Hello Saigon - Day 2 : Mui Ne Sand Dunes

ဖေဖော်ဝါရီ ၂၀၁၇။
ဟိုချီမင်း (ဆိုင်ဂုံ) - မွေ့နဲ။

The Sinh Tourist
မနက် ၆ နာရီခန့်မှာ ဟိုတယ်ကနေ တစ်ခါတည်း check out ထွက်ပြီး မွေ့နဲသွားဖို့ ကြိုတင် ဘွတ်ကင် လုပ်ထားတဲ့ တိုး ကုမ္ပဏီကို လမ်းလျှောက်ကြပါတယ်။ ကိုယ်တို့ ၀ယ်ထားတဲ့ mui ne tour package က ဒီက အတိုင်းပါ။

တည်းတဲ့ Platinum Hotel ကနေ TheSinhTourist ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ မနက်စောစော လမ်းရှင်းနေတော့ လမ်းလျှောက်ရတာတာ သာသာယာယာပါပဲ။ September 23 ပန်းခြံကို ဖြတ်သွားရပြီး ပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေကြတဲ့သူတွေ အများအပြားပါပဲ။ တိုးကုမ္ပဏီရဲ့ ရုံးခန်းမှာတော့ တိုးရစ်တွေ တော်တော်များပါတယ်။ booking လုပ်ထားတဲ့ စာရွက်ကိုပြ ကားလက်မှတ်ထုတ်ပြီးတဲ့အချိန်မှာတော့ စီးရမယ့်ကားကို ခဏစောင့်ရပါတယ်။

နှစ်ထပ် ဘတ်စကား

ဒါက မအိပ်ခင်လေး welfie

၇ နာရီထွက်မယ့်ကားက ၇ နာရီမထိုးခင် ၇ မိနစ်ခန့်အလိုမှာ ရောက်လာပါတယ်။ ရှေ့က တက်တဲ့ ခရီးသည်တွေကို ဒရိုင်ဘာက ကျွတ်ကျွတ်အိတ်တစ်ယောက်တစ်အိတ်စီ ပေးနေတာရယ်၊ တက်တဲ့သူတွေက ဖိနပ်ချွတ်ပြီး အဲဒိ အိတ်ထဲ ထည့်ပြီးမှ ကားပေါ်တက်သွားတာရယ် မြင်လိုက်ရတော့ တော်တော် စိတ်ညစ်သွားပါတယ်။ ဘယ့်နှယ် ဒီကား ကြီးကျယ်လိုက်တာ၊ သူ့ကားပေါ် ဖိနပ်မစီးရဘူးပေါ့။ ကိုယ့်အလှည့်မှာ သူပေးတဲ့အိတ်ထဲ ဖိနပ်ထည့်ပြီး ကိုယ့်ထိုင်ခုံနံပါတ်ကို သွားမယ့် ကြည့်လိုက်တော့မှ ကားက နှစ်ထပ် ကုတင်တွေပါတဲ့ အိပ်စင်ပါ ကားဖြစ်နေတာ တွေ့ရပါတယ်။ အတန်း ၃ တန်း ရှိပြီး အားလုံးက နှစ်ထပ် အိပ်စင်တွေ ဖြစ်ပါတယ် စစချင်း သွားရတာ၊ ကိုယ့်နေရာကိုယ် ၀င်ရတာ ခက်ပေမယ့် ထိုင်ပြီးတဲ့ခဏမှာတော့ အရမ်းကို သဘောကျသွားပါတော့တယ်။ ခြေထောက်ကောင်းကောင်းဆန့်ပြီး အိပ်လို့ရတဲ့ အနေအထားဆိုတော့ သက်သောင့်သက်သာ တော်တော်ရှိပါတယ်။ တစ်ခုပါပဲ၊ ကိုယ်က ယောက်ျားလေး အပေါ်က မိန်းကလေးဆိုရင်တော့ ကိုယ်တို့ မြန်မာအယူအဆက တယ်မနှစ်မြို့ကြဘူးပေါ့။ ကိုယ်တို့အားလုံး အောက်ထပ်ထိုင်ခုံတွေပဲ ရကြတော့ အပေါ်တက်ရ သက်သာသွားတယ်လို့ပဲ မှတ်ပါတယ်။ ကားပေါ်မှာ ၀ိုင်ဖိုင်ရှိပါတယ်။

အသွားအပြန် လမ်းမှာ နားတဲ့ ဆိုင်..
အသွားနားတုန်း အဲဒိဆိုင်က ကျွဲကောသီး၊ သရက်သီးနဲ့ Banh Mi ဆိုတဲ့ အသားညှပ်ပေါင်မုန့်ဝယ်စားခဲ့တယ်
အပြန်နားတဲ့အခါကျ ပိန်းနှဲသီး ၀ယ်စားခဲ့တယ်

မနက် ၇ နာရီအတိမှာ ကားစထွက်ပါတယ်။ ဆိုင်ဂုံကနေ မွေ့နဲကို လမ်းမှာ ခဏနားချိန် အပါအ၀င် ၅ နာရီခွဲခန့် မောင်းရပါတယ်။ လမ်းတစ်လျှောက်ကားလမ်း မကျပ်ပါဘူး။ အဝေးပြေးလမ်းလိုလည်း ရှင်းမနေပါဘူး။ ပုံမှန်ပါပဲ။ ကားလမ်းတွေ အရမ်းကောင်းပြီး ကားလမ်းတောက်လျှောက်မြို့တွေက ဆက်နေပါတယ်။ ကားက ကီလို ၈၀ ခန့်နဲ့သာ အေးအေးဆေးဆေး မောင်းနေတာပါ။

Mui Ne Resort
မွေ့နဲမြို့ထဲ ၀င်အပြီး မကြာခင်မှာပဲ ကမ်းခြေဖြူလွလွနဲ့ အရမ်းလှနေတဲ့ ပင်လယ်ပြာကြီးကို စတွေ့ရပါပြီ။ ကားက ပင်လယ်နဲ့အပြိုင်မောင်းနေတော့ တစ်လမ်းလုံးအိပ်နေတဲ့သူတွေတောင် ထပြီး ရှူခင်းကြည့်ကြပါတယ်။ တည်းရမယ့် Mui Ne Resort ကို ရောက်တဲ့အချိန်က ၁၂ နာရီ ခွဲခန့်ပါ။

Mui Ne Resort

Set lunch ထဲကနေ ပထမဆုံး လာချတဲ့ သရက်သီးဖျော်ရည်

ဒါက နောက်ထပ်ချတဲ့ Set Lunch

ချက်အင် ၀င်အပြီး တစ်ခါတည်း resort ရဲ့ restaurant မှ နေ့လည်စာကျွေးပါတယ်။ နေ့လည်စာက set lunch ပါ။ ထိုင်ခုံထိုင်ထိုင်ချင်း ဒီနေ့ကျွေးမယ့် မီနူးစာရင်းကို လာပြပါတယ်။ ပြီးတော့ ဗီယက်နမ်လို ရှင်းပါတယ်။ အမျိုးအမည်တွေက များနေတော့ အဲဒိထဲက ရွေးရမယ်မှတ်ပြီး တစ်ယောက်တစ်မျိုးရွေးကြပါတယ်။မီနူးလာပြတဲ့ အမျိုးသမီးကလည်း အင်္ဂလိပ်လိုကြိုးစားရှင်းပေမယ့် မရေလည်၊ ကိုယ်တွေကလည်း အီးလိုပဲ ပြောတတ်တော့ သူနားမလည်၊ နောက်ဆုံး သူလည်းစိတ်ညစ်ပြီး ဘာမှမပြောဘဲ ထွက်သွားပါတယ်။ ကိုယ်တို့လည်း ဟာ ဒီအမျိုးသမီး ရိုင်းတယ်ပေါ့။ ဒီမှာ မှာလို့မပြီးသေးဘူး ထွက်သွားတယ်ပေါ့။ ပြီးတော့မှ cold tea က စပြီး တစ်မျိုးပြီး တစ်မျိုးလာချမှ သဘောပေါက်သွားပါတော့တယ်။ အဲဒိ resort မှာ စားခဲ့ရတဲ့ သုံးနပ် နဲ့ မနက်စာ တစ်နပ် အားလုံး အရမ်းစားကောင်းပါတယ်။ ပါလာတဲ့သူငယ်ချင်းဆို အဲဒိ အစားအစာတွေ ထပ်စားချင်လို့ မွေ့နဲကိုပဲ ထပ်သွားချင်နေတယ်လို့ ပြောရတဲ့အထိပါပဲ။ စားပြီးတော့ အခန်းပြန်နားကြပါတယ်။ ရတဲ့အခန်းက ဘန်ဂလို အမျိုးအစားလေးတွေပါ။ အခန်းလေးတွေ နဲနဲ ကျဉ်းပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အခန်းဘေး ကပ်လျက်က ရေကူးကန်ပါ။ အခန်းထဲ ခဏနားပြီး နေ့လည် ၂ နာရီခွဲမှာ တိုးက မီနီဘက်စ်နဲ့ တံငါရွာကို သွားကြပါတယ်။

ဒါက resort နဲ့ မျက်နှာချင်းဆိုင်က တိုးကုမ္ပဏီနဲ့ အစားအသောက်ဆိုင်တွေ... တခြား လက်ဆောင်ပစ္စည်းဆိုင်တွေ အ၀တ်အထည်ဆိုင်လေးတွေလည်း ရှိတယ်..

Fishing Village, Mui Ne
တံငါရွာဆိုပေမယ့် လူနေတဲ့ ရွာမဟုတ်ပါဘူး။ တံငါသည်တွေ ငါးဖမ်း၊ ငါးခြောက်လှမ်းနေကြတဲ့ ပင်လယ်ကမ်းစပ် နေရာပါ။ အဲဒိမှာ စိတ်ဝင်စားစရာကောင်းတာက တံငါလှေလေးတွေ။ သစ်သားခွက်ပုံစံ အ၀ိုင်းဖြစ်ပြီး လက်နဲ့ပဲ လှော်ကြပါတယ်။ ရောင်စုံ လှေအ၀ိုင်းလေးတွေ ပင်လယ်ထဲမှာ အများကြီး တွေ့ရတာ တကယ့် ပန်းချီကားချပ်ပါပဲ။ ငါးတွေ ပုစွန်တွေ လှမ်းထား ၊ အလုပ်လုပ်နေကြတော့ ငါးညှီနံ့တော့ ရှိပါတယ်။

ဖမ်းလာတဲ့ငါးတွေကို ကမ်းစပ်မှာတင် ရွေးချယ်ကြတယ်

ကမ်းစပ်ကနေ လှမ်းမြင်ရတဲ့ ငါးဖမ်းလှေတွေ

တစ်ချက်တစ်ချက် ရတဲ့ ငါးညှီနံ့တွေကို လျစ်လျူရှုနိုင်မယ်ဆိုရင် 
ဒီမြင်ကွင်းက အလှဆုံးပန်းချီကားတစ်ချပ်လိုပါပဲ

သူတို့ရဲ့ ငါးဖမ်းလှေက ဒီလိုဝိုင်းဝိုင်းလေး

ရောက်ခဲ့တယ် အမှတ်တရ ပေါ့လေ


ကားပေါ် ပြန်တက်ပြီး ဆက်ထွက်လာတော့ သဲသောင်ပြင်ဝါ၀ါကြီးတွေကို လှမ်းတွေ့ရပါတယ်။ ဂိုက်က အဲဒါ အပြန်ကျ ၀င်မယ် Yellow Sand Dune ဖြစ်တယ်၊ အခုတော့ White Sand Dune အရင်သွားကြမယ်လို့ ပြောပါတယ်။ ကားပေါ်ကနေ မြင်နေရတဲ့ သဲသောင်ပြင်၊ ပင်လယ်၊ ကျောက်ဆောင်တွေက အရမ်းလှပါတယ်။


နွားအုပ်သိမ်းချိန်

White Sand Dune


White Sand Dune

တစ်နာရီခန့် မောင်းအပြီးမှာတော့ အဖြူရောင်သဲခုံတွေဆီကို ရောက်ပါပြီ။ white sand dune က yellow sand dune ထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ သဲသောင်ပြင်ပေါ် လမ်းလျှောက်ရင်း သဲကန္တာရကို ရောက်နေသလို ခံစားရပါတယ်။ မျက်စိတစ်ဆုံး အဖြူရောင်သဲခုံတွေက အမြင်သာနီးပြီး တကယ်လမ်းလျှောက်တော့ ရှေ့ကို မရောက်ပါဘူး။  သွားချင်တာက ဟိုးမြင်နေရတဲ့ ကားဘီးရာ၊ လူခြေရာတွေ မရှိတဲ့နေရာ။ တကယ်တန်း သွားနိုင်တာက သဲခုံတစ်ခု ထိပါပဲ။ ကံကောင်းချင်တော့ နေအရမ်းမပူဘဲ တိမ်တွေရှိတဲ့အတွက် အပူနဲနဲ သက်သာသွားပါတယ်။ လေကတော့ အနည်းငယ်ပြင်းထန်ပါတယ်။ စိတ်ကျေနပ်လောက်အောင် ဓာတ်ပုံတွေ ရိုက်ပြီးတဲ့အခါမှာတော့ ပြန်ဆင်းကြပါတယ်။

ကိုယ်ကတော့ သဲမြင်ရင် ဖိနပ်ချွတ်တတ်သူဆိုတော့ ဖိနပ်မပါဘူး

နောက်က ဂျစ်လိုမျိုးနဲ့ လျှောက်လည်လည်းရတယ်

မျက်စိတစ်ဆုံး သဲသောင်ပြင်ကြီး

လူအရောက်အပေါက်များတဲ့နေရာမှာတော့ လူခြေရာတွေ ကားဘီးရာတွေ
ဟိုးအဝေးထိလူမသွားနိုင်ကြတော့ အဲဒိက သဲခုံက ခြေရာ လုံးဝမရှိဘဲ အရမ်းလှနေမှာလို့ တွေးမိတယ်။

အဖြူရောင်သဲခုံပေါ်က ပြန်မဆင်းခင်

Yellow Sand Dune (Red Sand Dune)
အပြန်မှာတော့ ခုနမ၀င်ခဲ့တဲ့ အ၀ါရောင်သဲခုံတွေဆီ ၀င်ပါတယ်။ တစ်ချို့က Red Sand Dune (အနီရောင်သဲခုံ) လို့ခေါ်ကြပါတယ်။ ဒီသဲခုံက ရာသီအလိုက် အရောင် ပြောင်းတယ်လို့ သိရပါတယ်။ ကိုယ်တို့သွားတဲ့အချိန်မှာတော့ အ၀ါရောင်၊ အညိုဖျော့ရောင် သဲတွေပါ။  ဒီသဲခုံက တက်ရတာ ပိုမတ်ပါတယ်။ အဖြူရောင်သဲခုံလောက် မကျယ်ပြန့်ပေမယ့် သဲခုံပေါ်ရောက်သွားပြီး အောက်ကရှူခင်းတွေကြည့်ရတာ စိတ်ကြည်နူးစရာပါ။ ဒီသဲခုံမှာတော့ သဲလျှောစီးချင်တဲ့သူတွေအတွက် ဘုတ်ပြားလေးတွေငှားစီးနိုင်ပါတယ်။ သဲခုံတောင်ပေါ်ကို ဘုတ်ပြားလေးယူသွား၊ အဲဒိကမှ ဘုတ်ပြားပေါ်ထိုင်ပြီး လျှောဆင်းကြတာပါ။ ငယ်ငယ်က ဆော့သလိုပေါ့။ စကတ်ဝတ်သွားမိလို့ စီးဖို့ အဆင်မပြေတာနဲ့ မစီးခဲ့ရပါဘူး။


အ၀ါရောင် သဲခုံပေါ်မှာ

အ၀ါရောင်သဲခုံ က အပြန်တော့ နေစောင်းနေပါပြီ။ resort ကို ပြန်ရောက်တာနဲ့resort အနောက်က ပင်လယ်ထဲ ခဏဆင်းကြပါတယ်။


ညစာစားရင်း မနက်ဖြန် mount Ta Cu (တာကူးတောင်) ပေါ်ကို သွားကြမလား တိုင်ပင်ကြပါတယ်။ အားလုံးသဘောတူတာနဲ့ သူငယ်ချင်းနှစ်ယောက် အခန်းပြန်ခိုင်းလိုက်ပြီး ကိုယ်တို့နှစ်ယောက်ပဲ resort ရှေ့က တိုးရုံးခန်းမှာပဲ Private Jeep Tour ကို သွားဝယ်ကြပါတယ်။ အဲဒိအချိန် တိုးရုံးခန်းတောင် ပိတ်ခါနီးဖြစ်နေပါပြီ။ ၀န်ထမ်းအမျိုးသမီးတစ်ယောက်ပဲ ရှိပြီး ရုံးခန်းပိတ်ဖို့ပြင်ဆက်နေပါပြီ။ တိုးက မနက် ၈ နာရီထွက်ပြီး နေ့လည် ၁ နာရီလောက်ပြန်ရောက်တယ်ဆိုတော့ ကိုယ်တို့ ဟိုချီမင်းအပြန်ကား က ၁ နာရီထွက်မှာရယ်၊ နေ့လည်စာစားဖို့အချိန်ရယ် နဲ့ နဲနဲစောထွက်ပြီး ခရီးစဉ်ထဲပါတဲ့ တစ်ချို့နေရာတွေ မသွားတော့ဘူး လို့ ညှိနှိုင်းပါတယ်။ အဓိကက နေ့လည် ၁၂ နာရီလောက်ပြန်ရောက်ဖို့ပါပဲ။  မနက် ၇ နာရီခွဲ ထွက်ဖို့ပြောပြီး အခန်းပြန်ခဲ့ကြပါတယ်။

cheers!!!!

ညစာမစားခင် ပင်ပန်းနေတဲ့ ရုပ်ကလေးတွေနဲ့

မွေ့နဲရဲ့ ညစာ

(စကားချပ်။ ။ အပျော်ခရီးသွားတဲ့အချိန် ပစ္စည်းပျောက်ရင် အပျော်တစ်ချို့ ပဲ့ပါသွားတတ်ပါတယ်။ကိုရီးယားခရီးတုန်းက နှင်းလျှောစီးတဲ့အခါဝတ်တဲ့ မျက်မှန်ပျောက်သွားတုန်းကလည်း ပြန်လျော်ရတဲ့  ပိုက်ဆံကို နှမြောမိတဲ့အခါ စိတ်အနှောင့်အယှက်နဲနဲဖြစ်မိသလိုပါပဲ။

အခုလည်း tour package သွားဝယ်ရင်း ရုံးခန်းကောင်တာပေါ်မှာ ကင်မရာတင်ထားပြီးမေ့ခဲ့တာ တစ်ညလုံး သတိမရပါဘူး။ နောက်တစ်နေ့မနက်စောစောပြင်ဆင်ပြီး ထွက်တော့မယ်ဆိုမှ သတိရပါတယ်။ အမျိုးသားက ကင်မရာကိုယ့်ကိုပေးထားတဲ့အချိန် ကိုယ် ကောင်တာပေါ်တင်လိုက်တာ သူမှတ်မိလိုက်လို့ ရုံးခန်းကို ပြေးပါတယ်။ ရုံးက မနက် ၇ နာရီမှ ဖွင့်မှာဆိုတော့ နာရီဝက်လောက်စောင့်လိုက်ရပါတယ်။ မနက် ၇ နာရီထိုးတော့ ၀န်ထမ်း ၃ ယောက်ရောက်လာပြီး ရုံးခန်းကို ဖွင့်ပြီး အထဲမှာ ပြင်ဆင်နေကြပါတယ်။ ဘယ်သူ့ကိုမှ ပေးမ၀င်သေးပါဘူး။ ကိုယ့်အမျိုးသားက အပေါက်ဝကနေပဲ ကင်မရာကျန်ခဲ့တဲ့ အကြောင်းပြောပြီးမေးတော့ မနေ့ကတိုး  ၀ယ်တုန်းကရောင်းပေးတဲ့ အမျိုးသမီးက စကားနားမလည်သလို အူကြောင်ကြောင်လုပ်ပြီး မသိချင်ယောင်ဆောင်နေပါတယ်။ တခြားဝန်ထမ်းတစ်ယောက်က သူတို့ ဆိုင်ဖွင့်ခါစမို့ ပြင်ဆင်တာ မပြီးသေးလို့ ခဏအပြင်မှာစောင့်ဖို့ပြောပါတယ်။ ၀င်လို့ရပြီဆိုတဲ့အချိန် ၀င်ပြီးပြောပေမယ့် စောင့်နေကြတဲ့ ခရီးသည်တွေ ပြုံဝင်ကြလို့ ကိုယ်တို့ကို မသိချင်ယောင်ဆောင်ထားပြီး တခြားသူတွေကို ၀န်ဆောင်မှုပေးနေကြပါတယ်။ ကိုယ့်အမျိုးသားက ဒေါသထွက်လာပြီး အသံကျယ်ကျယ်နဲ့ ခပ်တင်းတင်း မနေ့ညက ဒီနေရာမှာ ကျန်ခဲ့တဲ့ ကင်မရာ တွေ့သလားလို့ မေးတော့မှ ၀န်ထမ်းတစ်ယောက်က အံဆွဲထဲက ကင်မရာကို ထုတ်ပြပြီး ဒါလား မေးပါတယ်။ ကိုယ်တို့ကင်မရာဖြစ်ကြောင်း ကင်မရာထဲက ကိုယ်တို့ပုံတွေကို သက်သေပြပြီး ပြန်ရခဲ့ပါတယ်။

 ကျေးဇူးတင်ကြောင်းပြောတာကို ၀န်ထမ်းတွေက ပြုံးစိစိနဲ့ ကျန်ခဲ့ပါတယ်။ ဘာသဘောလဲတော့ မသိပါဘူး။ ရိုးသားမှု သိပ်မရှိဘူးလို့ခံစားရပါတယ်။ ဒါတောင် ကိုယ်တို့က သူတို့တိုးနဲ့ လာ၊ သူတို့တိုးပိုင် resort မှာတည်းပြီး၊ နောက်ထပ်တိုးလာဝယ်တဲ့ customer တွေပါ။ ညက လက်မှတ်ရောင်းလိုက်တဲ့ အမျိုးသမီးက ကိုယ်တို့က ကင်မရာလို့ ဟလိုက်တာနဲက မသိချင်ယောင်ဆောင်ပြီး ပစ္စည်းတွေရှင်း ဟိုလုပ်ဒီလုပ် လုပ်နေတာကိုက ရိုးသားမှုမရှိတာပါ။ ညက သူတစ်ယောက်ပဲ ရှိပြီး ကိုယ်တို့အပြန် သူ ရုံးဆက်ပိတ်ဖို့ လုပ်နေတာ အမြင်ကို သူတွေ့လို့ သိမ်းထားရင်လည်း ဒီမနက် ထုတ်ပေးလိုက်ရင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိမှာပါ။ အခုတော့ မသိချင်ယောင်ဆောင်ဖို့ကြိုးစားတာကို မြင်နေရတော့ ကျေးဇူးတင်စကားတောင် ပုံမှန်ပဲ ပြောဖြစ်ပါတော့တယ်။ မုန့်ဖို့တောင်းဖို့ အချိန်ဆွဲတာလို့ ကိုယ်ကတော့ ထင်တာပါပဲ။

ခရီးသွားရင်း ပစ္စည်းပျောက်တာ က ပစ္စည်းကို တန်ဖိုးထားရင် ထားရသလောက် စိတ်အနှောက်အယှက်ဖြစ်ရတာပါပဲ။ ကိုယ့်အတွက်ကတော့ တော်တော်ကို သတိထားနေရတော့မှာပါပဲ။)

Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour

Hello Saigon - Day 1 : Sightseeing in Ho Chi Minh City

ဖေဖော်ဝါရီ ၂၀၁၇။
စင်ကာပူ- ဟိုချီမင်း (ဆိုင်ဂုံ)။


Changi Airport, Singapore

ချန်ဂီလေဆိပ်ရောက်ရောက်ချင်း ကြိုတင် booking လုပ်ထားတဲ့ wifi router ကို changi recommends counter က နေ အရင် ၀င်ယူပါတယ်။ ဗီယက်နမ်ကို တစ်ရက် ၈ ကျပ် ယူပြီး စစယူတဲ့နေ့ကို ထည့်မတွက်ပါဘူး။ unlimited data ဖြစ်ပြီး device 5 ခု အထိ တစ်ပြိုင်နက် ချိတ်ဆက်သုံးနိုင်ပါတယ်။ ပိုက်ဆံကိုတော့ ပြန်အပ်တဲ့အချိန်မှ ပေးရမှာဖြစ်ပြီး လောလောဆယ် အာမခံကြေးအဖြစ် ခရက်ဒစ်ကဒ်ကနေ ၁ ကျပ် (ကျပ် = စင်ကာပူဒေါ်လာ) ဖြတ်ပါတယ်။ wifi router ယူပြီးချိန်မှာ ကိုယ်တို့ရဲ့ ဟိုချီမင်း ခရီးစဉ်စပါပြီ။

checkin baggage အကြီးမပါတာနဲ့ ကောင်တာမသွားောတ့ဘဲ စက်ကနေပဲ boarding pass ထုတ်လိုက်ပါတယ်။ ဒါပေမယ့် လေဆိပ်ထဲကို ၀င်ခါနီး တိုက်ဂါးအဲ ယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းတစ်ယောက် အနားကပ်လာပြီး tiger air နဲ့ သွားမှာလား။ boarding pass လေးခဏပြပါလို့ တောင်းပါတယ်။ ပြီးတာနဲ့ hand carry က တစ်ယောက်ကို 10 kg ပဲရမှာဖြစ်လို့ ပါလာတဲ့ပစ္စည်းတွေကို ချိန်မယ်ဆိုပြီး ချိန်ပါတယ်။ ကိုယ်လွယ်ထားတဲ့ အိတ်သေးသေးလေးကအစ၊ လက်မှာ ကိုင်ထားတဲ့ ဦးထုပ်အလယ်၊ လည်ပင်းမှာလွယ်ထားတဲ့ ကင်မရာအဆုံး အကုန်ထည့်ချိန်တာပါ။ အိတ်တွေအနေနဲ့ 10 kg မရှိပေမယ့် တိုလီမုတ်စ အကုန်ထည့်ချိန်တော့ လူ ၄ ယောက်မှာ ၃ ယောက်က 10 kg ကို နဲနဲစီ ကျော်ပါတယ်။ နောက်ဆုံးတစ်ယောက်ကပဲ 9 kg ကျော်ကျော်လောက်ရှိပါတယ်။ အဲဒိဝန်ထမ်းကပဲ အရမ်းသဘောကောင်းတဲ့ လေသံနဲ့ လူ ၄ ယောက်စုစုပေါင်းမှ 2 kg လောက်ပဲ ကျော်လို့ ခွင့်ပြုလိုက်မယ်ဆိုပြီး ပြောပါသေးတယ်။ တကယ်က ကိုယ်တို့ လေးယောက်သား အပေါက်ဝမှာ စုပြီး ခဏရပ်စကားပြောနေလို့ ၀န်ထမ်းရောက်လာပြီး အဲလိုချိန်ဖို့ အချိန်ရသွားတာပါ။ သူများတကာလို အပေါက်ကို တည့်တည့်မတ်မတ် လျှောက်သွားရင် ခရီးသည် ဘယ်လေကြောင်းလိုင်း စီးမှာလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ပါဘူး။

Tan Son Nhat Airport, Saigon
တော်သေးတာက လေယာဉ်က အချိန်မှန် ထွက်ပါတယ်။ ဆိုင်ဂုံ လို့ သူတို့မြို့သူ မြို့သားတွေ ချစ်စနိုးခေါ်တဲ့ ဟိုချီမင်းမြို့တော် ရဲ့ Tan Son Nhat လေဆိပ်ကို လေယာဉ်စီးချိန် တစ်နာရီခွဲခန့်အကြာမှာ ဆိုက်ရောက်ပါတယ်။ လေဆိပ်ကတော့ ရန်ကုန်လေဆိပ်အဟောင်းလောက်ပဲ ရှိတာပါ။ အဆင်ပြေပြေချောချောမောမောပဲ အရာရှိက နှစ်ပတ် တုံး ထုပေးလိုက်ပါတယ်။ ထွက်ထွက်ချင်း ဖုန်းကဒ်ဝယ်မယ်ဆိုပြီး အနီးနားက ဆိုင်လေးတွေ လိုက်ကြည့်ပေမယ့် ငါတို့ ၀ိုင်ဖိုင်ပါနေတာပဲ၊ မလိုလောက်ပါဘူးဆိုပြီး မ၀ယ်ဖြစ်ခဲ့ပါဘူး။ အဲဒိအချိန်ထိတော့ ပါလာတဲ့ ၀ိုင်ဖိုင်ကို မစမ်းရသေးပါဘူး။

၁၅၂ ဘတ်စကားပေါ်မှာ (ဟိုချီမင်းမြို့)

 လေဆိပ်ကအထွက် ညာဘက်က burger king ဆိုင်ရှေ့နားကနေ ဘတ်စ် နံပါတ် ၁၅၂ စီးပါတယ်။ လေဆိပ်က ဘက်စ်ကားရဲက ဂိတ်စဆိုတော့ လူမပြည့်မချင်း ရပ်ပြီး လူစောင့်ခေါ်နေပါတယ်။ ကိုယ်တို့သွားတော့ ကားပေါ်မှာ နိုင်ငံခြားသား တစ်ယောက်ပဲ ရှိပါသေးတယ်။ ကားမောင်းသမားရော၊ စပယ်ယာရောက အားရ၀မ်းသာ သူတို့ဘာသာစကားနဲ့ ကြိုဆိုကြပါတယ်။ ကိုယ်တို့လည်း ဘာမှတော့ နားမလည်ဘူး ခပ်တည်တည်နဲ့ ပရင့်ထုတ်လာတဲ့ ဟိုတယ်လိပ်စာကို ပြလိုက်တော့ ခေါင်းညိတ်ပြပါတယ်။ သူတို့သိတယ်၊ ဒီကားရောက်တယ်လို့ ပြောတာပဲလို့ ခပ်တည်တည် ဘာသာပြန်လိုက်ပါတယ်။ (အမှန်က ဘယ်မှတ်တိုင်မှာ ဆင်းရမလဲဆိုတာ ကြိုရှာပြီးသားပါ။ ) ကားပေါ်မှာ ဒရိုင်ဘာရယ်၊ စပါယ်ယာတစ်ယောက်ရယ် ပါပေမယ့် ဒရိုင်ဘာကပဲ ကားခကိုကောက်ပါတယ်။ လမ်းမှတ်တိုင်တွေ တက်လာတဲ့သူတွေကလည်း ဒရိုင်ဘာကို ပိုက်ဆံသွားပေးကြပါတယ်။ စပါယ်ရာလို့ထင်ရတဲ့ အကူကတော့ ကားအလယ်က ခုံမှာ ထိုင်နေပြီး တစ်ခါတစ်လေမှ ဒီကားဘယ်ရောက်တယ်ဆိုတာကို တစ်ချို့ခရီးသည်တွေကို ပြောပြနေတာလောက်ပဲ ကြားခဲ့ပါတယ်။ ထိုင်ရာကတောင် မထပါဘူး။ Tan Son Nhat လေဆိပ်ကနေ တည်းမည့် Platinum Hotel နားက မှတ်တိုင်ထိ ကားခက တစ်ယောက်ကို ဗီယက်နမ်ဒေါင် ၅၀၀၀ ပါ။ အင်တာနက်မှာ ဘတ်စ်ကား ဘယ်လိုစီးရမလဲ ရှာတုန်းက ကားခကို လူတစ်ယောက် ၅၀၀၀၀ ဒေါင်၊ ပါလာတဲ့ luggage ကိုပါ တစ်ခု ၅၀၀၀၀ ဒေါင် ယူတယ်လို့ ပြောကြပေမယ့် ကိုယ်တို့ကို မယူတာကြောင့် သူတို့ပြောတဲ့ luggage ဆိုတာ check-in baggage အကြီးကို ပြောတာလို့ ကိုယ့်ဘာသာ နားလည်လိုက်ပါတယ်။ 

ကားပေါ်က နေရာချပြီးမှ ပါလာတဲ့ ၀ိုင်ဖိုင်ကို စဖွင့် ပြီးစမ်းပါတယ်။ သုံးရတာ အရမ်းလွယ်ပါတယ်။ ပါဝါ ခလုတ်ကိုနှိပ် မီနူးလေးကနေ စသုံးမယ်ပြောတာနဲ့ သူ့ကို connect လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ပေးလိုက်တဲ့ user name နဲ့ password ကို ထည့်လိုက်တာနဲ့ ဖေ့စ်ဘုတ်မှာ ဖလန်းဖလန်းထလို့ ရပါပြီ။ ကော်နက်ရှင်က မဆိုးပါဘူး ကောင်းပါတယ်။ စစချင်းတော့ 3G ပဲ မိပြီး တစ်ချို့နေရာတွေကျ 4G မိပါတယ်။ အင်တာနက်ရပြီဆိုတာနဲ့ google map ဖွင့်ထားပြီး ဟိုတယ်နားနီးမနီး ခဏခဏ စစ်ပါတယ်။ ဆင်းရမယ့် မှတ်တိုင်မတိုင်ခင် တစ်မှတ်တိုင်အလိုက စစထွက်ချင်းမှာပဲ ကိုယ်တို့ကို အဆင်သင့်ပြင်ထားပါ၊ ရှေ့မှတ်တိုင် ဆင်းရမယ်လို့ ကားမောင်းသမားက ဗီယက်နမ်စကားနဲ့ ကြိုပြောပါတယ်။ ကားမောင်းနေရင်း လက်ဟန်ခြေဟန်နဲ့ လမ်းကူးဖို့၊ ဘယ်ဘက်ချိုးဖို့ စသည်ဖြင့်လည်း သေသေချာချာ လမ်းညွှန်ပါတယ်။ ခေါင်းကြီးနောက်ပြန်လှည့်ကြည့်ကြည့်ပြီး ညွန်းနေလို့ နားလည်ပါတယ် ကျေးဇူးပါတယ်ဆိုတာကို ကိုယ်အမူအရာရော၊ ဗြိတိသျှဘာသာစကားနဲ့ရော လူအားလုံး မြန်မြန်ဝိုင်းပြောရပါသေးတယ်။


ဟိုချီမင်းရဲ့ လမ်းမ တစ်နေရာ

ဟိုတယ်ကတော့ ကားမှတ်တိုင်ကနေ ၅ မိနစ်လောက်ပဲ လျှောက်ရတာပါ။ မှတ်တိုင်က ဆင်းဆင်းချင်း ဆိုင်ဂုံရဲ့ နာမည်ကျော် ဆိုင်ကယ်တွေနဲ့ စတွေ့တော့တာပါပဲ။ လမ်းပေါ်မှာ ကားထက် ဆိုင်ကယ် က ပိုများပါတယ်။ လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားရှိပေမယ့် ကိုယ်တို့နိုင်ငံလိုပါပဲ၊ ရပ်ပေးတဲ့ ကား၊ ဆိုင်ကယ် တစ်စီးမှမရှိပါဘူး။ ဒါပေမယ့် တို့တွေက မြန်မာပြည်ကလာသည်တွေလေ။ ဆိုင်ကယ်တွေ တစ်အုပ်ကြီးကြားက နေ အေးအေးဆေးဆေးပဲ လမ်းကူးခဲ့တာပေါ့။ ကူးပုံကူးနည်းကတော့ ဆိုင်ကယ်တွေဘက်ကို မျက်နှာမူပြီး ခပ်မှန်မှန်လျှောက်တာပါ။ လာနေတဲ့ ဆိုင်ကယ်တွေကလည်း ကိုယ့်အနားရောက်ရင် ဘေးကနေ ကွေ့သွားတာပါပဲ။

ဟိုချီမင်းလမ်းဘေးက ဆိုင်မှာစားတဲ့ နေ့လည်စာ

ဟိုတယ်ရောက်တော့ စောနေသေးတာကြောင့် ချက်အင် ၀င်လို့မရသေးပါဘူး။ ပါလာတဲ့ အိတ်တွေကို အပ်ခဲ့ပြီး နေ့လည်စာကိုတော့ ဟိုတယ်နားက တွေ့တဲ့ လမ်းဘေးက ပင်လယ်စာ ရောင်းတဲ့ဆိုင်မှာ စားကြပါတယ်။လူလေးယောက်စားချင်တာတွေ လက်ညှိုးထိုးပြီး မှာပြီးချိန်မှာတော့ များသွားပြီဆိုတာ သိလိုက်ပါတယ်။ ကိုယ်တွေက စလုံးက ဆိုင်တွေ၊ ပင်နီစူးလားက ဆိုင်တွေလို ဟင်းတွေကို ပန်းကန်သေးသေးလေးနဲ့ တစ်ပွဲစာထည့်ပေးမယ်မှတ်တာကိုး၊ အဲဒိတော့ တစ်ယောက် ၂ မျိုးစီလောက်မှာကြတာပေါ့။ တကယ်တန်းကျ မှာတဲ့ တစ်ပွဲကို လူအရေအတွက်အတိုင်း ထည့်ပေးတာပါ။ အရွက်ဆိုလည်းပန်းကန်ပြားကြီးနဲ့ တစ်ပွဲ၊ အသားဆိုလည်း ပန်းကန်ကြီးနဲ့ တစ်ပွဲဆိုတော့ လမ်းဘေးက ဆိုင်မှာစားပြီး ဆိုင်ကြီးစာလောက် ကျသွားတော့တာပါပဲ။

War Remnants Museum

စားပြီးပြီဆိုတော့ Independence Palace ကို အေးအေးဆေးဆေးပဲ လမ်းလျှောက်ကြပါတယ်။ ဒါပေမယ့် ရောက်သွားတဲ့အချိန်က ထမင်းစားပိတ်နေတဲ့အတွက် War Remnants Museum ကိုအရင်သွားပါတယ်။ ကိုယ်တို့အနေနဲ့ဆိုရင် စစ်သမိုင်းပြတိုက်ပေါ့။ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေ သုံးခဲ့တဲ့ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေ ၊ လက်နက်ခဲယမ်းတွေ နဲ့အတူ စစ်အနိဌာရုံ ဓာတ်ပုံတွေ ကို ပြသထားပါတယ်။ အနှစ် ၃၀ တိတိ ဆင်နွဲခဲ့တဲ့ တိုက်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဗီယက်နမ် ပြည်သူတစ်ချို့တွေရဲ့ ပုံတွေကို ပြသထားတာ မကြည့်ရဲ၊ မကြည့်ရက်စရာပါပဲ။

War Remnants Museum ၀င်ခွင့်လက်မှတ်

War Remnants Museum ဟိုချီမင်း

War Remnants Museum ဟိုချီမင်း

War Remnants Museum ဟိုချီမင်း

War Remnants Museum ဟိုချီမင်း

Saigon Notre Dame Cathedral 

စစ်သမိုင်း ပြတိုက် ကနေ Saigon Notre Dame Cathedral ကို လမ်းဆက်လျှောက်ပါတယ်။ လှပတဲ့ အနောက်တိုင်းလက်ရာနဲ့ church ကျောင်းကြီးကို အပြင်ကပဲ ဓာတ်ပုံရိုက်ခဲ့ရပြီး အထဲဝင်လို့မရလို့ မ၀င်ခဲ့ရပါဘူး။ နေပူပူမှာ ရသလောက် ဓာတ်ပုံရိုက်ခဲ့ပါတယ်။

 Saigon Notre Dame Cathedral ကို အနောက်ဘက်မှ မြင်ရစဉ်

 Saigon Notre Dame Cathedral ကို ဘေးဘက်မှမြင်ရစဉ်

 Saigon Notre Dame Cathedral ရှေ့မှာ စိုက်ထားတဲ့ နေကြာပန်းများ

 Saigon Notre Dame Cathedral ရှေ့မှာ အမှတ်တရ

Saigon Central Post Office

Saigon Notre Dame Cathedral နဲ့ ဆိုင်ဂုံ ဗဟိုစာတိုက်ကြီးက ကပ်လျက်ပါ။ ပြင်သစ်လက်ရာ ဒီဇိုင်းနဲ့ ၁၈၉၁မှာ ဆောက်လုပ်ထားတဲ့ ဒီစာတိုက်ကြီး (Saigon Central Post Office) က အခုလက်ရှိအထိ အသက်ဝင်နေဆဲ ရုံးကြီးပါ။ စာ၊ ပို့စကတ်တွေ ပို့ပေးတဲ့ကောင်တာတွေနဲ့အတူ ပို့စကတ်များ၊ တခြား လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေလည်း ရှိပါတယ်။ ပြင်သစ်နိုင်ငံက အီဖယ် တာဝါကို ဒီဇိုင်းဆွဲခဲ့သူနဲ့ ဒီစာတိုက်ကြီးကို ဒီဇိုင်းဆွဲပေးသူက တစ်ယောက်တည်းဖြစ်တယ်လို့ သိရပါတယ်။

Saigon Central Post Office ရှေ့ အမှတ်တရ

Saigon Central Post Office အတွင်း

Saigon Central Post Office ရှေ့က လက်မှုပစ္စည်း အရောင်းဆိုင်

Saigon Central Post Office အတွင်းတစ်နေရာ


ဆိုင်ဂုံ ရဲ့ လမ်းမ တစ်နေရာမှာ

Independence Palace

အဲဒိနောက် စောစောက မ၀င်ခဲ့ရတဲ့ Independence Palace (လွတ်လပ်ရေးနန်းတော်)ကို ပြန်လျှောက်ကြပါတယ်။ Independence Palace ကတော့ ၁၈၆၈ ခုနှစ်မှာ ပြင်သစ်တွေ ဗီယက်နမ်ကို နယ်ချဲ့အပြီး ကိုလိုနီရုံးစိုက်ရန် နေရာအနေနဲ့ နဂို သစ်သား နန်းတော်ကို ဖျက်ပြီး ပြင်သစ် စတိုင် ပြန်ဆောက်ခဲ့တာပါ။ ပြင်သစ်လူမျိုး Charles Hermite က ဒီဇီုင်းဆွဲပေးပြီး တည်ဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ သယ်ယူတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ ဗီယက်နမ်ပြည်တွင်းစစ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် တော်တော်များများပျက်စီးသွားခဲ့ပါတယ်။ ပြန်ပြင်ဖို့ မဖြစ်နိုင်တာကြောင့် ဖြိုချပြီး အသစ်ပြန်ဆောက်ခဲ့ပါတယ်။ အဆောက်အုံအသစ် ဒီဇိုင်းကိုတော့ ဗီယက်နမ်လူမျိုး Ngô Viết Thụ က ဆွဲပေးခဲ့ပါတယ်။ အခုလက်ရှိဒီဇိုင်း ဖြစ်ပါတယ်။ ၁၉၇၅ နိုဝင်ဘာမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြန်လည်ပေါင်းစည်းရေး အစည်းအဝေးကို ဒီအဆောက်အအုံမှာ အောင်အောင်မြင်မြင် ကျင်းပပြီးနောက်မှာ အဆောက်အဦးနာမည်ကို Reunification Hall လို့ နာမည်ပြောင်းခဲ့ပါတယ်။
Independence Palace, Saigon

Independence Palace, Saigon

Independence Palace, Saigon


အဲဒိကနေပဲ ဟိုတယ်ကို လမ်းလျှောက်အပြန်လမ်းမှာ ရာသီဥတု အရမ်းပူလို့ အအေးဆိုင်ခဏထိုင်ပါတယ်။ ဟိုတယ်မှာ ရောက်တော့ ကြိုတင် ဘွတ်ကင်လုပ်ထားတဲ့အခန်းနှစ်ခန်းထဲကမှ တစ်ခန်းကို family room ကို free upgrade လုပ်ပေးမယ်ဆိုတဲ့အတွက် လက်ခံလိုက်ပါတယ်။ တကယ်တန်းကျတော့ family room က အခန်းပိုကျယ်ပေမယ့် queen size ကုတင်နှစ်လုံး အပြည့်နေရာယူထားတာကြောင့် ဘာမှ ပိုထူးမသွားပါဘူး။ နစ်နာတဲ့အချက်က နဂို ယူထားတဲ့အခန်းက လမ်းကို ကြည့်လို့ရတဲ့ view ပါပြီး family room ကတော့ မြေညီထပ်မှာ ရှိတဲ့တွက် ပြတင်းပေါက်ဖွင့်လို့ အဆင်မပြေပါဘူး။ ကျန်တာတွေ အားလုံးအဆင်ပြေပြီး တစ်ညပဲ တည်းမှာမို့ ကွန်ပလိန်းမတက်ဘဲ နေခဲ့ပါတယ်။ အခန်းထဲ ပြန်နားပြီး ညနေ ၆ နာရီခန့်မှ ညစာစားဖို့ ပြန်ထွက်ကြပါတယ်။ ညစာကိုတော့ ဟိုတယ်ဘေးကပ်ရပ်က ဗီယက်နမ်ခေါက်ဆွဲဆိုင်မှာပဲ စားခဲ့ပါတယ်။
Beef pho (Saigon)

Turtle Lake (လိပ်ကန်)

ညစာစားအပြီးမှာ (Turtle Lake) လိပ်ကန်ကို လမ်းလျှောက်ကြပါတယ်။ လမ်းလျှောက်တယ်ဆိုပေမယ့် မနီးပါဘူး၊ နာရီဝက်လောက် လျှောက်ရပါတယ်။ လိပ်ကန်မှာ ဘာရှိလို့လဲ၊ ဘာထူးခြားလို့လဲလို့မေးရင် ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ ကားလမ်းတွေ ပတ်လည်ဝိုင်းနေတဲ့ ကျွန်းကို ပန်းခြံအသေးလေး ဆောက်ပြီး အလယ်မှာ ကန်လေး ရှိနေတာပါ။ ကန်ထဲမှာ လိပ်ရှိမရှိတောင် ညဘက်ဆိုတော့ မစပ်စုခဲ့နိုင်ပါဘူး။ နိုင်ငံခြားသားတွေထက် ဒေသခံတွေ အလာများတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ စုံတွဲတွေ ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ လာထိုင်ကြ မုန့်စားကြ စကားပြောကြတဲ့ နေရာလေးတစ်ခုပါ။ ညနေ ၇ နာရီခွဲခန့်ထိ လူအနည်းငယ်သာ ရှိပေမယ့် ည ၈ နာရီကျော်လာတဲ့အချိန်မှာတော့ လူတော်တော်စည်နေပါပြီ။ ထိုင်ရောင်းနေတဲ့ လမ်းဘေးဈေးသည်လေးတွေဆီကနေ မုန့်တစ်ချို့ဝယ်မြည်းခဲ့ပါတယ်။ စားခဲ့သမျှတော့ တစ်ခုမှတော့ မကြိုက်လှပါဘူး။ မုန့်ကိုမြင်အပြီး ကိုယ်မျှော်လင့်ထားတဲ့ အရသာ နဲ့ တကယ်ရလိုက်တဲ့ အရသာ လွဲနေလို့လားပဲ။

Turtle Lake, Saigon

Turtle Lake, Saigon

Turtle Lake, Saigon

Grilled Rice Paper (Bánh Tráng Nướng)
ဆန်ပြားကို ငုံးဥ၊ အသားအကြေ၊ ချိစ်၊ ဆီ၊ ငရုတ်သီးမှုန့်၊ တခြား ကိုယ်မသိတဲ့ ဟာတွေကို ထည့်ပြီး မီးသွေးမီးဖို ပေါ်မှာ ကင်တာပါ။ အထဲက အဆာပလာတွေက မဆိုးပေမယ့် ဆန်ပြားမာခေါက်ခေါက်ကို ထပ်ကင်ထားတဲ့ အရသာကို မကြိုက်ပါဘူး။ 

Bánh Tráng Nướng ၀ယ်စားခဲ့တယ်

Bánh tráng trộn at Turtle lake (ဆန်ခေါက်ဆွဲသုပ်)
ချိုချိုအရသာရှိပြီး ဆန်ခေါက်ဆွဲက မာတော့ စားရတာ ခံတွင်းမတွေ့ပါဘူး။ ဒါပေမယ့် မြို့ခံ လူငယ်တော်တော်များများကြားတော့ တော်တော် ပေါ်ပြူလာဖြစ်ပုံရပါတယ်။ ၀ယ်စားကြတဲ့သူတွေ အများကြီးပါ။

Bánh tráng trộn (ဆန်ခေါက်ဆွဲသုပ်)


Bánh tráng trộn (ဆန်ခေါက်ဆွဲသုပ်) ဆိုင်

လိပ်ကန်ရဲ့ ညနေခင်း

လိပ်ကန်ရဲ့ ညအလှ

Ben Thanh Night Market
အပြန်မှာ Ben Thanh ညဈေးကို ၀င်ကြပါတယ်။ နိုင်ငံတကာက ဘရန်းအစုံကို ဒီညဈေးမှာ ဈေးသက်သက်သာသာနဲ့ ၀ယ်လို့ရပါတယ်။ အစစ်တွေတော့လည်း မဟုတ်ဘူးပေါ့လေ။ သွားဖူးတဲ့သူတွေကတော့ ညဈေးမှာ ဈေးဝယ်ရင် အနည်းဆုံးခေါက်ချိုးစစ်ဖို့ အကြံပေးကြတဲ့သူချည်းပါပဲ။ ဈေးသည်တွေကတော့ ဈေးမေးပြီးရင် မ၀ယ်ဘဲ ပြန်ထွက်လို့မရအောင် ဆွဲကြ၊ ဈေးလျှော့ပေးကြပါပဲ။ဝယ်ဖို့ မစဉ်းစားထားရင် ဈေးမေးပြီး ခပ်မြန်မြန် ပြန်ထွက်ပါ။ ပါလာတဲ့သူငယ်ချင်း ဈေးသွားမေးမိတာ အတင်းရောင်းပါတော့တယ်။ ဆိုဈေးထက် တစ်ဝက်ကို အတင်းလျှော့ရောင်းပြီး မ၀ယ်ဘဲ ပြန်အထွက်မှာ သူငယ်ချင်းကို ညှစ်ပြီးဆွဲထားတာများ သူ့ခမျာလက်မောင်းတောင် တော်တော်အောင့်သွားပါတယ်။ နောက်ညတွေ ထပ်လာဖို့ အစီအစဉ်ရှိသေးတာကြောင့် ဒီည ဈေးမ၀ယ်သေးဘဲ ဈေးနဲနဲ စုံစမ်းပြီး ဟိုတယ်ကို ပြန်ကြပါတယ်။ နောက်နေ့ကျ မွေ့နဲကမ်းခြေသွားဖို့ အတူတူ လိုက်ခဲ့ကြပါဦးနော်။ ။

နေ့လည်မှာ မြင်ရတဲ့ Ben Thanh ဈေး

Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour

Hello Saigon - Introduction

ဖေဖော်ဝါရီ ၂၀၁၇။


သွားမယ်လို့ စဉ်းစားထားတဲ့ထဲမှာ မပါဘဲ Tigerair က ဈေးချတုန်း ၀ယ်လိုက်မိတဲ့ ဟိုချီမင်း လေယာဉ်လက်မှတ်က ဒီခရီးရဲ့ အစ ဖြစ်ပါတယ်။ မသွားဖြစ်လည်း လက်မှတ်ဖိုး အဆုံး ဆိုပြီး ၀ယ်လိုက်တာပါ။ လက်မှတ်ဝယ်ပြီးခါမှ ဘယ်တွေ သွားမလဲ၊ ဘာတွေ လုပ်မလဲ လိုက်ရှာရပါတယ်။ အရင်ဆုံး ဟိုချီမင်း tour package တွေ လိုက်ကြည့်ပါတယ်။ သူတို့တွေ ဘယ်တွေ သွားကြလဲ ဘာတွေ လုပ်ကြလဲပေါ့။ ပြီးမှ အနီးစပ်ဆုံး ကိုယ့်ဘာသာ စီစဉ်ပါတယ်။ ၄ ည အိပ် ၅ ရက်ခရီးဖြစ်တာကြောင့် ဟိုချီမင်းမြို့အနီးအနားတစ်နေရာ သွားကြမယ်စဉ်းစားတဲ့အခါ ဒါလတ် (dalat) နဲ့ မွေ့နဲ (mui ne)ကမ်းခြေကို သွားတွေ့ပါတယ်။ တစ်နေရာလောက်ပဲ သွားဖို့ အချိန်ရမှာနဲ့ ဘယ်သွားရင်ကောင်းမလဲ အကြာကြီးစဉ်းစားပြီးမှ မွေ့နဲကို ရွေးလိုက်ပါတယ်။

ဒါကတော့ သွားခဲ့တဲ့ ခရီးစဉ် ရက် အလိုက်ပါ။

5D4N Ho Chi Minh City + Mui Ne Itinerary
Morning Afternoon
Day 1
Breakfast at Changi Airport
Arrival Tan Son Nhat International Airport
To Platinum Hotel ( bus 152)
Lunch at street food stall
War Remnants Museum (walk)
The Reunification Palace (walk)
Notre Dame Cathedral (walk)
Central Post Office (walk)
Check in Platinum Hotel
Pho dinner at restaurant

Turtle Lake
Ben Thanh night market (walk)
Day 2
Hotel check out
Leave for Mui Ne (sleeping bus)
Check in Mui Ne Resort
Lunch at Mui Ne resort
Fishermen's Village (tour mini bus)
White Sand Dune (tour mini bus)
Yellow Sand Dune (tour mini bus)
Dinner at Mui Ne resort
Day 3
Breakfast at Mui Ne resort
Mount Tacu (Jeep)
Po Shanu Cham Towers (Jeep)
Check out Mui Ne Resort
Lunch at Mui Ne resort
Back to Ho Chi Minh city (sleeping bus)
Check in Elios Hotel
Seafood dinner at restaurant
Bitexco Financial Tower (Skydeck) (walk)
Day 4
Breakfast at Elios hotel
Cu Chi Tunnel (tour bus)
MyTho (tour bus)
Phoenix Island (motor boat)
Lunch at Phoenix Island restaurant
Coconut candy workshop (motor boat)
Boat jetty (horse cart)
Mekong creek (hand rowing boat)
Back to Ho Chi Minh City (tour bus)
Dinner at Pho restaurant
Ben Thanh night market (walk)
Day 5

Breakfast at Elios hotel
Ben Thanh Market (grabcar)
Skyhub for Ao Dai photo taking (grabcar)
Back to Elios hotel (uber)
Check out Elios Hotel
Lunch at Pho restaurant
Leave for Tan Son Nhat International Airport (uber)
Home Sweet Home , Singapore (tigerair)


ကုန်ကျငွေ တစ်ယောက်စာ (စင်ကာပူ ဒေါ်လာဖြင့်)

မှတ်ချက်။   ။
  • ဟိုတယ်၊ ကားခ၊ tour package၊ လေယာဉ်စရိတ်၊ စားစရိတ် များသာ။
  • လက်ဆောင်ပစ္စည်း ၀ယ်ခများ မပါဝင်ပါ။
  • မြန်မာနိုင်ငံသားများ ဗီယက်နမ်ကို နှစ်ပတ် ဗီဇာ ဖရီးပါ။ 

1 SGD ~ = 15,000 vnd
Description  SGD  Remark
Airticket (round trip)  $   90.00 TigerAir with hand carry 10kg
Hotel (HCMC) 1 night  $   24.00 Platinum Hotel ($96 / 4 pax)
Hotel (HCMC) 2 nights  $   60.00 Elios Hotel ($60 x 2N) / 2 pax
2D1N Muine Tour  $   85.00 1 N stay at Mui Ne resort
1 Breakfast, 2 Lunch, 1 Dinner
Half day tour
1 Day Cu Chi Tunnel and Mekong Delta tour   $   20.00 Inluding lunch
Half day Jeep Tour to Mount Tacu  $   15.00 900,000 VND / 4 pax
War Remnants Museum ၀င်ခ  $    1.00 15,000 vnd / 1 pax
The Reunification Palace ၀င်ခ  $    2.00 30,000 vnd / 1 pax
Mount Tacu ၀င်ခ  $   12.00 180,000 vnd / 1 pax
Po Shanu Cham Towers ၀င်ခ  $    1.00 15,000 vnd / 1 pax
Bitexco Financial Tower (Skydeck) ၀င်ခ  $   13.00 200,000 vnd / 1 pax
Cu Chi Tunnel ၀င်ခ  $    7.00 110,000 vnd / 1 pax
Ao Dai ဗီယက်နမ်ဝတ်စုံ ငှားခ  $   22.00 350,000 vnd / 1 pax / day
အစားအသောက်   $   70.00 Estimated
မြို့တွင်းခရီးစရိတ် (ဘက်စ်ကား +  တက်စီ)  $    4.00 240,000 vnd/ 4 pax
wifi rental  $    8.00 $ 32 / 4 pax
 $ 434.00

Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...