ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2

ဂုတ်ထိပ်တံတား
၂၃ ဒီဇင်ဘာ ၂၀၁၅

ဟိုတယ်ကနေ တုတ်တုတ်ငှားပြီး ပြင်ဦးလွင်ဘူတာကို မနက်စောစော ထွက်လာကြတာ ဟိုရောက်တော့ နိုင်ငံခြားသား တစ်ချို့ကို ကိုယ့်ထက်အရင်စောရောက်နေတာ တွေ့ရတယ်။

မြူတွေဆိုင်းနေတဲ့ ဘူတာရုံလေးကို အဝေးက လှမ်းမြင်ရတာ ရင်ခုန်စရာပါပဲ။ ရှေ့မှာ ရထားလုံးလေးလည်း ရှိသေးတယ်လေ။ ဘူတာရုံရဲ့ အမိုးနီနီလေးကို အုတ်ကြွပ်တွေလို့ ထင်ထားခဲ့တာ အနားရောက်မှ သွပ်ပြားတွေမှန်းသိခဲ့ရတယ်။



ရထားအချိန်ဇယားနဲ့ လက်မှတ်ခများကို ဒီလို မြင်သာထင်သာ ကြေငြာထားတယ်လေ။ တစ်ပြားမှ အပိုပေးစရာ မလိုပါဘူး။  ထိုင်ခုံနဲ့ထိုင်ရမှဖြစ်မယ်ဆိုတဲ့သူတွေ အထက်တန်းတွဲ၊ ပထမတန်းတွဲ ၀ယ်စီးပေါ့။ စီးမယ့်သူနည်းတော့ လက်မှတ်မရဖို့မပူရဘူး။ ရိုးရိုးတန်းကတော့ ထိုင်ခုံက ဦးရာလူပဲ။ ဈေးကလည်းတန်လိုက်တာ။ ပြင်ဦးလွင်ကနေ ဂုတ်ထိပ်ထိမှ ၅၅၀ ကျပ်ရယ်။ ကိုယ်တွေကတော့ ပြတင်းပေါက်နား ရှုခင်းကြည့်ချင်တာနဲ့ အထက်တန်းလက်မှတ်ဖြတ်လိုက်တယ်။ အထက်တန်းလက်မှတ်က ဂုတ်ထိပ်ဘူတာကျော်ပြီး နောက်တစ်ဘူတာ နောင်ပိန်ထိကို တစ်ယောက်မှ ၁၆၀၀ ကျပ်ပဲ။ ရထားစီးချိန် ၃ နာရီခန့်ရှိပါတယ်။



ဘူတာရုံထဲမှာတော့ နိုင်ငံခြားသားတစ်ချို့ရယ်၊ ဒေသခံတစ်ချို့ရယ်၊ ဈေးသည်တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ရောက်ပါသေးတယ်။ ဘူတာဆိုင်းဘုတ်တွေ့တော့ အမျိုးသားက ဘယ်ဘက်ကိုစီးရမှာလည်းမေးတော့ ခုနပဲ ရထားအချိန်ဇယားကြည့်လာတာ မှတ်မိပါတယ်။ ကိုယ်တို့သွားရမှာ ပွဲကောက်ဘက်ပေါ့။ ဘူတာစဉ်တောင် ရွတ်ပြနိုင်သေးတယ်။
ပြင်ဦးလွင်၊ ပွဲကောက်၊ ၀က်ဝံ၊ ဆင်လမ်းစု၊ ဆမ်ဆယ်၊ နောင်ချို၊ ဂုတ်ထိပ်။





ဖုန်းအားသွင်းရန်ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးနဲ့ မီးခလုတ်ခုံတွေမြင်လို့ ၀မ်းသာ ဂုဏ်ယူသွားတယ်။ တယ်ဟုတ်ပါလား ငါတို့ မြန်မာပြည်ကြီးတိုးတက်နေပြီပဲဆိုပြီး ။ ဖုန်းအားသွင်းဖို့ ကြိုးလေးထုတ် ပလပ်ပေါက်တပ် မီးမ၀င်တော့ ဟိုပြောင်းထိုးကြည့်၊ ဒီပြောင်းထိုးကြည့်။ မရ၊ ဆက်လေ့လာလိုက်တော့ နောက်က ပါဝါပေးထားတဲ့ ကြိုးက တန်းလန်း။ ဘယ်နဲ့မှလည်း ချိတ်ထားဘူး။ ရှက်လိုက်တာ။ ဒီမီးလေးပေးရတာ မီတာများတော်တော်တက်လို့လား မမီမကန်းဥာဏ်နဲ့ စဉ်းစားဖြေတွေးနေသေးတယ်။


ရထားက အချိန်မှန်ပါတယ်။ ၈ နာရီ ၂၀ ကျော်မှာ ဟိုးအဝေးက ပူးပေါ်မြည်ပြီး တရွေ့ရွေ့လာနေပါပြီ။ ရထားရှေ့လေးကနေ လမ်းဖြတ်ကူးနေသူတွေမြင်တော့ အသဲယားမိပါသေးတယ်။


အထက်တန်းတွဲက ၂တွဲပါလာလို့ ရထားဝန်ထမ်းတစ်ဦးက တက်ရမယ့်တွဲကို အော်ပေးပါတယ်။ ကိုယ်တက်ရမယ့် တွဲသိပြီဆိုတာနဲ့ ရထားရှေ့သွားဓာတ်ပုံရိုက်လိုက်ပါသေးတယ်။ ဒီလိုရထားမျိုး မှတ်တမ်းတင်ထားမှ။ နောင် ကိုယ်တို့နိုင်ငံ ခေတ်မီဖွံ့ဖြိုးသွားရင် ဒါမျိုးက ရှေးဟောင်းပြတိုက်ထဲမှာပဲ တွေ့ရတော့မှာလေ။


ရထားပေါ်မတက်ခင်သူ့ကို ဓာတ်ပုံရိုက်ပေးရင်း နှစ်ယောက်သား Mr. Bean's Holiday က မစ်စတာဘင်းကို သတိရလို့ ရယ်မိကြပါသေးတယ်။



စပ်စုစိန်ကိုယ်က ရိုးရိုးတန်းဘက် သွားကြည့်ဦးမယ်ဆိုပြီး ခဏတက်ကြည့်ပါသေးတယ်။ သစ်သားခုံလေးတွေနဲ့ ရထားတွဲတွေဟာ ကိုယ်ငယ်ငယ်တုန်းက အတိုင်းပါလား။ ကိုယ်ဟာ ဒီလိုခုံမျိုးမှာ အဘိုးနဲ့အတူတူထိုင်ပြီး အညာကို ခဏခဏသွားခဲ့ဖူးတာပေါ့။ အဲဒါ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကပေါ့။ ခုထိမပြောင်းလဲတဲ့ အရာတွေမြင်ရတာ ခံစားမှုက ဘယ်လိုပြောရမှန်းမသိအောင်ပါပဲ။ လွမ်းတာလည်းပါရဲ့။ လှိုက်ခနဲဝမ်းမြောက်တာလည်းပါရဲ့။ ၀မ်းနဲတာလည်းပါရဲ့။ 
ရိုးရိုးတန်းတွဲဆိုတာ ဒီလိုပုံထဲကအတိုင်းပါ။ 


အထက်တန်းတွဲ အတွင်းကတော့ အဝေးပြေးဘက်စ်တွေပေါ်က ဆိုဖာခုံတွေကို ပြောင်းတပ်ထားပုံရပါတယ်။ နောက်ကို လှန်လို့ရတဲ့ ခလုတ်တွေပါပေမယ့် တော်တော်များများတော့ လှန်မရပါဘူး။


ရထားပေါ်ကနေကြည့်ရင် နေကြာရိုင်းအခင်းတွေ ကို ၀ါထိန်နေအောင် တွေ့ရမှာပါ။ တစ်ချို့ပန်းတွေက ရထားပြတင်းပေါက်ကနေ လှမ်းခူးရင်တောင် ရနိုင်တဲ့ အကွာအဝေးမှာပါ။


ရထားကြီးခေါ်ဆောင်ရာနောက်လိုက်ရင်း ဟိုငေး၊ ဒီငေး ဟိုရိုက်ဒီရိုက်။

လမ်းတစ်လျှောက် စိုက်လက်စ စိုက်ခင်းတွေ၊ မီးခူးတစ်လူလူနဲ့ ဟိုးအဝေးက တောင်ယာတွေ၊ နွားကျောင်းသားနဲ့ သူ့နွားတစ်အုပ်၊ ကြံပင်တွေရိတ်နေတဲ့ တောင်သူတွေကို တွေ့ရပါတယ်။ ဆင်လမ်းစုဘူတာကနေ တောင်းတွေပလုံးတွေနဲ့ ရထားပေါ်တက်နေကြတဲ့ ဒေသခံတွေကိုကြည့်ရင်း အညာက အဒေါ်တွေကိုသတိရမိတယ်။

ထမင်းထုပ်နာမည်ကြီးတဲ့ နောင်ပိန်ကိုရောက်ပေမယ့် ဗိုက်မဆာသေးတာမို့ အပြန်မှစားမယ်လို့ တေးထားခဲ့တယ်။

နောင်ပိန်ဘူတာက ထွက်ပြီမကြာခင် နာမည်ကျော် ဂုတ်ထိပ်တံတားကြီးကို လှမ်းမြင်နေရပါပြီ။ ရထားက တောင်ကို ပတ်ဖောက်ထားတာကြောင့် တံတားက ကိုယ့်ရဲ့ညာဘက်မှာ မြင်ရလိုက် ၊ ဘယ်ဘက်မှာမြင်ရလိုက်နဲ့ ရထားပေါ်က နိုင်ငံခြားသားတွေလည်း ကင်မရာကိုယ်စီထုတ် စရိုက်နေကြပါပြီ။ ကဲ ကိုယ်လည်းမနေပါဘူး။ ပါတာလေး ထုတ်ရိုက်ဦးမှပဲ။


သိပ်မကြာခင်ပဲ ချစ်စရာကောင်းလှတဲ့ ဂုတ်ထိပ်ဘူတာကလေးကို ရထားဆိုက်ပါပြီ။ နိုင်ငံခြားသား တစ်ယောက်မှ မဆင်းပါဘူး။ ဆင်းတဲ့သူတွေအားလုံးက တံတားကို လမ်းလျှောက်ဖြတ်မယ်ဆိုတဲ့ ကိုယ်တို့ နိုင်ငံသူ နိုင်ငံသားတွေပါ။ လူငယ်တွေချည်းပါပဲ။ သူက အပြန်လက်မှတ်ကို စုံစမ်းနေတုန်း ကိုယ်ကတံတားကိုမြင်နေရတဲ့နေရာကနေ ဟိုရိုက်ဒီရိုက် ပေါ့။ (ဓာတ်ပုံပြောတာပါ)


ရထားပေါ်မှာ ကိုယ်တို့လို အတွဲတစ်တွဲပါလာတာနဲ့ အပြန်အလှန် ရိုက်ပေးကြတော့ အတွဲပုံလေး ရခဲ့ပါတယ်။ ဒါက ဘူတာရှေ့ကနေ ဟိုးလှမ်းမြင်ရတဲ့ ဂုတ်ထိပ်တံတားနဲ့ ရိုက်ထားတာပေါ့လေ။

ဘူတာကနေမှ ရထားလမ်းလေးအတိုင်း ၅ မိနစ်ခန့် လျှောက်ရပါတယ်။ လမ်းမှာလည်း ဒီလိုထိုင်ချ ပြီး ၀တုတ်တစ်ယောက်ပဲပေးခဲ့ပါသေးတယ်။ လမ်းတစ်ဝက်ရောက်တော့ နောက်က ရုံပိုင်က လှမ်းခေါ်ပြီး ကူပါဆိုလို့ သူသယ်လာတဲ့ အအေးကပ်တွေ အမျိုးသားက ၀ိုင်းသယ်ပေးရပါသေးတယ်။ စကားပြောရင်း တီးခေါက်ကြည့်တော့ တံတားထိပ်မှာ ဆိုင်လေးတစ်ဆိုင်ရှိကြောင်း၊ ရုံပိုင်မိန်းမ ဖွင့်ထားတာဖြစ်ကြောင်းသိခဲ့ရပါတယ်။ (အဲဒိအချိန် လက်မှတ်ကို မရောင်းသေးပါဘူး။ ရထားလာခါနီးမှ ရောင်းမယ်ဆိုလို့ အပြန်လက်မှတ်မ၀ယ်ရသေးပါဘူး)

တံတားထိပ်နားမှာ ဆိုင်လေးတွေ့ရပါပြီ။ လက်ဖက်သုပ်၊ဂျင်းသုပ်၊ ထမင်းနဲ့ငါးကြော်၊ မုန့်စသည်တို့ကို ရောင်းနေတာပါ။ အပြန်ကျမှဝင်ထိုင်မယ်လို့ စိတ်ကူးပြီး ရှေ့ဆက်အလျှောက် တာဝန်မှအပ တံတားပေါ် မဖြတ်သန်းရဆိုတဲ့ ဆိုင်းဘုတ်ကို အနီရောင် ထင်ထင်ရှားရှားနဲ့ တွေ့ရပါတယ်။ ရှေ့ကသွားနှင့်တဲ့သူတွေလည်းသွားပြီ။ ကိုယ်တွေလည်း ဒီအထိတောင် တကူးတကလာရတာဆိုပြီး တံတားကို ဖြတ်ခဲ့ပါတယ်။ 

အအေးကပ်တွေကူသယ်ပြီး ဆိုင်ကိုပို့နေတဲ့ သူ

ဆိုင်းဘုတ်ကတော့ ဒီလိုဆိုထားတယ်

တံတားကအတော်ကြီးခိုင်ပါတယ်။ ဘေးက သံဘောင်တွေပေါ်မတက်ရင် ဒီလောက်ကြောက်စရာမကောင်းပါဘူး။ ဒါပေမယ့် တံတားဟိုဘက်အစွန်နားအရောက်မှာ တစ်နေရာ နှစ်နေရာလောက် သစ်သားတွေပေါက်နေတာ တွေ့ခဲ့ရပါတယ်။ တံတားဟိုဘက်ထိပ်ကနေ ဆက်သွားရင် ရထားလှိုဏ်ဂူဝတွေ့ရပါတယ်။ အပြန်ရထားမမီမှာစိုးလို့ လှိုဏ်ဂူထဲမ၀င်တော့ဘဲ အဲဒိကနေပဲ လှည့်ပြီး တံတားကို ပြန်ဖြတ်ပါတယ်။ တံတားအောက်ကို ကြည့်ရင် သေးသေးလေးမြင်နေရတဲ့ ရေတံခွန်ရဲ့ ရေစီးသံကတော့ တော်တော်ကိုကျယ်ပါတယ်။





အပြန်တော့ ခုနတွေ့ခဲ့တဲ့ ဆိုင်လေးမှာထိုင်ပြီး လက်ဖက်သုပ်စား ခဏနားရင်း ရထားအချိန်စုံစမ်းကြည့်တော့ နောက် ၁၅ မိနစ်လောက်ဆို လာပြီလို့ဆိုပါတယ်။ ရထားဥသြသံကြားပြီး ရထားကို မတွေ့ရတော့ ခဏခဏ လှုပ်မိတော့ ရုံပိုင်ကတော်ဆိုသူက ရယ်ပါတယ်။ စိတ်မပူနဲ့ ရထားကို ဟိုးတောင်စောင်းမှာ မြင်နေရပြီး အတော်ကြာတဲ့အထိ ရောက်မှာမဟုတ်ဘူး ရထားက တောင်ပတ်ဦးမှာလို့ ဆိုပါတယ်။ လက်မှတ်လည်းမ၀ယ်ရသေးတာနဲ့ ခဏနေ ဆိုင်ကနေထလာပြီး ဘူတာရုံဘက် လမ်းပြန်လျှောက်ခဲ့ပါတယ်။ သူက ရုံပပိုင်နဲ့ စကားလက်ဆုံကျနေပါသေးတယ်။ လက်မှတ်ကတော့ ရိုးရိုးတန်းပဲ ရပါတယ်။  နှစ်ယောက်မှ ၁၁၀၀ ကျပ်ပဲကျတဲ့ ရထားလက်မှတ်လေး ကြည့်ပါဦး။ ရထားက ၁ နာရီ ၂၀ မိနစ်ခန့် ရောက်ပါတယ်။


ဘူတာထဲ ၀င်လာနေတဲ့ရထားနဲ့ ဓာတ်ပုံရိုက်ချင်လှတဲ့မိန်းမကို သူ အလိုလိုက်ရှာပါတယ်။

ရထားက ချောင်ပါတယ်။ နေရာတော်တော်များများလွတ်နေလို့ နှစ်ယောက်စလုံး နေရာရပါတယ်။ ဒါတောင်တစ်ချို့ လူတွေ တစ်ယောက်တည်း တစ်ခုံကို အိပ်ပြီး လိုက်လာကြတာပါ။  ဂုတ်ထိပ်ဘူတာရုံဘေးမှာလည်း မုန့်ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ ရုံပိုင်သဘောကောင်းပုံများ ရထားပေါ်တက်လာပြီး နေရာရရဲ့လား လာကြည့်သေးတာပါ။


ခုန လက်ဖက်သုပ်လေးနဲ့ ခဏတာ ငြိမ်နေခဲ့တဲ့ ဗိုက်က ရထားပေါ်ကို ခေါက်ဆွဲကြော်သည် တက်လာတဲ့အချိန်မှာတော့ မရတော့ပါဘူး။ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော် ပေါ်ကို အချဉ်ရည်လောင်း၊ ငရုတ်သီးမှုန့်နဲ့ နယ်စားခဲ့ရတာအရသာ အခုချိန်တောင် ပြန်တွေးမိ ပြန်စားချင်ပါတယ်။ (ဂလု)



ပြင်ဦးလွင်ဘူတာကို ပြန်ရောက်တော့ ညနေ ၅ နာရီဝန်းကျင်ပါ။ နှစ်ယောက်သား အေးအေးဆေးဆေး လမ်းလျှောက်ပြီး ညစေျးမှာ ညစာစားပြီး ဟိုတယ်ကို လမ်းလျှောက်ပြန်ပါတယ်။ ဒီနေ့တော့ လမ်းလျှောက်တဲ့နေ့ပေါ့လေ။ မနက်ဖြန်လည်းလျှောက်ရဦးမှာပါပဲ။ ဓာတ်တော်ချိုင့်ရေတံခွန် (သို့) အနီးစခမ်းရေတံခွန်သွားမယ်လေ။ လိုက်ခဲ့ကြပါဦး။ 

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3

No comments:

Post a Comment

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...