Showing posts with label မြန်မာပြည်. Show all posts
Showing posts with label မြန်မာပြည်. Show all posts

ကျိုက်ထီးရိုး ဘုရားဖူး


နိုဝင်ဘာ ၇ ရက်၊ ၂၀၁၆။
တနင်္လာနေ့။

ရန်ကုန် မန္တလေး အမြန်လမ်း - ရန်ကုန် မော်လမြိုင်လမ်း - ကျိုက်ထီးရိုး ဘုရားလမ်း

ဒီတစ်ခေါက်မြန်မာပြည် အပြန်မှာတော့ မရောက်တာ ကြာတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ပေါင်းလောင်းတောင်ကြောပေါ်မှာ ရှိပါတယ်။ ကားမောင်းချိန် ၄ နာရီခန့်သာ ကြာလို့ ရန်ကုန်ကနေ နေ့ချင်းပြန်ခရီးအနေနဲ့တောင် သွားကြပါတယ်။

ကိုယ်တို့ကတော့ ရန်ကုန်ကနေ မနက် ၄ နာရီမှာ စထွက်ပါတယ်။ မြောက်ဥက္ကလာမှတဆင့် ရန်ကုန် မန္တလေး အမြန်လမ်းပေါ်တက်ခဲ့ပြီး ၃၉ မိုင်လမ်းခွဲကနေ ဘုရားကြီးဘက်ကို ခွဲတဲ့လမ်းက သွားခဲ့ပါတယ်။ ၃၉ မိုင်လမ်းခွဲမှာ စားသောက်ဆိုင်တွေ အများကြီးရှိပေမယ့် အနည်းငယ်စောနေသေးတာကြောင့် ဆက်မောင်းခဲ့ပြီး မနက်စာကို ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းပေါ်က ကျိုက်ထို feel မှာ ခဏနားရင်း ၀င်စားခဲ့ပါတယ်။ အဲဒိအချိန် မနက် ၇ နာရီခန့်ရှိပါပြီ။


ထိုမှတဆင့် ကျိုက်ထိုမြို့ထဲ ဖြတ်လာပြီး မြို့အထွက်နားလောက်မှာ ကျိုက်ထီးရိုးသို့ဆိုတဲ့ ဆိုင်းဘုတ်ပြတဲ့ ဗယ်ဘက်ကိုချိုးပြီး မော်လမြိုင်လမ်းပေါ်က ဆင်းလာခဲ့ပါတယ်။ ကားလမ်းဘးတစ်ဘက်တစ်ချက်မှာ စီစီရီရီ စိုက်ထားတဲ့ ရာဘာခင်းတွေရှိပါတယ်။


ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်း ရောက်ပြီ



ကင်ပွန်းတောင်ခြေစခန်းဝင်ဝင်ချင်း မှာပဲ တောင်ပေါ်တက်မယ့် မော်တော်ယာဉ်စခန်း ရှိပါတယ်။ အနီးအနားမှာလည်း ကားအပ်လို့ရတဲ့ နေရာ အများအပြားရှိပြီး တစ်ရက်ကို ကျပ် ၃၀၀၀ ပါ။ တောင်ပေါ်တက်မယ့်ကားဂိတ်က အမိုးနဲ့သပ်သပ်ရပ်ရပ် ရှိပါတယ်။ အင်မတန်ကောင်းတဲ့ စက်အင်ဂျင်တပ် မော်တော်ယာဉ်များကိုသာ အသုံးပြုထားပြီး ကားမောင်းကျွမ်းကျင်တဲ့သူတွေသာ ဒီတောင်တက်လမ်းကို မောင်းကြတာပါ။ မော်တော်ယာဉ်မောင်းသူတိုင်း အကျီင်္အဖြူ ၀တ်ဆင်ကြပြီး တစ်ချို့ဆို သနပ်ခါး ပါးကွက်နဲ့ နှစ်လိုဖွယ် သန့်သန့်ရှင်းရှင်း ရှိကြပါတယ်။ တောင်ပေါ်ကားဂိတ်စခန်းကို ၄၅ မိနစ်ခန့် မောင်းရပါတယ်။



ခြေလျင်တက်မယ့်လမ်းကြောင်းရှိသေးပေမယ့် တစ်ချို့ အသင်းအဖွဲ့၊ တောင်တက်အတွေ့အကြုံလိုချင်သူတွေ၊ နိုင်ငံခြားသားတွေက လွဲရင် မော်တော်ယာဉ်နဲ့ပဲ တက်ကြတာ များပါတယ်။နောက်နှစ် ဧပြီမှာတော့ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်လို့ရမယ်လို့ ဆိုပါတယ်။ လမ်းမှာ မိုးဖွဲဖွဲကျထားတဲ့ အရှိန်နဲ့ တောင်ခြေက အနည်းငယ် အေးအေး မှိုင်းမှိုင်းရှိနေပါတယ်။ မိုးကာ အပါးလေးတွေ လိုက်ရောင်းနေသူတွေက တောင်ပေါ်မှာ မိုးတွေရွာနေတယ်။ မိုးကာ လေးတွေ ၀ယ်သွားပါ။ အပေါ်မှာ ဈေးကြီးတယ်ဆိုပေမယ့် မ၀ယ်ဖြစ်ခဲ့ပါဘူး။ ဘုရားဖူးတွေ တော်တော်များများရှိပြီး အရမ်းအကျပ်ကြီးတော့လည်း မဟုတ်ပါဘူး။

တောင်ပေါ်တက်မယ့်ကားပေါ်ကိုတော့ အလုအယက်တက်ရပါတယ်။တန်းစီစနစ်မရှိဘဲ ဦးရာလူ ကြိုက်တဲ့နေရာထိုင်ဖြစ်ပါတယ်။ ကားပေါ်ရောက်မှ ပိုက်ဆံ ပေးရမှာ ဖြစ်ပြီး နောက်ခန်းက တစ်ယောက်ကို ၂၀၀၀ ကျပ်ပါ။ အရင်က ၂၅၀၀ ကျပ်ဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ လျှော့ချပေးထားတာဖြစ်ပါတယ်။ ခုံတန်းတစ်တန်းကို လူ ၇ ယောက်ထိုင်ရပြီး လူဦးရေ အတိအကျသာ တက်ခွင့်ပြုပါတယ်။ ကားခေါင်းခန်းကတော့ တစ်ယောက်ကို ကျပ် ၃၀၀၀ ဖြစ်ပြီး စုစုပေါင်း ခရီးသည် ၅ ဦး စီးနင်းခွင့်ပြုပါတယ်။ ဒရိုင်ဘာဘေးမှာ ၂ ယောက်ထိုင်ရပြီး ဒရိုင်ဘာနောက်မှာ ခုံတန်းရှည်တစ်တန်းထားထားပြီး လူ၃ ယောက်စီးနင်းစေတာပါ။အဲဒိ အနောက် ခုံတန်းရှည်ပေါ်မှာ ခြေထောက်တော့ ချထိုင်လို့မရပါဘူး။ တင်ပြင်ခွေထိုင်မှ အဆင်ပြေပါတယ်။ ခေါင်းခန်းစီးမယ်ဆိုရင်တော့ ကားဝင်းထဲက တစ်နေရာမှာ အရင် စာရင်းပေးရပါတယ်။ သူတို့က စာရင်းပေးထားတဲ့သူနာမည်ကို မိုက်ခရိုဖုန်းနဲ့ ခေါ်ပြီး ဘယ်ကားနံပါတ်ကို သွားပါလို့ပြောပါတယ်။ ခေါင်းခန်းစီးတဲ့သူကတော့ လုတက်စရာ မလိုပါဘူး။ ပိုက်ဆံကတော့ နောက်ခန်းလိုပဲ ကားပေါ်ရောက်မှ ကားနောက်လိုက်ကို ပေးရတာပါ။ ကားတစ်စီးတစ်စီးဟာ ခဏနဲ့ ပြည့်သွားတာပါ။

ကင်ပွန်းစခန်းက ထွက်ပြီးမကြာခင် စစ်ဆေးရေးဂိတ်ကို ရောက်ပါတယ်။ လူအရေအတွက်ကို ရှေ့ခန်းနောက်ခန်း အကုန်စစ်ပြီးမှ ဆက်ထွက်ခွင့်ပြုပါတယ်။ အဲဒိနောက်တော့ တောင်ပေါ်အတက်လမ်း ကတော့ တကယ့်ကို ရင်တဖိုဖိုနဲ့ တက်ရတာပါ။

တောင်ပေါ်စခန်း ရောက်ပြီ



တောင်ပေါ်စခန်းကားဂိတ်ရောက်တော့ ဘုရားရင်ပြင်တော်ပေါ်ကို အနည်းငယ်လမ်းလျှောက်ရပါသေးတယ်။ ၁၀ မိနစ် လောက်ကြာမလားပဲ။ ပစ္စည်းတွေ သယ်လို့မနိုင်ရင် အထမ်းသမားငှားလို့ရပါတယ်။ တစ်ခြင်းအပြည့်မှ ၃၀၀၀ ကျပ်ကနေ ၄၅၀၀ ကျပ်လောက်ပါပဲ။ ကိုယ်တွေက အထုပ်ကြီးကြီးမားမားမပါတော့ အထမ်းသမား မငှားဖြစ်ခဲ့ပါဘူး။ မငှားတော့ပါဘူး ပြောတာတောင်မှ အထမ်းသမားတစ်ယောက် လိုက်လာတာ ရင်ပြင်တော်အထိပါပဲ။



တောင်ပေါ်စခန်းကနေ ရင်ပြင်တော်ပေါ်တောက်လျှာက် လမ်းမှာ ဆိုင်ခန်းတွေ ရှိပါတယ်။ နေကာမျက်မှန်၊ ဦးထုပ်၊ ၀ါးသေနတ်၊ စားစရာဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ ရှိပါတယ်။ လမ်းအလယ်မှာ ဖြည်းဖြည်းလမ်းလျှောက်ရင်း ဆွမ်းခံနေတဲ့ ရသေ့ ရဟန်းတွေလည်း တွေ့ရပါတယ်။ ဟိုငေး ဒီငေးနဲ့ပဲ ရင်ပြင်တော် မုဒ်ဦးပေါက်ဝကို ရောက်လာတော့တာပေါ့။


ရင်ပြင်တော်ပေါ်မှာ ဟိုးအရင်တုန်းက ပျားပန်းခပ်မျှ တွေ့ရတဲ့ အလှူခံတွေ ဓာတ်ပုံဆရာတွေ မတွေ့ရတော့ဘဲ တော်တော်များများ တွေ့ရတာက ဖုန်းအားသွင်းပေးတဲ့ ဆိုင်တွေပါပဲ။ ကြိုးပေါင်းစုံ ရှုပ်ရှက်ခပ်နေတဲ့ ဆိုင်သေးသေးလေးတွေက ဘယ်အမျိုးအစား ဖုန်းကိုမဆို အားသွင်းပေးပြီး အားအပြည့်ကို ၅၀၀ ကျပ်ယူတယ်လို့ သိရပါတယ်။ ခေတ်ရဲ့ တောင်းဆိုမှုတွေကြောင့် ရှိလာရတဲ့ စီးပွားရေး လုပ်ငန်းတွေပေါ့လေ။


တည်းခိုမယ့်နေရာ ရှာကြစို့

ရင်ပြင်တော်ပေါ်မှာ မိုးမရွာပေမယ့် မိုးငွေ့ တိမ်ငွေ့တွေနဲ့ အုပ်ဆိုင်းပြီး ရှေ့ကိုတောင် ပီပီပြင်ပြင်မမြင်ရပါဘူး။ ကျောက်ပြားတွေ ရေငွေ့တွေနဲ့ စိုနေတာကြောင့် ချော်မလဲအောင် မနည်းထိန်းပြီး တည်းမယ့် တည်းခိုဆောင် ရှာရပါတယ်။ နောက်ဆုံးတော့ ဘုရားနဲ့ အနီးဆုံး ရင်ပြင်တော်ပေါ်က တိဿဆောင်မှာပဲ တည်းဖြစ်ပါတယ်။ တိဿဆောင်ဆိုပေမယ့် ကြူကြူဝင်းက ကန်ထရိုက်ယူထားပုံရပါတယ်။ တည်းခိုဆောင်အောက်ထဲ ဆင်းသွားတဲ့အခါ သူတို့နာမည်နဲ့ ဖြစ်သွားပါတယ်။ ဆက်ဆံရေး တော့ တော်တော်ကောင်းပါတယ်။ ရေချိုးခန်း အိမ်သာ တွဲလျက်အခန်း ပြည့်သွားလို့ ရိုးရိုးအခန်း နှစ်ယောက်အိပ်ကို တစ်ည ၂၀၀၀၀ ကျပ် ပေးရပါတယ်။ အခန်းထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံး မှန်တင်ခုံ တစ်ခု နဲ့ စားပွဲအသေးတစ်ခု ရှိပါတယ်။ အခန်းအနေအထားက မဆိုးပေမယ့် ခေါင်းအုံး၊ အိပ်ရာခင်းကတော့ တော်တော်ကို နွမ်းပါတယ်။ အနံ့အရမ်း ဆန်းဆန်းတင့်တဲ့ကိုယ်က ခေါင်းအုံးကအနံ့တစ်ခုရတယ်ဆိုပြီး ပါလာတဲ့ မျက်နှာသုတ်ပုဝါ ကို ခေါင်းအုံးပေါ်ခင်းအိပ်ပါတယ်။ သူငယ်ချင်းများက ရိုးရိုးလေး ဟိုတယ် ၃  ကို ညွှန်းကြပေမယ့် လူကြီးတွေပါလာတော့ ရင်ပြင်တော်နဲ့ အနီးဆုံး၊ ဘုရားဖူးဖို့ ပင်ပင်ပန်းပန်းမတက်ရတဲ့ နေရာကို ရွေးလိုက်တာပါ။ အပြင်က ရေချိုးခန်း အိမ်သာကတော့ ၅ ခန်းလောက်ရှိပြီး သန့်ပါတယ်။ ရေလည်း ပေါပေါများများပါပဲ။ ဒါပေမယ့် အိပ်ခန်းတွေက အသံမလုံတော့ ည၁၂ နာရီလောက်ထိ အိပ်မရပါဘူး။ အပြင်က စကားပြောသံတွေ အခန်းထဲကနေ အတိုင်းသား ကြားနေရတာပါ။  မနက်လည်း ၅ နာရီဆို စဆူညံနေပါပြီ။




ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီး ဖူးကြရအောင်

အိပ်မယ့်နေရာ အဆင်ပြေပြီဆိုတော့ ပစ္စည်းတွေထားပြီး ဘုရားဖူးကြတာပေါ့။ မနက် ၉  နာရီ နီးပါးဆိုပေမယ့် နေမင်းရဲ့ အရိပ်အရောင် တစွန်းတစ မမြင်ရဘဲ ဝေမှိုင်းနေတာ စေတီကို အနားရောက်မှ မြင်ရတဲ့ အထိပါပဲ။ တောင်အောက်ကို ကြည့်တော့လည်း ကောင်းကောင်းဘာမှ မမြင်ရဘဲ တောင်ခိုးတွေ ဝေနေတာပါ။ ဘုရားကို ရွှေသင်္ကန်းကပ်၊ အေးအေးဆေးဆေးဖူးပြီး ဈေးဆိုင်တန်းတွေဘက် ဆင်းခဲ့ပါတယ်။





ဈေးဆိုင်တန်းတွေဘက် ဆင်းဆင်းချင်း တွေ့ရမှာက ဆီထမင်းသည်များ ဖြစ်ပြီး အဲဒိနောက်မှာတော့ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ရန်ကုန် မုန့်ဟင်းခါးဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်တို့ကို သပ်သပ်ရပ်ရပ်တွေ့ရပါတယ်။ ဆီထမင်းသည်က ဆီထမင်း ပူပူလေးလို့ အော်မရောင်းဘဲ ကြွပ်ကြွပ်လေးလို့ ပြောရောင်းပါတယ်။ ဟုတ်တာပေါ့ ဒီလောက်အေးနေတဲ့ လေတွေတိုက်နေတဲ့ တောင်ပေါ်မှာ ဒီအတိုင်းဗန်းထဲထည့်ထားတဲ့ ဆီထမင်းက ဘယ်ပူနိုင်ပါတော့မလဲ။ အပြင်သားတွေက အနည်းငယ် မာနေပေမယ့် အထဲက တော်တော်အိပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်တွေ အများကြီးရှိပေမယ့် ငယ်ငယ်ကလို ကျိုက်ထီးရိုး သေနတ်တွေ၊ ဓားတွေ ရောင်းတဲ့ဆိုင် တော်တော် နည်းသွားပါပြီ။ တစ်ဆိုင်စ နှစ်ဆိုင်စ တွေ့ပေမယ့် ပစ္စည်းက ဟိုးအရင်ကလို တောင်ပုံရာပုံ မရှိပါဘူး..ကျိုက်ထီးရိုးဘုရားကြီးရဲ့ မဖြစ်မနေ လက်ဆောင် ၀ါးသေနတ်၊ ၀ါးဓားလေးတွေကို အခုထက်ထိ ၀ယ်နေကြတဲ့သူတွေကတော့ ဟိုး အထက်အညာကနေ ဘုရားလာဖူးကြတဲ့ အညာသူ အညာသား ဦးကြီး ဒေါ်ကြီးတွေပါပဲ။  သူတို့ဝယ်သွားတဲ့ သေနတ်တွေကို သူတို့ တူလေး မြေးလေးတွေ မက်မက်မောမော ဆော့ကြပါ့မလားလို့ တွေးပူမိပါသေးတယ်။





နိုဝင်ဘာအစဆိုတော့ ရာသီဥတုက အများကြီး မအေးသေးပါဘူး။ မိုးကလည်း ရွာချင်ချင်ဖြစ်နေတော့ မိုးရွာရင် အေးတဲ့ အအေးလောက်ပဲ စိမ့်စိမ့်လေး အေးတာပါ။ ဟိုးအရင်တုန်းက ကျိုက်ထီးရိုးလာရင် ရသေ့တောင်၊ ကျီးကန်းပါးစပ်၊ ကျောက်ထပ်ကြီး၊ ရေတံခွန်စသည်တွေကို သွားလေ့ရှိပေမယ့် အသက်အရွယ်အရ မသွားနိုင်တော့မှန်း ကိုယ့်ကိုယ်ကို သိတော့ ကျီးကန်းပါးစပ်လှိုဏ်ဂူလောက်ပဲ သွားဖို့ စီစဉ်ပါတယ်။

တကယ်လို့ ရေတံခွန်သွားချင်သူများအတွက် တောင်ပေါ်စခန်းမှာ ရေတံခွန်သွားတဲ့ ကားတွေရှိပါတယ်။ ကားနဲ့သွားရင် ရေတံခွန်ထိ တောက်လျှောက် ရောက်သွားပြီး တစ်ယောက်ကို ၄၀၀၀ ကျပ်လို့ အသိတစ်ယောက်က ပြောပါတယ်။

ကျီးကန်းပါးစပ်ဂူ သို့




တိဿဆောင်ဘေးနားက လမ်းကပဲ ကျီးကန်းပါးစပ်ဂူကို ဆင်းပါတယ်။ လှေကားတွေက မတ်ပြီး တစ်ချို့နေရာတွေမှာ လက်ရန်းကောင်းကောင်း မရှိတဲ့အတွက် အသက် အရွယ်ကြီးသူတွေအဖို့ တော်တော်ဂရုစိုက်ရပါမယ်။ ဂူသို့ဆင်းတဲ့ လမ်းတောက်လျှောက် ဘေးနှစ်ဘက်လုံးမှာ ဆိုင်တွေ ရှိတဲ့အတွက် ဖြည်းဖြည်းအေးအေးဆေးဆေး နားရင်း ဆင်းပါတယ်။ လမ်းမှာ စားသောက်ဆိုင် တစ်ချို့ရှိပြီး ကျားသား၊ ယုန်သား၊ ဂျီသား စသည်ဖြင့် သားကောင်ပေါင်းစုံ ရောင်းပါတယ်။ ကျပ်တင်ထားတဲ့ အကောင်မပျက် အသားတွေကို ဆိုင်ရှေ့မှာ ပြထားပြီး စားမယ်ဆိုမှ ကြော်ပေးတာပါ။ ဆိုင်တစ်ဆိုင်မှာ ရေနွေးသောက်ရင်း ယုန်သားကြော် စားခဲ့ပါတယ်။ အသားအရမ်းနူးညံ့ပြီး ချိုနေပေမယ့် မျက်စိထဲမှာ ယုန်အကောင်လိုက်လေးပဲမြင်ယောင်နေတော့ မြည်းရုံပဲ မြည်းခဲ့လိုက်ပါတယ်။ ဈေးက တစ်ပွဲကို ကျပ် ၆၀၀၀ ပါ။ အသားက တော်တော်များများ ပါပါတယ်။
ရေနွေးပူပူလေး မှုတ်သောက်ရင်း တစ်မျှော်တစ်ခေါ်မြင်နေရတဲ့ တောင်တန်းတွေကို ငေးရင်း ဗူးသီးကြော်စားခဲ့ပါတယ်။




ကျီးကန်းပါးစပ်ဂူရောက်တော့ ၀တ်စုံဆင်တူလေးတွေနဲ့လူငယ်တွေ အများကြီးတွေ့ရပါတယ်။ ကျောင်းတစ်ခုခုက စုပြီးခရီးထွက်လာပုံရပါတယ်။ ဂူရဲ့အပေါ် ကျောက်တုံးနှစ်ခုကြားက အပေါက်ထဲကို အကြွေစေ့တွေပစ်ရင်း ပျော်နေ ဆူညံနေကြတာ ဟိုးတုန်းက ကိုယ့်ကိုယ့်ကို ပြန်မြင်နေရသလိုပါပဲ။ အကြွေစေ့လဲလို့ရတဲ့ နေရာလည်း ဂူရှေ့မှာတင်ရှိပါတယ်။ ဂူဘုရားထဲကို ၀င်ဖူးဖို့ ဂူအ၀င်ပေါက်ကို ကြည့်ပြီး ကိုယ်တို့တွေ တွန့်သွားပါတယ်။ သူကတော့ မ၀င်တော့ဘူး.. သူမဆံ့ဘူး ပြောပေမယ့်.. ကျိုက်ထီးရိုးလာတိုင်း ဂူထဲဝင် ပြီး ဘုရားဖူးလေ့ရှိတဲ့ကိုယ်ကတော့ ၀င်ကြည့်ဦးမယ်ဆိုပြီး အပေါက်ဝ ကို တိုးခဲ့လိုက်ပါသေးတယ်။ ၀င်လို့မရတဲ့အဆုံး ရှက်ရှက်နဲ့ပဲ ပြန်လှည့်လာခဲ့ရပါတယ်။ ၀မ်းလျားမှောက်ဝင်မှပဲ ရတော့မယ့် အနေအထား ဖြစ်နေတော့ ကိုယ့်အခြေအနေ ကိုယ်မသိဘဲ ကြိုးစားမိခဲ့လေခြင်းလို့ ရှက်နောင်တ ဖြစ်ခဲ့ရတာပေါ့။ကဲ ကီလို ၆၀ ၀န်းကျင်တွေ ၀င်မရဘူးဆိုတဲ့အကြောင်း ဒီကနေသတိပေးလိုက်ပါတယ်နော်.. ဟီး။


ကျီးကန်းပါးစပ်ဂူသွားတဲ့ လမ်းမှာ စိတ်အချမ်းသာဆုံးကတာ့ ဟိုးအရင်ကလို အလှူခံတွေ မရှိတော့တာပါပဲ။ အတင်းကာရော အလှူခံနေကြတဲ့၊ မလှူချင်လို့ မျက်နှာလွှဲမိရင် ငရဲကို အခုပဲကျတော့မယ့်အတိုင်း ပြောနေတဲ့၊ မလှူဘဲနေလို့မရအောင် လမ်းပိတ်ထားတဲ့ အလှူခံတွေ လုံးဝ မရှိတော့တာပါ။



အပြန်ခရီးကိုတော့ နောက်တစ်လမ်းက ပြန်ပါတယ်။ အလာလမ်းထက် ပိုနီးပါတယ်။ နဲနဲတော့ ပိုမတ်ပါတယ်။ ထုံးစံအတိုင်း ဖြည်းဖြည်းချင်း နားလိုက် ပြန်တက်လိုက်လုပ်ပြီး နောက်ဆုံးကျ ရင်ပြင်တော်နား ပြန်ရောက်လာပါတယ်။ နေ့လည်စာစားပြီး တည်းခိုခန်းခဏပြန်နား၊ ရေချိုးပြီး ညနေဘက်ကျ ဘုရားသေချာဖူးဖြစ်ပါတယ်။ ရောက်ခါစထက် ဘုရားဖူးတွေ  ပိုများလာပြီး နေကလည်း ကောင်းကောင်းမထွက်ပါဘူး။ ဘုရားအနီးမှာ ထိုင်နေတုန်း ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး အနှိပ်ခံမလား ဆေးမြစ်စုံနဲ့ နှိပ်ပေးတယ်လို့ လာလာမေးကြပါတယ်။ အသက် ၈ နှစ် ၁၀ နှစ် အရွယ်လေးတွေပါ။ မညောင်းပါဘူးကလေးရယ် အနှိပ်မခံတော့ပါဘူးဆိုတော့ အနီးမှာ တခြားကလေးတွေနဲ့ ဆော့နေကြပါတယ်။ အနားကို လူအသစ်လာထိုင်ရင် လာမေးလိုက်..ပြန်ဆော့လိုက်နဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေပါ။


ရင်ပြင်တော်ပေါ်မှာလည်း အလှူခံ ဌာန တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ ဘယ်နေရာမှာမှ အလှူမခံပါဘူး။ အလှူခံလို့ရတဲ့ ပိုက်ဆံကိုလည်း နေ့စဉ်နေ့တိုင်း ဘယ်လောက်ရပြီလဲဆိုတာ သေသေချာချာ ပြထားပါတယ်။ ဘုရားရှေ့က အလှူခံပုံးတွကိုလည်း ဟိုးအရင်ကလို တခြားနေရာတွေအတွက် သုံးတာမျိုး မရှိတော့ဘဲ ဘုရားကြီးအတွက်ပဲ သုံးမယ့် အလှူခံပုံးတွေပဲ ထားတယ်လို့ သိရပါတယ်။ လမ်းတွေက အလှူခံပုံးတွေလည်း မရှိတော့ပါဘူး။ ဟိုးအရင်က ကန်ထရိုက်ပေးထားတဲ့ အလှူခံဌာနတွေ အရမ်းဆိုးတယ်လို့ လူပြောများနေတဲ့ ကျိုက်ထီးရိုးဘုရားရဲ့ နာမည်ဆိုးကြီးက အခုတော့ အတိတ်တစ်ခု ဖြစ်သွားပါပြီ။

နောက်နေ့မနက်စောစော တောင်အောက်ဆင်းမယ်ဆိုတော့ တည်းခိုတဲ့နေရာမှာပဲ ဆွမ်းတော်ပွဲမှာလိုက်ပါတယ်။ ၃၀၀၀ ကျပ်တန်က စပြီး ၅၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် တစ်သောင်းကျပ်တန် ဆွမ်းတော်ပွဲတွေ က ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီး ခွဲထားတာပါ။ ဒါကတော့ ခုထိ ကန်ထရိုက်စနစ်နဲ့လို့ ထင်ပါတယ်။


နောက်တစ်နေ့မနက် ၅ နာရီမှာတော့ မှာထားတဲ့ ဆွမ်းတော်ပွဲ ကို ဆိုင်မှာသွားယူရပါတယ်။ ဆွမ်းတော်ကပ်တဲ့အခါ ဟိုးတုန်းကလို ကိုယ်က ကပ်နေတုန်း ဆိုင်က ဆွမ်းတော်ပွဲသိမ်းသွားတာတို့ ဘာတို့တို့ မတွေ့ခဲ့ရပါဘူး။ ဆွမ်းတော်ပွဲရောင်းတဲ့ဆိုင်ကလည်း တစ်ဆိုင်တည်းပဲ တွေ့ပါတယ်။ အဲဒါကြောင့်လားတော့ မသိပါဘူး။ ဆွမ်းတော်ပွဲတွေကို ကပ်တဲ့သူ ထွက်သွားမှ လိုက်သိမ်းပေးတဲ့ အဖွဲ့သပ်သပ်ရှိပါတယ်။ အနားက တစ်ချို့သီလရှင်တွေကို သူတို့လိုမယ်ထင်တဲ့ ပစ္စည်းတွေ စွန့်ပေးပါတယ်။


နံနက် ၆ နာရီမှာတော့ တောင်ပေါ်ကနေ ဆင်းပါတယ်။ တောင်အောက်ရောက်လို့ ကားပေါ်က ဆင်းတယ်ဆိုရင်ပဲ ရန်ကုန်သွားမလား၊ မော်လမြိုင်သွားမလား၊ ပဲခူးသွားမလားနဲ့ ခရီးသွားကား တွေရဲ့ ခေါ်သံတွေက ဆီးကြိုနေပါလိမ့်မယ်။ အနားတစ်ဝိုက်မှာလည်း ကျိုက်ထီးရိုးပြန် လက်ဆောင် ယိုပေါင်းစုံနဲ့ ကဒတ်ခြောက် ရောင်းနေတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။


ကဲ .. လက်ဆောင်ပစ္စည်းတွေ ၀ယ်ပြီးသွားရင်တော့ ကျိုက်ထီးရိုးကနေ ပြန်ကြစို့ရဲ့။

( တကယ်က ရန်ကုန် မပြန်သေးပါဘူး... မော်လမြိုင် ဆက်သွားဖြစ်ပါတယ်.. နောက်တစ်ပို့စ်မှာ မော်လမြိုင်ခရီးစဉ်အကြောင်း ရေးပါရစေ..)




ပြည် ဘုရားဖူး သွားကြမယ် (၂)




၂၇ ဒီဇင်ဘာ ၂၀၁၅
အကောက်တောင် ၊ ထုံးဘိုတစ်ဖက်ကမ်း။


ပြည်မြို့မှ ထုံးဘိုမြို့သို့

မနက်စောစောထပြီး ဟိုတယ်မှာပဲ မနက်စာစားလိုက်ပါတယ်။ ဟိုတယ်မှ တစ်ခါတည်း check out လုပ်ပြီး အကောက်တောင်ဘက်ကို ပြည်န၀ဒေးတံတားကြီးကို ကူးပြီး စတင်ထွက်ခွာခဲ့ပါတယ်။

အကောက်တောင်လို့ခေါ်တဲ့နေရာက ဧရာဝတီမြစ်ကမ်းဘေး ဧရာဝတီတိုင်းအတွင်းမှာ တည်ရှိပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအရ ပဲခုးတိုင်း ထုံးဘိုမြို့ နှင့်နီးပြီး သွားရလွယ်တာကြောင့် ထုံးဘို အကောက်တောင်လို့ လူသိပိုများပါတယ်။ ဖတ်ရသမျှအနေနဲ့ကတော့ ၁၈၅၃ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီးမှာ ဒီအကောက်တောင်နေရာက အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ပိုင်းခြားတဲ့ နေရာဖြစ်သွားပါတယ်။
အထက်ပိုင်းကတော့ မြန်မာဘုရင်ပိုင်ပြီး၊ အောက်ပိုင်းကတော့ အင်္ဂလိပ်ပိုင်ဖြစ်သွားတာပါ။ အင်္ဂလိပ်တွေက ဒီနေရာမှာ အကောက်ခွန်စခန်း တည်ဆောက်ပြီး အဲဒိနေရာကိုဖြတ်ပြီး ဧရာဝတီမြစ်အတွင်း စုံဆန် ကုန်စည်ရောင်းဝယ်ကြတဲ့ လှေတွေကို အခွန်ကောက်ပါတယ်။ တစ်ခါတစ်လေ ရာသီဥတုကြောင့် ဧရာဝတီမြစ်အတွင်း ၀ဲဂယက်များထရာမှာ ခရီးဆက်လို့မဖြစ်နိုင်တာကြောင့် စောင့်ဆိုင်းရတဲ့အခါမှာ ဖြစ်ဖြစ်၊ အခွန်ကောက်တဲ့လှေတွေ အရမ်းများလို့ ရက်နဲ့ချီပြီး တန်းစီရတဲ့အခါမှာဖြစ်ဖြစ်  လှေထိုးသားတွေက သူတို့ အားတဲ့အချိန်တွေကို မြစ်ကမ်းဘေး ကျောက်နံရံများမှာ မြတ်စွာဘုရား ပုံတော်များထွင်းထုပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ အဲလိုနဲ့ ဒီနေ့ အကောက်တောင်ဘုရားများလို့ နာမည်ကြီးလာတဲ့ ကျောက်ထွင်းဘုရားများ ဖြစ်လာပါတယ်။


လမ်းဘေးတစ်နေရာ

ပြည်မြို့ကနေ ထုံးဘိုမြို့ကို ၂ နာရီခန့် မောင်းရပါတယ်။ ကားလမ်းတော်တော်သာပါတယ်။ လမ်းမှာ ဥသျှစ်ပင်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာကို ဖြတ်ရပါတယ်။ ရွာလို့ခေါ်ပေမယ့် မြို့ ဖြစ်ပုံရပါတယ်။ ဈေးရှေ့က ဖြတ်သွားတဲ့အခါ လူအရမ်းစည်တာကြောင့် ကားကို ဖြည်းဖြည်းပဲ မောင်းလို့ရပါတယ်။


ထုံးဘိုမြို့ ဆိပ်ကမ်း

ထုံးဘိုမြို့ကတော့ မြို့လို့ နာမည်တပ်ပေမယ့် ရွာတစ်ရွာလို့ပဲ မြင်ပါတယ်။ သခင်မြရဲ့ မွေးရပ်မြေလို့ ဆိုင်းဘုတ်ထူကာ မြို့သူမြို့သားတွေ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။  ရွာမှ လမ်းအတိုင်းမောင်းလို့ လမ်းဆုံးရင် အကောက်တောင်ဘက်ကမ်းကိုကူးမယ့် လှေဆိပ်ကို ရောက်ပါပြီ။ ကားဝင်းလို့ခေါ်တဲ့ မြေကွက်ကျယ်ကြီးတစ်ခုမှာ ကားရပ်လို့ရပါတယ်။ အဲဒိကပ်ရပ် အများသုံးအိမ်သာလည်း ၆ လုံးလောက်ရှိပါတယ်။ ဟိုဘက်ကမ်းကိုကူးမယ့် လှေ၊ စက်တပ် သမ္ဗာန်များနှင့် လက်မှတ်ဝယ်ရန် ရုံလေးတွေ တွေ့ရပါတယ်။ ဘုရားတင်ဖို့ ပန်း၊ ညောင်ပင်ထောက်ဖို့ ၀ါးတုတ်ချောင်းလေးတွေ၊ ဘုရားပူဇော်ဖို့ အမွေးတိုင်များကို လိုက်ရောင်းနေတဲ့ ဈေးသည်တွေ ထဲက  မိန်းကလေး ခပ်ငယ်ငယ်ဆီက အားပေးလိုက်ပါတယ်။ 


ထုံးဘိုမြို့ဆိပ်ကမ်း (အကောက်တောင်ဘက် ကူးရန်နေရာ)

စက်လှေကတော့ သူများနဲ့ အတူတူစီးရင် ဈေးတစ်မျိုး ၊ တစ်စီးလုံး ကိုယ့်အုပ်စုပဲသွားရင် ဈေးတစ်မျိုးပါ။ နေအရမ်းပူနေတာကြောင့် သူများကို မစောင့်တော့ဘဲ တစ်စီးလုံးပဲ ငှားလိုက်ပါတယ်။  (ဈေးကတော့ သူ့ပြန်မေးကြည့်လိုက်ပါဦးမယ်။ မေ့နေလို့)


ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ဧရာဝတီမြစ်တစ်လျှောက် ၅ မိနစ်လောက်မောင်းရင် မြစ်ကမ်းဘေး တောင်နံရံတွေဆီမှ အကောက်တောင် ဘုရားတွေကို စတင်ဖူးမျှော်လို့ရပါပြီ။ ကင်မရာနဲ့ ဘယ်လိုပဲ မှတ်တမ်းတင်တင် အပြင်မှာ မြင်ရတဲ့ အလှ၊ မြစ်ကြောင်းပေါ်မှ ဖြတ်တိုက်လာတဲ့ လေအေးကို ဓာတ်ပုံထဲမှာတော့ မမြင်ရနိုင်ပါဘူး။ စက်လှေပေါ်မှာ မောင်းတဲ့သူနဲ့အတူ ၈နှစ်အရွယ် ကလေးတစ်ယောက် ပါလာပါတယ်။ သူကတော့ လှေအဆင်းအတက်မှာ လှေကို ကိုင်ပေးပြီး ကူညီပါတယ်။ စက်လှေမောင်းသမားက အကောက်တောင်ဘုရားတွေစတင်မြင်ရတဲ့နေရာကစပြီး လှေကို ဖြည်းဖြည်းပဲ မောင်းပါတယ်။ 

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ


ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

၁၅ မိနစ်လောက် အကြာမှာတော့ အကောက်တောင်ဘက် ကမ်းကို ဆိုက်ပါပြီ။ လှေပေါ်က ကလေးက ကိုယ်တို့နဲ့ အတူ တောက်လျှောက်လိုက်လာပါတယ်။ 


အကောက်တောင်ဆိပ်ကမ်း

အကောက်တောင် ဆိပ်ကမ်းအနီးမှ လှေများ


အကောက်တောင် အတက်လမ်း

အကောက်တောင် အတက်လမ်း

ကမ်းဆိပ်ကနေ တောင်ပေါ်တက်တဲ့အခါ တစ်ချို့နေရာ လှေကား တစ်ချို့နေရာ မြေညီတောင်ပတ်လမ်းနဲ့ တက်ရပြီး အတက်က တော်တော်ပြေပါတယ်။ အရမ်းအမြင့်ကြီးလည်း မဟုတ်ပါဘူး။ လမ်းတစ်လျှောက် ဈေးသည်လေးတွေ ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ထိုင်ရောင်းနေတာ တွေ့ရပါတယ်။ ကိုယ်လည်း ကလေးအဖော်နဲ့ တက်ရင်း စပ်စုကြည့်တော့ ကလေးက ၇ တန်း ကျောင်းသားပါ။ ကျောင်းတက်ရင်း ပိတ်ရက်တွေ မှာ ဒီကို လာပြီး ခရီးသည်တွေကို ကူညီတဲ့ အလုပ်ကို လုပ်နေတာပါ။ အရမ်းချစ်ဖို့ ကောင်းပါတယ်။ စကားဝဲလွန်းလို့ အမျိုးသားက နားမလည်ပါဘူး။ စကားပြောတဲ့အခါ ရိုးသားတဲ့ဟန်က အထင်းသားပေါ်ပါတယ်။ ကိုယ်က အညာလေသံ၊ သထုံလေသံ၊ မွန်လေသံ အမျိုးမျိုးကို နားရည်ဝအောင် နားထောင်နေကျဆိုတော့ သူဘာပြောနေလဲဆိုတာ နားလည်ပါတယ်။ အမျိုးသားနဲ့ သူနဲ့ ကြားမှာ စကားပြန်လည်း လုပ်ရပါသေးတယ်။ 


ဧရာဝတီရဲ့ မြေနုကျွန်း

အကောက်တောင်မှ မြင်ရတဲ့ ဧရာဝတီမြစ်

တောင်ပေါ်မှာတော့ စေတီတစ်ဆူ ရှိပါတယ်။ မုန့်ဈေးဆိုင်တန်းလည်း ရှိပါတယ်။  ကလေးကို မုန့်လက်ဆောင်းသောက်မလားဆိုတော့ သူက ခေါင်းညိမ့်ပါတယ်။  သောက်ပြီး ပိုက်ဆံရှင်းတော့ ခေါ်တုန်းက တစ်ဈေး၊ တကယ်ယူတော့ တစ်ဈေးဖြစ်နေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ကလေးက ပြောမလို့ ပါးစပ်ပြင်တုန်း ကိုယ်က ရတယ်သား ထားလိုက်လို့ ပြောတာကို မျက်မှောင်ကြီးကုပ်ပြီး ဈေးသည်ကို ကြည့်တာမြင်ရတာ အရမ်းသဘောကျမိပါတယ်။ ကိုယ့်အနေနဲ့က သူတို့ ပိုယူတဲ့ဈေးက တကယ်တမ်း မဖြစ်စလောက်လေး ဖြစ်နေတာရယ်၊ ပိုယူတဲ့ဈေးကတောင် ရန်ကုန်ထက် အများကြီးသက်သာနေတာရယ်။ သူတို့တွေ ဒီတောင်ပေါ်အထိ ပင်ပင်ပန်းပန်း သယ်ယူပြီးရောင်းမှ ဒီလောက်ကလေး ပဲ ရတာရယ်တွေးပြီး ထားမိတာပါ။ 


မုန့်လက်ဆောင်း အေးအေးမွှေးမွှေးချိုချိုလေး


အကောက်တောင် မျှစ်ချဉ်

အဲဒိဆိုင်မှာပဲ မျှစ်ချဉ်ထုပ်ကလေးတွေရောင်းပါတယ်။ ငါးဖယ်ချဉ် ပုစွန်ချဉ်တို့လို မျှစ်နုနုလေးတွေကို ထမင်းနဲ့ အချဉ်တည်ထားတာပါ။ သုပ်ပြီးသားကို အမြည်းအနေနဲ့ကျွေးလို့ အိမ်အတွက်ဝယ်ခဲ့ပါသေးတယ်။ ၃ ထုပ် တစ်ထောင်ထင်ပါရဲ့။ 

အနောက်ဘက်ကို ဆင်းသွားရင် ဘုန်းကြီးကျောင်းရှိပြီး ဇရပ်ထဲမှာ လာသမျှပရိသတ်ကို ထမင်းကျွေးဧည့်ခံပါတယ်။ ကိုယ်တို့လည်း ထပ်စားလိုက်ပါသေးတယ်။ ကလေးကို ခေါ်ပေမယ့် သူက သားဗိုက်ပြည့်နေတယ် ဆိုပြီး ငြင်းပါတယ်။ ဇရပ်အပြင်ဘက်ရင်ပြင်တော်ပေါ်က ခုံတန်းလျားလေးကနေ ထိုင်စောင့်နေပါတယ်။ 


အကောက်တောင်နှင့် ဧရာဝတီ

ပဲဝတုတ်

ညောင်ပင်မှာ အဲလိုထောက်ကြတယ် အသက်ရှည်ရာ ရှည်ကြောင်းပေါ့

ကိုယ်တို့ ပြန်အထွက်မှာတော့ သူက ဟိုးနောက်ဘက်မှာ ဘုရားတွေ ရှိသေးတယ်ဆိုပြီး လိုက်ပို့ပါတယ်။ အပြန်ရင်ပြင်တော်ပေါ် ပြန်တက်တော့ ဓာတ်ပုံရိုက်၊ ညောင်ထောက်၊ ခဏနားပြီး ပြန်ဆင်းခဲ့ပါတယ်။

အပြန်မှာလည်း ကလေးရဲ့ ချစ်စရာကောင်းပုံက ဒီခရီးစဉ်တစ်ခုလုံး ကိုယ့်အတွက် အမှတ်တရ ဖြစ်စရာ အများဆုံးပါ။ အပြန်ထုံးဘိုကမ်းဘက် ပြန်ရောက်ပြီး ကလေးကို နုတ်ဆက်ပြီး လမ်းခွဲပါတယ်။ ကားရပ်ထားတဲ့နေရာမှာ ကားတွေ ဖြစ်သလိုရပ်ထားတာကြောင့် ရှေ့မှာ ကားတစ်စီး ပိတ်နေလို့ ထွက်လို့မရပါဘူး။ ဘုရားဖူးလာတာဖြစ်လို့ ခါတိုင်းလို လောလော လောလော ကွန်ပလိန်းမတက်ဘဲ သူလည်း မြင်နေရတဲ့ ဈေးဆိုင်လေးမှာ ဆေးလိပ်သွားဝယ်၊ ကိုယ်လည်း ဆိုင်လေးတစ်ဆိုင်က ခုံအလွတ်လေးမှာ ထိုင်နေဖြစ်ပါတယ်။ အတော်ကြာတဲ့အခါ ရှေ့ကားက လူရောက်လာပြီး တောင်းပန်ရင်း သူတို့ကား ထွက်သွားပါတယ်။ ကားထွက်လို့ရပေမယ့် မထွက်သေးဘဲ သူဆေးလိပ်သောက်အပြီး စောင့်ရင်း စကားထိုင်ပြောနေကြတာ တော်တော်လေးကြာတဲ့အချိန်မှာ  ခုက ကလေး အနားပြန်ရောက်လာပါတယ်။ ကိုကြီးတို့ ကားဘာဖြစ်လို့လဲ သားဟိုက လှမ်းကြည့်တာ ကြာလှပြီ မထွက်သေးလို့ တခုခုဖြစ်လို့လားဆိုပြီး သူပြန်လာတာတဲ့။ ကိုယ်တို့နှစ်ယောက်လုံး ကြွေဆင်းသွားတာပဲ။   

နေ့လည်စာစားချိန်ရောက်နေပမယ့် ပြည်ကို ပြန်ရောက်မှပဲ စားမယ်ဆိုပြီး အပြန်ကို တောက်လျှောက်မောင်းလာပါတယ်။ ပြည်ရောက်တော့ နေ့လည် ၂ နာရီလောက်ရှိပါပြီ။ ဟိုတယ်ဘွတ်ကင်လုပ်တုန်းက ကိုယ်တို့တည်းမည့်ရက် အခန်းလွတ်မရှိလို့ မတည်းခဲ့ရတဲ့ မင်္ဂလာ ဂါးဒန်း ဟိုတယ် မှာပဲ နေ့လည်စာ သွားစားခဲ့ပါတယ်။


မင်္ဂလာဂါးဒန်း ရီဆော့

နေ့လည်စာ

နေရာက အေးဆေးတိတ်ဆိတ်ပြီး ကြည်နူးစရာ ဖြစ်ပေမယ့် စားသောက်စရာကတော့ ဆိုလောက်အောင်မကောင်းပါဘူး။ ဆီသုံးများပါတယ်။ 

အပြန် လက်ဆောင်ဝယ်ပြီး ပြည်ကထွက်တော့ ညနေ ၃ နာရီပါ။ ရန်ကုန်အ၀င်နောက်ကျတော့မယ်ဆိုပြီး စားချင်တဲ့ ပြည်ဒေါ်ဥ ထမင်းသုပ်ဆိုင်လေးတောင် မရှာနိုင်တော့ပါဘူး။ နောက် ရွှေဘုံသာမုနိဘုရားလည်း မဖူးခဲ့ရပါဘူး။ နောက်တစ်ခေါက်လာဦးမယ်လို့တေးရင်း ဒီ ပြည်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

နောက်တစ်ခါ ကမ်းခြေသွားရအောင်။ လိုက်ခဲ့ကြဦးနော်။

ပြည် ဘုရားဖူး သွားကြမယ် (၁)

ပြည် ဘုရားဖူး သွားကြမယ် (၂)

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...