ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)

ပွဲကောက် ရေတံခွန်၊ ကန်တော်ကြီး ၊ ဘုံကျောင်း


ပွဲကောက် (ငယ်ငယ်ကတော့ ပွေးကောက်လို့ သိထားခဲ့ဖူးသည်) ကို ရောက်တော့ မမြင့်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့်ရှိလှတဲ့ ရေတံခွန်ကိုမြင်တော့ စိတ်ထဲ တော်တော် ချမ်းမြေ့သွားတယ်။

ပွဲကောက်ရေတံခွန်မှ ဆိုင်ခန်းများ


လူပုံလေး ပါနေတာ သည်းခံကြပါ။ အမှတ်တရ အနေနဲ့ တင်လိုက်တာပါ။ သွားခဲ့ဖူးတယ်ဆိုတာလေး စားမြုံ့ပြန်နိုင်အောင်ပေါ့။


ကောင်လေးတစ်ချို့၊ ကောင်မလေးတစ်ချို့ ရေထဲဆင်းဆော့နေတာ မြင်ခဲ့ရပါတယ်။ 

အထက်တန်းကျောင်းသား အရွယ်လာတုန်းက ကိုယ်ကိုယ်တိုင်လည်း ရေထဲ ဆင်းဆော့ခဲ့ဖူးတာပါပဲ။

အသက်တွေကြီးလာလို့လား။ ဆင်ခြေတွေနဲ့ပဲ အသားကျနေသလားမသိ။ ရေထဲဆင်းချင်တယ် ပြောပြီး မဆင်းဖြစ်ခဲ့ပါဘူး။ အပေါ်က တံတားလေးက နေ ပတ်ပြီး အပေါ်ပြန်တက်ရင် ဈေးဆိုင်တန်းတွေ ပြန်ရောက်ပါတယ်။ 

သူ ကျောက်ဆောင်အစွန်းလေးကို ခုန်ကူးပြီး ရပ်နေတာတောင် ကိုယ့်မှာ အသဲတလှပ်လှပ်ရယ်။ သေချာပတယ် ကိုယ် အသက်ကြီးနေပါပြီ။

ကိုယ့်အတွက်တော့ ပွဲကောက်ဆိုတာကိုသတိရတိုင်း ပြန်ကြည့်ဖြစ်နေမယ့် ပုံလေးတစ်ပုံပေါ့။
အပေါ်တက်လာရင်း သမင်လည်ပြန်ရော ဆင်မလည်ပြန်ရော ပြန်ကြည့်ရင်း လက်ဆော့ခဲ့တဲ့ ကိုယ့်လက်ရာပေါ့။ 

ကိုယ့်ဘာသာရိုက်ပြီး သဘောတွေကျနေတာလည်း ကိုယ်ပါပဲ။ 

ဈေးဆိုင်တန်းတွေ ပတ်ကြည့်ရင်း ကားသမား ထမင်းစားနေတာနဲ့ ဒါလေးအစုံဝယ်စားခဲ့ပါသေးတယ်။

နှစ်ယောက်တွဲပုံလေး တစ်ပုံလောက် တင်ပါရစေ


အမျိုးသား ကန်တော်ကြီး ဥယျာဉ်သွားမယ်ဆိုတော့ တည်းတဲ့ ဟိုတယ်နဲ့ နီးတာကြောင့် ကားသမားကို ဟိုတယ်ခဏ လိုက်ပို့ခိုင်းပြီး ရေချိုး အ၀တ်အစား လဲဖြစ်ပါတယ်။

ဒီပို့စ်ကတော့ ပုံတွေနဲ့ နှိပ်စက်တဲ့ ပို့စ်ပါ။ ကိုယ်တိုင်က ပန်းကြိုက်တဲ့သူဆိုတော့ ရိုက်လာသမျှ ပုံတွေကို အကုန် ကြိုက်နေတော့ကာ ဒီပန်းပုံလေး ချန်ခဲ့ရင် သနားပါတယ်။ ဒါလေးကလည်း သူ့နည်းသူ့ဟန်နဲ့ လှတာပါပဲနဲ့ ဗျာများနေတာ တော်ရုံလူ ကိုယ်ချင်းစာတတ်ပါ့မလား မသိ။ အခုတောင် တော်တော်လေး ချန်ခဲ့ရပါတယ်။ 
ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်

ထရိတ်မက် ဆိုင်းပုတ်နဲ့

နှစ်ယောက်တွဲ ဆယ်လ်ဖီ

အသွေးအရောင်စုံတဲ့ ကန်တော်ကြီး တစ်နေရာ

ပြင်ဦးလွင် ကန်တော်ကြီး တစ်နေရာ

ဒီနှင်းဆီလေးက အစက်အပြောက်လေးတွေနဲ့မို့ ရိုက်လာတာ။ ဘာနှင်းဆီ ခေါ်လဲမသိ။

စိမ်းလန်းစိုပြည်နေသော ပြင်ဦးလွင် ကန်တော်ကြီး တစ်နေရာ

ပန်းတွေနာမည်တော့ မသိ ၊ အရောင်စပ်ထားပုံလေး လှလွန်းလို့

နေပူနေပေမယ့် အရိပ်ရတဲ့ နေရာလေးတွေ ရွေးပြီး လမ်းလျှောက်ကြရတယ်

ပြင်ဦးလွင် ကန်တော်ကြီး တစ်နေရာ


ပြင်ဦးလွင် ကန်တော်ကြီး တစ်နေရာ

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင် (ဒါ တို့အလံကွ)

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင် 

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင် (ကြည့်ပါဦး ဘယ်လောက်လှတဲ့ အရောင်အစပ်လဲလို့)

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်


ပန်းက အစစ်နဲ့အတု ရောရော ထိုးထားတော့ စစ်လား ဒီလိုနမ်းကြည့်ရတယ်

တာဝန်ကျ ၀န်ထမ်းတစ်ယောက်ကို အကူအညီတောင်း ရိုက်ခိုင်းခဲ့သော စုံတွဲပုံ

အ၀ါရောင်လေး ၊ အနီရောင်လေး

ပန်းရောင်ကို ငွေရောင် ကွပ်ပါလို့

မုဒ်ဦး အလှဆင် ပန်းဒီဇိုင်း (ပန်းအစစ်တွေပါ)


ဘယ်ကျောင်းကလဲ မသိ၊ ကလေးတွေ လေ့လာရေး လာကြတယ်။ နှစ်ယောက်တစ်တွဲ လက်ချင်းတွဲပြီး သွားနေကြတာ ချစ်ဖို့ ကောင်းလိုက်တာ။

ကြုံတုန်း ပန်းလှည်းတွန်းပြီး ပိုက်ဆံ ရှာခဲ့ရသေးတယ်

နံရံကပ် ၀ါးကျည်တောက်လေးထဲ စိုက်ထားတဲ့ အလှပန်း။ သဘောတွေကျလိုက်တာ။ 

နံရံကပ်ပန်းတွေ အများကြီးပဲ။ ပျော်တာပေါ့။

ပန်းခင်းကြီးအလယ်

ရွှေလိမ္မော်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်



ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ပန်းပွဲတော် ၁၀ နှစ်ပြည့် ပန်းအလှဆင်

ပြင်ဦးလွင် ကန်တော်ကြီးရဲ့ ဇာတ်လိုက်မောင်နှံ

တရုတ်ဘုံကျောင်းမှာတော့ ကြည့်စရာ ထွေထွေထူးထူး မရှိလှပါဘူး။ ရောက်တယ်ဆိုရုံလေး သွားခဲ့တာပါ။
ဘုံကျောင်း အ၀င်ဝ

ပြင်ဦးလွင်တရုတ် ဘုံကျောင်း

ဘုံကျောင်းဝင်းအတွင်းရှိ ရုပ်တုများ

ပြင်ဦးလွင် တရုတ်ဘုံကျောင်း


ဒီလို အိမ်လက်ရာမျိုး မမြင်ရတာ ကြာလှပြီ။ ကိုယ်အရမ်းသဘောကျတဲ့ အိမ်ပုံစံမျိုးပေါ့။

ဘုံကျောင်းက အပြန်တော့ ပြင်ဦးလွင် ဘူတာဝင်ပြီး မနက်ဖြန် ဂုတ်ထိပ်သွားဖို့ လက်မှတ်ဝင်ဝယ်ခဲ့ပါတယ်။ အချိန်က စောသေးတယ်ဆိုပေမယ့် ကားသမားကို ပြင်ဦးလွင် ညဈေးတန်းကို ပဲ ပို့ခိုင်းပြီး တစ်နေ့တာ အတွက် ပြီးဆုံးစေခဲ့ပါတယ်။

ရေမုန့်ဝယ်စားခဲ့တယ်။

ညဈေးတန်းရောက် ရန်ကုန်သား တစ်ယောက်။ ဈေးတန်းမှာ ထူးခြားတာက ဘယ်ဈေးသည်ကမှ လာပါ စားပါ မခေါ်ပါဘူး။ သူတို့ဘာသာ အေးအေးဆေးဆေး ရောင်းနေကြတာပါပဲ။ စိတ်ဝင်စားလို့ ဆိုင်ရှေ့ ရပ်တာတောင် ၀င်ပါ မခေါ်ပါဘူး။ 

ညစာကို ဒီဆိုင်မှာ ၀င်စားခဲ့ပါတယ်။ 

ကြိုက်တာရွေးပြီး ကင်ခိုင်းတာ တစ်ပွဲ (မဆိုးပါဘူး စားကောင်းပါတယ်)


မာလာမြေအိုး။ (မနက်က စားခဲ့တဲ့ ဆိုင်နဲ့ယှဉ်လိုက်ရင် တခြားစီပါပဲ။ စေျးကလည်း အတူတူယူပါတယ်။ တစ်ချို့ဆို ပိုတောင် များပါတယ်။ နဲနဲငန်ပြီး စားလို့ သိပ်မကောင်းပါဘူး) သဘောကျတာတစ်ခုက ပဲရွက်တွေ အများကြီး ပါတာပါပဲ။


ဆန်စေး (ရန်ကုန်က ဆိုင်တွေထက် ကောင်းပေယ့် မနက်က ဆိုင်ကိုတော့ မမီပါဘူး) 

စားပြီး ညနေ ၆ နာရီပဲ ရှိသေးပေမယ့် တော်တော်မှောင်နေပါပြီ။ ညဈေးကနေ ဟိုတယ်ကို လမ်းလျှောက်ပြန်ခဲ့ပါတယ်။

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3

ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)

ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ

မနက် ၆ နာရီခွဲခန့် ဟိုတယ်ကို check-in ၀င်ပြီးပြီးချင်း နေရမယ့် ဘန်ဂလို အခန်းကို ဧည့်ကြိုကောင်လေးများက လိုက်ပို့ပေးတယ်။ ဒီဟိုတယ်က ၀န်ထမ်းတွေက တော်တော်လေး ချိုချိုသာသာ ဖော်ဖော်ရွေရွေ ရှိကြပါတယ်။ ကိုယ့်ကို ၀န်ဆောင်မှုပေးတာ မဟုတ်တဲ့ တခြားဝန်ထမ်းတွေကတောင် လမ်းမှာ ရှောင်သွားရင်း ပြုံးပြနုတ်ဆက်တတ်ကြပါတယ်။ ဘန်ဂလိုက ဘေးကပ်ရက် ၂ လုံးပဲ ရှိပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိလှပါတယ်။  အခန်းက သပ်သပ်ရပ်ရပ်နဲ့ တော်တော်ကောင်းပါတယ်။ Bathtub လည်းပါတယ်၊ ရေပူရေအေးလည်း ကောင်းပါတယ်။ ရေနွေးတည်တဲ့ အိုးအပြင် ရေနွေးဓာတ်ဗူးပါ ချပေးထားပါတယ်။ လက်ဘက်ခြောက်ထုပ်ကလေးပါ ထားထားတာ တွေ့ရတော့ ရေလည်သဘောတွေကျသွားတယ်။ အခန်းထဲမှာ အဲကွန်းမရှိပါဘူး။ ဒါပေမယ့် အဲဒိမနက် အပူချိန်က ၈ ဒီဂရီလောက် ရှိတာဆိုတော့ အခန်းထဲမှာ နေရင်းကို ချမ်းစိမ့်နေတာပါပဲ။ အခန်းက အစစအရာရာ အဆင်ပြေပေမယ့် သူ့ အားနည်းချက်လေး နှစ်ခု ရှိပါတယ်။ တစ်ခုက ရေချိုးခန်း တံခါးပါ၊ ပိတ်ရင်ဖွင့်ရင် ကျွီကျွီနဲ့ မြည်ပါတယ်။ နောက်တစ်ခုက အ၀တ်ဗီရိုတံခါးပါ။ သူက ပိုဆိုးပါတယ်။ ဖွင့်လိုက် ပိတ်လိုက်တိုင်း ကျွီကျွီနဲ့ မြည်သံက တော်တော်ကျယ်ပြီး တော်တော်စိတ်အနှောက်အယှက်ပေးပါတယ်။ ဗီရိုကိုတော့ မသုံးတော့ဘဲ နေခဲ့ပေမယ့် ရေချိုးခန်းတံခါးကတော့ ရှောင်လွှဲလို့မရလို့ သည်းခံလိုက်ပါတယ်။

ကိုယ်က အခန်းစစ်နေတုန်း အမျိုးသားက ကားငှားဖို့ လုပ်ပါတယ်။ တစ်နေကုန်လည်ရင် (မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ) ကို ၄ သောင်း နဲ့ ကားတစ်စီးဟိုတယ်ကို လာကြိုခိုင်းလိုက်ပါတယ်။ ကားသမားကို မနက်စာစားဖို့ ရှမ်းခေါက်ဆွဲရတဲ့ ဆိုင်တစ်ဆိုင် ပို့ပေးဖို့ ပြောပြီး ပြင်ဦးလွင်ရဲ့  ပထမဆုံး မနက်စာကို သူ့လက်ထဲ အပ်လိုက်ပါတယ်။ ကားသမားက စကားတော်တော်နည်းပါတယ်။ အေးတဲ့ပုံပါပဲ။ ဘာကောင်းတယ်၊ ဘာဆိုးတယ်ဆိုတာလည်း တစ်လုံးတစ်ပါဒမျှ ၀င်ရောက်ပြောဆိုခြင်း မပြုပါဘူး။


သူပို့တဲ့ဆိုင်လေးက အေးအေးဆေးဆေး သပ်သပ်ရပ်ရပ်လေးပါ။ ဒေသခံတွေ ဟင်းချိုထဲကို ၀က်ခေါက်ကြော်ထုပ်ကို ဖောက်ထည့်ပြီးမှ ဟင်းချိုသောက်တာ တွေ့ခဲ့ရတယ်။ ကိုယ်တွေလည်း လိုက်စားကြည့်တော့ ကောင်းသားပဲ ဖြစ်သွားတယ်။ ပထမဆုံး မှတ်မှတ်ရရ စားဖြစ်တဲ့ ဆန်စီး စားစားချင်း ကြိုက်သွားလို့ နောက်နေ့တွေလည်း အစီး၊ အစီး နဲ့ကို ဖြစ်သွားမိတာပါပဲ။ အစားမက်တဲ့ ကိုယ့်ကို ဆန်စီး အရည်ဖျော်တစ်ပွဲနဲ့ပဲ ပြင်ဦးလွင်က သူ့ဘက်ဆွဲခေါ်သွားနိုင်ပါပြီ။


ရှမ်းခေါက်ဆွဲ (အစီး) အရည်ဖျော် (တစ်ပွဲ ၁၀၀၀ ကျပ်)

မုန့်တီသုပ် (တစ်ပွဲ ၁၀၀၀ ကျပ်)


မဟာ အံ့ထူးကံသာဘုရား

ဗိုက်ပြည့်သွားတော့ ဘုရားဖူးကြပါတယ်။ ပြင်ဦးလွင်ရဲ့ နာမည်ကျော် မဟာအံ့ထူးကံသာဘုရား (ပြည်ချစ်) ဘုရားပါ။ နောက်မှာ ဘုရားရာဇ၀င်လေး ရေးထားတာတွေ့တယ်။ သေသေချာချာတော့ ဖတ်ခဲ့တာပါပဲ။ အခုပြန်မေးရင် တစ်လုံးမှ အစမဖော်နိုင်တော့ပါဘူး။ ကိုယ်မှတ်ညဏ်တွေ တစ်နေ့တစ်ခြားလျော့လာတာ သိသာလွန်းနေပါပြီ။

ဘုရားဖူးကြပါဦး

ဘုရားကုန်းပေါ်ကနေ လှမ်းမြင်ရတဲ့ လွင်ပြင်


ပြည်ချစ်ဘုရားကနေ ပိတ်ချင်းမြှောင်ဂူသွားတာတော့ နဲနဲ အချိန်ကြာပါတယ်။ လမ်းတစ်လျှောက် နေကြာရိုင်း ၀ါဝါလေးတွေက ဆင်းပြီးကို ခူးချင်စရာ ကောင်းပါတယ်။ ကားသမားက ကြိုးတံတားလေးကို ပတ်ကွေ့ ပြီး ဘုရားရှေ့ ကားပတ်ကင်ထိသွားရပ်ပါတယ်။ ဘယ်ရမလဲ အပြန်ကျ ကားသမားကို ကြိုးတံတားလေး လျှောက်ချင်လို့ ဟိုဘက် က စောင့်ပေးပါလို့ တောင်းဆိုခဲ့တယ်။

ပိတ်ချင်းမြောင် ဆိုင်းဘုတ်နဲ့ (လူပုံကိုတော့ သည်းခံကြည့်ကြပါကုန်)

လှိုဏ်ဂူ ၀င်းအတွင်း အ၀င်ဝ ကြိုးတံတား

ဒီရေပေါ်မှာ ကြိုးတံတားဆောက်ထားတာ

ပိတ်ချင်းမြောင် လှိုဏ်ဂူ 


လှိုဏ်ဂူ အ၀နားရှိ ဂေါတမမြတ်စွာဘုရား သုမေဓာရှင်ရသေ့ဘ၀ ဘုရားဆုပန်ပုံ ရုပ်တု

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း တစ်နေရာ

ပိတ်ချင်းမြောင် လှိုဏ်ဂူတွင်း မှ ကျောက်ပန်းဆွဲများ 
(တကယ်ဆို ကိုယ်အဲဒိပုံကို ကြည့်တိုင်း ဘာမှန်းမသိ အသဲယားပြီး နေလို့မကောင်းပါ၊ အမှတ်တရမို့သာ တင်လိုက်ခြင်းဖြစ်ပါတယ်။)


နေ့လည်စာကို ပိတ်ချင်းမြောင်က အပြန် ပွဲကောက်ရေတံခွန်မရောက်ခင် လမ်းမှာ ရှိတဲ့ ဒီဇင်ဘာ စားဥယျာဉ်မှာ ၀င်စားခဲ့ပါတယ်။ ဘာစားခဲ့သလဲ မမေးပါနဲ့။ အစမှာကတည်းက ဆန်စီးနဲ့ သံယောဇဉ်တွေ စခဲ့ပြီမဟုတ်လား။ အဲဒိခြံက နွားနို့လည်း ကောင်းပါတယ်။ နေ့လည်ခင်းဆိုတော့ ပိုကြိုက်မိတာက စတော်ဘယ်ရီ ဒိန်ချဉ်ပါ။

ဒီဇင်ဘာခြံအ၀င်ဝ

ဒီဇင်ဘာခြံထဲက စိုက်ခင်း

ဒီဇင်ဘာခြံ စားသောက်ဆိုင်

ဒီဇင်ဘာခြံထဲမှ နွားမွေးမြူရေး

ဒီဇင်ဘာခြံ စားဥယျဉ်

ဒီဇင်ဘာခြံမှ စတော်ဘယ်ရီ ဒိန်ချဉ် 


ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3






ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း

မေမြို့ ၊ ပန်းမြို့တော်၊ တောင်လှေကားမြို့၊ ပြင်ဦးလွင်။

ဘယ်လိုတွေခေါ်ခေါ် နွေရာသီမှာ သွားရောက်အနားယူစရာ မြို့လို့ သိထားကြတဲ့ မြို့လေး။

မရောက်တာ ကြာလို့ သွားမယ်ဆိုတော့ စင်ကာပူကတည်းက ဟိုတယ် ဘွတ်ကင်လှမ်းလုပ်ပါတယ်။

HOTEL

ဟိုတယ်က ရွိုင်ရယ်လ် ဂရင်း (Royal Green) ဟိုတယ်။  ဟိုတယ်က ခပ်သေးသေးပါ။ ရှေ့မှာ reception ပါရှိတဲ့ နှစ်ထပ်တိုက်တစ်လုံးနဲ့ ခြံနောက်မှာ ဘန်ဂလို နှစ်လုံးတွဲလျက်ပဲ ရှိတာပါ။ စုစုပေါင်းအခန်း ၂၀ ရှိတယ်လို့ သိရပါတယ်။ နှစ်ထပ်တိုက်ပေါ်က အခန်းတွေက နှစ်ယောက်ခန်းတစ်ခန်း တစ်ရက်ကို ၃သောင်းခွဲလို့ သိရပြီး ဘန်ဂလိုကတော့ တစ်ခန်းကို ၄ သောင်းခွဲပါ။ မနက်စာ ကျွေးတယ်။ ၀ိုင်ဖိုင်လည်း ရှိပါတယ်။ ဘန်ဂလိုကိုပဲ နှစ်ရက်စာ ဖုန်းဆက်ပြီး ဘွတ်ကင် လှမ်းလုပ်တာ စရန်ငွေတောင် မပေးရပါဘူး။ ဟိုတယ်က 3 stars လို့သိရပါတယ်။
ဟိုတယ်ဝင်ပေါက်

ကိုယ်တွေ နေခဲ့တဲ့ ၂ ရက် (ဒီဇင်ဘာ ၂၂ နှင့် ၂၃၊  ၂၀၁၅) အတွေ့အကြုံအရဆို တော်တော်ကောင်းပါတယ်။ သန့်ရှင်းတယ်၊ ၀န်ထမ်းတွေ အမြဲ တက်တက်ကြွကြွ ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာလိုသလဲ တစ်ချိန်လုံးမေးကြပါတယ်။ မနက်စာ ဘူဖေးကျွေးတယ်။ အမျိုးအမယ်တွေ အများကြီးတော့ မဟုတ်ပါဘူး။ ထုံးစံ ကော်ဖီ၊ ပေါင်မုန့်ထောပတ်သုပ်၊ ထမင်းကြော်၊ ကော်ပြန့်ကြော်၊ ကြက်ဥကြော် စသည်တို့ပါ။ ပြင်ဦးလွင်ကိုရောက်သွားတာ မနက် ၆ နာရီခန့်ကို တစ်ခါတည်း check-in ပေးဝင်ပါတယ်။ အခန်းက အရင်လူမရှိလို့လည်း နေမှာပါ။

ဟိုတယ်ကနေ တက်စီ၊ တုတ်တုတ်၊ ဆိုင်ကယ် ငှားချင်ရင် reception မှာ မေးပြီး ငှားနိုင်ပါတယ်။ လာတဲ့နေ့က ကားဂိတ်ကနေ ဟိုတယ်ကို တက်စီနဲ့ လာကြိုဖို့ ဘွတ်ကင်လုပ်ကတည်းက ကြိုပြောထားခဲ့ပါတယ်။ ကားကြီးဝင်းကနေ ဟိုတယ်ကို ၅ ထောင်ကျပ် ကျပါတယ်။ လမ်းမှာပဲ အဲဒိ တက်စီသမားကို ကားငှားလည်တဲ့ဈေးနှုန်းမေးပြီး လည်နိုင်ပတ်နိုင်ပါတယ်။ ဆိုင်ကယ်ကတော့ တစ်နာရီကို ၃၀၀၀ ကျပ်၊ နှစ်နာရီကို ၅၀၀၀ နဲ့ နှစ်နာရီငှားပြီး လျှောက်လည်ခဲ့ပါတယ်။ အပြန် ဟိုတယ်ကနေ ကားကြီးဝင်းကို တုတ်တုတ် ငှားတာ ၃၀၀၀ ကျပ် ကျပါတယ်။

ဟိုတယ်က ပြင်ဦးလွင်ဈေးကြီးကနေ လမ်းလျှောက်ရင် ၁၅ မိနစ်ခန့်ကြာပါတယ်။ နှစ်ညနေလုံး ညဈေးကနေ ဟိုတယ်ကို လမ်းလျှောက်ပြန်ခဲ့ပါတယ်။ ဟိုတယ်ကနေ ကန်တော်ကြီးကို လမ်းလျှောက်ရင် ၄၅ မိနစ်ခန့် ကြာပါတယ်။ တစ်ခုပါပဲ ပြင်ဦးလွင်မှာ ညနေ ၆ နာရီဟာ တော်တော်ကို မှောင်နေပါပြီ။ ဆောင်းတွင်းနေ၀င်စောတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပြန်မယ့်နေ့ကို အနီးစခန်း ရေတံခွန်သွားလည်မှာ ဘယ်အချိန် ပြန်ရောက်မယ် မမှန်းတတ်လို့ တစ်ခါတည်း မနက်အစောကြီးကတည်းက ချက်အောက် (check-out) လုပ်ခဲ့ပါတယ်။ ပစ္စည်းတွေကို ဟိုတယ် reception မှာ အပ်ခဲ့ပြီး နေ့လည် စောစောပြန်ရောက်လာတော့ ကားကြီးဝင်းမသွားခင် ဟိုတယ် lobby မှာပဲ အေးအေးဆေးဆေး ထိုင်စောင့်နေခဲ့ပါတယ်။
reception 

reception 

ဟိုတယ်လိပ်စာ

ရွိုင်ရယ်လ် ဂရင်းဟိုတယ်
အမှတ် ၁၇၊ ဇီဝကလမ်း (ပြည်တော်သာ ၁ လမ်းထိပ်) ၊ ပြင်ဦးလွင်၊ မြန်မာ
ဖုန်း +၉၅ ၈၅၂၈ ၄၁၁

Royal Green Hotel
No. 17, Corner of Ziwaka Road and Pyitawthar 1st street, Pyin Oo Lwin 11722, Myanmar (Burma)
Phone +95 85 28 411

Customer Service : 5 / 5
Food  : 3.5 / 5
Location  : 4 / 5
Price  : 4 / 5
Room  : 3.5 / 5


EXPRESS BUS

ရန်ကုန်-ပြင်ဦးလွင်  ကားလက်မှတ်ကိုလည်း ရန်ကုန်အိမ်က သွားစုံစမ်း၊ ၀ယ်ပေးထားပါတယ်။ ထူးခြားတာက ၁ ပတ်လာက်ကြိုဝယ်တာ လက်မခံပါဘူး။ ၃ ရက်လောက်နေမှ လာခဲ့ပါဆိုပဲ။ ကားမသေချာသေးလို့လားတော့မသိ။ အောင်ဆန်းကွင်းက ခိုင်မန္တလေးကားဂိတ်မှာ ၀ယ်တာပါ။ လူတစ်ယောက်ကို အသွား ၂သောင်း ၃ ထောင် (၂၃၀၀၀) ကျပ်၊ အပြန် ၂၃၀၀၀ ကျပ် ကျပါတယ်။ မြောက်ဥက္ကလာ အောင်မင်္ဂလာကားကြီးဝင်းမှာ သွားစီးရပါတယ်။ ညနေ ၈ နာရီထွက်တာ ပြင်ဦးလွင်ကို နောက်နေ့ မနက် ၆ နာရီခန့်မှာ ရောက်ပါတယ်။

ကားက ကောင်းပါတယ်။ ၃ ယောက်တစ်တန်းဖြစ်ပြီး နှစ်ယောက်ခုံ တစ်ခြမ်း တစ်ယောက်ခုံ တစ်ခြမ်းပါ။ တစ်ယောက်ကို တီဗွီတစ်လုံးစီနဲ့ နားကြပ်ပေးထားပြီး မြန်မာရုပ်ရှင်၊ အင်္ဂလိပ်ရုပ်ရှင် မြန်မာစာတန်းထိုး အင်္ဂလိပ်စာတန်းထိုး၊ သီချင်း၊ သတင်း စုံလင်စွာ ထည့်ထားပါတယ်။ ကားထဲက အဲကွန်းက စစချင်း သိပ်မအေးပေမယ့် ကြာလာလေ အေးလာလေဖြစ်ပြီး သူတို့ပေးထားတဲ့ ဂွမ်းစောင်အောက်မှာ ကွေးနေရပါတယ်။ ရေသန့်ဗူးတစ်ဗူး၊ ကိတ်မုန့်၂ ခုပါ ဗူးတစ်ဗူး၊ ရေစိုတစ်ရှူး လိုက်ဝေပါတယ်။ အပေါ့အပါးသွားဖို့ လမ်း နှစ်နေရာမှာ ရပ်ပါတယ် ။

အသွားကားက အစစအရာရာ အဆင်ပြေမယ့် အပြန် ကားကတော့ အများကြီး အဆင်မပြေခဲ့ပါဘူး။ ကားသမားကားမောင်းတာ နဲနဲ ရမ်းပါတယ်။ ကိုယ်က ကားကြီးဖြစ်တာတောင် လမ်းမှာ ကားတော်တော်များများကို လိုက်ကျော်ပါတယ်။ အပြန်ကားက လူမပြည့်ပါဘူး။ ၁၀ ယောက်တောင် မပြည့်ဘူး ထင်ပါတယ်။ ကားပေါ်ရောက်ရောက်ချင်း တီဗွီက ဖွင့်လို့ရပေမယ့် ပထမတစ်ခါ နားနေစခန်းရပ်အပြီး ပြန်အတက်မှာ တီဗွီက မီးမလာတော့ပါဘူး။ ဒါပေမယ့် တစ်ကားလုံးမှာ ဒီတီဗွီကြည့်နေတာ ကိုယ်တို့နှစ်ယောက်တည်းရှိပြီး ကျန်တဲ့သူတွေ အကုန် အိပ်နေကြတာမို့ မပြောခဲ့တော့ပါဘူး။ ပြင်ဦးလွင်က ညနေ ၆ နာရီခွဲထွက်တာ ရန်ကုန် အောင်မင်္ဂလာကားကြီးဝင်းကို နောက်နေ့မနက် ၆ နာရီခန့်မှာ ရောက်ပါတယ်။

ခိုင်မန္တလေး အမြန်ကား လက်မှတ်ဝယ်ရန်
အောင်ဆန်းကွင်းတောင်ဘက်တန်း၊ဘူတာကြီးရှေ့ 
ဖုန်း - ၀၉- ၂၀၁၁၂၅၁ ၊၀၉ -၂၀၅၄၂၉၄

မြောက်ဥက္ကလာပ၊ အောင်မင်္ဂလာကားကွင်း ၊မကွေးလမ်း
ဖုန်း - ၀၉ - ၄၇၀ ၇၉၄၆၆ ၊၀၉ - ၆၈၀ ၅၁၇၉

(မှတ်ချက်။   ။ အထက်ပါ review သည် ကိုယ်ပိုင်ခံစားချက် ဖြစ်ပါသည်။ ဟိုတယ်နှင့်သော်၎င်း ကားလိုင်းနှင့်သော်၎င်း ဆက်စပ်ပတ်သတ်မှု လုံးဝမရှိပါ။)


ခရီးစဉ်
Day 1 Day 2 Day 3
မနက်ပိုင်း မနက်စာ မနက်စာ (ဟိုတယ်) မနက်စာ (မောဓနု)
မဟာအံထူးကံသာ ဘုရား ဂုတ်ထိပ်တံတား ဓာတ်တော်ချိုင့် ရေတံခွန်
ပိတ်ချင်းမြှောင်ဂူ The View 
နေ့လည် နေ့လည်စာ (ဒီဇင်ဘာခြံ) နေ့လည်စာ (ရထားပေါ်၊ ဂုတ်ထိပ်ဆိုင်) ပြင်ဦးလွင် ဈေးကြီး
ပွဲကောက်ရေတံခွန် နေ့လည်စာ (ဟိုတယ်အနီး)
ပြင်ဦးလွင်ဘူတာ
ညနေ ကန်တော်ကြီး လမ်းလျှောက် (ဘူတာမှ ဟိုတယ်) ဆိုင်ကယ်စီး
ဘုံကျောင်း ညစာ (ဟိုတယ်) ကားကြီးဝင်း
ညစာ ( ည ဈေးတန်း ) ညစာ (feel)





ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - နိဒါန်း
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (မနက်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 1 (နေ့လည်ပိုင်း)
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 2
ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် - Day 3

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...