Hello Saigon - Day 1 : Sightseeing in Ho Chi Minh City

ဖေဖော်ဝါရီ ၂၀၁၇။
စင်ကာပူ- ဟိုချီမင်း (ဆိုင်ဂုံ)။


ချန်ဂီလေဆိပ်ရောက်ရောက်ချင်း ကြိုတင် booking လုပ်ထားတဲ့ wifi router ကို changi recommends counter က နေ အရင် ၀င်ယူပါတယ်။ ဗီယက်နမ်ကို တစ်ရက် ၈ ကျပ် ယူပြီး စစယူတဲ့နေ့ကို ထည့်မတွက်ပါဘူး။ unlimited data ဖြစ်ပြီး device 5 ခု အထိ တစ်ပြိုင်နက် ချိတ်ဆက်သုံးနိုင်ပါတယ်။ ပိုက်ဆံကိုတော့ ပြန်အပ်တဲ့အချိန်မှ ပေးရမှာဖြစ်ပြီး လောလောဆယ် အာမခံကြေးအဖြစ် ခရက်ဒစ်ကဒ်ကနေ ၁ ကျပ် (ကျပ် = စင်ကာပူဒေါ်လာ) ဖြတ်ပါတယ်။ wifi router ယူပြီးချိန်မှာ ကိုယ်တို့ရဲ့ ဟိုချီမင်း ခရီးစဉ်စပါပြီ။

checkin baggage အကြီးမပါတာနဲ့ ကောင်တာမသွားောတ့ဘဲ စက်ကနေပဲ boarding pass ထုတ်လိုက်ပါတယ်။ ဒါပေမယ့် လေဆိပ်ထဲကို ၀င်ခါနီး တိုက်ဂါးအဲ ယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းတစ်ယောက် အနားကပ်လာပြီး tiger air နဲ့ သွားမှာလား။ boarding pass လေးခဏပြပါလို့ တောင်းပါတယ်။ ပြီးတာနဲ့ hand carry က တစ်ယောက်ကို 10 kg ပဲရမှာဖြစ်လို့ ပါလာတဲ့ပစ္စည်းတွေကို ချိန်မယ်ဆိုပြီး ချိန်ပါတယ်။ ကိုယ်လွယ်ထားတဲ့ အိတ်သေးသေးလေးကအစ၊ လက်မှာ ကိုင်ထားတဲ့ ဦးထုပ်အလယ်၊ လည်ပင်းမှာလွယ်ထားတဲ့ ကင်မရာအဆုံး အကုန်ထည့်ချိန်တာပါ။ အိတ်တွေအနေနဲ့ 10 kg မရှိပေမယ့် တိုလီမုတ်စ အကုန်ထည့်ချိန်တော့ လူ ၄ ယောက်မှာ ၃ ယောက်က 10 kg ကို နဲနဲစီ ကျော်ပါတယ်။ နောက်ဆုံးတစ်ယောက်ကပဲ 9 kg ကျော်ကျော်လောက်ရှိပါတယ်။ အဲဒိဝန်ထမ်းကပဲ အရမ်းသဘောကောင်းတဲ့ လေသံနဲ့ လူ ၄ ယောက်စုစုပေါင်းမှ 2 kg လောက်ပဲ ကျော်လို့ ခွင့်ပြုလိုက်မယ်ဆိုပြီး ပြောပါသေးတယ်။ တကယ်က ကိုယ်တို့ လေးယောက်သား အပေါက်ဝမှာ စုပြီး ခဏရပ်စကားပြောနေလို့ ၀န်ထမ်းရောက်လာပြီး အဲလိုချိန်ဖို့ အချိန်ရသွားတာပါ။ သူများတကာလို အပေါက်ကို တည့်တည့်မတ်မတ် လျှောက်သွားရင် ခရီးသည် ဘယ်လေကြောင်းလိုင်း စီးမှာလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ပါဘူး။

တော်သေးတာက လေယာဉ်က အချိန်မှန် ထွက်ပါတယ်။ ဆိုင်ဂုံ လို့ သူတို့မြို့သူ မြို့သားတွေ ချစ်စနိုးခေါ်တဲ့ ဟိုချီမင်းမြို့တော် ရဲ့ Tan Son Nhat လေဆိပ်ကို လေယာဉ်စီးချိန် တစ်နာရီခွဲခန့်အကြာမှာ ဆိုက်ရောက်ပါတယ်။ လေဆိပ်ကတော့ ရန်ကုန်လေဆိပ်အဟောင်းလောက်ပဲ ရှိတာပါ။ အဆင်ပြေပြေချောချောမောမောပဲ အရာရှိက နှစ်ပတ် တုံး ထုပေးလိုက်ပါတယ်။ ထွက်ထွက်ချင်း ဖုန်းကဒ်ဝယ်မယ်ဆိုပြီး အနီးနားက ဆိုင်လေးတွေ လိုက်ကြည့်ပေမယ့် ငါတို့ ၀ိုင်ဖိုင်ပါနေတာပဲ၊ မလိုလောက်ပါဘူးဆိုပြီး မ၀ယ်ဖြစ်ခဲ့ပါဘူး။ အဲဒိအချိန်ထိတော့ ပါလာတဲ့ ၀ိုင်ဖိုင်ကို မစမ်းရသေးပါဘူး။ လေဆိပ်ကအထွက် ညာဘက်က burger king ဆိုင်ရှေ့နားကနေ ဘတ်စ် နံပါတ် ၁၅၂ စီးပါတယ်။ လေဆိပ်က ဘက်စ်ကားရဲက ဂိတ်စဆိုတော့ လူမပြည့်မချင်း ရပ်ပြီး လူစောင့်ခေါ်နေပါတယ်။ ကိုယ်တို့သွားတော့ ကားပေါ်မှာ နိုင်ငံခြားသား တစ်ယောက်ပဲ ရှိပါသေးတယ်။ ကားမောင်းသမားရော၊ စပယ်ယာရောက အားရ၀မ်းသာ သူတို့ဘာသာစကားနဲ့ ကြိုဆိုကြပါတယ်။ ကိုယ်တို့လည်း ဘာမှတော့ နားမလည်ဘူး ခပ်တည်တည်နဲ့ ပရင့်ထုတ်လာတဲ့ ဟိုတယ်လိပ်စာကို ပြလိုက်တော့ ခေါင်းညိတ်ပြပါတယ်။ သူတို့သိတယ်၊ ဒီကားရောက်တယ်လို့ ပြောတာပဲလို့ ခပ်တည်တည် ဘာသာပြန်လိုက်ပါတယ်။ (အမှန်က ဘယ်မှတ်တိုင်မှာ ဆင်းရမလဲဆိုတာ ကြိုရှာပြီးသားပါ။ ) ကားပေါ်မှာ ဒရိုင်ဘာရယ်၊ စပါယ်ယာတစ်ယောက်ရယ် ပါပေမယ့် ဒရိုင်ဘာကပဲ ကားခကိုကောက်ပါတယ်။ လမ်းမှတ်တိုင်တွေ တက်လာတဲ့သူတွေကလည်း ဒရိုင်ဘာကို ပိုက်ဆံသွားပေးကြပါတယ်။ စပါယ်ရာလို့ထင်ရတဲ့ အကူကတော့ ကားအလယ်က ခုံမှာ ထိုင်နေပြီး တစ်ခါတစ်လေမှ ဒီကားဘယ်ရောက်တယ်ဆိုတာကို တစ်ချို့ခရီးသည်တွေကို ပြောပြနေတာလောက်ပဲ ကြားခဲ့ပါတယ်။ ထိုင်ရာကတောင် မထပါဘူး။ Tan Son Nhat လေဆိပ်ကနေ တည်းမည့် Platinum Hotel နားက မှတ်တိုင်ထိ ကားခက တစ်ယောက်ကို ဗီယက်နမ်ဒေါင် ၅၀၀၀ ပါ။ အင်တာနက်မှာ ဘတ်စ်ကား ဘယ်လိုစီးရမလဲ ရှာတုန်းက ကားခကို လူတစ်ယောက် ၅၀၀၀၀ ဒေါင်၊ ပါလာတဲ့ luggage ကိုပါ တစ်ခု ၅၀၀၀၀ ဒေါင် ယူတယ်လို့ ပြောကြပေမယ့် ကိုယ်တို့ကို မယူတာကြောင့် သူတို့ပြောတဲ့ luggage ဆိုတာ check-in baggage အကြီးကို ပြောတာလို့ ကိုယ့်ဘာသာ နားလည်လိုက်ပါတယ်။ ကားပေါ်က နေရာချပြီးမှ ပါလာတဲ့ ၀ိုင်ဖိုင်ကို စဖွင့် ပြီးစမ်းပါတယ်။ သုံးရတာ အရမ်းလွယ်ပါတယ်။ ပါဝါ ခလုတ်ကိုနှိပ် မီနူးလေးကနေ စသုံးမယ်ပြောတာနဲ့ သူ့ကို connect လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ပေးလိုက်တဲ့ user name နဲ့ password ကို ထည့်လိုက်တာနဲ့ ဖေ့စ်ဘုတ်မှာ ဖလန်းဖလန်းထလို့ ရပါပြီ။ ကော်နက်ရှင်က မဆိုးပါဘူး ကောင်းပါတယ်။ စစချင်းတော့ 3G ပဲ မိပြီး တစ်ချို့နေရာတွေကျ 4G မိပါတယ်။ အင်တာနက်ရပြီဆိုတာနဲ့ google map ဖွင့်ထားပြီး ဟိုတယ်နားနီးမနီး ခဏခဏ စစ်ပါတယ်။ ဆင်းရမယ့် မှတ်တိုင်မတိုင်ခင် တစ်မှတ်တိုင်အလိုက စစထွက်ချင်းမှာပဲ ကိုယ်တို့ကို အဆင်သင့်ပြင်ထားပါ၊ ရှေ့မှတ်တိုင် ဆင်းရမယ်လို့ ကားမောင်းသမားက ဗီယက်နမ်စကားနဲ့ ကြိုပြောပါတယ်။ ကားမောင်းနေရင်း လက်ဟန်ခြေဟန်နဲ့ လမ်းကူးဖို့၊ ဘယ်ဘက်ချိုးဖို့ စသည်ဖြင့်လည်း သေသေချာချာ လမ်းညွှန်ပါတယ်။ ခေါင်းကြီးနောက်ပြန်လှည့်ကြည့်ကြည့်ပြီး ညွန်းနေလို့ နားလည်ပါတယ် ကျေးဇူးပါတယ်ဆိုတာကို ကိုယ်အမူအရာရော၊ ဗြိတိသျှဘာသာစကားနဲ့ရော လူအားလုံး မြန်မြန်ဝိုင်းပြောရပါသေးတယ်။


ဟိုတယ်ကတော့ ကားမှတ်တိုင်ကနေ ၅ မိနစ်လောက်ပဲ လျှောက်ရတာပါ။ မှတ်တိုင်က ဆင်းဆင်းချင်း ဆိုင်ဂုံရဲ့ နာမည်ကျော် ဆိုင်ကယ်တွေနဲ့ စတွေ့တော့တာပါပဲ။ လမ်းပေါ်မှာ ကားထက် ဆိုင်ကယ် က ပိုများပါတယ်။ လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားရှိပေမယ့် ကိုယ်တို့နိုင်ငံလိုပါပဲ၊ ရပ်ပေးတဲ့ ကား၊ ဆိုင်ကယ် တစ်စီးမှမရှိပါဘူး။ ဒါပေမယ့် တို့တွေက မြန်မာပြည်ကလာသည်တွေလေ။ ဆိုင်ကယ်တွေ တစ်အုပ်ကြီးကြားက နေ အေးအေးဆေးဆေးပဲ လမ်းကူးခဲ့တာပေါ့။ ကူးပုံကူးနည်းကတော့ ဆိုင်ကယ်တွေဘက်ကို မျက်နှာမူပြီး ခပ်မှန်မှန်လျှောက်တာပါ။ လာနေတဲ့ ဆိုင်ကယ်တွေကလည်း ကိုယ့်အနားရောက်ရင် ဘေးကနေ ကွေ့သွားတာပါပဲ။

ဟိုတယ်ရောက်တော့ စောနေသေးတာကြောင့် ချက်အင် ၀င်လို့မရသေးပါဘူး။ ပါလာတဲ့ အိတ်တွေကို အပ်ခဲ့ပြီး နေ့လည်စာကိုတော့ ဟိုတယ်နားက တွေ့တဲ့ လမ်းဘေးက ပင်လယ်စာ ရောင်းတဲ့ဆိုင်မှာ စားကြပါတယ်။လူလေးယောက်စားချင်တာတွေ လက်ညှိုးထိုးပြီး မှာပြီးချိန်မှာတော့ များသွားပြီဆိုတာ သိလိုက်ပါတယ်။ ကိုယ်တွေက စလုံးက ဆိုင်တွေ၊ ပင်နီစူးလားက ဆိုင်တွေလို ဟင်းတွေကို ပန်းကန်သေးသေးလေးနဲ့ တစ်ပွဲစာထည့်ပေးမယ်မှတ်တာကိုး၊ အဲဒိတော့ တစ်ယောက် ၂ မျိုးစီလောက်မှာကြတာပေါ့။ တကယ်တန်းကျ မှာတဲ့ တစ်ပွဲကို လူအရေအတွက်အတိုင်း ထည့်ပေးတာပါ။ အရွက်ဆိုလည်းပန်းကန်ပြားကြီးနဲ့ တစ်ပွဲ၊ အသားဆိုလည်း ပန်းကန်ကြီးနဲ့ တစ်ပွဲဆိုတော့ လမ်းဘေးက ဆိုင်မှာစားပြီး ဆိုင်ကြီးစာလောက် ကျသွားတော့တာပါပဲ။

စားပြီးပြီဆိုတော့ Independence Palace ကို အေးအေးဆေးဆေးပဲ လမ်းလျှောက်ကြပါတယ်။ ဒါပေမယ့် ရောက်သွားတဲ့အချိန်က ထမင်းစားပိတ်နေတဲ့အတွက် War Remnants Museum ကိုအရင်သွားပါတယ်။ ကိုယ်တို့အနေနဲ့ဆိုရင် စစ်သမိုင်းပြတိုက်ပေါ့။ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေ သုံးခဲ့တဲ့ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေ ၊ လက်နက်ခဲယမ်းတွေ နဲ့အတူ စစ်အနိဌာရုံ ဓာတ်ပုံတွေ ကို ပြသထားပါတယ်။ အနှစ် ၃၀ တိတိ ဆင်နွဲခဲ့တဲ့ တိုက်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဗီယက်နမ် ပြည်သူတစ်ချို့တွေရဲ့ ပုံတွေကို ပြသထားတာ မကြည့်ရဲ၊ မကြည့်ရက်စရာပါပဲ။

စစ်သမိုင်း ပြတိုက် ကနေ Saigon Notre Dame Cathedral ကို လမ်းဆက်လျှောက်ပါတယ်။ လှပတဲ့ အနောက်တိုင်းလက်ရာနဲ့ church ကျောင်းကြီးကို အပြင်ကပဲ ဓာတ်ပုံရိုက်ခဲ့ရပြီး အထဲဝင်လို့မရလို့ မ၀င်ခဲ့ရပါဘူး။ နေပူပူမှာ ရသလောက် ဓာတ်ပုံရိုက်ပြီး ကပ်ရပ်မှာ ရှိတဲ့ စာတိုက်ကြီးကို သွားခဲ့ပါတယ်။



 ပြင်သစ်လက်ရာ ဒီဇိုင်းနဲ့ ၁၈၉၁မှာ ဆောက်လုပ်ထားတဲ့ ဒီစာတိုက်ကြီးက အခုလက်ရှိအထိ အသက်ဝင်နေဆဲ ရုံးကြီးပါ။ စာ၊ ပို့စကတ်တွေ ပို့ပေးတဲ့ကောင်တာတွေနဲ့အတူ ပို့စကတ်များ၊ တခြား လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေလည်း ရှိပါတယ်။ ပြင်သစ်နိုင်ငံက အီဖယ် တာဝါကို ဒီဇိုင်းဆွဲခဲ့သူနဲ့ ဒီစာတိုက်ကြီးကို ဒီဇိုင်းဆွဲပေးသူက တစ်ယောက်တည်းဖြစ်တယ်လို့ သိရပါတယ်။


အဲဒိနောက် စောစောက မ၀င်ခဲ့ရတဲ့ Independence Palace (လွတ်လပ်ရေးနန်းတော်)ကို ပြန်လျှောက်ကြပါတယ်။ Independence Palace ကတော့ ၁၈၆၈ ခုနှစ်မှာ ပြင်သစ်တွေ ဗီယက်နမ်ကို နယ်ချဲ့အပြီး ကိုလိုနီရုံးစိုက်ရန် နေရာအနေနဲ့ နဂို သစ်သား နန်းတော်ကို ဖျက်ပြီး ပြင်သစ် စတိုင် ပြန်ဆောက်ခဲ့တာပါ။ ပြင်သစ်လူမျိုး Charles Hermite က ဒီဇီုင်းဆွဲပေးပြီး တည်ဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ သယ်ယူတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ ဗီယက်နမ်ပြည်တွင်းစစ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် တော်တော်များများပျက်စီးသွားခဲ့ပါတယ်။ ပြန်ပြင်ဖို့ မဖြစ်နိုင်တာကြောင့် ဖြိုချပြီး အသစ်ပြန်ဆောက်ခဲ့ပါတယ်။ အဆောက်အုံအသစ် ဒီဇိုင်းကိုတော့ ဗီယက်နမ်လူမျိုး Ngô Viết Thụ က ဆွဲပေးခဲ့ပါတယ်။ အခုလက်ရှိဒီဇိုင်း ဖြစ်ပါတယ်။ ၁၉၇၅ နိုဝင်ဘာမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြန်လည်ပေါင်းစည်းရေး အစည်းအဝေးကို ဒီအဆောက်အအုံမှာ အောင်အောင်မြင်မြင် ကျင်းပပြီးနောက်မှာ အဆောက်အဦးနာမည်ကို Reunification Hall လို့ နာမည်ပြောင်းခဲ့ပါတယ်။


အဲဒိကနေပဲ ဟိုတယ်ကို လမ်းလျှောက်အပြန်လမ်းမှာ အအေးဆိုင်ခဏထိုင်ပါတယ်။ ဟိုတယ်မှာ ရောက်တော့ ကြိုတင် ဘွတ်ကင်လုပ်ထားတဲ့အခန်းနှစ်ခန်းထဲကမှ တစ်ခန်းကို family room ကို free upgrade လုပ်ပေးမယ်ဆိုတဲ့အတွက် လက်ခံလိုက်ပါတယ်။ တကယ်တန်းကျတော့ family room က အခန်းပိုကျယ်ပေမယ့် queen size ကုတင်နှစ်လုံး အပြည့်နေရာယူထားတာကြောင့် ဘာမှ ပိုထူးမသွားပါဘူး။ နစ်နာတဲ့အချက်က နဂို ယူထားတဲ့အခန်းက လမ်းကို ကြည့်လို့ရတဲ့ view ပါပြီး family room ကတော့ မြေညီထပ်မှာ ရှိတဲ့တွက် ပြတင်းပေါက်ဖွင့်လို့ အဆင်မပြေပါဘူး။ ကျန်တာတွေ အားလုံးအဆင်ပြေပြီး တစ်ညပဲ တည်းမှာမို့ ကွန်ပလိန်းမတက်ဘဲ နေခဲ့ပါတယ်။ အခန်းထဲ ပြန်နားပြီး ညနေ ၆ နာရီခန့်မှ ညစာစားဖို့ ပြန်ထွက်ကြပါတယ်။ ညစာကိုတော့ ဟိုတယ်ဘေးကပ်ရပ်က ဗီယက်နမ်ခေါက်ဆွဲဆိုင်မှာပဲ စားခဲ့ပါတယ်။


ညစာစားအပြီးမှာ လိပ်ကန်ကို လမ်းလျှောက်ကြပါတယ်။ လမ်းလျှောက်တယ်ဆိုပေမယ့် မနီးပါဘူး၊ နာရီဝက်လောက် လျှောက်ရပါတယ်။ လိပ်ကန်မှာ ဘာရှိလို့လဲ၊ ဘာထူးခြားလို့လဲလို့မေးရင် ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ ကားလမ်းတွေ ပတ်လည်ဝိုင်းနေတဲ့ ကျွန်းကို ပန်းခြံအသေးလေး ဆောက်ပြီး အလယ်မှာ ကန်လေး ရှိနေတာပါ။ နိုင်ငံခြားသားတွေထက် ဒေသခံတွေ အလာများတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ စုံတွဲတွေ ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ လာထိုင်ကြ မုန့်စားကြ စကားပြောကြတဲ့ နေရာလေးတစ်ခုပါ။ ညနေ ၇ နာရီခွဲခန့်ထိ လူအနည်းငယ်သာ ရှိပေမယ့် ည ၈ နာရီကျော်လာတဲ့အချိန်မှာတော့ လူတော်တော်စည်နေပါပြီ။ ထိုင်ရောင်းနေတဲ့ လမ်းဘေးဈေးသည်လေးတွေဆီကနေ မုန့်တစ်ချို့ဝယ်မြည်းခဲ့ပါတယ်။ စားခဲ့သမျှတော့ တစ်ခုမှတော့ မကြိုက်လှပါဘူး။ မုန့်ကိုမြင်အပြီး ကိုယ်မျှော်လင့်ထားတဲ့ အရသာ နဲ့ တကယ်ရလိုက်တဲ့ အရသာ လွဲနေလို့လားပဲ။

အပြန်မှာ Ben Thanh ညဈေးကို ၀င်ကြပါတယ်။ နိုင်ငံတကာက ဘရန်းအစုံကို ဒီညဈေးမှာ ဈေးသက်သက်သာသာနဲ့ ၀ယ်လို့ရပါတယ်။ အစစ်တွေတော့လည်း မဟုတ်ဘူးပေါ့လေ။ သွားဖူးတဲ့သူတွေကတော့ ညဈေးမှာ ဈေးဝယ်ရင် အနည်းဆုံးခေါက်ချိုးစစ်ဖို့ အကြံပေးကြတဲ့သူချည်းပါပဲ။ ဈေးသည်တွေကတော့ ဈေးမေးပြီးရင် မ၀ယ်ဘဲ ပြန်ထွက်လို့မရအောင် ဆွဲကြ၊ ဈေးလျှော့ပေးကြပါပဲ။ဝယ်ဖို့ မစဉ်းစားထားရင် ဈေးမေးပြီး ခပ်မြန်မြန် ပြန်ထွက်ပါ။ ပါလာတဲ့သူငယ်ချင်း ဈေးသွားမေးမိတာ အတင်းရောင်းပါတော့တယ်။ ဆိုဈေးထက် တစ်ဝက်ကို အတင်းလျှော့ရောင်းပြီး မ၀ယ်ဘဲ ပြန်အထွက်မှာ သူငယ်ချင်းကို ညှစ်ပြီးဆွဲထားတာများ သူ့ခမျာလက်မောင်းတောင် တော်တော်အောင့်သွားပါတယ်။ နောက်ညတွေ ထပ်လာဖို့ အစီအစဉ်ရှိသေးတာကြောင့် ဒီည ဈေးမ၀ယ်သေးဘဲ ဈေးနဲနဲ စုံစမ်းပြီး ဟိုတယ်ကို ပြန်ကြပါတယ်။ နောက်နေ့ကျ မွေ့နဲကမ်းခြေသွားဖို့ အတူတူ လိုက်ခဲ့ကြပါဦးနော်။ ။

Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City

3 comments:

  1. ပုတွေတ၀ကြီးကြည့်ရလို့ကျေးဇူးပါ အမဲသားခေါက်ဆွဲကြိုက်တယ်

    ReplyDelete
    Replies
    1. ပုံလို့ရေးတာ...ကျန်ခဲ့လို့ထပ်ပြင်တယ်

      Delete
  2. ကိုယ်တွေသွားတုန်းက စာတိုက်ကြီးထဲကို ညဖက်မှရောက်လို့ မ၀င်ခဲ့ရဘူး... ညီမလေးပို့စ်က ပိုအသေးစိပ်ရေးပြထားလို့ ကျေးဇူးပါ..း)

    မိုးငွေ့

    ReplyDelete

Hello Saigon - Day 1 : Sightseeing in Ho Chi Minh City

ဖေဖော်ဝါရီ ၂၀၁၇။ စင်ကာပူ- ဟိုချီမင်း (ဆိုင်ဂုံ)။ ချန်ဂီလေဆိပ်ရောက်ရောက်ချင်း ကြိုတင် booking လုပ်ထားတဲ့ wifi router ကို changi recommend...