Showing posts with label ၀တ္ထုတိုများ. Show all posts
Showing posts with label ၀တ္ထုတိုများ. Show all posts

ဆန်းဆန်းတင့် (၁) ၊ ကြွက်ကလေးနဲ့ ကိုယ်




ကိုယ်ဟာ ဆန်းဆန်းတင့်သူတစ်ယောက်ပါ။

အဲဒိအကြောင်းနဲ့ ပတ်သတ်လို့ အရင်ကတော့ ပေါ့ပေါ့ဆဆပါပဲ။ တဖြည်းဖြည်း ပျော်ရွှင်မှုတွေ နည်းနည်းလာတာကို အသက်ကြီးလာတဲ့ လက္ခဏာလို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ပါသေးတယ်။ နောက် သတိထားမိတဲ့အချိန်မှာတော့ ကိုယ်ဆန်းဆန်းတင့်တဲ့ အရာတွေ တနေ့တခြား များများလာလို့ ပျော်ရွှင်မှုတွေ ပါးပါးသွားတယ်လို့ (လက်မခံချင်ဘဲ) လက်ခံလိုက်ရပါတယ်။

ဆန်းဆန်းတင့်ဆိုတာ ဘာလဲလို့ မင်း ဇဝေဇ၀ါ ဖြစ်နေရင်တော့ ရှင်းပြဖို့တာဝန်ကိုယ့်မှာ ရှိလာပြီ။အင်္ဂလိပ်လိုကွာ sensitive လို့ပေါင်းတယ်။ အသံထွက်ကို ဗမာပီပီ ဆန်းဆန်းတင့်လို့ပဲ ကိုယ်ခေါ်လိုက်တယ်။ မရယ်နဲ့လေ၊ မှတ်ရလွယ်သွားတယ်မလား။အဓိပ္ပာယ်ကတော့  အနာပေါ်တုတ်ကျသော၊ ဆတ်ဆတ်ထိမခံသော၊ စိတ်ထိခိုက်လွယ်သောလို့ အဘိဓာန်တွေက ပြန်တာတော့ ဖတ်ဖူးတာပဲ။ကိုယ်ကတော့ နဲနဲမှ အတိမ်းအစောင်းမခံတတ်ဘဲ ခံစားတတ်သောလို့ ကိုယ့်ဘာသာ ဘာသာပြန်လိုက်တယ်။ဘာလို့လဲဆိုတော့ ကိုယ့်ဆန်းဆန်းတင့် က အဲသလိုဖြစ်နေတာကိုး။ ဒီအဓိပ္ပာယ်တွေကို မကျေနပ်သေးရင်တော့ ကိုယ့်အင်္ဂလိပ်ဆရာမလေးဆီ မေးပေးမယ်နော်။သူက စကားလုံးအတိအကျ ကောင်းကောင်း ဘာသာပြန်တတ်တယ်။ ခုတော့ ကိုယ်ဘာတွေ ဆန်းဆန်းတင့်လဲ မင်းသိချင်နေမလားလို့ ဆက်ပြောမယ်လေ။

ပထမဆုံးကွာ ကိုယ် သတိထားမိတာ ကွန်ပျူတာမောက်စ်တွေ အပေါ်မှာ ဆန်းဆန်းတင့်တာပဲ။ ဟိုးအရင်က မောက်စ်တွေက ခုခေတ်လို optical တွေ မဟုတ်သေးတော့  အောက်မှာ ဘောလုံးလို အလုံးလေးနဲ့မလား။ အဲဒိ အလုံးလေးနဲ့မှ လှိမ့်ပြီး မောက်စ်က ရွှေ့လို့ရတာလေ။ မောက်စ်သုံးနေရင်း ရွှေ့ရတာ နဲနဲထစ်နေရင် အဲဒိအလုံးလေးမှာ ချေးတွေကပ်နေတယ်ဆိုပြီး အဖုံးလေးကိုဖွင့် အလုံးလေးကို တစ်ရှူးနဲ့ သုတ်တော့တာပဲ။ ပထမတော့ ချေးတွေက တကယ်ကပ်နေတာပါ။ အဲဒိတော့ သန့်ရှင်းရေးလုပ်ပြီးခါစ မောက်စ်က လျှောကနဲ လျှောကနဲ ရွေ့တော့တာပေါ့။ ကိုယ် အရမ်းပျော်တာပေါ့လေ။ အဲဒိကစ နောက်တော့ တစ်နေ့တာ ကွန်ပျူတာ မသုံးခင် မောက်စ်ကလေးကို အမြဲ သန့်ရှင်းရေးလုပ်ပြီးမှ သုံးဖြစ်တဲ့ အကျင့်ပါသွားတယ်။ မောက်စ်ကို ရွှေ့ရင် အမြဲချောမွတ်နေတာကို သဘောကျတဲ့သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားတော့ပါပဲ။

အဲဒိထိတော့ ကိစ္စမရှိသေးဘူး ထင်ရတာပေါ့လေ၊ ဒါပေမယ့် ပြသနာက သူများ ကွန်ပျူတာကို အကြောင်းတစ်ခုခုနဲ့ ကိုင်ဖြစ်လို့ မောက်စ်ပေါ်လက်တင်လိုက်တာနဲ့ ကိုယ့်မောက်စ်လောက် ချောမွေ့မှုမရှိဘူးဆိုတဲ့ အသိက ရပြီးပြီ။ စိတ်က မသိလိုက်ခင်မှာပဲ မောက်စ်ရဲ့နောက်ကျောက အဖုံးကိုဖွင့်၊ အထဲက အလုံးလေးကို ပါလာတဲ့ တစ်ရှူးနဲ့ သုတ်လိုက်ပြီးသွားပြီ။ တစ်ချို့တွေက သန့်ရှင်းရေးလုပ်ဖို့ မသိတာလား၊ စေးကပ်ကပ် ရွှေ့ရတာကိုပဲ ဘယ်လိုမှ မခံစားရတာလား မသိ။ သူတို့ သုံးနေတဲ့ မောက်စ်ကို ဖွင့်လိုက်ရင် အလုံးလေးမှာ ချေးတွေ အထပ်ထပ် ထူနေတာများ မြင်မကောင်းဘူး။ အဲလို ချေးအထူကြီးကို တစ်ရှူးလေးနဲ့ သန့်ရှင်းရေး လုပ်လိုက်ရရင် ကိုယ့်ပီတိက အရမ်းကို ချိုမြိန်သွားတာကလား။ သူများမောက်စ်တွေ၊ ကိုယ့်မောက်စ်တွေ ခွဲခြားမနေပါဘူးလေ။ ကိုယ့်မျက်နှာလည်း အရမ်းကို ပြုံးနေမယ်ထင်ရဲ့။ အဖုံးလေးကို  အံကျအောင် ခွက်ကနဲ ပြန်ပိတ်ပြီး နဲနဲလောက် ရွှေ့ပြရင်း တွေ့လား မောက်စ်ကလေး အရမ်းချောမွတ်သွားပြီ ဒီမှာ ရွှေ့ကြည့်ပါဦးလို့ မောက်စ်ပိုင်ရှင်မျက်နှာကို မော့မကြည့်ဘဲ စမ်းခိုင်းသေးတာ။

တစ်ချို့တွေကလည်း အားတုံ့အားနာနဲ့ ဟုတ်ပါ့၊ သန်ရှင်းရေးမလုပ်ဖြစ်တာ တော်တော်ကြာပြီလို့ ရှက်ကိုးရှက်ကန်းသံဝဲ၀ဲနဲ့ ပြောကြတာပေါ့လေ။ တစ်ချို့တွေကကျ သိပ်တော့လည်း ထူးမသွားပါဘူး လို့ အင်တင်တင် အသံနဲ့ ပြန်ပြောကြတာပေါ့။ ဒါပေမယ့် ကိုယ်ကတော့ အဲဒိအသံတွေ မကြားတော့ပါဘူး။ ရှောကနဲ ရှောကနဲ ပြေးနေတဲ့ မောက်စ်ကလေးဆီမှာ ကိုယ့်အာရုံတွေ ကိုယ်ပီတိတွေ က နစ်ဝင်နေပြီလေ။

အဲဒိအကျင့်က ကိုယ့်ပတ်ဝန်းကျင်က လူတွေ အားလုံးသိတဲ့အထိ ကျယ်ပြန့်လာတယ်။ တစ်ချို့တွေကျလည်း  ငါ့မောက်စ်ကလေး ရွှေ့တာ သိပ်မသွားဘူး၊ နင်လုပ်သလို လုပ်ဖို့လည်း အဖုံးက မဖွင့်တတ်ဘူး ဆိုပြီး လက်ထဲအရောက် သန့်ရှင်းရေး လုပ်ခိုင်းသူတွေလည်း ရှိလာတာပေါ့။ သူတို့မျက်နှာတွေ ပြုံးနေတာကိုတော့ ကိုယ် မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်လေ။ ရွှေ့ရတာ တုံ့ဆိုင်းနေဟန် ရှိတဲ့ မောက်စ်ကလေးတွေကို ကိုယ်မမြင်ရက်၊ မမြင်နိုင်ဘူးမလား။

ကိုယ်နဲ့ လုံးဝမသက်ဆိုင်တဲ့ နေရာက မောက်စ်တွေကိုတော့ သန့်ရှင်းရေး လုပ်ပေးဖို့ မတတ်နိုင်ဘူးပေါ့။ ထစ်နေပုံရတဲ့ မောက်စ်ကို  တစ်ယောက်ယောက်ကများ ပင်ပင်ပန်းပန်း ရွှေ့နေတာ မြင်ရရင် အနားသွားပြီး မောက်စ်ရဲ့ ဘောလုံးလေးကို သန့်ရှင်းရေး လုပ်ပေးချင်စိတ်တွေ၊ ဒီလိုသန့်ရှင်းရေးလုပ်လိုက်ရင် ရွှေ့လို့အရမ်းကောင်းသွားမှာလို့ ပြောပြချင်စိတ်တွေ မထိန်းနိုင် မသိမ်းနိုင် တဖွားဖွားပေါ်လာတော့တာပါပဲ။ လုပ်ချင်တာ မလုပ်ရလို့ အတင်းထိန်းချုပ်ထားရတဲ့စိတ်ဟာ ဘယ်လောက်ပင်ပန်းလဲ မင်းသိတယ်မလား။ အဲဒါပဲလေ မောက်စ်တစ်လုံးအပေါ်မှာ ဆန်းဆန်းတင့်ရာက စတဲ့ စိတ်တွေ၊ ပျော်ရွှင်မှုအချို့ကို ပါးလျားစေတယ်ဆိုတာ မင်းတွေ့ပြီနော်။

အခု မောက်စ်တွေက optical တွေ၊ laser တွေ ဖြစ်ကုန်ပြီ၊ ဘောလုံးလေးလည်းမရှိတော့ သန့်ရှင်းစရာလည်း မလိုတော့ ဘူးမလား၊ ဒါဆို  ကိုယ့်ဆန်းဆန်းတင့်ကြီး မရှိတော့ဘူးမလားလို့ မင်းမေးလိုက်တာလား။ မင်းပြောတာ တစ်ဝက်တော့မှန်တယ်၊ ဘောလုံးလေးတော့ မရှိဘူး၊ ဒါပေမယ့် မောက်စ်တစ်ခုရဲ့ အောက်ခြေမှာ ကြမ်းပြင်နဲ့ အနည်းငယ်လွတ်အောင် ခုထားတဲ့ အခုလေးတွေ ရှိသေးတယ်လေ။ သုံးတာကြာရင် အဲဒါလေးတွေမှာလည်း ချေးလေးတွေ တက်လာပြီး မောက်စ်ရဲ့ ရွေ့လျားမှုကို အနှောက်အယှက်ဖြစ်စေနိုင်တာပဲ။ ကိုယ်ကတော့ အခုချိန်ထိ အဲဒါလေးတွေ သတိထား သုတ်နေတုန်း။  မရယ်နဲ့လေ။ အစကတည်းက ပြောထားသားပဲ။ ကိုယ်ဟာ ဆန်းဆန်းးတင့်သူ တစ်ယောက်ပါလို့။ 

ခုနက မင်းပြောတာ ကိုယ် ထောက်ခံပါတယ်။ အသက်တွေကြီးလာပြီ၊ ဆန်းဆန်းတင့်တာတွေ လျှော့မှ လောကကြီးက နေပျော်မယ်ဆိုတာကို ကိုယ်လည်း သတိထားမိတာပေါ့။ မောက်စ်အပေါ်မှာ ဆန်းဆန်းတင့်နေတာ ကို လျှော့ချသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးပြီး နောက်ဆုံးအကြိမ် ကွန်ပျူတာဝယ်တော့ touch screen ပါတဲ့ ကွန်ပျူတာ ၀ယ်လိုက်တယ်လေ။ မောက်စ်နဲ့ လုပ်ရမယ့် အလုပ်မှန်သမျှကို မော်နီတာပေါ်မှာ လက်ညှိုးတစ်ချောင်းနဲ့ လုပ်ကြည့်တာပေါ့။ ဒါပေမယ့် ကွန်ပျူတာ ဆိုတဲ့အရာဟာ မောက်စ်မပါရင် ဆံပင်မရှိတဲ့ မိန်းမပျိုလေးလို တင့်တယ်မှုမရှိတာ အဲဒိကျမှ သိတော့တာပဲ။ ကိုယ့်ကိုယ်ပိုင်လက်ကို မောက်စ်ဆိုတဲ့ လုံးလုံးခုံးခုံး အရာဝတ္ထုလေးလောက် ယုံကြည်မှုမရှိတော့ဘူးလေ။ နောက်ဆုံးတော့ ခပ်မြန်မြန် မောက်စ်တစ်လုံး ၀ယ်လိုက်ရတာပဲဟေ့။ 

ကဲ ကွာ၊ နောက်တော့ ကိုယ်ဆန်းဆန်းတင့်တဲ့ တခြားအကြောင်းအရာတွေ ထပ်ပြောပြပါဦးမယ်။ ခုတော့ မောက်စ်ကလေး သန့်ရှင်းရေးလုပ်လိုက်ဦးမယ်ကွာ။

ကိုယ်ဟာ ဆန်းဆန်းတင့်သူတစ်ယောက်ပါ။

ငြိမ်းမိန်းကလေး
၂၇-၀၂-၂၀၁၈

အိမ်မက်ဆိုး



အခန်း(၁)

စုငယ်တစ်ယောက် ဧည့်ခန်းဆိုဖာပေါ်ထိုင်ကာ သိုးမွေးထိုးနေရင်း နံရံပေါ်မှ နာရီကို မော့ကြည့်လိုက်သည်။ ဖေဖေနဲ့ ကိုကိုတောင် ပြန်လာချိန်တောင် နီးပြီပဲ၊ ဒါလေး မြန်မြန်လက်စသတ်မှ အတွေးနှင့် ထိုးလက်စ ကလေးခြေအိတ်ကလေးကို ကိုင်ကြည့်ရင်း တစ်ဦးတည်း ပြုံးနေမိပြန်သည်။ မပေါ့တပေါ် ဗိုက်ကလေးကို လက်ဖြင့် ဖွဖွ သပ်ရင်း ကိုကိုရေ ကိုကို့အပေါ် အနိုင်ယူဆိုးနွဲ့မယ့် စုငယ်နောက်တစ်ယောက်လာတော့မယ် ကိုကိုတော့ သနားပါတယ်ဟု တိုးတိုးလေးပြောရင်း ကလေးတစ်ယောက်လို ရယ်မိပြန်သည်။ ခြေအိတ်ကလေးနှင့် ချည်လုံးများကို ဗီရိုအံဆွဲထဲထည့်အပြီးတော့ စုငယ်အပေါ်ထပ်သို့တက်ကာ ကိုကို့ကိုကြိုဖို့ ပြင်ဆင်ရတော့သည်။

ရေချိုးပြီးသောအခါ ကိုကို့အကြိုက် သနပ်ခါးလိမ်းရင်း ပါးကွက်ကလေးပါ ကွက်လိုက်သည်။  ဒေါ်ဒေါ်မြဧ။် "စုငယ်ရေ မောင်မြတ်ကို ပြန်လာပြီ " ဟု အောက်ထပ်မှ အသံကြားသောအခါ ကသောကမျောလေး ဆင်းလာမိသည်။ ဒီနေ့ ကိုကို့ကားသံတောင် မကြားမိသလိုပဲ။ အပြေးတစ်ပိုင်းဆင်းလာရင်းမှ စူပုံ့ပုံ့ဗိုက်ကလေးကို သတိထားမိသောကြောင့် ကိုကိုမမြင်ခင် ခပ်သာသာ ဆင်းလာလိုက်သည်။ လှေကားမှ ဆင်းလာရင်း စိတ်ထဲ တစ်ခုခုပဲဟု တွေးလက်စမဆုံးခင်မှာပဲ စုငယ်အောက်ပိုင်းမှ ဆင်းလာသောသွေးများသည် လှေကားထစ်များကို ပေကျံသွားစေတော့သည်။ စိုးရိမ်ထိတ်လန့်မှုများ ငယ်ထိပ်သို့ တက်လာရင်း ဖြည်းဖြည်းထိန်းကာ ဆင်းလာရာ လှေကားရင်းဆီသို့အရောက် "ကိုကိုရေ"  ဟု စုငယ်ရဲ့ ခေါ်သံနှင့်အတူ စုငယ်တစ်ယောက်ပုံလျက်သားလဲကျသွားတော့သည်။

အခန်း(၂)

" စိတ်မကောင်းမဖြစ်နဲ့နော် စုငယ်။ အခု ကျန်းမာအောင်နေ။ စုငယ်ကျန်းမာလာမှ ကိုကိုတို့ နောက်ထပ် စုငယ်အသေးလေး ထပ်ယူကြတာပေါ့။ ခုတော့ စုငယ်ပဲ ကလေးလုပ်ဦးပေါ့ ဟုတ်လား။"  မြတ်ကိုက စုငယ်ကို ကြက်စွပ်ပြုတ်ခွံ့ရင်း ပြုံးကာ ပြောလိုက်သည်။

စုငယ်ကတော့ ငူငူငိုင်ငိုင် အတွေးစတွေနှင့်။ စုငယ်ကျန်းမာရေးက သိပ်ကောင်းသူမဟုတ်။ ငယ်ငယ်ကတည်းက ချူချာသည် မဟုတ်လား။ ယခု ကိုယ်ဝန်ကိုတောင် မည်သို့ ခက်ခက်ခဲခဲ ယူခဲ့ရသည်ကို စုငယ်ရော မြတ်ကို ပါ အသိဆုံးဖြစ်သည်။ ကလေး သိပ်ချစ်တတ်သည့် ကိုကို့အတွက် ကလေးတစ်ယောက်လောက်တော့  စုငယ် မွေးပေးချင်သည်။ ယခုလို လနုနုဖြင့် ပျက်စီးသွားမှာကို ယောင်လို့ဖြင့် မစဉ်းစားခဲ့။ ဖေဖေရော ကိုကိုပါ အတတ်နိုင်ဆုံး စုငယ်ကို သက်သောင့်သက်သာ အနေအထားနှင့် နေစေပြီး ကိုယ်ဝန်ကိုသာ စောင့်ရှောက်စေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ခေါက် ထပ်ယူဖို့သည် စုငယ်အတွက် ဧရာမ တောင်ကြီးတစ်လုံးကို တက်ရသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ စုငယ်ရင်ထဲ လေးနေမိသည်။

အခန်း(၃)

"အား... ကိုကို.. ကိုကို.. " အော်သံနှင့်အတူ အိပ်ရာမှ ထထိုင်လိုက်သော စုငယ်ကြောင့် မြတ်ကို နိုးလာသည်။ "စုငယ် ဘာဖြစ်လို့လဲ ကိုကို့ကို ပြော ကိုကိုရှိတယ်နော"်.. ပြောပြောဆိုဆို အိပ်ရာဘေးရှိ ရေချိုင့်မှာ ရေတစ်ခွက် တိုက်လိုက်သည်။ စုငယ်သည် ရေကို အငမ်းမရသောက်လိုက်ပြီး "အိပ်မက် မက်တယ် ကိုကို .. အိပ်မက်ထဲမှာလေ ကိုကိုက မိန်းမနဲ့ကလေး ရှိတယ်။ " စုငယ်စကားအဆုံး မြတ်ကိုဧ။် ခန္ဓာကိုယ် ဆတ်ကနဲ တစ်ချက် ဖြစ်သွားသည်။  စုငယ်ကတော့ သတိမထားမိ။ ဆက်ပြောသည်။

 "အိပ်မက်ထဲမှာ ကိုကိုက ငယ်ငယ်လေး။ အခု စုငယ်အရွယ်ပေါ့။ ကိုကို့မိန်းမဆိုတာလည်း အဲဒိ အရွယ်ပဲ။ ကလေးလေးကို အနှီးနဲ့ ပတ်ထားတယ်။ ကိုကိုရော အဲဒိမိန်းမရော အဲဒိကလေးလေးကို ရှေ့ချပြီး ငိုနေကြတယ်။ စုငယ်က အနောက်ကနေ ကြည့်နေတာ။ ဗြုန်းဆို အဲဒိမိန်းမက စုငယ်ဘက်ကို လှည့်ကြည့်လိုက်တာ ဒေါသထွက်ပြီး စုငယ်ကို သတ်တော့မယ့် မျက်နှာနဲ့ ကိုကို.. စုငယ်ကြောက်လိုက်တာ။"   " အိမ်မက်ပါစုငယ်ရယ်၊ ကိုကိုက စုငယ်အနားမှာလေ။ စုငယ်ကိုယ်ဝန်ပျက်ကျသွားတာကို စိတ်စွဲပြီး ကလေးတွေဘာတွေ မက်တာနဲ့ တူပါတယ်။ မကြောက်နဲ့နော်"   တုန်ယင်နေတဲ့ စုငယ်ကိုယ်လုံးလေးကို ထွေးပိုက်ကာ နှစ်သိမ့်နေတဲ့ မြတ်ကို ကိုယ်တိုင်လည်း စုငယ်နဲ့အတူ ရောယောင် တုန်ယင်နေတာ မြတ်ကိုသာ အသိဆုံးပါ။ ဒါ အိပ်မက်ဆိုးတွေပါ စုငယ်ရယ်။

အခန်း(၄)

ဦးတင်ထွေး စုငယ်တို့လင်မယား အခန်းရှေ့က အဖြတ် ငိုသံနှင့်အတူ ဆူဆူညံညံအသံတွေပါ ကြားလိုက်ရသည်။ အခန်းတံခါးကို ခေါက်အံ့ဆဲဆဲလက်ကို ရုတ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။ ကြားသုံးကြား မ၀င်နဲ့ဟု ဆိုထားသည်မဟုတ်လား။ သားမက်ဖြစ်သူ မြတ်ကို တစ်ယောက် ခုတစ်လော အလုပ်ထဲမှာ စိတ်မပါသလိုဖြစ်နေတာ။ တစ်ယောက်တည်း နေလျှင် ငူငူငေါင်ငေါင်ဖြစ်နေတာ။ မျက်နှာ မသာမယာဖြစ်နေတာ တွေကို ခုမှ သတိရလာသည်။ သမီးစုငယ် ကိုယ်ဝန်ပျက်ကျတုန်းကပင် စုငယ်အားငယ်မည်စိုးရိမ်သဖြင့် ယောက်ျားသားနှစ်ယောက် ၀မ်းနည်းနေသည်ကို ထိန်းချုပ်ကာ စုငယ်ပျော်ရွှင် ကျမ်းမာစေဖို့အရေး ဦးစားပေးခဲ့ကြသည်။

အလုပ်ကိုလည်း ကြိုးစား၊ သမီးကိုလည်း စိတ်ချမ်းသာအောင် ထားသော သားမက်ကို သားအရင်းကဲ့သို့ချစ်ခင် ယုံကြည်ပြီးသားဖြစ်သည်။ ယခုလို စုငယ်ငိုမည့်အရေး မြတ်ကို ဘယ်တော့မှ မလုပ်ဟုလည်း ယုံကြည်သည်။ သမီးစုငယ် ဘာများဖြစ်လို့ပါလိမ့်။ မမြကို မေးဦးမှ။

အခန်း(၅)

ဖေဖေနဲ့ ကိုကို အလုပ်သွားကြပြီးဆိုသည်နှင့် စုငယ် အိပ်ရာထဲတွင် ၀င်ခွေကာ မျက်ရည်များကျလာပြန်သည်။ ဖေဖေ့ရှေ့တွင် ဘာမှ မဖြစ်သယောင် ဟန်ဆောင်ရသည်မှာ ပင်ပန်းလှပြီ။ ကိုကိုမည်သို့ပင် ငြင်းစေကာမူ စုငယ်ရင်ထဲ မှာ သေချာပေါက်သိနေသည်။ ကိုကို့မှာ စုငယ်အပြင် တခြား မိန်းမတစ်ယောက်ရှိသည်။ ကလေးလည်းရှိသည်။ စုငယ်အခြေအနေက ကလေးတစ်ယောက်ရဖို့ ခဲယဉ်းလှသောကြောင့် ထိုကဲ့သို့ ကိုကိုဖြစ်ခဲ့သည်ဆိုသည်ကိုပင် စုငယ် ခွင့်လွှတ်နိုင်သည်။
စုငယ်ဖြစ်စေချင်သည်က ကိုကိုဝန်ခံပြီး ဇာတ်လမ်းကို ရှင်းစေချင်သည်။ ထို မိန်းမကို ပြတ်ပြတ်သားသား လုပ်စေချင်သည်။ ကလေးကို စုငယ်မွေးစားမည်။ ကိုကိုကလေးကို စုငယ်ကလေးကဲ့သို့ စုငယ်ချစ်နိုင်သည်။ အဓိက က အချစ်ကို ခွဲဝေမပေးချင်သော ပြသနာ။ တစ်သက်လုံး စုငယ်မျက်နှာကို အရိပ်တကြည့်ကြည့်နှင့် အလိုလိုက် ချစ်ခဲ့သော ကိုကို့အချစ်တွေကိုတော့ စုငယ် တခြား မိန်းမတစ်ယောက်နှင့် ဝေမျှမယူချင်။ ဒီကိစ္စ စုငယ်ပြောတိုင်း ကိုကိုက ပြင်းပြင်းထန်ထန်ငြင်းသည်။

ကိုကို ဖေဖေနဲ့ တစ်ရုံးတည်း လုပ်နေတာပါ စုငယ်ရယ် ရုံးသွားလည်း ဖေဖေနဲ့၊ ရုံးပြန်လည်း ဖေဖေနဲ့ အတူတူပြန်လာတာ စုငယ်သိရဲ့သားနဲ့ ကိုကို မရိုးမသားဖြစ်ရင် ဖေဖေအရင်သိမှာပေါ့ အလုပ်မသွားတဲ့ အချိန်တိုင်းလည်း စုငယ်နဲ့အတူတူ အမြဲ ရှိနေတာ မဟုတ်လား ဟု ကိုကို ပြောတိုင်း စုငယ် မည်သို့ ပြန်လည် ချေပရမည် မသိ။ ဟုတ်သည် ကိုကိုသည် ထိုကဲ့သို့လုပ်မည့် လူစားမဟုတ်။ ဒါကို စုငယ်လက်ခံပါသည်။ သို့သော် စုငယ်သံသယကို သေချာစေသည်က ထိုအိပ်မက်ကို ခဏခဏမက်တတ်ပြီး အိပ်မက်ထဲမှ အမျိုးသမီးဧ။် မျက်နှာကိုပင် မှတ်မိလာခြင်းနှင့် ထိုအိပ်မက်အကြောင်းပြောတိုင်း ကိုကို့မျက်နှာ ပျက်ပျက်သွားတတ်ကြောင်းကို စုငယ် ကောင်းကောင်း အကဲခတ်တ်နေခြင်းပင်ဖြစ်သည်။

စုငယ် ငိုရလွန်းလို့ ခေါင်းတွေ ကိုက်လှပါပြီ။

အခန်း(၆)

"သား မြတ်ကို၊ အဖေတို့ ဒီနေ့ စောစောပြန်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင် ထိုင်ရအောင်ကွာ။ သားနဲ့လည်း စကား အေးအေးဆေးဆေး မပြောရတာ ကြာပြီ။"  ဦးတင်ထွေးက အပြော မြတ်ကို တစ်စုံတစ်ခုကို နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"သားနဲ့ စုငယ် တစ်ခုခုဖြစ်နေတာတော့ ဖေဖေရိပ်မိတယ်သား။ မမြကို မေးတော့လည်း သားတို့ ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့ ပြသနာ တစ်ခုခုရှိပုံရတယ် ပြောတယ်။ ဖေဖေ့ကို ပြောနိုင်ရင် ပြောပါလားသား။" ကော်ဖီနှစ်ခွက်မှာအပြီး ဦးတင်ထွေးက အချိန်မဆိုင်း ပြောလာသည်။ "ဟုတ်ကဲ့ ဖေဖေ။ သားလည်း ဖေဖေ့ကို ပြောသင့်တယ်လို့ တွေးနေတာ ကြာပါပြီ။ ဒါပေမယ့် ဖေဖေ ဘုရားခန်းမှာ တရားထိုင်နေတာမြင်တိုင်း သားတို့ အပူတွေကို ဖေဖေ့ကို ကူးစက်စေရမှာ အားနာလာလို့ပါ ဖေဖေ။ အခုလို ဖေဖေ မေးလာတော့လည်း စုငယ်ရဲ့ အိမ်မက် အကြောင်း ပြောရတော့မှာပေါ့။"  မြတ်ကိုရဲ့  အကျဉ်းချုံးရှင်းပြလိုက်သော ပြသနာအရင်းခံအကြောင်း ဦးတင်ထွေးကြားလိုက်သောအခါ မြတ်ကိုကဲ့သို့ပင် ဆတ်ကနဲ တုန်သွားတော့သည်။ မျက်နှာတွင်လည်း သွေးမရှိသကဲ့သို့ ဖြူဖျော့လာတော့သည်။

အတန်ငယ်ကြာမှ စိတ်ကို ထိန်းလိုက်ကာ " ဒီကိစ္စ ဘယ်လိုဖြစ်တယ် ထင်သလဲ မောင်မြတ်ကို၊ သမီးလေးနေပြန်ကောင်းလာတဲ့သဘောလား။"     " သားလည်း မစဉ်းစားတတ်အောင်ဘဲ ဖေဖေ၊ စုငယ် လုံးလုံး နေပြန်ကောင်းလာတယ်ဆိုရင် အကုန်မှတ်မိရမှာပေါ့။ အခုတော့ ဒီတစ်နေရာကိုပဲ အိမ်မက်အဖြစ် ပြန်သတိရလာပြီး သူ တော်တော်စိတ်ဆင်းရဲနေတယ် ဖေဖေ။ သား ဘယ်လိုပဲ ဖျောင်းဖျ ဖျောင်းဖျ သားကို မယုံတော့ဘူး။"   မြတ်ကို ပြောရင်း ခေါင်းငိုက်စိုက်ကျသွားသည်။  " ကဲပါသားရယ် ဖေဖေတို့ အကောင်းဆုံးဆိုတဲ့အရာတစ်ခု စဉ်းစားပြီး လုပ်ကြတာပေါ့။ ဒေါက်တာ ဦးသူရနဲ့လည်း တိုင်ပင်ကြတာပေါ့ကွာ။ ကဲကဲ ပြန်ရအောင်သား။ စုငယ်မျှော်နေတော့မယ်။"

အခန်း(၇)

ဒီနေ့ ပိတ်ရက်မဟုတ်ပါဘဲ ဖေဖေရော ကိုကိုပါ ရုံးမသွားကြ။ ကော်ဖီဝိုင်းမှာ မနက်စာစားရင်း ဖေဖေက စကားစသည်။ " ဒီနေ့ ဖေဖေ ကိုသူရနဲ့ ချိန်းထားတယ် သမီး။ သူရောက်လာရင် မောင်မြတ်ကိုရော သမီးရော ဖေဖေ့စာကြည့်ခန်းကို လာခဲ့ကြနော်။"

ဦးဦး သူရက စုငယ်တို့ မိသားစု ဆရာဝန်လို့လည်း ပြောနိုင်၊ ဖေဖေ့အခင်ဆုံး သူငယ်ချင်းလို့လည်း ပြောနိုင်သူပါ။ တစ်လတစ်ခါလောက် အလည်သဘောဖြစ်ဖြစ်၊ အိမ်သားတစ်ယောက်ယောက်နေမကောင်းဖြစ်ရင် ဖြစ်ဖြစ်လာနေကြဆိုပေမယ့် ခုလို မိသားစု စုံစုံလင်လင်စကားထိုင်ပြောစရာ အကြောင်း မရှိခဲ့ဘူးပါ။ ကိုကို့မျက်နှာကို အကူအညီတောင်းသလို ကြည့်လိုက်တော့ ကိုကိုက ဘာမှ မထူးဆန်းသလို အေးအေးဆေးဆေးနှင့် ကော်ဖီသောက်နေသည်။ ဖေဖေ့မျက်နှာလည်း အေးအေးဆေးဆေးဆိုတော့ စုငယ်စိုးရိမ်စရာ ကိစ္စတော့ ဟုတ်ပုံမရဘူးဟုတွေးကာ " ဟုတ်ကဲ့ဖေဖေ "  ဟုသာ စကားပြန်လိုက်သည်။

အခန်း(၈)

စုငယ် ၈ တန်း စာမေးပွဲ ဖြေအပြီး၊ ဖေဖေရယ် မေမေရယ် စုငယ်ရယ် ဒရိုင်ဘာကြီး ဦးမျိုးရယ် မေမေ့ဆွေမျိုးများရှိရာ မြေလတ်ဒေသ သို့ ခရီးထွက်ခဲ့ကြသည်။  အချိန်က နေ၀င်ရီတရော။ နေရာက မြေလတ်မြို့လေးဆီသို့ ခွဲထွက်သွားသော မြေလမ်းလေးပေါ်မှာ။ စုငယ်က ကားနောက်ခန်းက မေမေ့ဘေးမှာထိုင်ရင်း အပြင်ကို ငေးကြည့်နေခဲ့သည်။ ကလေးဘ၀ကတည်းက မြတ်မြတ်နိုးနိုး ဆော့ကစားခဲ့သည့် အ၀တ်ရုပ်ကလေး လီလီ့ကို ပွေ့ထားရင်း မေမေပြောပြသည့် မေမေ့ဆွေမျိုးများ အကြောင်းကို နားထောင်နေခဲ့သည်။  ဖေဖေ အလုပ်ပြောင်းတိုင်း ယောင်နောက်ဆံထုံးပါ လိုက်ခဲ့ရသည့် မေမေသည် ယခုလို သမီးဖြစ်သူ ဒီအရွယ်ရောက်မှ ပြန်တွေ့ရမည့် ဆွေမျိုးများအကြောင်းပြောရင်း ရွှင်လန်း တက်ကြွနေခဲ့သည်။

ထိုအခိုက်မှာပင် အရှိန်ပြင်းပြင်းနှင့်လာနေသော ကားတစ်စီးက စုငယ်တို့ကားဆီသို့ တစ်ရှိန်ထိုးဝင်လာသောအခါ ဦးမျိုး စတီယာရင်ကို အတင်းကွေ့ရှောင်လိုက်တော့သည်။ လျှပ်တစ်ပြက် အချိန်အတွင်း စုငယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ မေမေကာကွယ်ပေးခဲ့သည်။  မေမေ့ရဲ့ သွေးအလူးလူးနှင့် မြင်မကောင်းလှစွာသော မျက်နှာကို စုငယ် သတိရတစ်ဝက် မရတစ်ဝက်ဖြင့် မြင်လိုက်ရသောအခါ တအား ကြုံးအော်ရင်း သတိမေ့သွားခဲ့သည်။ မေမေနဲ့ ဒရိုင်ဘာ ဦးမျိုး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ ဖေဖေက ဒဏ်ရာတော်တော်များများနှင့် ခေတ္တသတိမေ့နေခဲ့သည်။ တစ်ဖက်ကားမှ စုံတွဲမှာလည်း နေရာတွင်ပင် သေဆုံးခဲ့သည်။

ထိုသို့အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်သူက အနီးရှိ တောင်ယာတွင် အိမ်လေးဆောက်ကာ နေထိုင်သော မောင်မြတ်ကို။  ကားနှစ်စီးနှင့် အနိဋ္ဌာရုံ မြင်ကွင်းများကြောင့် စစချင်း သူ ဘာလုပ်ရမည်မသိ။ အိမ်ထဲတွင်လည်း မီးထွက်ခါစ ချစ်ဇနီး ရှိနေသည် မဟုတ်ပါလား။ ကျယ်လောင်သော အသံများကြောင့် ၇ ရက် မျှသာရှိသေးသော သားကလေးဘေးတွင် အိပ်နေသော မအေးအေးဝင်း အခန်းထဲမှ ထွက်လာသည်။ မြတ်ကို က ချစ်ဇနီးကို အကျိုးအကြောင်း အကျဉ်းပြောရင်း မီးနေသည် ဇနီးကို အခန်းထဲ ပြန်ဝင်စေပြီး သူသွားကြည့်ရန် စီစဉ်သည်။ သို့သော် အေးအေးဝင်းက သူပါလိုက်မည်ဟုဆိုကာ ခပ်လှမ်းလှမ်းကားလမ်းဆီသို့ နှစ်ဦးသား ထွက်ခဲ့ကြသည်။

မြင်ကွင်းကတော့ မကြည့်ရက်စရာ။ လူသွားလူလာပြတ်သော လမ်းကလေးမို့ အကူအညီတောင်းစရာ ကားလည်းမတွေ့။ စုငယ်ကို ကြည့်တော့ သတိလစ်နေကြောင်းတွေ့ရသဖြင့် မြတ်ကို ပွေ့ကာ အိမ်လေးဆီသို့ ခေါ်လာသည်။ အေးအေးဝင်းက ရွာဘက်သွားကာ လူသွားခေါ်နေစဉ် မြတ်ကိုက ကားဆီပြန်လာကာ သွေးအလိမ်းလိမ်းနှင့် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော ဦးတင်ထွေးကို ခက်ခက်ခဲခဲ ဆွဲထုတ်ရသည်။ ထိုအချိန်တွင် အိမ်ဘက်ဆီမှ ကလေးငိုသံသဲ့သဲ့ကြားလိုက်ရသည်။

ရွာမှလူများရောက်လာချိန်၊ ဦးတင်ထွေးကို ကားအပြင်ဆီသို့ ထုတ်အပြီးချိန် ရွာမှ လူတစ်ချို့နှင့်အတူ မြတ်ကိုတို့ အိမ်လေးထဲအရောက် တွေ့လိုက်ရသည်ကတော့ မွေးကင်းစကလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားသော စုငယ်သည် မျက်လုံးအပြူးသားနှင့် သူတို့အားလုံးကို ကြည့်နေလေသည်။ စုငယ်လက်ထဲမှ ကလေးကို လူကြီး ၃ ယောက်ခန့်မနည်း ဆွဲထုတ်ရသည်။ စုငယ်က မပေး။ "လီလီ" ဟု ထပ်ခါတစ်လဲလဲ ရွတ်ရင်း ငိုလေတော့သည်။ စုငယ်အတင်းပွေ့ဖက်ထားသောကြောင့် အသက်ရှူလမ်းကြောင်းပိတ်ကာ မွေးကင်းစကလေးငယ် သည် အသက်မရှိတော့။ အေးအေးဝင်းသည် အသက်ကင်းမဲ့နေသာ သူမကလေးကို ကြည့်ရင်း အသားများ တဆတ်ဆတ်တုန်လာကာ လူကြီးများအကြားတွင် ငိုနေသေးသော စုငယ်ကို စားမတတ်ဝါးမတတ်လှည့်ကြည်လေသည်။ ထို့နောက်တွင် စုငယ်ဆီသို့ ပြေးလာရင်း ခွေကနဲ လဲကျသွားတော့သည်။

စုငယ်သည်ဆေးရုံပေါ်တွင်  ၂ ရက်ခန့် သတိလစ်နေခဲ့သည်။ ရန်ကုန်မှ သူငယ်ချင်း ဆရာဝန် ကိုသူရရောက်လာချိန်တွင်တော့ တစ်ချိန်လုံး ကယောင်ကတမ်းပြောလိုက် သတိလစ်သွားလိုက်နှင့် အဖျားကြီးနေသာ စုငယ်၊ ဇနီးသည်နှင့် ကလေးကို သဂြိုဟ်ရန်စီစဉ်နေသော မြတ်ကို၊ ဇနီးသည်အလောင်းရှေ့တွေ မျက်ရည်တွေ ကျနေသော ဦးတင်ထွေးတို့ကို စိတ်မချမ်းသာစရာ တွေ့လိုက်ရသည်။

စုငယ်သတိရလာချိန်တွင်တော့ ကားထဲတွင် သွေးသံရဲရဲဖြင့် တွေ့လိုက်ရသော မေမေ့ကိုသာ နောက်ဆုံး မှတ်မိကာ ထို့နောက်ပိုင်းအဖြစ်အပျက်များကိုတော့ လုံးဝ မမှတ်မိတော့ပေ။ ထိုမှစကာ စုငယ်ဧ။် ကျန်းမာရေးသည်လည်း တရှောင်ရှောင်ဖြစ်နေလေတော့သည်။ ဦးတင်ထွေးရန်ကုန်ပြန်ချိန်တွင်တော့ မိသားစုကင်းမဲ့နေသော မြတ်ကိုကို မွေးစားသားအဖြစ်ဖြင့် ခေါ်လာခဲ့သည်။ စုငယ်သည် မြတ်ကိုကို ထိုရွာမှ လူငယ်တစ်ဦးဟုသာ မှတ်မိကာ သူမဧ။်အကိုရင်းပမာ တွယ်တာ ချစ်ခင်လာခဲ့သည်။ အပြစ်ကင်းမဲ့စွား မိမိအား တွယ်တာနေသော ကျန်းမာရေး မကောင်းသော စုငယ်ကို မြတ်ကိုသည် မိမိ မိသားစုအား ရက်စက်သော ကံကြမ္မာကို ဖြစ်စေသည်ဟုပင် မစွပ်စွဲရက်တော့ပဲ ခွင့်လွှတ်ကာ အမှုကို ကျေအေးခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ စုငယ်နဲ့ မြတ်ကိုတို့ အနေနီးရင်း အိမ်ထောင်ကျခဲ့ကြသည်။

အခန်း(၉)

"စုငယ် သမီး မေမေဆုံးတာ မှတ်မိလား"ဟု စကားစရင်း အဖြစ်အပျက် အလုံးစုံကို ပြောပြသော ဦးသူရဧ။်စကားအဆုံးတွင် စုငယ် ကိုကို့မျက်နှာကိုပင် မကြည့်ရဲလောက်အောင် ဖြစ်သွားတော့သည်။

သူမကို ကိုကို ခွင့်လွှတ်နိုင်ခဲ့သည်လား။ ခွင့်လွှတ်နိုင်ခဲ့သည်က သူမ မှတ်မိသမျှ ကာလတစ်လျှောက်လုံး ကိုကို့ရဲ့ ဂရုစိုက်မှုတွေ ချစ်ခင်ကြင်နာမှုတွေက သက်သေပါ။ ရုပ်လုံးပင် မပေါ်သေးသော ကျေပျက်သွားသော ရင်သွေးအတွက် စုငယ် အခုအချိန်ထိ တဆွေးမြေ့မြေ့ ခံစားရသည်ဆိုလျှင် ရင်သွေးရော ဇနီးပါ အဖြစ်ဆိုးနှင့် ကြုံခဲ့ရသော ကိုကိုဘယ်လောက်တောင် ခံစားခဲ့ရပါလိမ့်။ သူမ တုန်တုန်လှုပ်လှုပ်ဖြင့် စဉ်းစားရင်း မျက်ရည်များ ကျလာသောအခါ ကိုကိုသည် ထိုင်နေရာက ထကာ စုငယ်ခေါင်းလေးကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်းပြောသည်။ " ဒီအကြောင်းတွေ ကိုကိုတို့ ပြန်မပြောချင်ပါဘူး စုငယ်ရယ်။ ကိုကို့ကို သံသယတွေနဲ့ စုငယ်ပင်ပန်းနေတာ သိလို့ ဦးနဲ့ တိုင်ပင်ပြီး အခုလို အသိပေးရတာပါ။ ကိုကို စုငယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ စုငယ်သိတယ်မလား။ ဒီအိပ်မက်ဆိုးကြီးကို ကိုကို မေ့ထားခဲ့တာ ကြာပါပြီ။ စုငယ်လည်း အိမ်မက်ဆိုးကြီးထဲကနေ ထွက်လိုက်တော့နော်။ ကိုကိုနဲ့ စုငယ်တို့ မိသားစုဘ၀လေး ဖြည်းဖြည်းချင်း တည်ဆောက်သွားကြတာပေါ့..နော်..။"  

ဖေဖေနှင့် ဦးဦးသူရတို့ အလိုက်တသိနှင့် အခန်းထဲမှ ထွက်သွားကြချိန်တွင်တော့ စုငယ် ကိုကို့ရင်ခွင်ထဲဝင်ကာ နောက်ဆုံးအနေနှင့် ငိုချလိုက်ပါတော့သည်။

ဒီမျက်ရည်တွေဟာ ကိုကို့အတွက် ၀မ်းနဲခြင်း၊ ဖေဖေ့အတွက် ၀မ်းနဲခြင်း၊ စုငယ်သံသယတို့အတွက် ၀မ်းသာခြင်းတို့ အတွက်ပါကိုကို။ နောက်ပိုင်းကိုကို့ကို ဒီထက် ပိုဂရုစိုက်ပြီး စုငယ်ချစ်သွား လေးစားသွားမှာပါကိုကိုရယ်။ ဒီစကားများကတော့ စုငယ်ရင်ထဲမှ စကားများသာ ဖြစ်ပါတော့သည်။

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...