ကိုရီးယားခရီးစဉ် Day 1

Singapore - Seoul - Jeju Island ၂၁ ဖေဖော်ဝါရီ ၂၀၁၄။


စင်ကာပူ ချန်ဂီလေဆိပ်မှာ  ဒီဘက်က တိုး ကိုယ်စားလှယ်နဲ့ တွေ့ပြီး၊ သူကပဲ check-in ၀င်ပေးပါတယ်။ လေယာဉ်က ကိုရီးယန်း အဲလိုင်းနဲ့ပါ။ လေယာဉ်မယ်လေးတွေ တော်တော်ချောကြတယ်။ လေယာဉ်ပေါ်မှာ ခြုံဖို့စောင်ပါးတစ်ထည်၊ အ၀တ်ဖိနပ်တစ်ရံနဲ့၊ နားကြပ်တစ်စုံစီပေးပါတယ်။
ကြည့်လို့ရနိုင်တဲ့ ရုပ်ရှင်ကားတွေမှာ ကိုယ်မကြည့်ရသေးတဲ့ကားတွေ ပါနေလို့ ၀မ်းသာအားရ တစ်ကားဖွင့်ကြည့်ပေမယ့် ၁၀ မိနစ်လောက်မှာ အိပ်ပျော်သွားပါတယ်။ အဟီး။ လေယာဉ်ပေါ်မှာကျွေးတဲ့ ဘီဘင်ဘတ် (bibimbap) ကတော့ အသားမပါလို့ ကောင်းတယ်လို့ ဘယ်လိုအင်အားနဲ့မှ မညွန်းနိုင်ပါ။
အသားမပါတာချင်းအတူတူ ဗမာထမင်းသုပ်က ပိုကောင်းတယ်လို့ ထင်ပါတယ်။ MAI ကို လေယာဉ်ပေါ်မှာ ထမင်းသုပ်ကျွေးဖို့ အကြံပေးလိုက်ရရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။


စင်ကာပူမှ ည ၁၀း၄၅ ထွက်လာတာ တောင်ကိုရီးယား အင်ချွန်း (Incheon) လေဆိပ်ကို ဒေသအချိန် မနက် ၆ နာရီလောက်မှာ ရောက်ပါတယ်။ တိုးဂိုက်က ကုမ်ပဏီ ဆိုင်းဘုတ်လေးကိုင်ပြီး စောင့်နေပါတယ်။ သူ့ကိုယ်သူ ကီကီလို့ မိတ်ဆက်ပါတယ်။ အဲဒိကျမှ ကိုယ်နဲ့ အတူတူ ခရီးသွားမယ့် အဖွဲ့သားတွေကို စုံစုံလင်လင်တွေ့ရပါတယ်။ စုစုပေါင်း ၁၃ ယောက်ပါ။ ကီကီက မျက်နှာသစ်အ၀တ်အစားလဲဖို့ အချိန်ပေးတာနဲ့ လေဆိပ်အိမ်သာထဲဝင်ပြီး အ၀တ်လဲကြပါတယ်။ လေဆိပ်ထဲမှာ အ၀တ်အစားလဲခန်းတွေကိုလည်း baggage collect လုပ်တဲ့နေရာနားမှာ တွေ့ပါတယ်။

လေဆိပ်အပြင်ထွက်လိုက်တာနဲ့ပဲ အားလုံး တညီတညွတ်တည်း အော်ကြပါတော့တယ်။ မျက်နှာကို ရေခဲရေနဲ့ ပတ်လိုက်သလိုပါပဲ။ ၄ ဒီဂရီ စင်တီဂရိတ် ဆိုတာထက်၊ လေက တော်တော်လေးတိုက်လို့ပါ။

ပထမဆုံးသွားတဲ့နေရာက ဘုချွန်းဟန်းနော့ရွာ (Bukchon Hanok Village) ပါ။ ဟန်းနော့လို့ခေါ်တဲ့ ရိုးရာ အိမ်ကလေးတွေ တစ်စုတစ်စည်းတည်း တစ်နေရာမှာ ရှိတာကလွဲရင် မြန်မာပြည်က ရွာတွေနဲ့ တော့ မတူပါဘူး။ အိမ်လေးတွေကနေ ထွက်လာပြီး အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ်တက်မောင်းသွားတာ ခေတ်မီမီဝတ်စားထားတဲ့ အိုပတွေ အာဂျီးမားတွေပါ။ ကုန်းမြင့်လေးပေါ်မှာ ရိုးရာအိမ်လေးတွေ တွေ့ရတာ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်။ လက်ရှိ လူနေတဲ့အိမ်တွေဖြစ်တဲ့အတွက် မဆူညံဖို့ စာလေးတွေ ကပ်ထားပါတယ်။ လည်ပတ်ရမယ့်အချိန်လည်းရေးထားပါတယ်။






အဲဒိနောက် ချန်ဒေါ့ နန်းတော် (Changdeok Palace) ကိုသွားကြပါတယ်။ ဂျိုဆွန် မင်းဆက် (Joseon Dynasty 1392-1897) က တည်ဆောက်ခဲ့တဲ့ နန်းတော် ၅ ခုထဲမှ တစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ အများကြီး ကြည့်စရာ မရှိဘူးထင်ပါတယ်။

ဒါကတော့ အ၀င်တံခါးနားမှာပါ။

ဒီပုံကတော့ နန်းတော်ရှေ့မှာပါ။





ဘုရင်နဲ့ မိဖုရားထိုင်ခုံတွေလား။ အဲလို မျက်နှာချင်းဆိုင်ကြီး ထိုင်ကြတာလား.. ဟီးဟီး မသိပါ။


အဲဒိနောက် ကိုရီးယား ပန်ကိတ် (pancake) လုပ်မယ့် ကျောင်းကို သွားပါတယ်။ အဖြူမတစ်ယောက်က လက်တွေ့တစ်ခေါက်လုပ်ပြပြီး ၂ ယောက်တစ်တွဲ ပန်ကိတ် တစ်ခုဆီ လုပ်ကြရပါတယ်။ အမှန်က ကြက်ဥမွှေကြော်နဲ့ သဘောတရား အတူတူပါပဲ။ ပျော်တော့ ပျော်စရာကြီးပါ။ ကိုယ်လုပ်ထားတဲ့ ပန်ကိတ် ကိုယ့်ဘာသာ စားရပါတယ်။


အဲဒိနောက် ရှော့ပင်းအတွက် sichon ladies street ကို ပို့ပါတယ်။ ကိုရီးယားရဲ့ အလှကုန်ဆိုင်တွေ တန်းစီပြီးတွေ့ရပါတယ်။ မိန်းကလေးကျောင်းနဲ့ နီးလို့ ladies street လို့ခေါ်တာပါ.. ယောက်ျားလေးအ၀တ်အစားတွေလည်း ရောင်းပါတယ်။ ပထမဆုံး ရှော့ပင်ဆိုတော့ ဘာဝယ်လို့ ၀ယ်ရမှန်းမသိပါဘူး။ နောက်ရက်တွေလည်း ဈေးရောက်ဦးမယ်ဆိုတော့ အသာလေး မ၀ယ်သေးဘဲ ဟိုကြည့်ဒီကြည့်နဲ့ မုန့်တွေပဲ ၀ယ်စားပါတယ်။ Laneige ဆိုင်ကတော့ BB cushion နဲ့ water sleeping mask ၀ယ်ခဲ့ပါတယ်။

အထဲမှာရောင်းနေတာ အမဲသားစွပ်ပြုတ်ပါ။ ဆိုဂျူးပါမပါတော့ မသိ။


ဦးလေးကြီးနား ကောင်မလေးတွေ ၀ိုင်းလို့။

ဘယ်ဒီဇိုင်းကြိုက်လဲ။ ကြိုက်ရာရွေး။

အကင်မြင်တော့ သူမနေနိုင်။ ကြက်သားကင်ကတော့ တကယ်ကောင်း။ နူးညံ့ပြီး ချိုမွှေးနေတာပဲ။

ရိုက်သာရိုက်လာတာ ဘာတွေမှန်းတော့ မသိ။ ကိုယ်ကတော့ ပဲပုတ်ပြားအနေနဲ့ အလွမ်းပြေကြည့်ခဲ့တာပါ။

အဲဒိနောက် Hello Kitty ကော်ဖီဆိုင်မှာ ကော်ဖီသွားသောက်ကြပါတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရတာပါ။


နေရာတိုင်းမှာ hello kitty ပုံလေးတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ကော်ဖီမှာ၊ ကိတ်မုန့်မှာ၊ စားပွဲမှာ၊ နံရံမှာ၊ နောက်ဆုံး အိမ်သာထဲက ကြည့်မှန်လေးတောင် Hello Kitty ဒီဇိုင်းလေးနဲ့ပါ။



နောက်တော့ ဂျယ်ဂျူးကျွန်း သွားဖို့အတွက် ဂင်ပို (Gimpo) လေဆိပ်ကို သွားကြပါတယ်။ ဂင်ပိုလေဆိပ်က ဆိုးလ်ရဲ့ အရင်တုန်းက အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါ။ အင်ချွန်းလေဆိပ်သစ်ကြီး ဆောက်ပြီးသွားတော့ သူက ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးလေဆိပ်အဖြစ်ကို ရောက်သွားပါတယ်။ ဂျယ်ဂျူးလေဆိပ်ကိုရောက်ဖို့ ၁ နာရီလောက်ပဲ လေယာဉ်စီးရပါတယ်။ ရောက်ရောက်ချင်း ညစာသွားစားကြပြီးမှ ဟိုတယ်ကို ချက်အင် (check-in) ၀င်ပါတယ်။ Ocean Suites Jeju Hotel ပါ။



ငြိမ်းမိန်းကလေး
(၂၁-ဖေဖော်ဝါရီ-၂၀၁၄)

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

4 comments:

  1. ဖိနပ်တွေ ငမ်းသွားတယ်... အဲဒိ ရာသီဥတုတော့ ကိုရီးယားကို မရောက်ဖူးသေးဘူး... ဒီနှစ်သွားတာလဲ July ဆိုတော့ ပူလိုက်တာ တအားပဲ... ပထမနေ့နဲ့တင် အစုံရောက်တာပဲ... :D

    ReplyDelete
  2. သူငယ်ချင်းတွေတော့ မဗေဒါဘလော့ဖတ်ပြီး ကိုရီးယားကို free & easy သွားဖို့ စီစဉ်နေကြတယ်။ မဗေဒါဘလော့က သူတို့အတွက် reference လေ။
    ချယ်ရီပွင့်တဲ့အချိန် မြင်ဖူးချင်လို့တဲ့။ ဧပရယ်ဆိုလားမသိဘူး။

    ReplyDelete
    Replies
    1. ဟုတ်တယ် ဧပြီ အကုန်နားလောက်ထင်တယ်... ကြုံဖို့က နည်းနည်းခက်တယ်... အရင်က Guide ပြောတော့ ချယ်ရီက ၃ရက်လောက်ပဲ ပွင့်တာတဲ့.. ပြီးရင် ကြွေကုန်ရောတဲ့... ဒါပေမဲ့ ချယ်ရီပင်တွေ အများကြီး နေရာမတူတော့ တစ်နေရာမဟုတ် တစ်နေရာတွေ့မှာပေါ့... ကောင်းတယ်... သွားကြပါ... ဖတ်တဲ့ သူငယ်ချင်းတွေကိုလဲ ကွန်မန့်လေးပေးပါအုံးလို့... ဖတ်တဲ့သူမရှိဘူးထင်လို့ ရေးရတာ အားမရှိဘူး... ဟီး....

      Delete
    2. ပြောလိုက်မယ် မဗေဒါရေ.. အမှန်က မဗေဒါဘလော့ကို ၂၀၀၈ လောက်ကတည်း ပုံမှန်အားပေးလာတာ.. ဒါပေမယ့် ကွန်မန့်တော့ တစ်ခါမှ မပေးဖြစ်ဘူး ... ပျင်းကြတာလေ..

      Delete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...