုံလေးကိုင်ရှာရပါတယ်။ ရန်ကုန်အပြီးပြန်သွားတဲ့ အလုပ်က မောင်လေးတစ်ယောက်ကို အပူကပ်ရပါတယ်။ ရှာပေးပါ။ ၀ယ်ပေးပါ။ ပို့ပေးပါ။ ဘယ်နှစ်ယောက်စာပါ။ ဘယ်ဆိုဒ်တွေပါပေါ့။ သူ့ခမျာလည်း မအားတဲ့ကြားက မှာသမျှကို ၀ယ်ပို့ရှာပါတယ်။ ပိုက်ဆံလည်း မယူရှာပါဘူး။ (ကျေးဇူးတင်ပါတယ် ကော်ကော်ကျိုရေ) ခက်တာက ရန်ကုန်က Large Size က ကိုယ့်အမျိုးသားလေး အတွက် မတော်ပါဘူး။ ၀င်းဦး အကျီင်္ဝတ်ထားသလို ကိုယ်ကြပ်လေးဖြစ်နေပါတယ်။ သူက မ၀တ်ရဲဘူး၊ ရှက်တယ်ဆိုတာနဲ့ ပင်နီစူးလား ပလာဇာက တစ်ထည်သွားဝယ်ပါတယ်။ အမျိုးအစားတွေကလည်း  မြန်မာမိတ်ဆိုတာရယ်၊ ဒါက Lotto ကထုတ်တဲ့အစစ်ဆိုတာရယ် နှစ်မျိုးကွဲနေပါတယ်။ ရန်ကုန်က မှာထားတဲ့အကျီင်္တွေက မြန်မာမိတ်ပေါ့လေ။ ဒါနဲ့ အစစ်ဆိုရင် ဆိုဒ်မှန်လောက်တယ်၊ မြန်မာမိတ် က ဆိုဒ်သေးတာဖြစ်မယ်ဆိုပြီး ကိုယ်ပဲ သူ့အတွက် အစစ်ဆိုတဲ့ဟာ Large Size ထပ်ဝယ်လာခဲ့တယ်။ (အဲဒါပဲ အကြီးဆုံးရှိတာကိုး) အိမ်ရောက်တော့ ၀တ်ကြည့်ခိုင်းတော့ ယောင်ယောင်လေး ကြီးပေမယ့် ထုံးစံအတိုင်း မတော်ပါဘူး။ ကိုယ်ဝတ်ကြည့်တော့ မဆိုးဘူး နဲနဲပွပွလေးနဲ့ အတော်ပဲ။ အဲဒါနဲ့ ကိုယ်လည်း ဂျာစီ ၃ထည် ထည်လဲနဲ့ ပိုင်ဆိုင်သွားပါတော့တယ်။ သူလည်း တခြား အားကစား အကျီင်္ပဲ ၀တ်တော့မယ်ဆိုပြီး စိတ်လျှော့သွားပါတော့တယ်။

ဘောလုံးဆိုတာ အလုံးကြီးပါ

ပထမဆုံးနေ့ မလေးရှားနဲ့ ပွဲကနေ နောက်ဆုံးထိုင်းနဲ့ပွဲအထိ သွားအားပေးခဲ့ပေမယ့် ကိုယ့်နိုင်ငံအသင်းကန်နေတာ တစ်စက်ကလေးမှ အားရစရာ မရှိခဲ့ပါဘူး။ ဘောလုံးရောက်လာရင် ခြေထောက်ကလေးနဲ့ တော့တော့နေပြီး ဘာလုပ်ရမှန်းမသိ၊ အမြင့်ဘောမကန်တတ်၊ မဖမ်းတတ်၊ လူပေးရင် အမြဲတစ်လွဲဆိုတော့ မျှော်လင့်ချက် မရှိမှန်း ပထမပွဲနေ့ကတည်းက  သိသွားပါပြီ။ ဒါပေမယ့် ကိုယ်တို့တွေ အားပေးရတာကို ပျော်နေပါပြီ။ ဒုန်းဒုန်းဒုန်းဆိုတဲ့ ဗုံသံအနောက်မှာ မြန်မာလို့ တစ်ညီတစ်ညွတ်တည်း အော်ရတာကို အရသာတွေ့နေပါပြီ။  ကစားကွင်းထဲက ကစားသမားတွေနဲ့အတူ မတ်တတ်ရပ်၊ နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုပြီး ကြက်သီးတွေထ မျက်ရည်တွေဝဲရင်း နိုင်ငံကို လွမ်းတတ်နေပါပြီ။ အလံအကြီးကြီးအောက်မှာ လက်တွေညီညီညာညာနဲ့ ကွင်းဟိုဘက်ကနေ ဒီဘက်အထိ အလံကို လွှင့်တတ်နေပါပြီ။ ပွဲအပြီး အမှိုက်လိုက်ကောက်ပေးနေတဲ့ မြန်မာတွေကို ကူညီရင်း ကိုယ့်အသင်းရှုံးတယ်ဆိုတယ်ဆိုတာအပေါ် အများကြီး မခံစားရတော့ပါဘူး။ မမျှော်လင့်ထားတာလည်း ပါမှာပေါ့လေ။ ပြီးတော့ ဘောလုံးဆိုတာ အလုံးကြီးမဟုတ်လား။

ဆီးဂိမ်း ၂၀၁၅

ကဲမြန်မာအသင်းလာပြန်ပြီတဲ့။ ဒါပေမယ့် ဒီတစ်ခါလာမှာ ဟိုတစ်ခါကန်တဲ့ အဖွဲ့မဟုတ်ဘူးတဲ့။ ယူ၂၃ အငယ် ကလေးတွေတဲ့။ ဘာပဲပြောပြော အားပေးတယ်ကွာ။ လာသွားကြမယ်လို့ ဒီတစ်ခါ စပြောတာက ကိုယ်ပါ။ ကိုယ့်အမျိုးသားလေးကလည်း ဟိုတစ်ခါ မ၀တ်ခဲ့ရတဲ့ ဂျာစီကို ထပ်ကြိုးစားပြန်ပါတယ်။ ဒီတစ်ခါတော့ ရန်ကုန်က သူ့အကိုက အဖြူတစ်ထည်၊ အနီတစ်ထည် ၀ယ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း large ပါပဲ။ ဒီတစ်ခါတော့ မဆိုးဘူးပြောရမယ်။ နဲနဲလေး ပိုကြီးလာပါတယ်။ ၀တ်ကြည့်တော့လည်း fitting ပါပဲ။ ဒါပေမယ့် ဒီတစ်ခါ သူချေးမများတော့ပါဘူး။ သူများတွေ ၀တ်ပြီး သူမ၀တ်ရတာ တော်တော်အားငယ်နေပုံရပါတယ်။ အကျီင်္လက် လက်မောင်းမှာ တစ်နေတာကိုလည်း အတော်ပဲနော်...အိုကေတယ်မလား လုပ်နေပါသေးတယ်။ ကဲကိုယ်ထင် ကုတင်ရွှေနန်းဆိုတဲ့ စကားပုံ ဘယ်သွားထားမတုန်း။ လှပါ့၊ ကြည့်ကောင်းပါ့၊ အိုကေပါ့ ပေါ့။

ဝင်းဦးအကျီင်္လက်နဲ့ သူ့ဂျာစီ


ပရိသတ်ရဲ့အချစ်တော် ယူ၂၃

ပထမဆုံးပွဲက အင်ဒိုနီးရှားနဲ့ပွဲပါ။ ပွဲစရင်ပဲ ဟိုးအရင်ကလို စိတ်လျှော့ပြိး အားပေးနေတဲ့ မြန်မာပရိသတ်ကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားစေပါတယ်။ အရင်လာကန်ခဲ့တဲ့ လက်ရွေးစင်အသင်းနဲ့ တော်တော်လေး ခြေကွာပါလား။ ကောင်းလိုက်တာလို့ အားပေးနေတဲ့ မြန်မာတိုင်းစိတ်ကို ၀င်ရောက် ပျော်ရွှင်စေပါတယ်။ ကစားသမားလေးတွေ တော်တော်ပြေးနိုင် ကြိုးစားနိုင်ကြပါတယ်။ တစ်သင်းလုံး ညီညီညွှတ်ညွှတ်နဲ့ အပေးအယူမမှားအောင် ကစားနိုင်ကြပါတယ်။ အမြင့်ဘောတွေ ကို သေသေသပ်သပ်ဖမ်းတတ်၊ ကန်တတ်ကြပါတယ်။ ဘောလုံးခြေထောက်ထဲရောက်ရင် နဲနဲမှ တုံ့ဆိုင်းနေခြင်းမရှိပါဘူး၊ ပေးရမယ့်သူကိုပေး၊ ဆွဲပြေးတန်ပြေးနဲ့ အရမ်းလည်း ကြိုးစားကြပါတယ်။ ဘောလုံးမကန်တတ်တဲ့အသင်းတောင် အားပေးလာတာ ဒီလို ကန်တတ်တဲ့အသင်း ဘာပြောကောင်းမလဲ။ ပရိသတ်က ရင်တွေကွဲရင်ကွဲပစေ၊ မြန်မာ မြန်မာလို့ တစ်ချိန်လုံးအော်ဟစ် အားပေးနေကြတာပါ။ အင်ဒိုကို ၄-၂ နဲ့နိုင်သွားတော့ ကွင်းထဲက ထွက်လာတဲ့ မြန်မာတွေဟာ တပြုံးပြုံးနဲ့ပေါ့။ လုံခြုံရဲလည်းမချန်၊ သူစိမ်းလည်းမချန် နုတ်ဆက်ပြုံးပြနေတော့တာပါပဲ။

ဂျလန်းဘဇားကွင်းမှာ မြန်မာ ဖန်တွေက ဒီလို ဒီလို လာအားပေးတာ

နိုင်ပွဲတွေဆက် ဆီမီးတက်ပြီ

အိမ်ရှင်စင်ကာပူအသင်းကို ထပ်နိုင်ပြန်တော့၊ ပရိသတ်က ထိန်းမရတော့ပါဘူး။ နေ့နေ့ညည၊ အိမ်မှာ၊ ရုံးမှာ၊ ဖေ့စ်ဘုတ်မှာ၊ ယူ၂၃ ဖြစ်ကုန်တော့တာပါပဲ။ ငါတို့အသင်းကွဆိုပြီး မာန်တက်တဲ့သူကတက်၊ သူများအသင်းကို ရန်သွားတွေ့တဲ့သူကတွေ့နဲ့ အပျော်တွေ လွန်ကုန်ကြတော့တာပါပဲ။ ကိုယ်တွေတောင် မနဲထိန်းထားရတာ တစ်ချို့တွေလည်း လွတ်မှာပေါ့လို့ တွေးမိပါတယ်။ ပြသနာကြီးကြီးကျယ်ကျယ်တွေ မဖြစ်လို့ တော်ပါသေးတယ်။ စင်ကာပူဆိုတာ ဥပဒေက နေရာတိုင်းမှာ ရှိတာမလား။ အရေးမယူချင်ရင် လွှတ်ပေးထားပြီး အရေးယူချင်ရင် ချပြစရာ ဥပဒေက အမြဲရှိပြီးသားပါ။ ဖိလစ်ပိုင်အသင်းကို နိုင်၊ ကမ်ဘောဒီးယားအသင်းကို သရေကျပြီး မြန်မာ ယူ၂၃ အသင်းဟာ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်သွားပါတယ်။

လက်ပတ်ဆင်တူနဲ့ အားပေးတာ။ :P

ဆီမီးမှသည် ဖိုင်နယ်ဆီသို့

ဆီမီးဖိုင်နယ်ပွဲမှာတော့ အသဲတယားယားနဲ့ အားပေးရပါတယ်။ ဗီယက်နမ်ခြေက ကိုယ့်ရွှေအသင်းထက် ပိုကောင်းတာ အမှန်ပါ။ သူတို့ ဘက်က တိုက်စစ်တွေတရကြမ်းနဲ့ ကိုယ့်ဂိုးတိုင်နားမှာ ၀ဲနေတိုင်း ရင်ထဲမှာ အောင့်အောင့်လာပါတယ်။ ဘေးက အမကြီးကတော့ သံဗုဒ္ဓေ တောက်လျှောက်ရွတ်နေတော့ပါပဲ။ နောက်ကခုံက ကလေးမလေးတွေကတော့ အသံကုန် အော်ဟစ် အားပေးကြတာ တော်တော်အားရဖို့ကောင်းပါတယ်။ ဗီယက်နမ်ကို ၂-၁ နဲ့ နိုင်သွားတဲ့အချိန်မှာတော့ အသံတွေပြာတဲ့အထိ အော်ဟစ်အားပေးကြပါတယ်။ ကဲ တို့ရွှေတွေတော့ ဖိုင်နယ်တက်ပြီပေါ့။

စင်ကာပူ နေရှင်နယ် အားကစားကွင်း 

စင်ကာပူ နေရှင်နယ် အားကစားကွင်း 

ရွှေတို့ရဲ့ ငွေ

ဖိုင်နယ်မကန်ခင် ကိုယ့်ရဲ့ ပြိုင်ဘက် ထိုင်းအသင်းကန်ပုံကို လေ့လာကြည့်ပြီးတော့ ရွှေမြန်မာတို့ရင်ထဲ လေးသွားကြပါတယ်။ ကောင်းလှချည်လား ကိုရွှေထိုင်းတို့ ကန်ချက်။ လူတွေက ခပ်ထွားထွား။ ကန်ချက်က ပြင်းပြင်း။ တိုက်စစ်ကောင်းကောင်းနဲ့ သွက်သွက်လက်လက် ကစားပြီး အင်ဒိုနီးရှားကို ငါးဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြသွားခဲ့ပြီး ဗိုလ်လုပွဲ တက်လာပါတယ်။ တက်ကြွနေတဲ့မြန်မာပရိတ်သတ် ခမျာ ကိုယ့်ကစားသမားတွေ အားငယ်သွားမှာစိုးကာ ဖေ့စ်ဘုတ်ပေါ်ကနေ အားပေးကြပါတော့တယ်။ တစ်ခါမှ ဘောလုံး ပွဲ ၀ါသနာ မပါတဲ့သူတွေတောင် ဒီပွဲကို အားပေးဖို့ ကြိုးစားလာကြပါတယ်။ စင်ကာပူရဲ့ ကွင်းအသစ်ကြီးမှာ ကန်မယ့် ငါတို့ အသင်း ဖိုင်နယ်ရောက်တဲ့ ငါတို့အသင်း၊ ငါတို့ အားပေးမယ်ဆိုပြီး လက်မှတ်ရဖို့ အကြိတ်အနယ်ကြိုးစားကြ။ ဘောလုံးအကျီင်္ဝယ်ကြနဲ့ ပေါ့။
ဖိုင်နယ်ပထမပိုင်းမှာ သူတင်ကိုယ်တင် ကန်နိုင်ပြီး နှစ်ဘက်လုံး ဂိုးမရကြတော့ တော်တော်အားတက်လာကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ထိုင်းဘက်က ၃ ဂိုးသွင်းကာ ကိုရွှေထိုင်းတို့ စီးဂိမ်း ၂၀၁၅ ရဲ့ ဘောလုံး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။  ပရိသတ်ကတော့ အစကတည်းက မရဲတရဲ မျှော်လင့်ပြီး အားပေးလာခဲ့ကြတာဆိုတော့ ငွေနဲ့ တင်းတိမ်နိုင်အောင် ပြင်ဆင်လာခဲ့ပုံရပါတယ်။ ငွေရတဲ့ ကိုယ့်အသင်းကိုယ် ဆုယူတဲ့အထိ တစ်ချိန်းချိန်းနဲ့ အားပေးကြတာ ESPNFC Asia web site က အကောင်းဆုံး ပရိတ်သတ်အဖြစ် မြန်မာကို အသိအမှတ်ပြုရတဲ့ အထိပါပဲ။


သူ့ဂျာစီတွေ အရမ်းကြပ်နေလို့ ဖိုင်နယ်ပွဲမှာ ၀ယ်မယ့် သူ့အကျီင်္မှာ အိပ်ချည်ကြိုးနဲ့ အလံစတစ်ကာကို ချုပ်ပေးရသည်။။ အဲဒါ ပါးမှာကပ်တဲ့ အလံ စတစ်ကာလေးက တစ်ခုကို စင်ကာပူဒေါ်လာ ၀.၅ ကျပ်။


ဒီလို ဗူဖောင်းရှည်တွေကိုလည်း ပင်နီစူးလား ပလာဇာက သွားဝယ်ရသည်။ နှစ်ခုကို စင်ကာပူဒေါ်လာ ၁ ကျပ်။

ဒါကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေးမှုပေါ့။
အားပေးနေတဲ့ သူ


နိုင်ငံတော် သီချင်းဆိုရင်း ဖုန်းဖလက်တွေလင်းစေသော လက်တစ်စုံ

ဆုပေးပွဲထိ အားပေးဆဲ ဘောလုံး ပရိသတ်

နောက်ဆုံး ရလဒ်

ပွဲပြီး မီးမသေ

ယူ၂၃ အသင်းကြီးက ငွေဆုကြီးပိုက်ပြီး ရန်ကုန်သို့ ပြန်သွားပါပြီ။ စင်ကာပူက ပရိတ်သတ်များကတော့ ပွဲပြီး မီးမသေနိုင်ကြပါ။ သံယောဇဉ်တွေ အမျှင်တန်းလို့ ဘောလုံးသမားလေးများရဲ့ ဖေ့စ်ဘုတ်မှာ အားပေးကြ၊ နောက် ကန်မယ့် ပွဲတွေအကြောင်း ဆွေးနွေးကြ၊ ခြိမ့်ခြိမ့်သဲ အားပေးခဲ့တဲ့ ကာလတွေကို စားမြုံ့ပြန်ကြနဲ့ တသသ ဖြစ်နေတုန်းပါပဲ။ ကိုယ်တွေလည်း ဒီပရိတ်သတ်ထဲ တစ်ယောက်အပါအ၀င်ပေါ့။ ခုလည်း နောက်နှစ် မြန်မာပြည်မှာ ကျင်းပမယ့် suzuki cup 2016 ကို ပြန်ကြည့်ရင် ကောင်းမလား၊ Sea Games 2017 ကို မလေးရှားမှာ သွားအားပေးရင် ကောင်းမလားနဲ့ အရှိန်မသေသေးဘဲ အကွက်တွေချ အကြံတွေထုတ်နေပါတယ်။


ကဲ စာဖတ်သူရော၊ ဘယ်လိုအကြံများ ပေးချင်ပါသလဲ။

No comments:

Post a Comment

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...