သူက အသံအကျယ်ကြီးနဲ့ စကားပြောတတ်ပြီး တစ်ခါတစ်ခါ ရန်ဖြစ်နေတယ်ထင်ရအောင် အော်ပြောတတ်သူ။
ကိုယ်က အိညှက် အိညှက်နဲ့ ပလုံးပထွေး စကားမြန်မြန်ပြောတတ်သူ။
ဒါကြောင့် သူအော်ပြောနေတဲ့အချိန် ကိုယ်ငြိမ်နားထောင်ရတယ်။ ကိုယ့်ပလုံးပထွေးစကားသံကို သူနားလည်အောင် ကြိုးစားရတယ်။ (အဲဒိအချိန် အပြင်ကကြည့်ရင် ငြိမ်နေတဲ့သူက သနားစရာလေး)
သူက ဘယ်သွားသွား သူ့လက်ကို ဆွဲထားမှကြိုက်သူ။
ကိုယ်က လက်ဖ၀ါး ချွေးထွက်လွယ်သူ။
ဒါကြောင့် ကိုယ်တို့နှစ်ယောက်ကို တွေ့ရင် လက်တွဲထားလျက်ကြီး အမြဲတွေ့ရမယ်။ တစ်ရှူးတစ်ထုပ်လည်း တစ်ယောက်ယောက်ရဲ့ အိတ်ထဲမှာ ရှိလိမ့်မယ်။
(ဒီအရွယ်ကြီး လက်တွဲထားတယ်လို့ ကြည့်ရမှာ ရှက်နေတဲ့သူတွေလည်း ရှိလိမ့်မယ်)
သူက ရေအေးအေးနဲ့မှ ရေချိုးချင်သူ။
ကိုယ်က ရေအေးနဲ့ထိရင် ဖျားတတ်သူ။
ဒါကြောင့် အိမ်မှာ ရေပူရေအေး တပ်ထားတယ်။
(ကိုယ်ဆောင်းတွင်းတွေမှာ နေ့တိုင်းရေမချိုးတတ်တာ အခု သူသိသွားပြီ)
သူက လူကြီးလုပ်ပြီး ဆုံးမချင်သူ။
ကိုယ်က ကလေးလုပ်ပြီး ချွဲ့နွဲ့ချင်သူ။
ဒါကြောင့် ကိုယ်က အသက်ကြီးပြီး မရင့်ကျက်လာဘူး။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ကရင့်နေပြီ။
(ကိုယ်ကလည်း သူ့ထက်ငယ်တယ်လို့ အထင်ခံရရင် ပါးစပ်စိမရတော့ဘူး၊ အင်း တစ်ခါမှလည်း အထင်မခံရဘူး။ )
သမီးရည်းစားဘ၀မှာ သူက အနိုင်ယူသူ။
အိမ်ထောင်သည်ဘ၀မှာ ကိုယ်က အနိုင်ယူသူ။
ဒါကြောင့် ဘဲစားဘဲချေလို့ သူ့ကို ကိုယ်အမြဲပြောတယ်။
( တရားပါတယ်နော်၊ ကိုယ်က တရားမျှတမှုကို လိုလားတယ်လေ။)
သူက ကိုယ့်စိတ်ကို ၉၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ကိုယ်က သူ့စိတ်ကို ၁၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ဒါကြောင့် ၁၀၀ ရာခိုင်နှုန်း နားလည်မှုတွေ ရှိကြတယ်။
(နားလည်မှုက အရေးကြီးတယ်လေ။ ဘယ်လိုပဲ နားလည် နားလည်)
အသက်ကြီးလို့ အနားယူကြရင် သူက အေးမြတဲ့ ဒေသမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာဖတ်ချင်သူ။
ကိုယ်က အညာက နွေနေပူပူက ထန်းလက်တဲလေးထဲမှာ နှီးယပ်တောင်လေးခပ်ပြီး ရေနွေးကြမ်းသောက်ချင်သူ။
ဒါကြောင့် ပြင်ဦးလွင်မှာ မြေတကွက်ဝယ်ဖို့၊ ကျောက်ပန်းတောင်းမှာ ယာတကွက်ဝယ်ဖို့ ပိုက်ဆံစုနေကြတယ်။
( ဘယ်တော့မှ မဖြစ်လာနိုင်မှန်း သိလည်းပ။ဲ)
နှစ်ယောက်သား မတူတဲ့ ဓလေ့စရိုက်တွေကို ရန်ဖြစ်ရင်း ပြန်ချစ်ရင်း သည်းခံရင်း စိတ်ဆိုးရင်း အတူတူ ဖြတ်သန်းလာခဲ့ကြတာ ဘာလိုလိုနဲ့ သူတောင် မွေးနေ့ဆိုတဲ့ မှတ်တိုင်တစ်ခု ရောက်လာပြန်ပြီ။
ချစ်ရတဲ့ ကိုယ့်အမျိုးသားလေး နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ မိသားစုနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
Categories
Subscribe to:
Post Comments (Atom)
Penang 4D3N Free & Easy - Intro
ပီနန်ကျွန်း၊ မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...
-
နိုဝင်ဘာ ၇ ရက်၊ ၂၀၁၆။ တနင်္လာနေ့။ ရန်ကုန် မန္တလေး အမြန်လမ်း - ရန်ကုန် မော်လမြိုင်လမ်း - ကျိုက်ထီးရိုး ဘုရားလမ်း ဒီတစ်ခေါက်မြန်မာပြည် အြ...
-
ပါဝင်သော ပစ္စည်းများ ကင်းပုံသီး ကြက်သွန်ဖြူ ကြက်သွန်နီ ပုစွန်ခြောက်မှုန့် ငရုတ်သီးအစိမ်းမှုန့် ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်...
-
အစုံသုပ်က အမယ်များပေမယ့် လုပ်ရတာ လွယ်ပြီး ခံတွင်းမြိန်တာကြောင့် မကြာမကြာ လုပ်စားဖြစ်ပါတယ်။ အစုံသုပ်ဆိုပေမယ့် ထမင်းဆုပ်နဲ့ သဘောင်္သီးစိမ်း မ...
စိတ်ဖတ်နိုင်တဲ့ အချက်ကလွဲလို့ ကျန်တဲ့အချက်က အစ်မတို့ အတွဲနဲ့ မဗေဒါတို့ အတွဲက အကုန်ဗြောင်းပြန်ပဲ... လူကြီးလုပ်ဆုံးမတတ်တာနဲ့ ကလေးလို ချွတာကတော့ တစ်ခါတစ်လေ တူတယ်။ ကိုယ်ကတော့ မရင့်ကျက်တာ များတယ်။။။ ဟီး.. ဒါနဲ့... Happy belated Birthday to your husband...
ReplyDeleteကျေးဇူးပါ မဗေဒါ.. သူ့ကို နာမည်ကြီး ဘလော့ဂါတစ်ယောက်က မွေးနေ့ဆုတောင်းပေးတယ်လို့ ပြောလိုက်မယ် :)
Delete