Showing posts with label ပြင်ဦးလွင် ခရီး. Show all posts
Showing posts with label ပြင်ဦးလွင် ခရီး. Show all posts

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3


အနီးစခမ်းရေတံခွန် (သို့မဟုတ်) ဓာတ်တော်ချိုင့် ရေတံခွန်
၂၄ ဒီဇင်ဘာ ၂၀၁၅



ပန်းနာရီစင် ပန်းရဟတ်နဲ့ အတူ

ပန်းမြင်းလှည်းလေး

ဒီဇင်ဘာ ၂၄ ရဲ့ မနက်ကို တော့ စောစောထ လမ်းလျှောက်ရင်းနဲ့ ကြိုဆိုကြပါတယ်။ ကန်တော်ကြီးဘက် မှန်းလျှောက်ပေမယ့် အဲဒိအထိတော့ မရောက်ခဲ့ပါဘူး။ ပန်းအလှဆင်ထားတဲ့ မြင်းလှည်းလေးနဲ့ နာရီစင်နားကနေပဲ ဓာတ်ပုံရိုက်ပြီး ပြန်လှည့်ခဲ့ပါတယ်။ ကားသမားကို မနက် ၈ နာရီ ချိန်းထားတယ်လေ။ ပြင်ဦးလွင်ရဲ့ မြူတွေဆိုင်းနေတဲ့ မနက်ခင်းမှာ အနွေးထည်လေး ၀တ်ပြီး ကိုယ်လမ်းလျှောက်ဖူးခဲ့ပြီ။ အရမ်းကို ကျေနပ် လန်းဆန်းခဲ့ရတဲ့ မနက်လေးပေါ့။


ပြန်လာတော့ မနက်စာကို ဟိုတယ်မှာမစားဘဲ ပြင်ဦးလွင်ရဲ့ နာမည်ကြီး မောဓနုမှာစားမယ်ဆိုပြီး ကားသမားကို ပို့ခိုင်းလိုက်ပါတယ်။ ကားသမားက သူတော့ မသိဘူး သူငယ်ချင်းကို ဖုန်းဆက်မေးပေးမယ်ဆိုပြီး ဖုန်းကတစ်ဆင့် မေးရင်းလိုက်ပို့ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးက တကယ်ကို ချစ်စရာလေးပါ။ အိမ်ကြီးရဲ့ အောက်ထပ် မှာ စားပွဲဝိုင်းတွေ ချထားတာ တစ်မျိုး၊ ခြံထဲကို အဖီဆွဲထားတဲ့ ပန်းခြံပုံစံ လေးတွေမှာ ထိုင်စရာလေးတွေ လုပ်ထားတာတစ်မျိုးနဲ့ ကိုယ့်အမျိုးတွေရဲ့ အိမ်ကို သွားလည်တဲ့ ခံစားမှုမျိုး နွေးနွေးထွေးထွေး အခင်းအကျင်းလေးပါ။ ဒါပေမယ့် စားပွဲထိုးတွေကိုတော့ မနည်းခေါ်ရပါတယ်။ စားတဲ့လူ အင်အားနဲ့ စားပွဲထိုး အရေအတွက် သိပ်မမျှပါဘူး။

မောဓနုကော်ဖီ

လျှာပေါ်ထိရုံနဲ့ ပျော်ကျသွားတဲ့ တို့ဟူးကြော်

ဒီလိုလေး စားပွဲပေါ်ချထားတော့ ဘာလဲဆိုပြီး တစ်ထုပ်ဖွင့်စားကြည့်တာ 
ကောက်ညင်း ပလိန်းထုပ်ဖြစ်နေရော

သူစားတဲ့ ၀က်ဦးနှောက်ခေါက်ဆွဲ

ဒါက ကိုယ်စားတဲ့ တို့ဟူးနွေး

သူကမကြိုက်တော့ ကိုယ်တစ်ယောက်တည်းစားခဲ့ရတဲ့ ဟင်းထုပ်

ချစ်တဲ့အမတစ်ယောက် ရန်ကုန်ကနေ လှမ်းညွှန်းတဲ့ ၀က်ဦးနှောက်ခေါက်ဆွဲတစ်ပွဲကို အဓိကအရင် မှာလိုက်ပါတယ်။ ပြီးတော့ မှ ကိုယ့်အကြိုက် တို့ဟူးနွေး၊ မောဓနုဟင်းထုပ်၊ တို့ဟူးကြော်နဲ့ မောဓနုကော်ဖီ တို့ မှာလိုက်ပါတယ်။ စောင့်နေရင်း စားပွဲပေါ်မှာ ဖက်နဲ့ထုတ်ပြီး ၀ါးတံလေးနှစ်ခုနဲ့ ကျပ်စည်းထားတဲ့အထုပ်လေးတွေကို ဘာလေးတွေလဲမသိဘူးဆိုပြီး တစ်ထုပ် ဖွင့်စားကြည့်ပါတယ်။ ကောက်ညင်းတော့ ကောက်ညင်းနဲ့ လုပ်ထားတာပဲ ဆိုပြီး စားနေရင်း ဖြတ်သွားတဲ့ စားပွဲထိုးကလေးကို မေးကြည့်တော့ ကောက်ညင်းထုပ်ပါတဲ့။ နှစ်ယောက်သားရယ်လိုက်ရတာ။

ပလုပ်ပလောင်း စားလို့ကောင်း

မှာထားတာတွေ သိပ်မကြာပါဘူး။ ရောက်လာတော့ နှစ်ယောက်သား အားရပါးရစားကြတာ။ တော်တော်ပြည့်အင့်သွားပါတယ်။ မှာထားသမျှစားလို့ အကုန်ကောင်းပါတယ်။ ဈေးကလည်း သိပ်မကြီးပါဘူး။ တို့ဟူးနွေးမှာ ပဲရွက်ကလေးတွေ ပါတာ အရမ်းသဘောကျပါတယ်။

စားပြီးဓာတ်တော်ချိုင့်ကို ဆက်သွားပါတယ်။ ဓာတ်တော်ချိုင့်ရေတံခွန်က မေမြို့ အနီးစခန်းမှာ ရှိပြီး အနီးစခန်းဘူတာနဲ့လည်း နီးပါတယ်။ မြို့ထဲကသွားရင်တော့ နဲနဲလှမ်းပါတယ်။ မန္တလေးကို ဆင်းတဲ့ လမ်းကို ပြန်သွားရတာပါ။ နာရီဝက်လောက်တော့ မောင်းရသလားပဲ သိပ်မမှတ်မိဘူး။ ကိုယ်တို့ကားကလေး ဓာတ်တော်ချိုင့် ရေတံခွန်ကိုဆင်းရတဲ့ စခန်းကို ရောက်ရောက်ချင်း အဲဒိနားက အိမ်ဆိုင်လေးတွေဘက်က အမျိုးသမီး တစ်ယောက်၊ ကောင်မလေး နှစ်ယောက် ထွက်လာပါတယ်။ သူတို့ကိုယ်ပေါ်မှာ ကျောပိုးအိတ်လိုအိတ်ကလေးတွေကိုယ်စီလွယ်ထားပါတယ်။ ကိုယ်တို့ကို လာမိတ်ဆက်ပြီး ရေတံခွန်ထိ သူတို့ လမ်းပြမှာ ဖြစ်တဲ့အကြောင်းပြောပါတယ်။ တကယ်လို့ ရေဆာရင် သူတို့ဆီမှာ အအေး၊ ရေ ပါလာတဲ့အတွက် ၀ယ်သောက်နိုင်ကြောင်းပြောပါတယ်။ သူတို့နဲ့ အတူတူ အောက်ကို ဆင်းနေရင်း ကိုယ်တို့ စကားပြောချင်ရင် သူတို့က ခင်ခင်မင်ရင်းရင်းနှီးနှီး ပြန်ပြောပြီး ကိုယ်တို့နှစ်ယောက်သားစကားပြောနေရင် အလိုက်တသိနဲ့ မလှမ်းမကမ်းက လိုက်ပါတယ်။ ဆင်းရမယ့်နေရာက မတ်နေရင် သူတို့ထဲက အသက်အကြီးဆုံး အမက ကိုယ့်အနားရောက်လာပြီး လက်လာတွဲပေးပါတယ်။ သူ့လက်ကို ကိုင်ဆင်းပါ။ ချော်လဲမှာစိုးလို့လို့ ပြောပါတယ်။  တောက်လျှောက် အဆင်းဖြစ်ပြီး လမ်းတွေ မတ်ပါတယ်။ လမ်းက ခဲသေးသေးလေးတွေပေါ်နင်းမိရင်တော့ ခြေချော်နိုင်ပါတယ်။ သူတို့က ဘေးက တဖွဖွ သတိပေးပါတယ်။ သူတို့ကို အားနာဖို့မလိုကြောင်း သူတို့လက်ကို တွဲဖို့ ခဏခဏ ပြောပါတယ်။ ကိုယ်ကလည်း ရပါတယ်ပေါ့။ ပြောလို့မှ မဆုံးသေး လျှောခနဲ ချော်လဲပါတော့တယ်။ ဂျင်းဘောင်းဘီဝတ်ထားလို့  နဲနဲပဲ နာပေမယ့် ဘောင်းဘီ ဒူးနေရာက တော်တော်ပွန်းသွားပါတယ်။ အဲဒါနဲ့ အားမနာတော့ဘဲ အဲဒိ အမ လက်မောင်းကိုပဲ ချစ်သူ့လက်မောင်းလို သဘောထား၊ မှီခိုပြီး ဆင်းခဲ့ပါတယ်။

အသွားဆိုတော့ ဖလန်းဖလန်းထ ဓာတ်ပုံရိုက်နိုင်သေးတယ်လေ

သူတို့နဲ့ စကားစမြည်ပြောရင်း သိလာတာက သူတို့က ဧည့်သည်လာရင် အလှည့်ကျနဲ့ ဈေးလိုက်ရောင်းရကြောင်း၊ ကားသေးဆို လူ ၃ ယောက်၊ ကားကြီးဆို လူ ၆ ယောက် လိုက်ခွင့်ရှိကြောင်း၊ တစ်နေ့ကို တစ်ခေါက်ပဲ လိုက်လို့ရကြောင်း သိရပါတယ်။ ကိုယ်တို့ ကို ဈေးရောင်းပြီးရင် သူတို့အတွက် ဒီနေ့ ဈေးရောင်းခွင့်ပြီးသွားပြီဖြစ်လို့ အေးအေးဆေးဆေးဆင်း အေးအေးဆေးဆေး တက်ပါ လို့လည်း ပြောပါသေးတယ်။ ကျန်တဲ့ ကောင်မလေးနှစ်ယောက်က အသက် ၂၀ ကျော်လေးတွေ ပိန်ပိန်ပါးပါးလေးတွေပါ။ ကိုယ့်ကိုတွဲတဲ့ အမကတော့ အသက် ၄၀ ကျော်လို့ ခန့်မှန်းရပါတယ်။ ကိုယ်က ကိုယ်တို့မှာ လူနှစ်ယောက်ထဲ အအေးဝယ်သောက်လည်း ၂ ယောက်ဆီကပဲ သောက်နိုင်မှာပေါ့၊ နောက်တစ်ယောက်က ဘယ်ရောင်းရမလဲလို့ စပ်စုလိုက်ပါသေးတယ်။ သူတို့က တော့ ကားသေးတစ်စီး လူဘယ်နှစ်ယောက်ပါလာမယ်ဆိုတာ မသိတော့ ဒါ သူတို့ ကံပဲ လို့ ဖြေပါတယ်။ တစ်ဗူး အပို အားပေးရင်တော့ သူတို့ကျေးဇူးတင်နေမှာပါလို့လဲ ချုပ်ပါသေးတယ်။ အဆင်းက ကွေ့ပေါင်း ၂၄ ကွေ့ ရှိပါတယ်။ အကွေ့ ၆ ခုမြောက်တိုင်းလောက်မှာ နားနေစရာ တဲလေးနဲ့ ၀ါးတန်းခုံလေးရှိပါတယ်။ အဆင်းကတော့ တစ်ခါ နှစ်ခါလောက် ခဏပဲ နားဖြစ်ပါတယ်။ နားလိုက်တိုင်း သူတို့က ယပ်လာခပ်ပေးပါတယ်။ အားနာလို့ မခပ်ပါနဲ့ ပြောလည်း နားမထောင်ပါဘူး။ အပြင်မှာ ရာသီဥတုက အေးနေပေမယ့် သတိထားဆင်းနေတဲ့ဇောနဲ့ ဆိုတော့ ချွေးဆို့   နေတာတော့ အမှန်ပါပဲ။  မိနစ် ၄၀ လောက်ကြာတဲ့အခါ ရေတံခွန် အောက်ခြေကို ရောက်ပါပြီ။ သိပ်မနားရင် နာရီဝက်လောက်နဲ့ ရောက်မှာပါ။ ကိုယ်တို့ကတော့ အေးအေးဆေးဆေး ဆင်းနေလို့ ဒီလောက်ကြာတာပါ။

လမ်းက တဲမှာ ခဏနားနေတုန်း ရိုက်ထားတာ ။ အနောက်က ၃ ယောက်က ကိုယ်တို့နဲ့အတူလိုက်ဆင်းတဲ့ အမနဲ့ ညီမလေး နှစ်ယောက်လေ

ဒီနေရာရောက်ပြီဆိုရင်တော့ ရေတံခွန်ဆီရောက်ပါပြီ



ရေတံခွန်ရှေ့တည့်တည့်က နားနေစရာနှင့် ဆိုင်လေး

ဓာတ်တော်ချိုင့် ရေတံခွန် (သို့) အနီးစခမ်း ရေတံခွန်

ဓာတ်တော်ချိုင့် ရေတံခွန် (သို့) အနီးစခမ်း ရေတံခွန်

တစ်လမ်းလုံးမောသမျှ တဝေါဝေါနဲ့ အရှိန်ပြင်းပြင်းကျနေတဲ့ ရေတံခွန်ကြီးမြင်တော့ အမောပြေသွားပါတယ်။ ရေကျနေတဲ့ အရှိန်က အရမ်းပြင်းတော့ အနားကို မကပ်နိုင်ပါဘူး။ ခပ်ဝေးဝေးမှာ နေတာတောင် ရေမှုန်ရေမွှားတွေ လာစဉ်ပါတယ်။ သူ့ ရှေ့တည့်တည့် မှာ ခပ်ကြာကြာနေရင် တကယ်ကို ရွှဲမှာ သေချာပါတယ်။ ရေတံခွန် အမြင့်က ၁၂၂ မီတာ ရှိတယ်လို့ သိရပါတယ်။ ရေတံခွန်က ၃ ဆင့် ရှိတာတာပါ။ အခု ရောက်တဲ့ ရေတံခွန်က အောက်ဆုံးအဆင့်ဖြစ့်ပါတယ်။ ခဏတဖြုတ်နား ဓာတ်ပုံရိုက် အနားက သစ်သားခုံလေးမှာ ခဏထိုင်ပြီး ရှုခင်းကို ခံစားကြပါတယ်။ အအေးဆိုင်လိုလို မုန့်ဆိုင်လိုလို ဆိုင်လေးတစ်ဆိုင်ရှိပြီး အိမ်သာလည်း ရှိပါတယ်။ ကိုယ်တို့သွားတဲ့အချိန်က နဲနဲ စောနေသေးတော့ လူလည်း အများကြီး မရှိပါဘူး။ ကိုယ်တို့ ၂ ယောက် အပါအ၀င် အုပ်စု ၃ စု လောက်ပဲ ရှိတာပါ။ တိတ်ဆိတ်နေတဲ့ တောနက်ကြီးထဲမှာ ရေတံခွန် သံ တဝေါဝေါကလွဲလို့ လူသံအနည်းငယ်ပဲ ရှိတဲ့အခိုက်အတံ့ဟာ တကယ်ကို အေးချမ်းလှပါတယ်။ ဟိုအမတွေဆီက အအေးဝယ်သောက်ပါတယ်။ ၃ ယောက်ဆိုတော့ ၃ ဗူးဝယ်ပြီး အပိုတစ်ဗူးကို ကျောပိုးအိတ်ထဲ ထည့်ခဲ့လိုက်ပါတယ်။ ဈေးကတော့ တော်တော်ကြီးပါတယ်။
ဒီလို ဂိုက်ပေးကြမ်းခဲ့တယ်

ကိုယ်ရိုက်ပေးတာလေ အဲလိုစောင်းစောင်းလေး ။ တော်ရုံစကေးမဟုတ်ဘူး

ဓာတ်တော်ချိုင့်ရေတံခွန် အမှတ်တရ

ပြန်အတက်မှာတော့ တစ်သက်လုံးလေ့ကျင့်ခန်းမလုပ်ဘဲ တစ်ရက်ကို ကွန်ပျူတာရှေ့ ထိုင်ချိန် ၁၀ နာရီလောက်ရှိတဲ့ ကိုယ် ဒုက္ခရောက်ပါပြီ။ ကုန်းတက်လေး နှစ်တက်လောက်ပဲ တက်ရသေးတယ် ခြေသလုံးတွေတောင့်ပြီး မောနေပါတော့တယ်။ မနက်စာ တနင့်တပိုးစားထားမိတာရော၊ အအေးတစ်ဗူးသောက်ထားမိတာရောက အစာအိမ်မကောင်းတဲ့ကိုယ့်ကို လမ်းမှာတင် အန်စေပါတော့တယ်။ ချွေးစေးတွေကျလာပြီး မျက်စိတွေလည်း ပြာဝေနေပြီး အတက် ၂ ကွေ့လောက်မှာတင် နားနေရတော့ ခုန အမ တွေက ဖြည်းဖြည်းတက်ရန် မလောရန် သူတို့ တွဲသွားမယ်လို့ ၀ိုင်းပြောကြပါတယ်။ တကယ်လို့ ဘယ်လိုမှ မတက်နိုင်တော့ဘူးဆိုရင်တော့ လူထမ်းတဲ့ အထမ်းနဲ့ တက်နိုင်ကြောင်း၊ အပေါ်စခန်းအရောက်ထိကို ၄ သောင်းကျမည်ဖြစ်ကြောင်း ပြောပါတယ်။ ကိုယ်လည်း အထမ်းနဲ့ တက်ရမှာ ရှက်လို့ ဆက်တက်ပေမယ့် မျက်လုံးတွေ ပြာပြီး အရမ်းမောနေတာကြောင့် အထမ်းခေါ်လိုက်ရပါတယ်။ ခဏစောင့်ပြီး ကြိုးပုခက် အထမ်းစင်နဲ့အတူ ကောင်ကလေး တစ်ယောက်ထပ်ရောက်လာပါတယ်။ အသက် ၂၀ ၀န်းကျင်လောက် ပိန်ပိန် သေးသေးလေးပါပဲ။ ဘယ်သူထမ်းမှာလဲ မေးတဲ့အခါ အဲဒိကောင်လေးနဲ့ အတူ အခု ပါလာတဲ့ အဖွဲ့ထဲက ၃ ယောက် တစ်ယောက်တစ်လှည့်စီ ထမ်းမှာလို့ သိလိုက်ရတဲ့အချိန် ကိုယ် အတင်းငြင်းမိပါတယ်။ အဲဒိအမကလည်း ကိုယ့်ထက် အနည်းငယ်ပိန်ပြီး ကောင်မလေးနှစ်ယောက်ကတော့ အများကြီး သေးကြပါတယ်။ မိန်းကလေးတွေ ထမ်းတဲ့အထမ်းထဲ လိုက်စီးဖို့ ဘယ်လိုမှ စိတ်ထဲထားလို့မရပေမယ့် သူတို့က တောင်းတောင်းပန်ပန် နဲ့ ခုရမယ့် ပိုက်ဆံကို သူတို့ လိုချင်ကြောင်း၊ ၄ သောင်းကို သူတို့ ၄ ယောက်ခွဲယူမှာဖြစ်ကြောင်း၊ တခြားသူ ထပ်ခေါ်ရင် သူတို့ မရတော့ကြောင်း၊ ထမ်းနေကျဖြစ်လို့  သူတို့ ထမ်းနိုင်ကြောင်း အခြေအတင် တော်တော်ကြာ ဖြစ်နေကြပါတယ်။ နောက်ဆုံး တော့ ကိုယ်အလျှော့ပေးလိုက်ပါတယ်။

ကိုယ့်ကို ကြိုးပုခက်ထဲ အိပ်စေပြီး ရှေ့တစ်ယောက် နောက်တစ်ယောက် ကြိုးကိုလျှိုပြီး ထမ်းပါတယ်။ အရမ်းမတ်တဲ့ ကုန်းတွေကို တက်ရတာကြောင့် နောက်က ထမ်းရတဲ့သူက အရမ်းပင်ပန်းပါတယ်။ အမျိုးသား ကျောပိုးအိတ်ကိုလည်း သူတို့ကို ပေးပါ သယ်ပေးမယ် ပြောပေမယ့် အမျိုးသားက အားနာပြီး မပေးပါဘူး။ ကုန်းတက် နှစ်ခု တက်ပြီးတိုင်းမှာ သူတို့ လူလဲထမ်းပါတယ်။ ကောင်မလေးတွေ ထမ်းတဲ့အလှည့်တွေမှာ ကိုယ်မနေတတ်လို့ ကိုယ်ကို ကျုံ့ထားမိပါတယ်။ သူတို့က တပြန် ပုခက်ပေါ်က ကိုယ့်ကို နားချင်ရင် ပြောနော် အားမနာနဲ့ လို့ ပြောပါသေးတယ်။ သူတို့အချင်းချင်းလည်း အရမ်းကို ညှာတာကြပါတယ်။ နောက်က ထမ်းတဲ့သူကို နောက်တစ်ယောက်က လက်မောင်းကို အားပြု တွဲတက်စေပါတယ်။ သူတို့ ပြေးပြေးလွှားလွှားတက်တဲ့အခါ အမျိုးသားက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါတယ်။ ကိုယ်ကတော့ လမ်းတစ်လျှောက်မှာ ရေတံခွန်ကို ဆင်းလာတဲ့ သူတွေရဲ့ ပြုံးစိစိအကြည့်တွေကို မခံနိုင်လို့ ဦးထုပ်နဲ့ မျက်နှာကို အုပ်ပြီး လိုက်ခဲ့တာပါ။ ကိုယ်ကသာ ပုခက်နဲ့ ဖြစ်နေတာ၊ လမ်းမှာ အဖိုးကြီးတွေ၊ ဆယ်ကျော်သက်လေးတွ ဖြည်းဖြည်းချင်း တက်လာတာတွေ့တော့ ကိုယ်တော်တော် ကျန်းမာရေးကျနေတာပဲလို့ ဆင်ခြင်မိပါတယ်။

စခန်းရောက်တော့ ဆိုင်တစ်ဆိုင်မှာ ထိုင်ရင်း အမျိုးသားကို စောင့်ပါတယ်။ပိုက်ဆံက သူ့အိတ်ထဲမှာကိုး။ သူတို့ အထမ်းနဲ့တက်တာ ၄၅ မိနစ်လောက်ပဲ ကြာပေမယ့် အမျိုးသား လမ်းလျှောက်တက်တာတော့ ၁ နာရီနဲ့ ၁၀ မိနစ်လောက်ကြာပါတယ်။ သူပြောတာတော့ တစ်ခါတစ်လေ မတက်နိုင်တော့လို့ လမ်းမှာတင် ထိုင်ချနားနေလိုက်တာတဲ့။ မောလွန်းလို့ ကိုယ်ပုခက်ထဲ ပါသွားတာ ရယ်ချင်ပြီး ဓာတ်ပုံရိုက်ထားချင်တာတောင် မရိုက်ဖြစ်ခဲ့ဘူးတဲ့။ တော်သေးတာပေါ့။
The View ရဲ့ view point နေ၇ာ
ကျောချင်းကပ်ရိုက် 


ရေတံခွန်က သုံးဆင့် ။ အပေါ်ဆုံးဆင့်က တစ်ခု ပါအောင်ရိုက်တော့ ပုံအရမ်းသေးနေလို့ ဒီပုံပဲ တင်လိုက်တယ်။  ကိုယ်တို့ သွားခဲ့တဲ့ ရေတံခွန်ဆိုတာက အောက်ဆုံးအဆင့်ကို ပြောတာ။ 

The View က နေ လှမ်းမြင်ရတဲ့ ဓာတ်တော်ချိုင့် ရေတံခွန်နဲ့ နားခိုရာ စခန်း။ 

ဆိုင်မှာ ခဏနားပြီး ကားသမားကို အနားက နာမည်ကြီး  The View ကို ပို့ခိုင်းလိုက်ပါတယ်။ အဲဒါ တကယ်တန်းတော့ Resort  ပါ။ Agoda မှာ ကြည့်ရသလောက်တော့ ဟိုတယ်က ဈေးကြီးပါတယ်။ တစ်ညကို ပျမ်းမျှ စင်ကာပူဒေါ်လာ ၃၅၀ လောက်ရှိပါတယ်။  Resort က စားသောက်ဆိုင်ပါ တွဲဖွင့်ထားပြီး အဲဒိဆိုင်ကို အပြင်ကလာစားရင် တစ်ယောက်ကို ၁၀၀၀ ကျပ် တန် ကူပွန်ဝယ်ပြီးမှ ပေးဝင်ရပါတယ်။ စားသောက်ဆိုင်မှာ စားဖြစ်ရင် အဲဒိ ကူပွန်ကို အစားအသောက်ဖိုး ရှင်းတဲ့နေရာမှာ ထည့်သုံးလို့ရပြီး မစားသောက်ဖြစ်ရင်တော့ ၀င်ကြေးသက်သက် ဖြစ်သွားတာပါ။ ဘာလို့ အဲဒိသွားလဲ မေးရင် အဲဒိကနေ ခုန ဆင်းခဲ့တဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ကို လှမ်းမြင်ရလို့ပါပဲ။ သူ့ ဗျူးပွိုင့်ကနေ ရေတံခွန် သုံးဆင့်လုံးကို မြင်ရပါတယ်။ ဗိုက်မဆာသေးတာကြောင့် အဲဒိမှာ မစားတော့ဘဲ ကားသမားကို ပြင်ဦးလွင် ဈေးကြီးကို ပဲ လိုက်ပို့ခိုင်းလိုက်ပါတယ်။
ပြင်ဦးလွင် ဈေးကြီး

နာရီစင်

လက်ဖက်အကြော်ဆိုင်က မြည်းဖို့ပေးတဲ့ လက်ဖက်ပန်းကန် နှစ်ယောက်သား ၀ယ်ရင်းစားရင်းလုပ်လိုက်တာ တက်တက်ကို ပြောင်ရော

ဝယ်ချင်ပေမယ့် မစားတတ်လို့ မ၀ယ်ခဲ့ရဘူး

ဈေးထဲကို ၀င်ပြီး စင်ကာပူအပြန်ထိ သယ်ဖို့ တစ်ချို့ ၊ ရန်ကုန်ကို လက်ဆောင်ပေးဖို့ တစ်ချို့ ၀ယ်ပြီး အထုပ်အပိုးတွေနဲ့ ဟိုတယ်ကို လမ်းလျှောက်ပြန်ပါတယ်။ လမ်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာကို ၂ နာရီလောက်မှ စားလိုက်ပါတယ်။

ရထားလုံးလေးတွေ စီးကြမလား

ဆိုင်ကယ်လေးနဲ့ လျှောက်လို့လည် (ဒါ ကန်တော်ကြီးရှေ့ပါ)

ကန်တော်ကြီးရှေ့က အကင်ဆိုင်များ


ကန်တော်ကြီး

ညနေလောက်ကျ ရေမိုးချိုးပြီး နှစ်ယောက်သား ဘယ်သွားကြမလဲ တိုင်ပင်ကြပါတယ်။ လည်စရာ ပတ်စရာလည်း သိသလောက် ကုန်ပြီကိုး။ ဒါနဲ့ ဆိုင်ကယ်ပတ်စီးကြမလားပေါ့။ Hotel Reception ကို စုံစမ်းကြည့်တော့ ဟိုတယ်က ဆိုင်ကယ်ငှားပါတယ်။  နှစ်နာရီ ၅၀၀၀ ကျပ်နဲ့ တွေ့ကရာလမ်း အကုန် လျှောက်မောင်းကြပါတယ်။ ကန်တော်ကြီးလည်း နောက်တစ်ခေါက် ရောက်ခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ မ၀င်ပါဘူး အပြင်မှာပဲ လမ်းသလား မုန့်လျှောက်စားပြီး နောက် လားရှိုးသွားတဲ့လမ်းပေါ်က Ruby Mart ကို သွားကြပါတယ်။ တစ်ခါ နောက်ပြန်လှည့်ပြီး မန္တလေးသွားတဲ့ လမ်းပေါ် ရောက်ရာပေါက်ရာ စီးကြပါသေးတယ်။  

ပုံတော်တွေနော် ကြိုက်ရာ အရောင်ရွေး (Ruby Mart ထဲက ဆိုင်တစ်ဆိုင်မှ)

ပြင်ဦးလွင် ကားကြီးဝင်း

ရန်ကုန်ပြန်ရန် အသင့် 

ဟိုတယ်ပြန်ရောက်တော့ တစ်ခါတည်း check out လုပ်ပါတယ်။ ညစာလည်း မစားနိုင်တော့ပါဘူး၊ ကားဝင်းကို တုတ်တုတ်ငှားပြီးသွားကြပါတယ်။ ည ၈ နာရီ ကားထွက်တဲ့အချိန် ပြင်ဦးလွင်တစ်မြို့လုံး မီးပျက်နေပါတယ်။ ကားပေါ်ကနေ အပြင်ကြည့်တော့လည်း မှောင်မှောင်မဲမဲဆိုတော့ ခဏနေ အိပ်ပျော်သွားတာ မန္တလေးဝင်မှ ခဏပြန်နိုးလာပါတယ်။ အပြန်ကားက အသွားကားလောက်မကောင်းပါဘူး။ ကားက ခရီးသည်လည်း မပြည့်ပါဘူး။ ခုံရှေ့က တီဗွီကလည်း ကြည့်မရတော့ မထူးပါဘူးဆိုပြီး တစ်လမ်းလုံး အိပ်လိုက်လာပါတယ်။ နောက်ခုံမှာလည်း လူမပါတော့ ခုံကို ဟိုးနောက်ထိလှဲပြီး စောင်ခြုံအိပ်တာ ရန်ကုန်ထိပါပဲ။ ရန်ကုန်ကို မနက် ၄ နာရီလောက်ဝင်တယ် ထင်ပါတယ်။ မြောက်ဥက္ကလာ ကားဝင်းထဲ မ၀င်ခင် ခရီးသည်တွေကို နှိုးပြီး ဒီနားကနေ တက်စီငှားစီးရင် ပိုလွယ်တယ်ဆိုပြီး အကုန်ဆင်းခိုင်းပါတယ်။ အိမ်က လာကြိုမှာ ကားဝင်းထဲအထိလိုက်မယ်ဆိုပြီး လိုက်တာ ဘုန်းကြီးတစ်ပါးနဲ့ သူ့ ကပ္ပိယရယ်၊ ကိုယ်တို့ နှစ်ယောက်ရယ်၊ အမျိုသမီးတစ်ယောက်ရယ်ပဲ ကျန်ပါတယ်။

ဘာလိုလိုနဲ့ မရောက်တာကြာတဲ့ ရောက်ချင်လှတဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စိတ်လှုပ်ရှားရင်ခုန် စီစဉ်ခဲ့ရတဲ့ ပြင်ဦးလွင်ခရီးစဉ် အောင်အောင်မြင်မြင် ပြီးခဲ့ပါပြီ။ သွားခဲ့ရတဲ့နေရာတွေ၊ စားခဲ့ရတဲ့ အစားတွေနဲ့ အရမ်းကို ကျေနပ်ပျော်ရွင်ခဲ့တဲ့ ခရီးလေးပါ။  တက်စီ၊ တုတ်တုတ်၊ ဆိုင်ကယ်၊ ရထား စုံနေအောင် စီးခွင့်ရတဲ့ ခရီးစဉ်လေးပါ။ ဓာတ်တော်ချိုင့်ခရီးလေးတစ်ခုပဲ။ နောက်တစ်ခါသွားဦးမလားမေးရင် နဲနဲ စဉ်းစားရပါမယ်။ ကိုယ့်ကိုယ်ကို ဒီထက် ပိုပြီး ကြံ့ခိုင်အောင် ပြင်ထားပြီးမှ၊ သို့မဟုတ် ကြိုးပုခက်ကို ကျေကျေနပ်နပ် စီးချင်တဲ့အခါမှ ထပ်သွားဖြစ်ပါတော့မယ်။

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2

ဂုတ်ထိပ်တံတား
၂၃ ဒီဇင်ဘာ ၂၀၁၅

ဟိုတယ်ကနေ တုတ်တုတ်ငှားပြီး ပြင်ဦးလွင်ဘူတာကို မနက်စောစော ထွက်လာကြတာ ဟိုရောက်တော့ နိုင်ငံခြားသား တစ်ချို့ကို ကိုယ့်ထက်အရင်စောရောက်နေတာ တွေ့ရတယ်။

မြူတွေဆိုင်းနေတဲ့ ဘူတာရုံလေးကို အဝေးက လှမ်းမြင်ရတာ ရင်ခုန်စရာပါပဲ။ ရှေ့မှာ ရထားလုံးလေးလည်း ရှိသေးတယ်လေ။ ဘူတာရုံရဲ့ အမိုးနီနီလေးကို အုတ်ကြွပ်တွေလို့ ထင်ထားခဲ့တာ အနားရောက်မှ သွပ်ပြားတွေမှန်းသိခဲ့ရတယ်။



ရထားအချိန်ဇယားနဲ့ လက်မှတ်ခများကို ဒီလို မြင်သာထင်သာ ကြေငြာထားတယ်လေ။ တစ်ပြားမှ အပိုပေးစရာ မလိုပါဘူး။  ထိုင်ခုံနဲ့ထိုင်ရမှဖြစ်မယ်ဆိုတဲ့သူတွေ အထက်တန်းတွဲ၊ ပထမတန်းတွဲ ၀ယ်စီးပေါ့။ စီးမယ့်သူနည်းတော့ လက်မှတ်မရဖို့မပူရဘူး။ ရိုးရိုးတန်းကတော့ ထိုင်ခုံက ဦးရာလူပဲ။ ဈေးကလည်းတန်လိုက်တာ။ ပြင်ဦးလွင်ကနေ ဂုတ်ထိပ်ထိမှ ၅၅၀ ကျပ်ရယ်။ ကိုယ်တွေကတော့ ပြတင်းပေါက်နား ရှုခင်းကြည့်ချင်တာနဲ့ အထက်တန်းလက်မှတ်ဖြတ်လိုက်တယ်။ အထက်တန်းလက်မှတ်က ဂုတ်ထိပ်ဘူတာကျော်ပြီး နောက်တစ်ဘူတာ နောင်ပိန်ထိကို တစ်ယောက်မှ ၁၆၀၀ ကျပ်ပဲ။ ရထားစီးချိန် ၃ နာရီခန့်ရှိပါတယ်။



ဘူတာရုံထဲမှာတော့ နိုင်ငံခြားသားတစ်ချို့ရယ်၊ ဒေသခံတစ်ချို့ရယ်၊ ဈေးသည်တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ရောက်ပါသေးတယ်။ ဘူတာဆိုင်းဘုတ်တွေ့တော့ အမျိုးသားက ဘယ်ဘက်ကိုစီးရမှာလည်းမေးတော့ ခုနပဲ ရထားအချိန်ဇယားကြည့်လာတာ မှတ်မိပါတယ်။ ကိုယ်တို့သွားရမှာ ပွဲကောက်ဘက်ပေါ့။ ဘူတာစဉ်တောင် ရွတ်ပြနိုင်သေးတယ်။
ပြင်ဦးလွင်၊ ပွဲကောက်၊ ၀က်ဝံ၊ ဆင်လမ်းစု၊ ဆမ်ဆယ်၊ နောင်ချို၊ ဂုတ်ထိပ်။





ဖုန်းအားသွင်းရန်ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးနဲ့ မီးခလုတ်ခုံတွေမြင်လို့ ၀မ်းသာ ဂုဏ်ယူသွားတယ်။ တယ်ဟုတ်ပါလား ငါတို့ မြန်မာပြည်ကြီးတိုးတက်နေပြီပဲဆိုပြီး ။ ဖုန်းအားသွင်းဖို့ ကြိုးလေးထုတ် ပလပ်ပေါက်တပ် မီးမ၀င်တော့ ဟိုပြောင်းထိုးကြည့်၊ ဒီပြောင်းထိုးကြည့်။ မရ၊ ဆက်လေ့လာလိုက်တော့ နောက်က ပါဝါပေးထားတဲ့ ကြိုးက တန်းလန်း။ ဘယ်နဲ့မှလည်း ချိတ်ထားဘူး။ ရှက်လိုက်တာ။ ဒီမီးလေးပေးရတာ မီတာများတော်တော်တက်လို့လား မမီမကန်းဥာဏ်နဲ့ စဉ်းစားဖြေတွေးနေသေးတယ်။


ရထားက အချိန်မှန်ပါတယ်။ ၈ နာရီ ၂၀ ကျော်မှာ ဟိုးအဝေးက ပူးပေါ်မြည်ပြီး တရွေ့ရွေ့လာနေပါပြီ။ ရထားရှေ့လေးကနေ လမ်းဖြတ်ကူးနေသူတွေမြင်တော့ အသဲယားမိပါသေးတယ်။


အထက်တန်းတွဲက ၂တွဲပါလာလို့ ရထားဝန်ထမ်းတစ်ဦးက တက်ရမယ့်တွဲကို အော်ပေးပါတယ်။ ကိုယ်တက်ရမယ့် တွဲသိပြီဆိုတာနဲ့ ရထားရှေ့သွားဓာတ်ပုံရိုက်လိုက်ပါသေးတယ်။ ဒီလိုရထားမျိုး မှတ်တမ်းတင်ထားမှ။ နောင် ကိုယ်တို့နိုင်ငံ ခေတ်မီဖွံ့ဖြိုးသွားရင် ဒါမျိုးက ရှေးဟောင်းပြတိုက်ထဲမှာပဲ တွေ့ရတော့မှာလေ။


ရထားပေါ်မတက်ခင်သူ့ကို ဓာတ်ပုံရိုက်ပေးရင်း နှစ်ယောက်သား Mr. Bean's Holiday က မစ်စတာဘင်းကို သတိရလို့ ရယ်မိကြပါသေးတယ်။



စပ်စုစိန်ကိုယ်က ရိုးရိုးတန်းဘက် သွားကြည့်ဦးမယ်ဆိုပြီး ခဏတက်ကြည့်ပါသေးတယ်။ သစ်သားခုံလေးတွေနဲ့ ရထားတွဲတွေဟာ ကိုယ်ငယ်ငယ်တုန်းက အတိုင်းပါလား။ ကိုယ်ဟာ ဒီလိုခုံမျိုးမှာ အဘိုးနဲ့အတူတူထိုင်ပြီး အညာကို ခဏခဏသွားခဲ့ဖူးတာပေါ့။ အဲဒါ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကပေါ့။ ခုထိမပြောင်းလဲတဲ့ အရာတွေမြင်ရတာ ခံစားမှုက ဘယ်လိုပြောရမှန်းမသိအောင်ပါပဲ။ လွမ်းတာလည်းပါရဲ့။ လှိုက်ခနဲဝမ်းမြောက်တာလည်းပါရဲ့။ ၀မ်းနဲတာလည်းပါရဲ့။ 
ရိုးရိုးတန်းတွဲဆိုတာ ဒီလိုပုံထဲကအတိုင်းပါ။ 


အထက်တန်းတွဲ အတွင်းကတော့ အဝေးပြေးဘက်စ်တွေပေါ်က ဆိုဖာခုံတွေကို ပြောင်းတပ်ထားပုံရပါတယ်။ နောက်ကို လှန်လို့ရတဲ့ ခလုတ်တွေပါပေမယ့် တော်တော်များများတော့ လှန်မရပါဘူး။


ရထားပေါ်ကနေကြည့်ရင် နေကြာရိုင်းအခင်းတွေ ကို ၀ါထိန်နေအောင် တွေ့ရမှာပါ။ တစ်ချို့ပန်းတွေက ရထားပြတင်းပေါက်ကနေ လှမ်းခူးရင်တောင် ရနိုင်တဲ့ အကွာအဝေးမှာပါ။


ရထားကြီးခေါ်ဆောင်ရာနောက်လိုက်ရင်း ဟိုငေး၊ ဒီငေး ဟိုရိုက်ဒီရိုက်။

လမ်းတစ်လျှောက် စိုက်လက်စ စိုက်ခင်းတွေ၊ မီးခူးတစ်လူလူနဲ့ ဟိုးအဝေးက တောင်ယာတွေ၊ နွားကျောင်းသားနဲ့ သူ့နွားတစ်အုပ်၊ ကြံပင်တွေရိတ်နေတဲ့ တောင်သူတွေကို တွေ့ရပါတယ်။ ဆင်လမ်းစုဘူတာကနေ တောင်းတွေပလုံးတွေနဲ့ ရထားပေါ်တက်နေကြတဲ့ ဒေသခံတွေကိုကြည့်ရင်း အညာက အဒေါ်တွေကိုသတိရမိတယ်။

ထမင်းထုပ်နာမည်ကြီးတဲ့ နောင်ပိန်ကိုရောက်ပေမယ့် ဗိုက်မဆာသေးတာမို့ အပြန်မှစားမယ်လို့ တေးထားခဲ့တယ်။

နောင်ပိန်ဘူတာက ထွက်ပြီမကြာခင် နာမည်ကျော် ဂုတ်ထိပ်တံတားကြီးကို လှမ်းမြင်နေရပါပြီ။ ရထားက တောင်ကို ပတ်ဖောက်ထားတာကြောင့် တံတားက ကိုယ့်ရဲ့ညာဘက်မှာ မြင်ရလိုက် ၊ ဘယ်ဘက်မှာမြင်ရလိုက်နဲ့ ရထားပေါ်က နိုင်ငံခြားသားတွေလည်း ကင်မရာကိုယ်စီထုတ် စရိုက်နေကြပါပြီ။ ကဲ ကိုယ်လည်းမနေပါဘူး။ ပါတာလေး ထုတ်ရိုက်ဦးမှပဲ။


သိပ်မကြာခင်ပဲ ချစ်စရာကောင်းလှတဲ့ ဂုတ်ထိပ်ဘူတာကလေးကို ရထားဆိုက်ပါပြီ။ နိုင်ငံခြားသား တစ်ယောက်မှ မဆင်းပါဘူး။ ဆင်းတဲ့သူတွေအားလုံးက တံတားကို လမ်းလျှောက်ဖြတ်မယ်ဆိုတဲ့ ကိုယ်တို့ နိုင်ငံသူ နိုင်ငံသားတွေပါ။ လူငယ်တွေချည်းပါပဲ။ သူက အပြန်လက်မှတ်ကို စုံစမ်းနေတုန်း ကိုယ်ကတံတားကိုမြင်နေရတဲ့နေရာကနေ ဟိုရိုက်ဒီရိုက် ပေါ့။ (ဓာတ်ပုံပြောတာပါ)


ရထားပေါ်မှာ ကိုယ်တို့လို အတွဲတစ်တွဲပါလာတာနဲ့ အပြန်အလှန် ရိုက်ပေးကြတော့ အတွဲပုံလေး ရခဲ့ပါတယ်။ ဒါက ဘူတာရှေ့ကနေ ဟိုးလှမ်းမြင်ရတဲ့ ဂုတ်ထိပ်တံတားနဲ့ ရိုက်ထားတာပေါ့လေ။

ဘူတာကနေမှ ရထားလမ်းလေးအတိုင်း ၅ မိနစ်ခန့် လျှောက်ရပါတယ်။ လမ်းမှာလည်း ဒီလိုထိုင်ချ ပြီး ၀တုတ်တစ်ယောက်ပဲပေးခဲ့ပါသေးတယ်။ လမ်းတစ်ဝက်ရောက်တော့ နောက်က ရုံပိုင်က လှမ်းခေါ်ပြီး ကူပါဆိုလို့ သူသယ်လာတဲ့ အအေးကပ်တွေ အမျိုးသားက ၀ိုင်းသယ်ပေးရပါသေးတယ်။ စကားပြောရင်း တီးခေါက်ကြည့်တော့ တံတားထိပ်မှာ ဆိုင်လေးတစ်ဆိုင်ရှိကြောင်း၊ ရုံပိုင်မိန်းမ ဖွင့်ထားတာဖြစ်ကြောင်းသိခဲ့ရပါတယ်။ (အဲဒိအချိန် လက်မှတ်ကို မရောင်းသေးပါဘူး။ ရထားလာခါနီးမှ ရောင်းမယ်ဆိုလို့ အပြန်လက်မှတ်မ၀ယ်ရသေးပါဘူး)

တံတားထိပ်နားမှာ ဆိုင်လေးတွေ့ရပါပြီ။ လက်ဖက်သုပ်၊ဂျင်းသုပ်၊ ထမင်းနဲ့ငါးကြော်၊ မုန့်စသည်တို့ကို ရောင်းနေတာပါ။ အပြန်ကျမှဝင်ထိုင်မယ်လို့ စိတ်ကူးပြီး ရှေ့ဆက်အလျှောက် တာဝန်မှအပ တံတားပေါ် မဖြတ်သန်းရဆိုတဲ့ ဆိုင်းဘုတ်ကို အနီရောင် ထင်ထင်ရှားရှားနဲ့ တွေ့ရပါတယ်။ ရှေ့ကသွားနှင့်တဲ့သူတွေလည်းသွားပြီ။ ကိုယ်တွေလည်း ဒီအထိတောင် တကူးတကလာရတာဆိုပြီး တံတားကို ဖြတ်ခဲ့ပါတယ်။ 

အအေးကပ်တွေကူသယ်ပြီး ဆိုင်ကိုပို့နေတဲ့ သူ

ဆိုင်းဘုတ်ကတော့ ဒီလိုဆိုထားတယ်

တံတားကအတော်ကြီးခိုင်ပါတယ်။ ဘေးက သံဘောင်တွေပေါ်မတက်ရင် ဒီလောက်ကြောက်စရာမကောင်းပါဘူး။ ဒါပေမယ့် တံတားဟိုဘက်အစွန်နားအရောက်မှာ တစ်နေရာ နှစ်နေရာလောက် သစ်သားတွေပေါက်နေတာ တွေ့ခဲ့ရပါတယ်။ တံတားဟိုဘက်ထိပ်ကနေ ဆက်သွားရင် ရထားလှိုဏ်ဂူဝတွေ့ရပါတယ်။ အပြန်ရထားမမီမှာစိုးလို့ လှိုဏ်ဂူထဲမ၀င်တော့ဘဲ အဲဒိကနေပဲ လှည့်ပြီး တံတားကို ပြန်ဖြတ်ပါတယ်။ တံတားအောက်ကို ကြည့်ရင် သေးသေးလေးမြင်နေရတဲ့ ရေတံခွန်ရဲ့ ရေစီးသံကတော့ တော်တော်ကိုကျယ်ပါတယ်။





အပြန်တော့ ခုနတွေ့ခဲ့တဲ့ ဆိုင်လေးမှာထိုင်ပြီး လက်ဖက်သုပ်စား ခဏနားရင်း ရထားအချိန်စုံစမ်းကြည့်တော့ နောက် ၁၅ မိနစ်လောက်ဆို လာပြီလို့ဆိုပါတယ်။ ရထားဥသြသံကြားပြီး ရထားကို မတွေ့ရတော့ ခဏခဏ လှုပ်မိတော့ ရုံပိုင်ကတော်ဆိုသူက ရယ်ပါတယ်။ စိတ်မပူနဲ့ ရထားကို ဟိုးတောင်စောင်းမှာ မြင်နေရပြီး အတော်ကြာတဲ့အထိ ရောက်မှာမဟုတ်ဘူး ရထားက တောင်ပတ်ဦးမှာလို့ ဆိုပါတယ်။ လက်မှတ်လည်းမ၀ယ်ရသေးတာနဲ့ ခဏနေ ဆိုင်ကနေထလာပြီး ဘူတာရုံဘက် လမ်းပြန်လျှောက်ခဲ့ပါတယ်။ သူက ရုံပပိုင်နဲ့ စကားလက်ဆုံကျနေပါသေးတယ်။ လက်မှတ်ကတော့ ရိုးရိုးတန်းပဲ ရပါတယ်။  နှစ်ယောက်မှ ၁၁၀၀ ကျပ်ပဲကျတဲ့ ရထားလက်မှတ်လေး ကြည့်ပါဦး။ ရထားက ၁ နာရီ ၂၀ မိနစ်ခန့် ရောက်ပါတယ်။


ဘူတာထဲ ၀င်လာနေတဲ့ရထားနဲ့ ဓာတ်ပုံရိုက်ချင်လှတဲ့မိန်းမကို သူ အလိုလိုက်ရှာပါတယ်။

ရထားက ချောင်ပါတယ်။ နေရာတော်တော်များများလွတ်နေလို့ နှစ်ယောက်စလုံး နေရာရပါတယ်။ ဒါတောင်တစ်ချို့ လူတွေ တစ်ယောက်တည်း တစ်ခုံကို အိပ်ပြီး လိုက်လာကြတာပါ။  ဂုတ်ထိပ်ဘူတာရုံဘေးမှာလည်း မုန့်ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ ရုံပိုင်သဘောကောင်းပုံများ ရထားပေါ်တက်လာပြီး နေရာရရဲ့လား လာကြည့်သေးတာပါ။


ခုန လက်ဖက်သုပ်လေးနဲ့ ခဏတာ ငြိမ်နေခဲ့တဲ့ ဗိုက်က ရထားပေါ်ကို ခေါက်ဆွဲကြော်သည် တက်လာတဲ့အချိန်မှာတော့ မရတော့ပါဘူး။ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော် ပေါ်ကို အချဉ်ရည်လောင်း၊ ငရုတ်သီးမှုန့်နဲ့ နယ်စားခဲ့ရတာအရသာ အခုချိန်တောင် ပြန်တွေးမိ ပြန်စားချင်ပါတယ်။ (ဂလု)



ပြင်ဦးလွင်ဘူတာကို ပြန်ရောက်တော့ ညနေ ၅ နာရီဝန်းကျင်ပါ။ နှစ်ယောက်သား အေးအေးဆေးဆေး လမ်းလျှောက်ပြီး ညစေျးမှာ ညစာစားပြီး ဟိုတယ်ကို လမ်းလျှောက်ပြန်ပါတယ်။ ဒီနေ့တော့ လမ်းလျှောက်တဲ့နေ့ပေါ့လေ။ မနက်ဖြန်လည်းလျှောက်ရဦးမှာပါပဲ။ ဓာတ်တော်ချိုင့်ရေတံခွန် (သို့) အနီးစခမ်းရေတံခွန်သွားမယ်လေ။ လိုက်ခဲ့ကြပါဦး။ 

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...