အစားတစ်လုပ်


မျှစ်ထောင်းသုပ်၊ ထန်းရည်ချိုးသုပ်၊ မြူရွက်သုပ်၊ ကဆစ်သီးဟင်း စားချင်တယ်ဟု ဟိုတစ်နေ့က ဖေ့စ်ဘုတ်ပေါ် တက်ရေးမိသည်။ ညီမအရင်းတွေ တစ်ဝမ်းကွဲတွေက တွေ့တော့ အမေ့ဆီ သတင်းရောက်ပုံပေါ်သည်။ ရွာက တူ မင်္ဂလာဆောင် သွားရင်း အမေသည် ကိုယ်စားချင်သည်ဟု ပြောသောအရာများ ရှာပုံတော်ဖွင့်တော့သည်။  မျှစ်ကရန်ကုန်မှာ ရှိပေမယ့် တခြားဟာတွေကတော့ အညာစာတွေ မဟုတ်လား။ ရွာမှာ အေးအေးဆေးဆေး တစ်လလောက် နေမည့်အမေသည် ရန်ကုန်တွင် စင်ကာပူ လူကြုံရှိသည်ဟု သိရသည်နှင့် သူ စုဆောင်း ရှာဖွေထားသည်များကို  ရွာမှ ရန်ကုန်သို့ ပို့ကာ ကိုယ့်အမနှင့် ညီမကို လူကြုံဆီ သွားပို့ပေးရန်မှာသည်။ ရန်ကုန်သူစစ်စစ်ဖြစ်လျက် အညာစာကို မှ တက်မက်သည့် သမီးလတ်အတွက် ဖုန်းတစ်လုံးနှင့် ဟိုမှသည် သည်မှဟို ဆက်ကာ logistics manager အလုပ်ကို လုပ်တော့သည်။ ထိုကဲ့သို့ သမီးဆန္ဒကို ကြိုးကြိုးစားစားဖြည့်ဆည်းပေးသည့် အမေနှင့် ကိုယ်သည် ငယ်စဉ်ကတော့ အစေးကပ်သူများ မဟုတ်ကြ။ ကိုယ်သည်လည်း ငယ်စဉ်ကတော ဒါလေးစားချင်လိုက်တာ။ ဟိုဟာလေးစားချင်လိုက်တာဟို အစားတစ်လုပ်ကို အရသာခံ မက်မောတတ်သူမဟုတ်ခဲ့။

ကိုယ့်အမကြီးသည် အိမ်အလုပ်အတွက် အစစအရာရာ စိတ်ချရသည်။ ပိုက်ဆံကို နိုင်နိုင်နင်းနင်း အကျိုးရှိရှိ အသုံးချတတ်သည်။ ထို့ကြောင့် အမေသည် အရောင်းအ၀ယ်ကိစ္စဖြင့် ခရီးထွက်တိုင်း အိမ်စရိတ်၊ အိမ်ကိစ္စများကို အမကြီးထံ စိတ်ချ လက်ချအပ်နှံကာ တစ်လ၊ နှစ်လ အကြာကြီးသွားလေ့ရှိသသည်။ ၇ တန်း အရွယ် အမကြီးသည် အောက်က အငယ်တွေကိုလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သည်။ အဖေ့ကိုလည်း ကောင်းကောင်းမွန်မွန် ချက်ကျွေးတတ်သည်။ ကိုယ်ကတော့ ငယ်ငယ်ကတည်းက ဘာမှ ကောင်းကောင်းမချက်တတ်။ ဘေးမှာ ငရုတ်သီးထောင်း၊ ကြက်သွန်နွှာ အလုပ်လောက်သာ ခိုင်းလို့ရသည်။ ခိုင်းစရာရှိသည့် အချိန်တိုင်း စာအုပ်ကောက်ကိုင်ကာ စာကျက်ချင်ယောင်ဆောင်သည်။ အမကြီးသည် ကိုယ့်ကို အရမ်းညှာသည်။ သူပဲ အကုန်လုပ်သည်။ အမေရှိလျှင် ကိုယ်မနေရ၊ အမေက တစ်ခုမဟုတ် တစ်ခု ရှာကြံခိုင်းတတ်သည်။ ဆန် တစ်အိတ်ဝယ်လာတိုင်း ဆန်အိုးထဲ မထည့်မီ ဆန်ကွဲခုပ်၊ စပါးလုံးရွေးလေ့ရှိသည်။ အမေက ဆန်ပြာ၊ ဆန် ကွဲခုပ်သည်။ အမကြီးနှင့်ကိုယ်က စပါးလုံးရွေးရသည်။ ကိုယ့်လင်ပန်း တစ်ပန်း ရွေးပြီးချိန်ဝယ် အမကြီးသည် သုံးဗန်းလောက်ပြီးသွားပြီ။ အမေ သတိထားမိလို့ဆူသော အခါ အမကြီးသည် သူရွေးပြီးသား ပြီးခါနီးဗန်းနှင့် ကိုယ့်ဗန်းကို အမေမသိအောင် တိတ်တိတ်လေး လဲပေးလေ့ရှိသည်။

တစ်ခါ ကိုယ် ၈ တန်း အရွယ်လောက်က အမေသည် အမျိုးအဆွေ ကိစ္စတစ်ခုဖြင့် အညာ သူ့ရွာပြန်ရသည်။ ဘာကြောင့်မှန်းတော့ မသိ။ အမကြီးလည်း လိုက်သွားရသည်။ အငယ်လေးတွေကိုလည်း ခေါ်သွားသည်။ အိမ်မှာ ကိုယ်နဲ့ အဖေသာ ကျန်သည်။ အဖေသည် ပုံမှန်အချိန်တွင် ဟင်းချေးများသူ ဖြစ်သော်လည်း သူ့သမီးလတ် အကြောင်းကောင်းကောင်း ကောင်းကောင်းသိတော့ ညနေအလုပ်ကပြန်လာတိုင်း တစ်ခုခု ၀ယ်လာသည်။ ညစာ သားအဖနှစ်ယောက်စား၊ ပိုတာ နောက်နေ့နေ့လည် ကိုယ်စားပေါ့လေ။ များသောအားဖြင့် အသားဝယ်လာလေ့ရှိပြီး အသီးအရွက်၊ ငပိရည်တို့စရာ ကတော့ ကိုယ်က ဈေးသွားပြီး ချက်ပြုတ်လေ့ရှိသည်။ ကိုယ် ချက်လေ့ရှိတဲ့အရွက် က ကန်စွန်းရွက်ကြော်။ ဒါပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာကိုး။ နေ့တိုင်း ကန်စွန်းရွက်ကြော်ဆိုတော့ အဖေ့ကို အားနာလာသည်။ အရည်သောက်လေးဘာလေး အဖေ့ကို ချက်ကျွေးဦးမှ။ ငှားဖတ်သော မဂဇင်းစာအုပ်များတွင် ချက်နည်းပြုတ်နည်းများ ပါလေ့ရှိတာပဲ။ ဘာခက်တာမှတ်လို့။ သူ့အဆင့်အတိုင်း လိုက်လုပ်ရုံပဲဟာ။ ကိုယ့်အတွက်အလွယ်ဆုံးလို့ထင်ရသည့် အရည်သောက်ချက်လိုက်သည်။

ညနေအဖေပြန်လာတော့ ၀က်ခေါင်းသုပ်ဝယ်လာသည်။ ပန်းကန်လုံးထဲက ညိုဝါ၀ါ အရည်တွေကို ကြည့်ကာ သမီး ဒါဘာရည်တွေလဲကွ ဟု အမေး၊ ကိုယ်က ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်သည်။ အာလူးဟင်းချို အဖေ။ အဖေက ဇွန်းနဲ့ခပ်လိုက်တော့မှ ပါလာတဲ့ အာလူးအတုံးများကို ကြည့်ကာ တဟားဟားရယ်တော့သည်။ ကိုယ့်ဗီဇက အဲလို၊ မချက်တတ်ပေမယ့် အဆန်းထွင်ချင်သည်။ အိမ်ထောင်ကျခါမှ ဟင်းရယ် လို့ ကောင်းကောင်းချက်တတ်သူက ဟင်းချက်နည်းတွေ ကို ရေးချင်သေးသည်။ အမှန်က တစ်ခါချက်ခါနီးရင် ဘလော့ပေါင်းစုံရှာဖွေကာ ပရင့်ထုတ်ပြီး တစ်ဆင့်ချင်း လိုက်နာ ချက်တာ ကိုယ့်ဟာကိုယ် အသိဆုံးဖြစ်သည်။ နောက်တစ်ခေါက် ထပ်ချက်ချင်တော့ မေ့တေ့တေ့ ဖြစ်ပြန်သည်။ ထို့ကြောင့် ကိုယ့်ဟာကိုယ် ဘလော့ထောင်ကာ မှတ်ထားရင် ရှာရပိုလွယ်မယ်ဟု အကြံညာဏ်စူးရောက်တော့သည်။ ဒါတောင် တစ်ခါနဲ့တစ်ခါ အရသာ မတူပေ။

ကိုယ်သည် ငယ်ငယ်ကတည်းက အစားအသောက် ချေးမများ၊ နဲနဲကြိုက်လျှင်နဲနဲစားသည်။ များများကြိုက်လျှင် များများစားသည်။ ဒါလေးစားချင်တယ်။ ဒီဟာကြီး မစားချင်ဘူးဟု မရှိလှ။ အိမ်အလုပ်ကို လက်ကြောမတင်းသော ကိုယ့်ကို အမေသည် နဲနဲမှ ကြည့်မရသော်လည်း ဟင်းချေးမများတာ တစ်ခုကိုတော့ တော်တော်သဘောကျသည်။ ကျဆို ကိုယ်ကလွဲလို့ အိမ်သားအားလုံးသည် အကြိုက်ဟင်း၊ မစားဟင်း စသည် ဖြင့် အသီးသီး ရှိကြသောကြောင့်ဖြစ်သည်။

တစ်သက်လုံးဟင်းချေးမများသော်လည်း အခု အသက်ကြီးလာသောအခါ၊ အမိမြေနဲ့ဝေးနေသောအခါ စားချင်သော၊ တောင့်တမိသော ဟင်းများတော့ ရှိလာသည်။ အထူးသဖြင့် အညာဟင်းတွေ။ အမေ့လက်ရာတွေ။ သရက်ချဉ်ကို ပုစွန်ခြောက်မှုန့်၊ ဆီချက်တို့နှင့် ဝေေ၀ဆာဆာ ထည့်သုပ်စား နေရင်း ပဲဆီမွှေးမွှေးဆမ်းပြီး ကြက်သွန်နီပါးပါးလှီးထည့်ထားသည့် ရိုးရှင်းသည့် အမေ့သရက်ချဉ်သုပ် ကို စားချင်နေပြန်သည်။ အမေ့လို လိုက်သုပ်ပြန်တော့ ဆီကပဲ ပဲဆီဆုံဆီ မဟုတ်လို့လား၊ ပင်နီစူးလားက ၀ယ်လာသည့် သရက်ချဉ်ကပဲ မကောင်းတာလား၊ ကြက်သွန်နီကပဲ တောင်သာကြက်သွန် မဟုတ်လို့လားတော့မသိ။ အမေ့သရက်ချဉ်သုပ်လောက် စားမကောင်းပြန်။

အစားအသောက်က သတိမရသည့်အခါ၊ မမြင်ရသည့်အခါ စားချင်လှသည်ဟု သိပ်မဖြစ်တတ်။ အခုဟာက ဖေ့စ်ဘုတ်က အစားအသောက်ပေ့ခ်ျများ။ ချက်တဲ့သူတွေကလည်း ချက်နိုင်သည်။ မြန်မာပြည်အင်တာနက် မကောင်းဟု ညည်းနေသူက ညည်းနေရင်းနဲ့ ပုံတွေလည်း တင်နိုင်ကြသည်။ တစ်ချို့က မချက်ရသေး။ ဒီအရွက်လေး ဒီအသီးလေး ဘယ်လိုလုပ်စားရမလဲ ပုံပြပြီး မေးကြသည်။ ထိုအခါ မမြင်တာကြာသောကြောင့် မေ့နေသော တစ်ချို့ဟင်းများ ကို ပြန်သတိရ စားချင်လာမိသည်။ ထိုဟင်းများသည် စင်ကာပူတွင်ဝယ်လို့မရရုံမဟုတ်၊ တစ်ခါတစ်လေ မြန်မာပြည်မှာပင် ရာသီချိန်မှ ရနိုင်သည်။ တစ်ချို့ဒေသတွင်မှ ရနိုင်သည်။ အစားတစ်လုပ်ဧ။်  အာသီသကို မမြိုသိပ်နိုင်သောအခါ လူ့သဘာဝအတိုင်း ရင်ဖွင့်လို့ရသော နေရာတွင် အန်ထုတ်ရသည်။ ထိုနေရာကား ဖေ့စ်ဘုတ်။

အကျိုးဆက်ကား တစ်ချိန်က အစားတစ်လုပ်ကို ချေးမများတတ်သော သမီးလတ်က ယခုအချိန်တွင် တောင့်တောင့်တတ စားချင်လှပါသည်ဟူသော စားစရာများအား၊ တစ်ချိန်က အစားချေးမများလို့ သဘောကျ ချီးမွမ်းခဲ့သော အမေက ယခုအချိန်တွင် သူ့သမီးစားချင်လို့ဆိုကာ သဘောတကျ လိုက်လံရှာဖွေ နေခြင်းပင်ဖြစ်သည်။

ဒါကိုက ပြောင်းလဲတတ်သော လောကကြီးအား တစ်စေ့တစ်စောင်း မီးမောင်းထိုးပြနေသယောင် ရှိပေတော့သည်။

ငြိမ်းမိန်းကလေး
၂၉ ရက် ဇူလိုင်လ ၂၀၁၅

No comments:

Post a Comment

ဆန်းဆန်းတင့် (၁) ၊ ကြွက်ကလေးနဲ့ ကိုယ်

ကိုယ်ဟာ ဆန်းဆန်းတင့်သူတစ်ယောက်ပါ။ အဲဒိအကြောင်းနဲ့ ပတ်သတ်လို့ အရင်ကတော့ ပေါ့ပေါ့ဆဆပါပဲ။ တဖြည်းဖြည်း ပျော်ရွှင်မှုတွေ နည်းနည်းလာတာက...