တာကူးတောင် - မွေ့နဲ။
မနက်စောစော ကင်မရာကိစ္စပြီးသွားတော့မှ resort က ကျွေးတဲ့ မနက်စာ ဘူဖေးစားကြပါတယ်။ အတူပါတဲ့ သူငယ်ချင်းတွေက မနက်စာစားရင်း မျက်နှာငယ်လေးတွေနဲ့ စောင့်နေကြတာပါ။ ကိုယ်တို့နှစ်ယောက် ကင်မရာကိုင်ပြီး ၀င်လာတာတွေ့မှ အားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်သွားကြပါတယ်။
တာကူးတောင် (Tacu Mountain)
မနက်စာစားပြီး ချိန် ၇ နာရီ ခွဲခါနီးပါပြီ။ ဂျစ်ကားက အသင့်စောင့်နေပါတယ်။ မောင်းတဲ့သူက အင်္ဂလိပ်စကားကောင်းကောင်းနားမလည်တဲ့ လူငယ်လေးတစ်ယောက်ပါ။ ခေါင်းခန်းတစ်ယောက် နောက်ခန်း ၃ ယောက် ထိုင်ကြပါတယ်။ ကားက အမိုးပါပေမယ့် အကာမပါတော့ လေတိုးတဲ့ ဒဏ်တော်တော်ခံရပါတယ်။ ပ၀ါတွေ ဦးထုပ်တွေ ဆံပင်တွေ ကားနောက်ခန်းထဲ ပလူပျံနေလို့ ၃ ယောက်သား အချိန်အတော်ကြာ ဗရုတ်သုတ်ခ ဖြစ်သွားရပါသေးတယ်။ နေကာမျက်မှန်ကို လေကာမျက်မှန်အဖြစ် သုံးလိုက်ရပါတယ်။
ဒီဂျစ်ကားနဲ့ သွားခဲ့တယ်
ရှေ့ခန်းက လေတိုက်သက်သာပေမယ့် နောက်ခန်းကတော့ အရမ်းခံရတယ်
တာကူးတောင်ခြေက ပန်းခြံထဲမှာ..တာကူးတောင်နဲ့ အမှတ်တရ
ဝင်ကြေးနဲ့ အသွားအပြန် ကေဘယ်ကားခ တစ်ယောက်ကို 180,000 vnd ကျသင့်ပါတယ်။ ဂိတ်ဝကနေ တောင်ခြေ ကေဘယ်လ်ကား စခန်းကို လမ်းတော်တော်လျှောက်ရပါတယ်။ အမှန်က ဂိတ်ဝနဲ့ တောင်ခြေကို buggy shuttle ဆွဲပေးပါတယ်။ လက်မှတ်ဖိုးမှာ အဲဒါပါ ထည့်ယူထားပြီးသားပါ။ ကိုယ်တို့ကို ရှင်းပြပေးမယ့်သူမရှိတော့ ခပ်တည်တည်နဲ့ လမ်းလျှောက်ကြတာပါ။ တရုတ်တစ်ဖွဲ့ ကိုယ်တို့အရင် လက်မှတ်ဝယ်ပြီး အဲဒိနားမှာ ထိုင်စောင့်ကျန်ခဲ့ပါတယ်။ buggy က နှစ်စီးလောက်ပဲ ရှိပုံပေါ်ပါတယ်။ လမ်းတစ်ဝက်မှာ အဲဒိနှစ်စီး ဖြတ်သွားတာမြင်မှ သြော် အဲဒါကို ဟို အဖွဲ့စောင့်နေတာဖြစ်မယ် တွေးမိကြပါတယ်။ တောင်ခြေစခန်းကို လှမ်းမြင်ရတဲ့ အကွားအဝေးလောက်မှာ တရုတ်အဖွဲ့ buggy က ကျော်တက်သွားပါတယ်။
ကေဘယ်ကား
ကေဘယ်ကားနဲ့ မတက်ဘဲ ခြေလျင်တက်ရင် ၂ နာရီခန့် တက်ရပါတယ်။ ကေဘယ်ကားစီးရင်း မြင်ရတဲ့ မြင်ကွင်းက အရမ်းလှပါတယ်။ ၁၀ မိနစ်ခန့်ကြာတဲ့အခါမှာတော့ တောင်ပေါ်ရောက်ပါပြီ။ တောင်ပေါ်ရောက်ပေမယ့် ကိုယ်သွားချင်တဲ့ နေရာကို ရောက်သေးတာ မဟုတ်ပါဘူး။ လှေကားထစ်ပေါင်းများစွာ ထပ်တက်ရပါသေးတယ်။
Thich Ca Nhap Niet Ban (လျောင်းတော်မူဘုရား)
ဒီလျောင်းတော်မူဘုရားက ဗီယက်နမ်ရဲ့ အကြီးဆုံး လျောင်းတော်မူဘုရားပါ။ ၅၉ မီတာ အရှည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ ၄၂၀ မီတာ အမြင့်၊ တာကူးတောင်ရဲ့ တစ်ဝက်လောက်မှာ တည်ရှိပါတယ်။ ကွန်ကရစ်နဲ့တည်ဆောက်ထားတာဖြစ်ပြီး ဆေးအဖြူသုပ်ထားတာပါ။ ကေဘယ်ကား တောင်ပေါ်စခန်းကနေ တောလမ်းလေးအတိုင်း တက်ပြီး မကြာခင် လှေကားမတ်မတ်ကြီးကို တွေ့ရပါတယ်။ အဲဒိ လှေကားကို တက်ပြီးရင်တော့ ဘုံကျောင်းတစ်ခု ကို တွေ့ရပါတယ်။ ခဏနား သို့ ဘုရားဖူးပေါ့လေ။
ကိုရွှေမျောက်က ခပ်ချေချေပဲ
တာကူးတောင်ပေါ်ကနေ လှမ်းရိုက်ထားတာပါ
ဒီလှေကားတွေကိုတော့ တစ်နေ့တစ်လံ တာကူးဘယ်ရွေ့ထုံး နှလုံးမူပြီး တစ်ထစ်ချင်းတက်ခဲ့ရပါတယ်
ဒီလမ်းလေးကတင် လျောင်းတော်မူဘုရားကြီးကို လှမ်းဖူးလို့ရနေပြီပေါ့
Thich Ca Nhap Niet Ban (လျောင်းတော်မူဘုရား)
လျောင်းတော်မူဘုရားရဲ့ ခြေတော်မှာ လူတစ်ကိုယ်စာ ၀င်သာရုံ ဂူတစ်ဂူရှိတယ်လို့ နောင်မှ သိရပါတယ်။ အဲဒါသွားတဲ့အချိန်က မသိခဲ့လို့ သွားမကြည့်ခဲ့ရပါဘူး။ တောင်ပေါ် ကေဘယ်ကား စခန်းကနေ ဘုရားအထိ အေးအေးဆေးဆေးလမ်းလျှောက်တာ နာရီဝက်လောက်ကြာပါတယ်။
ပြန်ဆင်းလာတော့လည်း အေးအေးဆေးဆေး နားနားပြီးဆင်းတော့ ဂိတ်ဝ ပြန်ရောက်တဲ့အချိန်မှာ ၁၀ နာရီခန့်ရှိပါပြီ။ ဂျစ်ကားမောင်းသူ ကိုယ်တော်ချောက ဆိုင်တစ်ဆိုင်မှာ အိပ်ပျော်နေပါတယ်။ ဆိုင်ရှင်ကို နှိုးခိုင်းပြီး သူ့ကို mui ne resort ကို ၁၂ နာရီ အရောက်ပြန်ချင်ကြောင်း၊ ခရီးစဉ်ထဲမှာ ပါတဲ့ နဂါးမောက်သီးခြံ အလည်သွားတဲ့ အစီအစဉ်ကို ကျော်လိုက်မည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်နဲ့ ရှင်းရပြန်ပါတယ်။ ၀ိုင်လုပ်တဲ့ နေရာကို သွားလေ့လာပြီး ၀ိုင်အစမ်းသောက်တဲ့ အစီအစဉ်ကိုလည်း မသွားတော့ကြောင်း ပြောရပြန်ပါတယ်။
Cham Tower Complex ဆိုတာကို တော့ သွားမယ် အချိန်မီလားဆိုတော့ မီတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ချန်းလူမျိုးတွေ အခုထိ ကိုးကွယ်နေတဲ့ ချန်း ဂူဘု၇ားများဆီကို သွားကြပါတယ်။
ချန်းဂူဘုရားများ (Cham Tower Complex)
၇ ရာစု နှင့် ၁၂ ရာစု အကြားမှာ ဆောက်ထားခဲ့တဲ့ ဒီ Po Nagar ချန်း ဂူဘုရားတွေကို အခုထက်ထိ ချန်း၊ တရုတ်၊ ဗီယက်နမ် ဗုဒ္ဓဘာသာတွေက ကိုးကွယ် နေဆဲ ဖြစ်ပါတယ်။ ကနဦးမှာ ဂူဘုရား ၇ ဆူမှ ၈ ဆူ အတွင်း ရှိခဲ့ပြီး၊ အခုအချိန်မှာတော့ ၄ ဆူပဲ ကျန်ပါတော့တယ်။ ချန်း(chams) လူမျိုးစုတွေ အဓိက ကိုးကွယ်တဲ့ နေရာဖြစ်ပါတယ်။ လူသူအရောက်အပေါက်နည်းပုံရပြီး တိတ်ဆိတ်အေးချမ်းပါတယ်။ စိတ်ထဲမှာတော့ အညာဒေသ ကို ပြန်ရောက်သွားသလို၊ ပုဂံကိုပဲ ရောက်နေသလိုလို ခံစားရပါတယ်။ ဂူထဲဝင်ကြည့်တော့ အထဲမှာ ဘုရားဆင်းတုလိုဘာမှ မတွေ့ရပါဘူး။ ဟာလာဟင်းလင်းဆိုတော့ ဘုရားရှိခိုးဖို့မလိုဘဲ ဂူထဲဝင် ဟိုကြည့်ဒီကြည့် ပြန်ထွက်လာကြပါတယ်။ ဒီဂူဘုရားတွေက ပြန်ရင် resort ကို အရမ်းနီးနေပြီဆိုတာ မြေပုံကြည့်ပြီး သိထားတော့ အေးအေးဆေးဆေးကို ထိုင်ပြီး ပတ်ဝန်းကျင်အလှအပ ခံစားခဲ့ကြပါတယ်။
အဲဒိကနေ resort ကို ပြန်ရောက်တဲ့အချိန်က တကယ့်ကို ၁၂ နာရီအတိမှာပါပဲ။ ကားမောင်းတဲ့ သူကို လိုရာခရီးကို အန္တရာယ်ကင်းကင်း မောင်းပို့တာကျေးဇူးတင်တဲ့အနေနဲ့ လေးယောက်သား tip ပေးခဲ့ပါတယ်။ အခန်းထဲဝင် ရေချိုးပြီး တစ်ခါတည်း check out လုပ်ကြပါတယ်။ အထုပ်တွေကို reception မှာ အပ်ပြီး နေ့လည်စာစားကြပါတယ်။ ဒီနေ့နေ့လည်စာမှာတော့ ဗီယက်နမ်ရဲ့ နာမည်ကြီးဟင်းဖြစ်တဲ့ ငါးမြေအိုးကို မြည်းခွင့်ရခဲ့တယ်။
ကားက အလာတုန်းကလိုပဲ နှစ်ထပ်အိပ်စင်ကားဆိုတော့ စားပြီး တစ်ရေးအိပ်ဖို့ ပံ့ပိုးနေသလိုပါပဲ။ ဘက်စကားက နေ့လည် ၁ နာရီ အချိန်အတိအကျ ထွက်ပါတယ်။ ညနေ ၃ နာရီခန့်မှာ အလာတုန်းက နားနေခဲ့တဲ့ နေရာမှာပဲ ၁၅ မိနစ်ခန့်နားပါတယ်။ ဟိုချီမင်းမြို့ တိုးကုမ္ပဏီနေရာကို ရောက်တဲ့အချိန်မှာတော့ ၆ နာရီခွဲခန့်ရှိပါပြီ။ အဲဒိနေရာနဲ့နီးတဲ့ ဟိုတယ်ကိုပဲ ဘွတ်လုပ်ထားတာဖြစ်တဲ့အတွက် ဟိုတယ်ကို ၅ မိနစ်ခန့် လမ်းလျှောက်ကြပါတယ်။
ဒီဟိုတယ်က Platinum hotel ထက် အများကြီး ပိုကောင်းပါတယ်။ လမ်းမကြီးပေါ်မှာ ရှိတာ၊ ၀န်ထမ်းတွေ ဖော်ရွေတာ၊ အခန်း အရမ်းကောင်းတာ အပြင် roof top restaurant လေးနဲ့ဆိုတော့ နေချင်စဖွယ်ရှိပါတယ်။ ရေချိုးပြီး မြန်မြန်ပြန်ထွက်ကြပါတယ်။ ဗိုက်ဆာလှပြီလေ။
ညစာကိုတော့ seafood စားမယ်ဆိုပြီး လမ်းတစ်လျှောက် လိုက်ကြည့်ကြပါတယ်။ လူများပုံပြီး စားကောင်းမယ်ထင်ရတဲ့ ဆိုင်တစ်ဆိုင်ကိုရွေးပြီးထိုင်ကြပါတယ်။ ကိုယ်စားချင်တာတွေချည်းမှာတော့ တော်တော်စားကောင်းပါတယ်။
ဒါတွေစားခဲ့တယ်.. ပုစွန်ကင်အကြိုက်ဆုံး
ဒါ ကျသင့်ငွေ (လူ ၄ ယောက်စာ)
ညစာကိုတော့ seafood စားမယ်ဆိုပြီး လမ်းတစ်လျှောက် လိုက်ကြည့်ကြပါတယ်။ လူများပုံပြီး စားကောင်းမယ်ထင်ရတဲ့ ဆိုင်တစ်ဆိုင်ကိုရွေးပြီးထိုင်ကြပါတယ်။ ကိုယ်စားချင်တာတွေချည်းမှာတော့ တော်တော်စားကောင်းပါတယ်။
စားနေရင်း ဘယ်သွားကြမလဲ တိုင်ပင်တဲ့အခါ Saigon Skydeck ကို သွားကြဖို့ ဖြစ်လာပါတယ်။ လမ်းလျှောက်ရင် နာရီဝက်လောက်လျှောက်ရပြီး တက်စီစီးကြမလားတိုင်ပင်တဲ့အခါ နေ့တစ်ဝက်လောက် ကားပေါ်မှာ အိပ်လာပြီး ညစာစားတာလည်းများနေတာနဲ့ အေးအေးဆေးဆေး လမ်းလျှောက်ကြမယ်လို့ အဖြေထွက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ လျှောက်လို့ကောင်းတဲ့ နေရာတွေရှိသလို တစ်ချို့လမ်းကျ လမ်းဘေးမှာ လူတွေစုပြီး အရက်ထိုင်သောက်နေသလို အုပ်စုလည်းတွေ့ရပါတယ်။ changi wif i router နဲ့ google map က ဒီလိုအချိန်မှာ အရမ်းအသုံးဝင်ပါတယ်။
sky deck ပေါ်က လှမ်းမြင်ရတဲ့ ဆိုင်ဂုံမြစ် (ပုံဝါးတာလေးတော့ သည်းခံကြပါ)
sky deck ပေါ်က လှမ်းမြင်ရတဲ့ မြို့ဆိုင်ဂုံ
Tower က ကောင်တာမှ လက်မှတ်ဝယ်တော့ တာဝါ ပိတ်ဖို့ နာရီဝက်လောက်ပဲ လိုတော့တယ်၊ အဆင်ပြေရဲ့လား အရင်မေးပါတယ်။ လက်မှတ်ဝယ်ပြီး အပေါ်တက်မယ့် ဓာတ်လှေကားအထိ ၀န်ထမ်းတစ်ယောက် လိုက်ပို့ပါတယ်။ အပေါ်ရောက်တော့လည်း ဓာတ်လှေကားတံခါးဖွင့်ဖွင့်ချင်း ၀န်ထမ်းတစ်ယောက်က ကြိုဆိုပြီး လမ်းပြပါတယ်။ တာဝါပေါ်မြင်ရတဲ့ မြင်ကွင်းကတော့ မြို့တစ်မြို့ကို အပေါ်စီးက စီးမိုးကြည့်ရတဲ့ ပုံမှန်မြင်ကွင်းတစ်ခုပါပဲ။ ဆိုင်ဂုံမြစ်ဘေးမှာ မီးရောင်စုံနဲ့ လှပနေတဲ့ ဆိုင်ဂုံမြို့ရဲ့ အမှတ်တရ မြင်ကွင်းတစ်ခုပေါ့။ ကိုယ့်စိတ်ထဲတော့ MBS skypark က မြင်ရတဲ့ စင်ကာပူညရှုခင်းက ပိုလှတယ်ထင်တာပါပဲ။
အပြန်မှာ တက်စီငှားပြန်မယ် စီစဉ်ပေမယ့် နောက်ဆုံးတော့ လာရာလမ်းအတိုင်းပဲ လမ်းပြန်လျှောက်ကြပါတယ်။ အသွား နာရီဝက် အပြန်နာရီဝက် လမ်းလျှောက်ကြရတယ်ဆိုတော့ အပြန်မှာ စကားတောင် မပြောနိုင်ကြတော့ပါဘူး။ အပြန်လမ်းမှာ Ben Thanh ညဈေးကို လှမ်းမြင်နေရတော့ မနက်ဖြန်မှ လာတော့မယ်လို့ပဲ စိတ်ထဲ တေးကြပါတယ်။
ဟိုတယ်နားရောက်တော့ ဟိုတယ်နားက အနှိပ်ဆိုင်ထဲ သူဝင်အနှိပ်ခံတာ စောင့်ရပါသေးတယ်။ ဒီနေ့တော့ တော်တော်ပင်ပန်းသွားကြတယ်။ ရေကုန်ရေခန်း လည်တယ်ဆိုတာ ဒါပဲနေမှာ။
မနက်ဖြန်တော့ TheSinhTourist တိုးနဲ့ပဲ ကူချီလှိုဏ်ခေါင်းနဲ့ မဲခေါင်ဒေသသွားမှာ ဖြစ်ပါတယ်။ လိုက်ခဲ့ကြပါဦး။
Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour
ရောက်ခဲ့ပြီ ကေဘယ်စီးတာလေးကိုအရမ်းသဘောကျတာ
ReplyDeleteပုံလေးတွေကလဲလှရှုခင်းတွေလဲလှ ကျေးဇူးညီမငယ်
ညီမရဲ့ ဗီယက်နမ်ခရီးစဉ် ပို့စ်လေးက ပိုပြီးအားရဖို့ကောင်းတယ် ပုံကလေးတွေကြည်ကြည်လင်လင် အရေးအသားရှင်းရှင်းလင်းလင်းနဲ့..။
ReplyDeleteမိုးငွေ့