Saturday, August 27, 2016

ပြည် ဘုရားဖူး သွားကြမယ် (၂)



၂၇ ဒီဇင်ဘာ ၂၀၁၅
အကောက်တောင် ၊ ထုံးဘိုတစ်ဖက်ကမ်း။


ပြည်မြို့မှ ထုံးဘိုမြို့သို့

မနက်စောစောထပြီး ဟိုတယ်မှာပဲ မနက်စာစားလိုက်ပါတယ်။ ဟိုတယ်မှ တစ်ခါတည်း check out လုပ်ပြီး အကောက်တောင်ဘက်ကို ပြည်န၀ဒေးတံတားကြီးကို ကူးပြီး စတင်ထွက်ခွာခဲ့ပါတယ်။

အကောက်တောင်လို့ခေါ်တဲ့နေရာက ဧရာဝတီမြစ်ကမ်းဘေး ဧရာဝတီတိုင်းအတွင်းမှာ တည်ရှိပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအရ ပဲခုးတိုင်း ထုံးဘိုမြို့ နှင့်နီးပြီး သွားရလွယ်တာကြောင့် ထုံးဘို အကောက်တောင်လို့ လူသိပိုများပါတယ်။ ဖတ်ရသမျှအနေနဲ့ကတော့ ၁၈၅၃ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီးမှာ ဒီအကောက်တောင်နေရာက အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ပိုင်းခြားတဲ့ နေရာဖြစ်သွားပါတယ်။
အထက်ပိုင်းကတော့ မြန်မာဘုရင်ပိုင်ပြီး၊ အောက်ပိုင်းကတော့ အင်္ဂလိပ်ပိုင်ဖြစ်သွားတာပါ။ အင်္ဂလိပ်တွေက ဒီနေရာမှာ အကောက်ခွန်စခန်း တည်ဆောက်ပြီး အဲဒိနေရာကိုဖြတ်ပြီး ဧရာဝတီမြစ်အတွင်း စုံဆန် ကုန်စည်ရောင်းဝယ်ကြတဲ့ လှေတွေကို အခွန်ကောက်ပါတယ်။ တစ်ခါတစ်လေ ရာသီဥတုကြောင့် ဧရာဝတီမြစ်အတွင်း ၀ဲဂယက်များထရာမှာ ခရီးဆက်လို့မဖြစ်နိုင်တာကြောင့် စောင့်ဆိုင်းရတဲ့အခါမှာ ဖြစ်ဖြစ်၊ အခွန်ကောက်တဲ့လှေတွေ အရမ်းများလို့ ရက်နဲ့ချီပြီး တန်းစီရတဲ့အခါမှာဖြစ်ဖြစ်  လှေထိုးသားတွေက သူတို့ အားတဲ့အချိန်တွေကို မြစ်ကမ်းဘေး ကျောက်နံရံများမှာ မြတ်စွာဘုရား ပုံတော်များထွင်းထုပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ အဲလိုနဲ့ ဒီနေ့ အကောက်တောင်ဘုရားများလို့ နာမည်ကြီးလာတဲ့ ကျောက်ထွင်းဘုရားများ ဖြစ်လာပါတယ်။

လမ်းဘေးတစ်နေရာ

ပြည်မြို့ကနေ ထုံးဘိုမြို့ကို ၂ နာရီခန့် မောင်းရပါတယ်။ ကားလမ်းတော်တော်သာပါတယ်။ လမ်းမှာ ဥသျှစ်ပင်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာကို ဖြတ်ရပါတယ်။ ရွာလို့ခေါ်ပေမယ့် မြို့ ဖြစ်ပုံရပါတယ်။ ဈေးရှေ့က ဖြတ်သွားတဲ့အခါ လူအရမ်းစည်တာကြောင့် ကားကို ဖြည်းဖြည်းပဲ မောင်းလို့ရပါတယ်။

ထုံးဘိုမြို့ ဆိပ်ကမ်း

ထုံးဘိုမြို့ကတော့ မြို့လို့ နာမည်တပ်ပေမယ့် ရွာတစ်ရွာလို့ပဲ မြင်ပါတယ်။ သခင်မြရဲ့ မွေးရပ်မြေလို့ ဆိုင်းဘုတ်ထူကာ မြို့သူမြို့သားတွေ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။  ရွာမှ လမ်းအတိုင်းမောင်းလို့ လမ်းဆုံးရင် အကောက်တောင်ဘက်ကမ်းကိုကူးမယ့် လှေဆိပ်ကို ရောက်ပါပြီ။ ကားဝင်းလို့ခေါ်တဲ့ မြေကွက်ကျယ်ကြီးတစ်ခုမှာ ကားရပ်လို့ရပါတယ်။ အဲဒိကပ်ရပ် အများသုံးအိမ်သာလည်း ၆ လုံးလောက်ရှိပါတယ်။ ဟိုဘက်ကမ်းကိုကူးမယ့် လှေ၊ စက်တပ် သမ္ဗာန်များနှင့် လက်မှတ်ဝယ်ရန် ရုံလေးတွေ တွေ့ရပါတယ်။ ဘုရားတင်ဖို့ ပန်း၊ ညောင်ပင်ထောက်ဖို့ ၀ါးတုတ်ချောင်းလေးတွေ၊ ဘုရားပူဇော်ဖို့ အမွေးတိုင်များကို လိုက်ရောင်းနေတဲ့ ဈေးသည်တွေ ထဲက  မိန်းကလေး ခပ်ငယ်ငယ်ဆီက အားပေးလိုက်ပါတယ်။ 

ထုံးဘိုမြို့ဆိပ်ကမ်း (အကောက်တောင်ဘက် ကူးရန်နေရာ)

စက်လှေကတော့ သူများနဲ့ အတူတူစီးရင် ဈေးတစ်မျိုး ၊ တစ်စီးလုံး ကိုယ့်အုပ်စုပဲသွားရင် ဈေးတစ်မျိုးပါ။ နေအရမ်းပူနေတာကြောင့် သူများကို မစောင့်တော့ဘဲ တစ်စီးလုံးပဲ ငှားလိုက်ပါတယ်။  (ဈေးကတော့ သူ့ပြန်မေးကြည့်လိုက်ပါဦးမယ်။ မေ့နေလို့)

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ဧရာဝတီမြစ်တစ်လျှောက် ၅ မိနစ်လောက်မောင်းရင် မြစ်ကမ်းဘေး တောင်နံရံတွေဆီမှ အကောက်တောင် ဘုရားတွေကို စတင်ဖူးမျှော်လို့ရပါပြီ။ ကင်မရာနဲ့ ဘယ်လိုပဲ မှတ်တမ်းတင်တင် အပြင်မှာ မြင်ရတဲ့ အလှ၊ မြစ်ကြောင်းပေါ်မှ ဖြတ်တိုက်လာတဲ့ လေအေးကို ဓာတ်ပုံထဲမှာတော့ မမြင်ရနိုင်ပါဘူး။ စက်လှေပေါ်မှာ မောင်းတဲ့သူနဲ့အတူ ၈နှစ်အရွယ် ကလေးတစ်ယောက် ပါလာပါတယ်။ သူကတော့ လှေအဆင်းအတက်မှာ လှေကို ကိုင်ပေးပြီး ကူညီပါတယ်။ စက်လှေမောင်းသမားက အကောက်တောင်ဘုရားတွေစတင်မြင်ရတဲ့နေရာကစပြီး လှေကို ဖြည်းဖြည်းပဲ မောင်းပါတယ်။ 

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ


ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

၁၅ မိနစ်လောက် အကြာမှာတော့ အကောက်တောင်ဘက် ကမ်းကို ဆိုက်ပါပြီ။ လှေပေါ်က ကလေးက ကိုယ်တို့နဲ့ အတူ တောက်လျှောက်လိုက်လာပါတယ်။ 

အကောက်တောင်ဆိပ်ကမ်း

အကောက်တောင် ဆိပ်ကမ်းအနီးမှ လှေများ

အကောက်တောင် အတက်လမ်း

အကောက်တောင် အတက်လမ်း

ကမ်းဆိပ်ကနေ တောင်ပေါ်တက်တဲ့အခါ တစ်ချို့နေရာ လှေကား တစ်ချို့နေရာ မြေညီတောင်ပတ်လမ်းနဲ့ တက်ရပြီး အတက်က တော်တော်ပြေပါတယ်။ အရမ်းအမြင့်ကြီးလည်း မဟုတ်ပါဘူး။ လမ်းတစ်လျှောက် ဈေးသည်လေးတွေ ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ထိုင်ရောင်းနေတာ တွေ့ရပါတယ်။ ကိုယ်လည်း ကလေးအဖော်နဲ့ တက်ရင်း စပ်စုကြည့်တော့ ကလေးက ၇ တန်း ကျောင်းသားပါ။ ကျောင်းတက်ရင်း ပိတ်ရက်တွေ မှာ ဒီကို လာပြီး ခရီးသည်တွေကို ကူညီတဲ့ အလုပ်ကို လုပ်နေတာပါ။ အရမ်းချစ်ဖို့ ကောင်းပါတယ်။ စကားဝဲလွန်းလို့ အမျိုးသားက နားမလည်ပါဘူး။ စကားပြောတဲ့အခါ ရိုးသားတဲ့ဟန်က အထင်းသားပေါ်ပါတယ်။ ကိုယ်က အညာလေသံ၊ သထုံလေသံ၊ မွန်လေသံ အမျိုးမျိုးကို နားရည်ဝအောင် နားထောင်နေကျဆိုတော့ သူဘာပြောနေလဲဆိုတာ နားလည်ပါတယ်။ အမျိုးသားနဲ့ သူနဲ့ ကြားမှာ စကားပြန်လည်း လုပ်ရပါသေးတယ်။ 

ဧရာဝတီရဲ့ မြေနုကျွန်း

အကောက်တောင်မှ မြင်ရတဲ့ ဧရာဝတီမြစ်

တောင်ပေါ်မှာတော့ စေတီတစ်ဆူ ရှိပါတယ်။ မုန့်ဈေးဆိုင်တန်းလည်း ရှိပါတယ်။  ကလေးကို မုန့်လက်ဆောင်းသောက်မလားဆိုတော့ သူက ခေါင်းညိမ့်ပါတယ်။  သောက်ပြီး ပိုက်ဆံရှင်းတော့ ခေါ်တုန်းက တစ်ဈေး၊ တကယ်ယူတော့ တစ်ဈေးဖြစ်နေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ကလေးက ပြောမလို့ ပါးစပ်ပြင်တုန်း ကိုယ်က ရတယ်သား ထားလိုက်လို့ ပြောတာကို မျက်မှောင်ကြီးကုပ်ပြီး ဈေးသည်ကို ကြည့်တာမြင်ရတာ အရမ်းသဘောကျမိပါတယ်။ ကိုယ့်အနေနဲ့က သူတို့ ပိုယူတဲ့ဈေးက တကယ်တမ်း မဖြစ်စလောက်လေး ဖြစ်နေတာရယ်၊ ပိုယူတဲ့ဈေးကတောင် ရန်ကုန်ထက် အများကြီးသက်သာနေတာရယ်။ သူတို့တွေ ဒီတောင်ပေါ်အထိ ပင်ပင်ပန်းပန်း သယ်ယူပြီးရောင်းမှ ဒီလောက်ကလေး ပဲ ရတာရယ်တွေးပြီး ထားမိတာပါ။ 

မုန့်လက်ဆောင်း အေးအေးမွှေးမွှေးချိုချိုလေး


အကောက်တောင် မျှစ်ချဉ်

အဲဒိဆိုင်မှာပဲ မျှစ်ချဉ်ထုပ်ကလေးတွေရောင်းပါတယ်။ ငါးဖယ်ချဉ် ပုစွန်ချဉ်တို့လို မျှစ်နုနုလေးတွေကို ထမင်းနဲ့ အချဉ်တည်ထားတာပါ။ သုပ်ပြီးသားကို အမြည်းအနေနဲ့ကျွေးလို့ အိမ်အတွက်ဝယ်ခဲ့ပါသေးတယ်။ ၃ ထုပ် တစ်ထောင်ထင်ပါရဲ့။ 

အနောက်ဘက်ကို ဆင်းသွားရင် ဘုန်းကြီးကျောင်းရှိပြီး ဇရပ်ထဲမှာ လာသမျှပရိသတ်ကို ထမင်းကျွေးဧည့်ခံပါတယ်။ ကိုယ်တို့လည်း ထပ်စားလိုက်ပါသေးတယ်။ ကလေးကို ခေါ်ပေမယ့် သူက သားဗိုက်ပြည့်နေတယ် ဆိုပြီး ငြင်းပါတယ်။ ဇရပ်အပြင်ဘက်ရင်ပြင်တော်ပေါ်က ခုံတန်းလျားလေးကနေ ထိုင်စောင့်နေပါတယ်။ 


အကောက်တောင်နှင့် ဧရာဝတီ

ပဲဝတုတ်

ညောင်ပင်မှာ အဲလိုထောက်ကြတယ် အသက်ရှည်ရာ ရှည်ကြောင်းပေါ့

ကိုယ်တို့ ပြန်အထွက်မှာတော့ သူက ဟိုးနောက်ဘက်မှာ ဘုရားတွေ ရှိသေးတယ်ဆိုပြီး လိုက်ပို့ပါတယ်။ အပြန်ရင်ပြင်တော်ပေါ် ပြန်တက်တော့ ဓာတ်ပုံရိုက်၊ ညောင်ထောက်၊ ခဏနားပြီး ပြန်ဆင်းခဲ့ပါတယ်။

အပြန်မှာလည်း ကလေးရဲ့ ချစ်စရာကောင်းပုံက ဒီခရီးစဉ်တစ်ခုလုံး ကိုယ့်အတွက် အမှတ်တရ ဖြစ်စရာ အများဆုံးပါ။ အပြန်ထုံးဘိုကမ်းဘက် ပြန်ရောက်ပြီး ကလေးကို နုတ်ဆက်ပြီး လမ်းခွဲပါတယ်။ ကားရပ်ထားတဲ့နေရာမှာ ကားတွေ ဖြစ်သလိုရပ်ထားတာကြောင့် ရှေ့မှာ ကားတစ်စီး ပိတ်နေလို့ ထွက်လို့မရပါဘူး။ ဘုရားဖူးလာတာဖြစ်လို့ ခါတိုင်းလို လောလော လောလော ကွန်ပလိန်းမတက်ဘဲ သူလည်း မြင်နေရတဲ့ ဈေးဆိုင်လေးမှာ ဆေးလိပ်သွားဝယ်၊ ကိုယ်လည်း ဆိုင်လေးတစ်ဆိုင်က ခုံအလွတ်လေးမှာ ထိုင်နေဖြစ်ပါတယ်။ အတော်ကြာတဲ့အခါ ရှေ့ကားက လူရောက်လာပြီး တောင်းပန်ရင်း သူတို့ကား ထွက်သွားပါတယ်။ ကားထွက်လို့ရပေမယ့် မထွက်သေးဘဲ သူဆေးလိပ်သောက်အပြီး စောင့်ရင်း စကားထိုင်ပြောနေကြတာ တော်တော်လေးကြာတဲ့အချိန်မှာ  ခုက ကလေး အနားပြန်ရောက်လာပါတယ်။ ကိုကြီးတို့ ကားဘာဖြစ်လို့လဲ သားဟိုက လှမ်းကြည့်တာ ကြာလှပြီ မထွက်သေးလို့ တခုခုဖြစ်လို့လားဆိုပြီး သူပြန်လာတာတဲ့။ ကိုယ်တို့နှစ်ယောက်လုံး ကြွေဆင်းသွားတာပဲ။   

နေ့လည်စာစားချိန်ရောက်နေပမယ့် ပြည်ကို ပြန်ရောက်မှပဲ စားမယ်ဆိုပြီး အပြန်ကို တောက်လျှောက်မောင်းလာပါတယ်။ ပြည်ရောက်တော့ နေ့လည် ၂ နာရီလောက်ရှိပါပြီ။ ဟိုတယ်ဘွတ်ကင်လုပ်တုန်းက ကိုယ်တို့တည်းမည့်ရက် အခန်းလွတ်မရှိလို့ မတည်းခဲ့ရတဲ့ မင်္ဂလာ ဂါးဒန်း ဟိုတယ် မှာပဲ နေ့လည်စာ သွားစားခဲ့ပါတယ်။

မင်္ဂလာဂါးဒန်း ရီဆော့

နေ့လည်စာ

နေရာက အေးဆေးတိတ်ဆိတ်ပြီး ကြည်နူးစရာ ဖြစ်ပေမယ့် စားသောက်စရာကတော့ ဆိုလောက်အောင်မကောင်းပါဘူး။ ဆီသုံးများပါတယ်။ 

အပြန် လက်ဆောင်ဝယ်ပြီး ပြည်ကထွက်တော့ ညနေ ၃ နာရီပါ။ ရန်ကုန်အ၀င်နောက်ကျတော့မယ်ဆိုပြီး စားချင်တဲ့ ပြည်ဒေါ်ဥ ထမင်းသုပ်ဆိုင်လေးတောင် မရှာနိုင်တော့ပါဘူး။ နောက် ရွှေဘုံသာမုနိဘုရားလည်း မဖူးခဲ့ရပါဘူး။ နောက်တစ်ခေါက်လာဦးမယ်လို့တေးရင်း ဒီ ပြည်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

နောက်တစ်ခါ ကမ်းခြေသွားရအောင်။ လိုက်ခဲ့ကြဦးနော်။