ကျိုက်ထီးရိုး ဘုရားဖူး


နိုဝင်ဘာ ၇ ရက်၊ ၂၀၁၆။
တနင်္လာနေ့။

ရန်ကုန် မန္တလေး အမြန်လမ်း - ရန်ကုန် မော်လမြိုင်လမ်း - ကျိုက်ထီးရိုး ဘုရားလမ်း

ဒီတစ်ခေါက်မြန်မာပြည် အပြန်မှာတော့ မရောက်တာ ကြာတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ပေါင်းလောင်းတောင်ကြောပေါ်မှာ ရှိပါတယ်။ ကားမောင်းချိန် ၄ နာရီခန့်သာ ကြာလို့ ရန်ကုန်ကနေ နေ့ချင်းပြန်ခရီးအနေနဲ့တောင် သွားကြပါတယ်။

ကိုယ်တို့ကတော့ ရန်ကုန်ကနေ မနက် ၄ နာရီမှာ စထွက်ပါတယ်။ မြောက်ဥက္ကလာမှတဆင့် ရန်ကုန် မန္တလေး အမြန်လမ်းပေါ်တက်ခဲ့ပြီး ၃၉ မိုင်လမ်းခွဲကနေ ဘုရားကြီးဘက်ကို ခွဲတဲ့လမ်းက သွားခဲ့ပါတယ်။ ၃၉ မိုင်လမ်းခွဲမှာ စားသောက်ဆိုင်တွေ အများကြီးရှိပေမယ့် အနည်းငယ်စောနေသေးတာကြောင့် ဆက်မောင်းခဲ့ပြီး မနက်စာကို ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းပေါ်က ကျိုက်ထို feel မှာ ခဏနားရင်း ၀င်စားခဲ့ပါတယ်။ အဲဒိအချိန် မနက် ၇ နာရီခန့်ရှိပါပြီ။


ထိုမှတဆင့် ကျိုက်ထိုမြို့ထဲ ဖြတ်လာပြီး မြို့အထွက်နားလောက်မှာ ကျိုက်ထီးရိုးသို့ဆိုတဲ့ ဆိုင်းဘုတ်ပြတဲ့ ဗယ်ဘက်ကိုချိုးပြီး မော်လမြိုင်လမ်းပေါ်က ဆင်းလာခဲ့ပါတယ်။ ကားလမ်းဘးတစ်ဘက်တစ်ချက်မှာ စီစီရီရီ စိုက်ထားတဲ့ ရာဘာခင်းတွေရှိပါတယ်။


ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်း ရောက်ပြီ



ကင်ပွန်းတောင်ခြေစခန်းဝင်ဝင်ချင်း မှာပဲ တောင်ပေါ်တက်မယ့် မော်တော်ယာဉ်စခန်း ရှိပါတယ်။ အနီးအနားမှာလည်း ကားအပ်လို့ရတဲ့ နေရာ အများအပြားရှိပြီး တစ်ရက်ကို ကျပ် ၃၀၀၀ ပါ။ တောင်ပေါ်တက်မယ့်ကားဂိတ်က အမိုးနဲ့သပ်သပ်ရပ်ရပ် ရှိပါတယ်။ အင်မတန်ကောင်းတဲ့ စက်အင်ဂျင်တပ် မော်တော်ယာဉ်များကိုသာ အသုံးပြုထားပြီး ကားမောင်းကျွမ်းကျင်တဲ့သူတွေသာ ဒီတောင်တက်လမ်းကို မောင်းကြတာပါ။ မော်တော်ယာဉ်မောင်းသူတိုင်း အကျီင်္အဖြူ ၀တ်ဆင်ကြပြီး တစ်ချို့ဆို သနပ်ခါး ပါးကွက်နဲ့ နှစ်လိုဖွယ် သန့်သန့်ရှင်းရှင်း ရှိကြပါတယ်။ တောင်ပေါ်ကားဂိတ်စခန်းကို ၄၅ မိနစ်ခန့် မောင်းရပါတယ်။



ခြေလျင်တက်မယ့်လမ်းကြောင်းရှိသေးပေမယ့် တစ်ချို့ အသင်းအဖွဲ့၊ တောင်တက်အတွေ့အကြုံလိုချင်သူတွေ၊ နိုင်ငံခြားသားတွေက လွဲရင် မော်တော်ယာဉ်နဲ့ပဲ တက်ကြတာ များပါတယ်။နောက်နှစ် ဧပြီမှာတော့ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်လို့ရမယ်လို့ ဆိုပါတယ်။ လမ်းမှာ မိုးဖွဲဖွဲကျထားတဲ့ အရှိန်နဲ့ တောင်ခြေက အနည်းငယ် အေးအေး မှိုင်းမှိုင်းရှိနေပါတယ်။ မိုးကာ အပါးလေးတွေ လိုက်ရောင်းနေသူတွေက တောင်ပေါ်မှာ မိုးတွေရွာနေတယ်။ မိုးကာ လေးတွေ ၀ယ်သွားပါ။ အပေါ်မှာ ဈေးကြီးတယ်ဆိုပေမယ့် မ၀ယ်ဖြစ်ခဲ့ပါဘူး။ ဘုရားဖူးတွေ တော်တော်များများရှိပြီး အရမ်းအကျပ်ကြီးတော့လည်း မဟုတ်ပါဘူး။

တောင်ပေါ်တက်မယ့်ကားပေါ်ကိုတော့ အလုအယက်တက်ရပါတယ်။တန်းစီစနစ်မရှိဘဲ ဦးရာလူ ကြိုက်တဲ့နေရာထိုင်ဖြစ်ပါတယ်။ ကားပေါ်ရောက်မှ ပိုက်ဆံ ပေးရမှာ ဖြစ်ပြီး နောက်ခန်းက တစ်ယောက်ကို ၂၀၀၀ ကျပ်ပါ။ အရင်က ၂၅၀၀ ကျပ်ဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ လျှော့ချပေးထားတာဖြစ်ပါတယ်။ ခုံတန်းတစ်တန်းကို လူ ၇ ယောက်ထိုင်ရပြီး လူဦးရေ အတိအကျသာ တက်ခွင့်ပြုပါတယ်။ ကားခေါင်းခန်းကတော့ တစ်ယောက်ကို ကျပ် ၃၀၀၀ ဖြစ်ပြီး စုစုပေါင်း ခရီးသည် ၅ ဦး စီးနင်းခွင့်ပြုပါတယ်။ ဒရိုင်ဘာဘေးမှာ ၂ ယောက်ထိုင်ရပြီး ဒရိုင်ဘာနောက်မှာ ခုံတန်းရှည်တစ်တန်းထားထားပြီး လူ၃ ယောက်စီးနင်းစေတာပါ။အဲဒိ အနောက် ခုံတန်းရှည်ပေါ်မှာ ခြေထောက်တော့ ချထိုင်လို့မရပါဘူး။ တင်ပြင်ခွေထိုင်မှ အဆင်ပြေပါတယ်။ ခေါင်းခန်းစီးမယ်ဆိုရင်တော့ ကားဝင်းထဲက တစ်နေရာမှာ အရင် စာရင်းပေးရပါတယ်။ သူတို့က စာရင်းပေးထားတဲ့သူနာမည်ကို မိုက်ခရိုဖုန်းနဲ့ ခေါ်ပြီး ဘယ်ကားနံပါတ်ကို သွားပါလို့ပြောပါတယ်။ ခေါင်းခန်းစီးတဲ့သူကတော့ လုတက်စရာ မလိုပါဘူး။ ပိုက်ဆံကတော့ နောက်ခန်းလိုပဲ ကားပေါ်ရောက်မှ ကားနောက်လိုက်ကို ပေးရတာပါ။ ကားတစ်စီးတစ်စီးဟာ ခဏနဲ့ ပြည့်သွားတာပါ။

ကင်ပွန်းစခန်းက ထွက်ပြီးမကြာခင် စစ်ဆေးရေးဂိတ်ကို ရောက်ပါတယ်။ လူအရေအတွက်ကို ရှေ့ခန်းနောက်ခန်း အကုန်စစ်ပြီးမှ ဆက်ထွက်ခွင့်ပြုပါတယ်။ အဲဒိနောက်တော့ တောင်ပေါ်အတက်လမ်း ကတော့ တကယ့်ကို ရင်တဖိုဖိုနဲ့ တက်ရတာပါ။

တောင်ပေါ်စခန်း ရောက်ပြီ



တောင်ပေါ်စခန်းကားဂိတ်ရောက်တော့ ဘုရားရင်ပြင်တော်ပေါ်ကို အနည်းငယ်လမ်းလျှောက်ရပါသေးတယ်။ ၁၀ မိနစ် လောက်ကြာမလားပဲ။ ပစ္စည်းတွေ သယ်လို့မနိုင်ရင် အထမ်းသမားငှားလို့ရပါတယ်။ တစ်ခြင်းအပြည့်မှ ၃၀၀၀ ကျပ်ကနေ ၄၅၀၀ ကျပ်လောက်ပါပဲ။ ကိုယ်တွေက အထုပ်ကြီးကြီးမားမားမပါတော့ အထမ်းသမား မငှားဖြစ်ခဲ့ပါဘူး။ မငှားတော့ပါဘူး ပြောတာတောင်မှ အထမ်းသမားတစ်ယောက် လိုက်လာတာ ရင်ပြင်တော်အထိပါပဲ။



တောင်ပေါ်စခန်းကနေ ရင်ပြင်တော်ပေါ်တောက်လျှာက် လမ်းမှာ ဆိုင်ခန်းတွေ ရှိပါတယ်။ နေကာမျက်မှန်၊ ဦးထုပ်၊ ၀ါးသေနတ်၊ စားစရာဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ ရှိပါတယ်။ လမ်းအလယ်မှာ ဖြည်းဖြည်းလမ်းလျှောက်ရင်း ဆွမ်းခံနေတဲ့ ရသေ့ ရဟန်းတွေလည်း တွေ့ရပါတယ်။ ဟိုငေး ဒီငေးနဲ့ပဲ ရင်ပြင်တော် မုဒ်ဦးပေါက်ဝကို ရောက်လာတော့တာပေါ့။


ရင်ပြင်တော်ပေါ်မှာ ဟိုးအရင်တုန်းက ပျားပန်းခပ်မျှ တွေ့ရတဲ့ အလှူခံတွေ ဓာတ်ပုံဆရာတွေ မတွေ့ရတော့ဘဲ တော်တော်များများ တွေ့ရတာက ဖုန်းအားသွင်းပေးတဲ့ ဆိုင်တွေပါပဲ။ ကြိုးပေါင်းစုံ ရှုပ်ရှက်ခပ်နေတဲ့ ဆိုင်သေးသေးလေးတွေက ဘယ်အမျိုးအစား ဖုန်းကိုမဆို အားသွင်းပေးပြီး အားအပြည့်ကို ၅၀၀ ကျပ်ယူတယ်လို့ သိရပါတယ်။ ခေတ်ရဲ့ တောင်းဆိုမှုတွေကြောင့် ရှိလာရတဲ့ စီးပွားရေး လုပ်ငန်းတွေပေါ့လေ။


တည်းခိုမယ့်နေရာ ရှာကြစို့

ရင်ပြင်တော်ပေါ်မှာ မိုးမရွာပေမယ့် မိုးငွေ့ တိမ်ငွေ့တွေနဲ့ အုပ်ဆိုင်းပြီး ရှေ့ကိုတောင် ပီပီပြင်ပြင်မမြင်ရပါဘူး။ ကျောက်ပြားတွေ ရေငွေ့တွေနဲ့ စိုနေတာကြောင့် ချော်မလဲအောင် မနည်းထိန်းပြီး တည်းမယ့် တည်းခိုဆောင် ရှာရပါတယ်။ နောက်ဆုံးတော့ ဘုရားနဲ့ အနီးဆုံး ရင်ပြင်တော်ပေါ်က တိဿဆောင်မှာပဲ တည်းဖြစ်ပါတယ်။ တိဿဆောင်ဆိုပေမယ့် ကြူကြူဝင်းက ကန်ထရိုက်ယူထားပုံရပါတယ်။ တည်းခိုဆောင်အောက်ထဲ ဆင်းသွားတဲ့အခါ သူတို့နာမည်နဲ့ ဖြစ်သွားပါတယ်။ ဆက်ဆံရေး တော့ တော်တော်ကောင်းပါတယ်။ ရေချိုးခန်း အိမ်သာ တွဲလျက်အခန်း ပြည့်သွားလို့ ရိုးရိုးအခန်း နှစ်ယောက်အိပ်ကို တစ်ည ၂၀၀၀၀ ကျပ် ပေးရပါတယ်။ အခန်းထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံး မှန်တင်ခုံ တစ်ခု နဲ့ စားပွဲအသေးတစ်ခု ရှိပါတယ်။ အခန်းအနေအထားက မဆိုးပေမယ့် ခေါင်းအုံး၊ အိပ်ရာခင်းကတော့ တော်တော်ကို နွမ်းပါတယ်။ အနံ့အရမ်း ဆန်းဆန်းတင့်တဲ့ကိုယ်က ခေါင်းအုံးကအနံ့တစ်ခုရတယ်ဆိုပြီး ပါလာတဲ့ မျက်နှာသုတ်ပုဝါ ကို ခေါင်းအုံးပေါ်ခင်းအိပ်ပါတယ်။ သူငယ်ချင်းများက ရိုးရိုးလေး ဟိုတယ် ၃  ကို ညွှန်းကြပေမယ့် လူကြီးတွေပါလာတော့ ရင်ပြင်တော်နဲ့ အနီးဆုံး၊ ဘုရားဖူးဖို့ ပင်ပင်ပန်းပန်းမတက်ရတဲ့ နေရာကို ရွေးလိုက်တာပါ။ အပြင်က ရေချိုးခန်း အိမ်သာကတော့ ၅ ခန်းလောက်ရှိပြီး သန့်ပါတယ်။ ရေလည်း ပေါပေါများများပါပဲ။ ဒါပေမယ့် အိပ်ခန်းတွေက အသံမလုံတော့ ည၁၂ နာရီလောက်ထိ အိပ်မရပါဘူး။ အပြင်က စကားပြောသံတွေ အခန်းထဲကနေ အတိုင်းသား ကြားနေရတာပါ။  မနက်လည်း ၅ နာရီဆို စဆူညံနေပါပြီ။




ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီး ဖူးကြရအောင်

အိပ်မယ့်နေရာ အဆင်ပြေပြီဆိုတော့ ပစ္စည်းတွေထားပြီး ဘုရားဖူးကြတာပေါ့။ မနက် ၉  နာရီ နီးပါးဆိုပေမယ့် နေမင်းရဲ့ အရိပ်အရောင် တစွန်းတစ မမြင်ရဘဲ ဝေမှိုင်းနေတာ စေတီကို အနားရောက်မှ မြင်ရတဲ့ အထိပါပဲ။ တောင်အောက်ကို ကြည့်တော့လည်း ကောင်းကောင်းဘာမှ မမြင်ရဘဲ တောင်ခိုးတွေ ဝေနေတာပါ။ ဘုရားကို ရွှေသင်္ကန်းကပ်၊ အေးအေးဆေးဆေးဖူးပြီး ဈေးဆိုင်တန်းတွေဘက် ဆင်းခဲ့ပါတယ်။





ဈေးဆိုင်တန်းတွေဘက် ဆင်းဆင်းချင်း တွေ့ရမှာက ဆီထမင်းသည်များ ဖြစ်ပြီး အဲဒိနောက်မှာတော့ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ရန်ကုန် မုန့်ဟင်းခါးဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်တို့ကို သပ်သပ်ရပ်ရပ်တွေ့ရပါတယ်။ ဆီထမင်းသည်က ဆီထမင်း ပူပူလေးလို့ အော်မရောင်းဘဲ ကြွပ်ကြွပ်လေးလို့ ပြောရောင်းပါတယ်။ ဟုတ်တာပေါ့ ဒီလောက်အေးနေတဲ့ လေတွေတိုက်နေတဲ့ တောင်ပေါ်မှာ ဒီအတိုင်းဗန်းထဲထည့်ထားတဲ့ ဆီထမင်းက ဘယ်ပူနိုင်ပါတော့မလဲ။ အပြင်သားတွေက အနည်းငယ် မာနေပေမယ့် အထဲက တော်တော်အိပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်တွေ အများကြီးရှိပေမယ့် ငယ်ငယ်ကလို ကျိုက်ထီးရိုး သေနတ်တွေ၊ ဓားတွေ ရောင်းတဲ့ဆိုင် တော်တော် နည်းသွားပါပြီ။ တစ်ဆိုင်စ နှစ်ဆိုင်စ တွေ့ပေမယ့် ပစ္စည်းက ဟိုးအရင်ကလို တောင်ပုံရာပုံ မရှိပါဘူး..ကျိုက်ထီးရိုးဘုရားကြီးရဲ့ မဖြစ်မနေ လက်ဆောင် ၀ါးသေနတ်၊ ၀ါးဓားလေးတွေကို အခုထက်ထိ ၀ယ်နေကြတဲ့သူတွေကတော့ ဟိုး အထက်အညာကနေ ဘုရားလာဖူးကြတဲ့ အညာသူ အညာသား ဦးကြီး ဒေါ်ကြီးတွေပါပဲ။  သူတို့ဝယ်သွားတဲ့ သေနတ်တွေကို သူတို့ တူလေး မြေးလေးတွေ မက်မက်မောမော ဆော့ကြပါ့မလားလို့ တွေးပူမိပါသေးတယ်။





နိုဝင်ဘာအစဆိုတော့ ရာသီဥတုက အများကြီး မအေးသေးပါဘူး။ မိုးကလည်း ရွာချင်ချင်ဖြစ်နေတော့ မိုးရွာရင် အေးတဲ့ အအေးလောက်ပဲ စိမ့်စိမ့်လေး အေးတာပါ။ ဟိုးအရင်တုန်းက ကျိုက်ထီးရိုးလာရင် ရသေ့တောင်၊ ကျီးကန်းပါးစပ်၊ ကျောက်ထပ်ကြီး၊ ရေတံခွန်စသည်တွေကို သွားလေ့ရှိပေမယ့် အသက်အရွယ်အရ မသွားနိုင်တော့မှန်း ကိုယ့်ကိုယ်ကို သိတော့ ကျီးကန်းပါးစပ်လှိုဏ်ဂူလောက်ပဲ သွားဖို့ စီစဉ်ပါတယ်။

တကယ်လို့ ရေတံခွန်သွားချင်သူများအတွက် တောင်ပေါ်စခန်းမှာ ရေတံခွန်သွားတဲ့ ကားတွေရှိပါတယ်။ ကားနဲ့သွားရင် ရေတံခွန်ထိ တောက်လျှောက် ရောက်သွားပြီး တစ်ယောက်ကို ၄၀၀၀ ကျပ်လို့ အသိတစ်ယောက်က ပြောပါတယ်။

ကျီးကန်းပါးစပ်ဂူ သို့




တိဿဆောင်ဘေးနားက လမ်းကပဲ ကျီးကန်းပါးစပ်ဂူကို ဆင်းပါတယ်။ လှေကားတွေက မတ်ပြီး တစ်ချို့နေရာတွေမှာ လက်ရန်းကောင်းကောင်း မရှိတဲ့အတွက် အသက် အရွယ်ကြီးသူတွေအဖို့ တော်တော်ဂရုစိုက်ရပါမယ်။ ဂူသို့ဆင်းတဲ့ လမ်းတောက်လျှောက် ဘေးနှစ်ဘက်လုံးမှာ ဆိုင်တွေ ရှိတဲ့အတွက် ဖြည်းဖြည်းအေးအေးဆေးဆေး နားရင်း ဆင်းပါတယ်။ လမ်းမှာ စားသောက်ဆိုင် တစ်ချို့ရှိပြီး ကျားသား၊ ယုန်သား၊ ဂျီသား စသည်ဖြင့် သားကောင်ပေါင်းစုံ ရောင်းပါတယ်။ ကျပ်တင်ထားတဲ့ အကောင်မပျက် အသားတွေကို ဆိုင်ရှေ့မှာ ပြထားပြီး စားမယ်ဆိုမှ ကြော်ပေးတာပါ။ ဆိုင်တစ်ဆိုင်မှာ ရေနွေးသောက်ရင်း ယုန်သားကြော် စားခဲ့ပါတယ်။ အသားအရမ်းနူးညံ့ပြီး ချိုနေပေမယ့် မျက်စိထဲမှာ ယုန်အကောင်လိုက်လေးပဲမြင်ယောင်နေတော့ မြည်းရုံပဲ မြည်းခဲ့လိုက်ပါတယ်။ ဈေးက တစ်ပွဲကို ကျပ် ၆၀၀၀ ပါ။ အသားက တော်တော်များများ ပါပါတယ်။
ရေနွေးပူပူလေး မှုတ်သောက်ရင်း တစ်မျှော်တစ်ခေါ်မြင်နေရတဲ့ တောင်တန်းတွေကို ငေးရင်း ဗူးသီးကြော်စားခဲ့ပါတယ်။




ကျီးကန်းပါးစပ်ဂူရောက်တော့ ၀တ်စုံဆင်တူလေးတွေနဲ့လူငယ်တွေ အများကြီးတွေ့ရပါတယ်။ ကျောင်းတစ်ခုခုက စုပြီးခရီးထွက်လာပုံရပါတယ်။ ဂူရဲ့အပေါ် ကျောက်တုံးနှစ်ခုကြားက အပေါက်ထဲကို အကြွေစေ့တွေပစ်ရင်း ပျော်နေ ဆူညံနေကြတာ ဟိုးတုန်းက ကိုယ့်ကိုယ့်ကို ပြန်မြင်နေရသလိုပါပဲ။ အကြွေစေ့လဲလို့ရတဲ့ နေရာလည်း ဂူရှေ့မှာတင်ရှိပါတယ်။ ဂူဘုရားထဲကို ၀င်ဖူးဖို့ ဂူအ၀င်ပေါက်ကို ကြည့်ပြီး ကိုယ်တို့တွေ တွန့်သွားပါတယ်။ သူကတော့ မ၀င်တော့ဘူး.. သူမဆံ့ဘူး ပြောပေမယ့်.. ကျိုက်ထီးရိုးလာတိုင်း ဂူထဲဝင် ပြီး ဘုရားဖူးလေ့ရှိတဲ့ကိုယ်ကတော့ ၀င်ကြည့်ဦးမယ်ဆိုပြီး အပေါက်ဝ ကို တိုးခဲ့လိုက်ပါသေးတယ်။ ၀င်လို့မရတဲ့အဆုံး ရှက်ရှက်နဲ့ပဲ ပြန်လှည့်လာခဲ့ရပါတယ်။ ၀မ်းလျားမှောက်ဝင်မှပဲ ရတော့မယ့် အနေအထား ဖြစ်နေတော့ ကိုယ့်အခြေအနေ ကိုယ်မသိဘဲ ကြိုးစားမိခဲ့လေခြင်းလို့ ရှက်နောင်တ ဖြစ်ခဲ့ရတာပေါ့။ကဲ ကီလို ၆၀ ၀န်းကျင်တွေ ၀င်မရဘူးဆိုတဲ့အကြောင်း ဒီကနေသတိပေးလိုက်ပါတယ်နော်.. ဟီး။


ကျီးကန်းပါးစပ်ဂူသွားတဲ့ လမ်းမှာ စိတ်အချမ်းသာဆုံးကတာ့ ဟိုးအရင်ကလို အလှူခံတွေ မရှိတော့တာပါပဲ။ အတင်းကာရော အလှူခံနေကြတဲ့၊ မလှူချင်လို့ မျက်နှာလွှဲမိရင် ငရဲကို အခုပဲကျတော့မယ့်အတိုင်း ပြောနေတဲ့၊ မလှူဘဲနေလို့မရအောင် လမ်းပိတ်ထားတဲ့ အလှူခံတွေ လုံးဝ မရှိတော့တာပါ။



အပြန်ခရီးကိုတော့ နောက်တစ်လမ်းက ပြန်ပါတယ်။ အလာလမ်းထက် ပိုနီးပါတယ်။ နဲနဲတော့ ပိုမတ်ပါတယ်။ ထုံးစံအတိုင်း ဖြည်းဖြည်းချင်း နားလိုက် ပြန်တက်လိုက်လုပ်ပြီး နောက်ဆုံးကျ ရင်ပြင်တော်နား ပြန်ရောက်လာပါတယ်။ နေ့လည်စာစားပြီး တည်းခိုခန်းခဏပြန်နား၊ ရေချိုးပြီး ညနေဘက်ကျ ဘုရားသေချာဖူးဖြစ်ပါတယ်။ ရောက်ခါစထက် ဘုရားဖူးတွေ  ပိုများလာပြီး နေကလည်း ကောင်းကောင်းမထွက်ပါဘူး။ ဘုရားအနီးမှာ ထိုင်နေတုန်း ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး အနှိပ်ခံမလား ဆေးမြစ်စုံနဲ့ နှိပ်ပေးတယ်လို့ လာလာမေးကြပါတယ်။ အသက် ၈ နှစ် ၁၀ နှစ် အရွယ်လေးတွေပါ။ မညောင်းပါဘူးကလေးရယ် အနှိပ်မခံတော့ပါဘူးဆိုတော့ အနီးမှာ တခြားကလေးတွေနဲ့ ဆော့နေကြပါတယ်။ အနားကို လူအသစ်လာထိုင်ရင် လာမေးလိုက်..ပြန်ဆော့လိုက်နဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေပါ။


ရင်ပြင်တော်ပေါ်မှာလည်း အလှူခံ ဌာန တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ ဘယ်နေရာမှာမှ အလှူမခံပါဘူး။ အလှူခံလို့ရတဲ့ ပိုက်ဆံကိုလည်း နေ့စဉ်နေ့တိုင်း ဘယ်လောက်ရပြီလဲဆိုတာ သေသေချာချာ ပြထားပါတယ်။ ဘုရားရှေ့က အလှူခံပုံးတွကိုလည်း ဟိုးအရင်ကလို တခြားနေရာတွေအတွက် သုံးတာမျိုး မရှိတော့ဘဲ ဘုရားကြီးအတွက်ပဲ သုံးမယ့် အလှူခံပုံးတွေပဲ ထားတယ်လို့ သိရပါတယ်။ လမ်းတွေက အလှူခံပုံးတွေလည်း မရှိတော့ပါဘူး။ ဟိုးအရင်က ကန်ထရိုက်ပေးထားတဲ့ အလှူခံဌာနတွေ အရမ်းဆိုးတယ်လို့ လူပြောများနေတဲ့ ကျိုက်ထီးရိုးဘုရားရဲ့ နာမည်ဆိုးကြီးက အခုတော့ အတိတ်တစ်ခု ဖြစ်သွားပါပြီ။

နောက်နေ့မနက်စောစော တောင်အောက်ဆင်းမယ်ဆိုတော့ တည်းခိုတဲ့နေရာမှာပဲ ဆွမ်းတော်ပွဲမှာလိုက်ပါတယ်။ ၃၀၀၀ ကျပ်တန်က စပြီး ၅၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် တစ်သောင်းကျပ်တန် ဆွမ်းတော်ပွဲတွေ က ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီး ခွဲထားတာပါ။ ဒါကတော့ ခုထိ ကန်ထရိုက်စနစ်နဲ့လို့ ထင်ပါတယ်။


နောက်တစ်နေ့မနက် ၅ နာရီမှာတော့ မှာထားတဲ့ ဆွမ်းတော်ပွဲ ကို ဆိုင်မှာသွားယူရပါတယ်။ ဆွမ်းတော်ကပ်တဲ့အခါ ဟိုးတုန်းကလို ကိုယ်က ကပ်နေတုန်း ဆိုင်က ဆွမ်းတော်ပွဲသိမ်းသွားတာတို့ ဘာတို့တို့ မတွေ့ခဲ့ရပါဘူး။ ဆွမ်းတော်ပွဲရောင်းတဲ့ဆိုင်ကလည်း တစ်ဆိုင်တည်းပဲ တွေ့ပါတယ်။ အဲဒါကြောင့်လားတော့ မသိပါဘူး။ ဆွမ်းတော်ပွဲတွေကို ကပ်တဲ့သူ ထွက်သွားမှ လိုက်သိမ်းပေးတဲ့ အဖွဲ့သပ်သပ်ရှိပါတယ်။ အနားက တစ်ချို့သီလရှင်တွေကို သူတို့လိုမယ်ထင်တဲ့ ပစ္စည်းတွေ စွန့်ပေးပါတယ်။


နံနက် ၆ နာရီမှာတော့ တောင်ပေါ်ကနေ ဆင်းပါတယ်။ တောင်အောက်ရောက်လို့ ကားပေါ်က ဆင်းတယ်ဆိုရင်ပဲ ရန်ကုန်သွားမလား၊ မော်လမြိုင်သွားမလား၊ ပဲခူးသွားမလားနဲ့ ခရီးသွားကား တွေရဲ့ ခေါ်သံတွေက ဆီးကြိုနေပါလိမ့်မယ်။ အနားတစ်ဝိုက်မှာလည်း ကျိုက်ထီးရိုးပြန် လက်ဆောင် ယိုပေါင်းစုံနဲ့ ကဒတ်ခြောက် ရောင်းနေတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။


ကဲ .. လက်ဆောင်ပစ္စည်းတွေ ၀ယ်ပြီးသွားရင်တော့ ကျိုက်ထီးရိုးကနေ ပြန်ကြစို့ရဲ့။

( တကယ်က ရန်ကုန် မပြန်သေးပါဘူး... မော်လမြိုင် ဆက်သွားဖြစ်ပါတယ်.. နောက်တစ်ပို့စ်မှာ မော်လမြိုင်ခရီးစဉ်အကြောင်း ရေးပါရစေ..)




Weekend getaway to Kuala Lumpur - Day 2

စက်တင်ဘာ ၄ ရက် ၂၀၁၆
တနင်္ဂနွေနေ့

မာဒေးကားစကွဲမှ မလေးရှား နိုင်ငံအလံ

Merdeka Square

မနက် နိုးနိုးချင်းပဲ Merdeka Square (Dataran Merdeka) ကို သွားဖို့ထွက်လာကြပါတယ်။ ဟိုတယ်နဲ့ တော်တော်နီးတာကြောင့် လမ်းလျှောက်ပြီးပဲ သွားကြပါတယ်။ မာဒေးကား စကွဲ ကို Independance Square လို့လည်းခေါ်ကြပါသေးတယ်။ဒီနေရာမှာ မလေးရှားဟာ ဗြိတိသျှတွေရဲ့ ယူနီယံဂျက်အလံကို ချပြီး ကိုယ်ပိုင်နိုင်ငံအလံကို ၁၉၅၇ သြဂုတ် ၃၁ ရက်နေ့မှာ လွှင့်တင်နိုင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေး အခမ်းအနားကို မာဒေးကားစကွဲမှာ ကျင်းပပါတယ်။

Sultan Abdul Samad Building

Sultan Abdul Samad Building

မာဒေးကားစကွဲရဲ့ဘေးကပ်လျက်မှာတော့ ခရီးသွားတွေ စိတ်ဝင်စားတဲ့ Sultan Abdul Samad Building ရှိပါတယ်။ ကိုလိုနီသက်တမ်းတစ်လျှောက် အင်္ဂလိပ်တွေ ရုံးစိုက်ရာနေရာဖြစ်တဲ့ အဲဒိအဆောက်အဦးကို ၁၈၉၄ စက်တင်ဘာမှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၇ မှာ လုံးဝပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ၁၉ ရာစုရဲ့ ဗိသုကာလက်ရာအဖြစ် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုခံရပြီး အခုလောလောဆယ်တော့ မလေးရှားနိုင်ငံ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရုံးစိုက်ရာ နေရာဖြစ်ပါတယ်။

မာဒေးကားစကွဲနဲ့ ဆူလ်တန် အက်ဘ်ဒူ ဆာမက် အဆောက်အအုံကြားမှာ ရှိတဲ့ကားလမ်းကို တစ်ဖက်ပိတ်ထားပြီး လူငယ်တွေ စကိတ်စီး၊ စက်ဘီးစီးနေကြတာ တွေ့ရပါတယ်။

လမ်းဘေး မုန့်ဆိုင်တန်း

လမ်းလေးရဲ့အဆုံးမှာ မုန့်ဆိုင်တန်းရှိပါတယ်။ လမ်းပေါ်မှာ စားပွဲ၊ ထိုင်ခံချထားပြီး လမ်း ဘေးနှစ်ဘက်မှာ မီနီဘက်စ် လို ကားလေးတွေနဲ့ ကားနောက်ခန်းမှာ စားစရာတွေ ရောင်းနေတာပါ။ မနက်စာကို အဲဒိမှာပဲ ၀ယ်စားခဲ့ပါတယ်။


Sin Sze Si Ya ဘုံကျောင်းရှေ့

Sin Sze Si Ya ဘုံကျောင်း

အဲဒိနောက် Sin Sze Si Ya ဘုံကျောင်း ကို လမ်းဆက်လျှောက်ပါတယ်။ အဲဒိ ဘုံကျောင်းကို ၁၈၆၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တယ်လို့ သိရပြီး ကိုယ့်အတွက်တော့ ထူးထူးခြားခြားမရှိပါဘူး။ ရှေးဟောင်းဘုံကျောင်းတစ်ခုကို သွားလည်ခဲ့တယ်ပေါ့။

ဟိုတယ်က ရေကူးကန်

ဒီလို စုံတွဲပုံ ရိုက်ခဲ့ကြတယ်

ဘုံကျောင်းကနေ ဟိုတယ်ကို လမ်းလျှောက်ပြန်တဲ့လမ်းမှာ မြန်မာဆိုင်တော်တော်များများ တွေ့ရပါတယ်။ ဟိုတယ်ရောက်တော့ အပေါ်ဆုံးထပ်မှာရှိတဲ့ ရေကူးကန်ကို ခဏ တက်ကြည့်ကြပါတယ်။ ရေကူးကန်က ခပ်သေးသေးပါ။ ဒါပေမယ့် သန့်သန့်ရှင်းရှင်း ရှိပါတယ်။

Rapid KL ရထားလက်မှတ် Masjid Jamek ကနေ Hang Tuah ကို တစ်ယောက် ရင်းဂစ် ၁.၃၀ ပါ

Masjid Jamek ဘူတာနဲ့ အမှတ်တရ

Masjid Jamek ဘူတာနဲ့ အမှတ်တရ

နေ့လည် ၁၁ နာရီလောက်မှာ ဟိုတယ်ကနေ ချက်အောက် ထွက်ခဲ့ကြပါတယ်။ စင်ကာပူအပြန်ကားကို Berjaya Times Square က စီးမယ့်ကားကို ရွေးဝယ်ထားတာမို့ အဲဒိကို သွားရမှာပါ။ ရထားနဲ့သွားဖို့ ဆုံးဖြတ်ပြီး ဟိုတယ် အနားမှာရှိတဲ့ Masjid Jamek ဘူတာကနေ Hang Tuah ဘူတာ၊ အဲဒိကမှ Imbi ဘူတာကို စီးကြပါတယ်။ စုစုပေါင်း ၃ ဘူတာပဲ စီးရပါတယ်။

ပန်းကန်ထဲ ကြိုက်တဲ့ထမင်းဟင်း ကြိုက်သလောက်ထည့်ပြီး ကောင်တာမှာ ရှင်းရတာပါ

ဘယ်လောက်ထည့်သလဲဆို ဘောင်ချာသာကြည့်ပါတော့

Berjaya Times Square က အရမ်းစည်တဲ့ ရှော့ပင်မောလ်ပါ။ နေ့လည်စာကို အဲဒိထဲက Taste of Asia food court က မလေးစာ ၀ယ်စားပါတယ်။ အရင်ဆုံး ရှေ့ကောင်တာကနေ ကဒ်ဝယ်ပြီး ပိုက်ဆံ အရင်ဖြည့်ရပါတယ်။ အပြန် ကဒ်ပြန်ပေးတော့ ကဒ်ထဲက ပိုတဲ့ပိုက်ဆံ ပြန်အမ်းပါတယ်။


Berjaya Times Square

Star Mart Express ကားဂိတ်

Imbi ဘူတာအနီး

စားသောက်ပြီး ရှော့ပင်းမောလ်ထဲ ကားစီးချိန်မရောက်မချင်း လည်ကြပါတယ်။  ကားဂိတ်က မောလ်ရှေ့အပြင်မှာ ရုံလေးတွေနဲ့ပါ။ ကားလက်မှတ်ဖြတ်ကတည်းက ခုံနံပါတ် ပါပြီးသားမို့ စိတ်မပူရပေမယ့် ကားဂိတ်ကို ကိုယ်ရောက်ပြီဆိုတဲ့အကြောင်း စောစောစီးစီး အကြောင်းကြားဖြစ်ပါတယ်။ အဲဒိအချိန်ကျမှ သူတို့က စီးရမယ့်ကားရဲ့ နံပါတ်ကို ပြောတာပါ။ ကားပေါ်ရောက်တာနဲ့ နှစ်ယောက်သား ခရီးစဉ် တစ်ခု အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားတဲ့ အထိမ်းအမှတ်နဲ့ စိတ်ချလက်ချ စအိပ်ပါတော့တယ်။


Weekend getaway to Kuala Lumpur - Intro
Weekend getaway to Kuala Lumpur - Day 1
Weekend getaway to Kuala Lumpur - Day 2

Weekend getaway to Kuala Lumpur - Day 1

စက်တင်ဘာ ၃ ရက် ၂၀၁၆
စနေနေ့

ည၁၂ နာရီ စင်ကာပူကနေ စီးလာတဲ့ကားက မနက် ၅ နာရီခန့်မှာ KL Sentral (ကေအမ်လ် ဘူတာကြီး) ကို ဆိုက်ပါတယ်။ မနက် ၅ နာရီက လုံးဝကို မှောင်နေသေးတာပါ။ တစ်ကားလုံးဆင်းကြပြီး ဘူတာရုံအဆာက်အုံထဲ ၀င်ကြတော့ အထဲမှာ လူတွေ ရှိပါတယ်။ လုံခြုံရေးတွေ၊ ထိုင်ငိုက်နေတဲ့ ခရီးသည်တွေ၊ ဘူတာ check in ကောင်တာက ၀န်ထမ်းတွေ အပြင် ခုံတွေပေါ်မှာ အိပ်နေကြတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ လေဆိပ်ကိုသွားတဲ့ KLIA ရထားတွေကတော့ မနက် ၄နာရီ ခွဲကတည်းက ထွက်တာဆိုတော့ ရထားသံတွေကြားနေရပါတယ်။ KLIA ရထားအတွက် လက်မှတ်ဝယ်တဲ့ ကောင်တာ၊ check in ၀င်တဲ့ ကောင်တာတွေလည်းဖွင့်နေပါပြီ။  မြို့တွင်းရထားတွေကတော့ မနက် ၆ နာရီမှ စတင်ပြေးဆွဲတာ ဖြစ်ပါတယ်။ ကောင်တာတွေပိတ်ထားတုန်းပါပဲ။ အချိန်စောနေတော့ ဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ဖြစ်ပါတယ်။

KL Sentral ဘူတာနှင့် ရထားလိုင်းများ (click for larger image)

KL Sentral က မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ဘူတာပါ။ ရထားလိုင်း အားလုံးဆုံတဲ့နေရာလည်းဖြစ်ပါတယ်။ ဘူတာထဲက Mcdonald ဆိုင်က 24 hours လို့ရေးထားပေမယ့် မဖွင့်သေးပါဘူး။ 7-11 အပါအ၀င် စတိုးဆိုင် ၂ ဆိုင် ခန့်တော့ ဖွင့်ပါတယ်။ အဲဒိကပဲ ဘာစားစရာ ရှိလဲ လိုက်ကြည့်ရင်း ကြက်ဥပြုတ်ဝယ်စားဖြစ်ပါတယ်။ ဘူတာထဲ ဟိုဟိုသည်သည် လိုက်ကြည့်တော့ ကိုယ့်ပစ္စည်းတွေများနေရင် ထားခဲ့ပြီး လိုရာခရီးသွားလို့ရအောင် လော်ကာ (locker) တွေကိုလည်း ရှိပါတယ်။ လော်ကာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်ပြီး ရင်းဂစ် ၅ ကျပ်မှ ရင်းဂစ် ၂၀ အထိ ရှိကြပါတယ်။ ဒုတိယထပ်မှာလည်း luggage တွေ အပ်လို့ရတဲ့ ကောင်တာ ရှိပါတယ်။

Setiwangsa  ဘူတာမှာ မနက်စောစော အမှတ်တရ

မနက် ၆ နာရီအတိမှာ မြို့တွင်းရထား ကောင်တာတံခါး စဖွင့်ပါတယ်။ လက်မှတ်ကိုတော့ ကောင်တာက ၀ယ်ဝယ်၊ စက်က ၀ယ်ဝယ် စင်ကာပူလိုပါပဲ။ စက်နဲ့ပဲ LRT လိုင်းကို ရွေးပြီး KLCC ဘူတာအထိ ၀ယ်လိုက်ပါတယ်။ တစ်ယောက်ကို ရင်းဂစ် ၁.၆၀ ကျပါတယ်။ အကြွေစေ့နဲ့ပေးပေး၊ အတန်ရွက်နဲ့ပေးပေးရပါတယ်။ အရွက်ဆိုရင်တော့ အကြီးဆုံး ၅ ရင်းဂစ်တန်ပဲ လက်ခံပါတယ်။ ရထားက စင်ကာပူက ရထားတွေလိုပါပဲ။ အများကြီးမကွာပါဘူး။ KLCC ဘူတာနားရောက်တဲ့အထိ အပြင်မှာ မှောင်နေတုန်းပဲဆိုတော့ နှစ်ယောက်သား ရှေ့ဘူတာတွေထိ လိုက်စီးကြပါတယ်။ Setiwangsa ဘူတာရောက်တော့ အပြင်မှာနဲနဲလင်းပြီးဆိုပြီး အဲဒိဘူတာမှာဆင်းပြီး ပလက်ဖောင်းပြောင်းပြီး ရထားပြန်စီးခဲ့ကြပါတယ်။


KLCC ရှေ့ ပန်းခြံထဲမှာ

နောက်ခံ Petronas Twin Towers နဲ့

KLCC ဘူတာက ထွက်ထွက်ချင်း Suria KLCC Shopping Mall ထဲ တန်းရောက်သွားတာပါ။ မနက် ၇ နာရီခန့်ဆိုတော့ ဆိုင်တွေတော့ မဖွင့်သေးပါဘူး။ သွားလာနေတဲ့ လူတွေတော့ ရှိပါတယ်။ Suria KLCC က PETRONAS Twin Towers ရဲ့အောက်တည့်တည့်မှာ ရှိတာပါ။ တာဝါပေါ် တက်ချင်ရင် လက်မှတ်ဝယ်ရပြီး အွန်လိုင်းကနေ ကြိုဝယ်ထားလို့လည်းရပါတယ်။ ကိုယ်တွေကတော့ တက်ဖို့အစီအစဉ်မရှိတာနဲ့ ရှော့ပင်းစင်တာရှေ့ ပန်းခြံကနေပဲ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပန်းခြံထဲမှာ မနက်စောစော လေ့ကျင့်ခန်း လုပ်နေသူတွေ အများကြီးတွေ့ရပါတယ်။ လူစည်တဲ့ နေရာတိုင်းမှာ လုံခြုံရေးဝန်ထမ်းကို လက်ညှိုးထိုးမလွဲ တွေ့ရပါတယ်။ Pentronas Twin Towers နဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးတော့ လှမ်းမြင်နေရတဲ့ KL Tower ကို လမ်းလျှောက် သွားကြပါတယ်။

KL Tower (ပုံကို ဒီနေရာ မှ ယူသည်)

ဒါကတော့ ကိုယ်ရိုက်လာတဲ့ပုံပေါ့

မနက်စောစောပဲ လှမ်းလျှောက်ကြတာပေါ့ဆိုပြီး လျှောက်တာ အမြင်နီးပေမယ့် တကယ်တမ်း လှမ်းပါတယ်။ တည့်တည့်လျှောက်ရင် နာရီဝက်နဲ့ ရောက်မယ့်ခရီးကို လမ်းမှားသွားတော့ ၄၅ မိနစ်လောက်ကြာပါတယ်။ ကဲ အလည်လာတဲ့သူဆိုတော့လည်း လမ်းမှားတော့ ရောက်ဖူးတာပေါ့လို့ပဲ အကောင်းမြင်ရပါတယ်။ လမ်းမှာ ဆိုင်တန်းလေးတွေ့တာနဲ့ မနက်စာ ၀င်စားခဲ့ပါသေးတယ်။ ကြက်ဥပလာတာ၊ ကြက်ဥ ကြော်၊ လက်ဘက်ရည်၊ အုန်းထမင်းငှက်ပျော်ဖက်ထုပ် အားလုံးကို  ၅ ရင်းဂစ် ကျော်လောက်ကျပါတယ်။ စားပွဲထိုးတွေက ကိုယ့်အမျိုးသားကို မလေးလူမျိုး ထင်ပုံရပါတယ်။ သူ ဘယ်လိုပဲ အင်္ဂလိပ်လိုပြောပြော မလေးလိုပဲ ပြန်ပြောနေလို့ ခွကျရပါသေးတယ်။

KLCC မှ KL Tower ကို လျှောက်တဲ့လမ်း (တည့်တည့်လျှောက်ရင် ပိုနီးပါတယ်)

ဝေးတဲ့လမ်းက လျှောက်ပြီး အနားရောက်တော့လည်း လမ်းမှားချိုးပါသေးတယ်။ တွေ့တွေ့ချင်းလမ်းတိုလေးကို ၀င်သွားတာ လမ်းက အပိတ်ကြီး ဖြစ်နေရော။ ပြန်လျှောက်ရမှာပျင်းတာနဲ့ တွေ့တဲ့သူကိုမေးပြီးသူပြောတဲ့အတိုင်း သွားလိုက်တာ ဖြတ်လမ်းကရောက်ရော။ ဘယ်လိုသွားလဲဆိုတော့ အဲဒိလမ်းထိပ်က Pacific Regency Hotel ထဲဝင်၊ လော်ဘီက ဓာတ်လှေကားကို အပေါ်ဆုံးထပ်ထိ စီးလိုက်တာ အပေါ်ဆုံးထပ် ဟိုတယ်လော်ဘီထဲ ရောက်သွားရော။ လောဘီက ထွက်ထွက်ချင်း KL Tower ကို သွားတဲ့ shuttle bus ဂိတ်ကို တန်းရောက်သွားတာ။ shuttle bus က မီနီဘက်စ်လေးတွေပါ။ အဲကွန်းလည်းကောင်းတယ်။ တောင်ကုန်းပေါ်ကို သိပ်မဝေးပါဘူး၊ ဒါပေမယ့် အတက်လမ်းဆိုတော့ နေပူပူထဲ လမ်းလျှောက်ရင် တော်တော်ပင်ပန်းမှာ ခုတော့ ကားနဲ့ဆိုတော့ အတော်ဖြစ်သွားတယ်။

KL Tower လက်မှတ်ဝယ်ရတဲ့ ကောင်တာ

ကားရောက်ရောက်ချင်း ၀န်ထမ်းလေးတွေက အဖွဲ့တစ်ဖွဲ့ကို တစ်ယောက်ကြိုကြတယ်။ တာဝါပေါ်တက်မယ်ဆိုရင် လက်မှတ်ဘယ်မှာဝယ်ရတယ်ဆိုတာ လိုက်ပြကြတယ်။ လက်မှတ်အမျိုးအစားတွေ အကြောင်းလည်း သေချာ ရှင်းပြပါတယ်။ ရောက်တဲ့အချိန်စောတော့ လူရှင်းပါတယ်။  KL Tower က မလေးရှားနိုင်ငံရဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်တဲ့ တာဝါပါ။ ရုံးခန်းတွေလည်း ဒီတာဝါမှာပဲ ရှိပါတယ်။ 

တာဝါပေါ်တက်မယ်ဆိုရင် observation deck နဲ့ sky deck ဆိုပြီး ရှိပါတယ်။ observation deck ကတော့ မှန်တွေနဲ့ ကာထားတဲ့ အဲကွန်းခန်းထဲက ကြည့်ရမှာဖြစ်ပြီး တစ်ယောက်ကို ၅၂ ရင်းဂစ်ပါ။ sky deck ကတော့ observation deck ရဲ့ အပေါ်ထပ် ဟင်းလင်းပြင်ဖွင့်ထားတဲ့ နေရာမှာ ဖြစ်ပြီး တစ်ယောက်ကို ရင်းဂစ် ၁၀၅ ပါ။ sky deck လက်မှတ်ဝယ်ရင် observation deck ကိုလည်း သွားခွင့်ရှိပါတယ်။ sky deck မှာ sky box လို့ ခေါ်တဲ့ ကြမ်းပြင်ပါ မှန်ခင်းထားတဲ့ မှန်ခန်းလေးကိုလည်း မေလ ၂၅ ရက်၊ ၂၀၁၆ ကမှ ဖွင့်ထားတာ ရှိပါတယ်။ မြို့ကို ၃၆၀ ဒီဂရီ အမြင်နဲ့ decks နှစ်ခုလုံးကနေ မြင်ရပါတယ်။ ကိုယ်တို့က sky deck လက်မှတ်ကို KL Tower ၀ဘ်ဆိုဒ် က ကြိုဝယ်ထားတော့ ၁၅ ရာခိုင်နှုန်း သက်သာပါတယ်။ မသွားခင် ပရိုမိုးရှင်းရှိမရှိ အရင်စစ်ပြီး သွားမယ့်ရက်သေချာရင် ကြိုဝယ်ထားလို့ရတာပေါ့။ 

KL Tower ပထမထပ် ကောင်တာနားက လော်ကာအခန်းများ


KL Tower Skybox

ကောင်တာရောက်တော့ ပရင့်ထုတ်လာတဲ့ လက်မှတ်ကို တကယ့်လက်မှတ်နဲ့ လဲရပါတယ်။ အထုတ်တွေကို အနားကလော်ကာထဲမှာ ထားခဲ့ဖို့ လော်ကာ သော့ပေးပါတယ်။ အိတ်ကြီးရင် သယ်ခွင့်မပြုပါဘူး။ ပြီးတာနဲ့ ဓာတ်လှေကားမောင်းတဲ့ ၀န်ထမ်းက sky deck ကို အရင်လိုက်ပို့ပါတယ်။ ကွာလာလမ်ပူတစ်မြို့လုံးကို အပေါ်စီးက မြင်နေရတဲ့ မြင်ကွင်းက တကယ့်ကို နှစ်သက်ဖွယ်ကောင်းပါတယ်။ sky box နေရာမှာတော့ ၀န်ထမ်းတစ်ယောက် ရှိပါတယ်။ လူ ၆ ဦးဝင်ခွင့် ပေးသည်လို့ ရေးထားပေမယ့် ၀န်ထမ်းကတော့ တစ်ခါဝင် လူ ၃ယောက်ပဲ ခွင့်ပြုပါတယ်လို့ ပြောပါတယ်။ ဖိနပ်ချွတ်ရပါတယ်။ အောက်မှာခင်းထားတဲ့ မှန်သားက တော်တော်ကို ထူတာပါ။ မှန်ပေါ်မှာ လျှောက်ရတာ မကြောက်ပေမယ့် အောက်ကို ကြည့်အပြီးမှာတော့ ဒူးနဲနဲတုန်ချင်ပါတယ်။ လူရှင်းတော့ ဓာတ်ပုံကောင်းကောင်း ရိုက်ချိန်ရပါတယ်။ ၀န်ထမ်းလေးက တော်တော်ဖော်ရွေပါတယ်။ သိပ်မကြာခင်လူတွေများလာမှာ အဲဒိကျရင် ဒီနေရာမှာ တန်းစီပြီး ဓာတ်ပုံရိုက်ဖို့ စောင့်ရတာလို့ သတင်းပေးပါတယ်။ ကိုယ်တို့တွေက ဓာတ်ပုံရိုက်ပြီး ကောင်းမကောင်း နေရာမှာတင် ပြန်ကြည့်နေလို့ ရှေ့မှာ sky box တစ်ခု ရှိသေးတယ်၊ အဲဒိမှာ ထပ်ရိုက်ဦး။ မကြိုက်သေးရင် နောက်တစ်ပတ် ပတ်ပြီး ပြန်လာခဲ့ဦး။ အကြာကြီးနေလို့ အကြံပေးပါသေးတယ်။ 

View from KL Tower Skybox

KL Tower Skybox ရောက် အမှတ်တရ စုံတွဲပုံ 

KL Tower observation deck

နောက်ထပ်တွေ့ရတဲ့ sky box မှာလည်း ပုံနဲနဲ ထပ်ရိုက်ပြီး ကျေနပ်သွားတာနဲ့ အောက်ထပ်က observation deck ကို ဆက်သွားပါတယ်။ သူကတော့ korea seoul tower လိုပါပဲ။ မှန်တွေကတဆင့် မြို့ကို ကြည့်ရတာပေါ့လေ။ ကြည့်လို့ဝတာနဲ့ မြေညီထပ်ပြန်ဆင်းပြီး shuttle bus ပြန်စောင့်ပါတယ်။ မြေညီထပ်မှာ မီနီ တိ၇စ္ဆာန်ရုံတို့၊ ရေအာက်ကမ္ဘာလို ပြခန်းတို့ ရှိပါသေးတယ်။ ပိုက်ဆံပေးဝင်ရတာပါ။ ကိုယ်တို့ ပြန်ဆင်းတဲ့အချိန်မှာတော့ မြေညီထပ်မှာ လူတွေ အများကြီးဖြစ်နေပါပြီ။ လက်မှတ်ရောင်းတဲ့ကောင်တာမှာ တန်းစီနေတာ အတန်းတော်တော်ရှည်နေပါပြီ။ ဒူးရင်းသီးတွေနဲ့ အတူ အသီးအစုံရောင်းတဲ့ အသီးတန်းလည်းရှိပါတယ်။

shuttle bus ဂိတ်ရောက်ပြီး ညာဘက်ကို လမ်းလျှောက်ကာ GoKL free bus ခရမ်းလိုင်းကို စောင့်ပါတယ်။ GoKL က တစ်နေကုန်အလကားပြေးဆွဲပေးနေတဲ့ ကားလိုင်းပါ။ အနီ၊ အပြာ၊ ခရမ်း၊ အစိမ်းဆိုပြီး ၄ လိုင်းရှိပါတယ်။ မြို့ရဲ့ အထင်ကရ နေရာတွေကို ဆွဲပေးတာပါ။ ကြားရက်ဆို ၅ မိနစ်ခြားတစ်ခါရှိပြီး စနေ၊ တနင်္ဂနွေဆိုရင်တော့ ၁၀ မိနစ်ခြား တစ်စီးလာပါတယ်။ 

GoKL ဘက်စ်နဲ့ ဘယ်ကိုစီးကြမလဲ ရှာနေတဲ့ တိုးဂိုက်ကြီး

                                      
Pavillion Shopping Mall in Kuala Lumpur

အဲဒိ ဂျပန်ဆိုင်က ငါးဟင်းချိုကို ရေနွေးအိုးနဲ့ထည့်ပေးတယ်။ အရသာ အရမ်းကောင်းတယ်။

KL ရဲ့ အကြီးဆုံး ရှော့ပင်းမောလ် Pavillion ရှေ့ကိုရောက်တော့ GoKL ကနေဆင်းပါတယ်။ လူတော်တော်များများလည်း အဲဒိမှာ ဆင်းကြပါတယ်။ Pavillion ရှော့ပင်းမောက Shopping distinct bukit bintang မှာ ရှိပြီး တော်တော်ကြီးပါတယ်။ စင်ကာပူရဲ့ အော့ချတ်လိုနေရာပေါ့။ နိုင်ငံတကာ ဘရန်းပေါင်းစုံ၊ လိုကယ် ဘရန်းပေါင်းစုံရဲ့ ဆိုင်တွေ ရှိပါတယ်။နှစ်ယောက်သား ဈေးဆိုင်တွေ မငေးအားပါဘူး။ ဗိုက်ဆာနေပြီလေ။ ဘာစားမလဲ လိုက်ကြည့်ရင်း ဂျပန်ဆိုင်တစ်ဆိုင်မှာ စားဖြစ်ပါတယ်။ ဆိုင်ရှေ့က မီနူးဖတ်ရင်း နှစ်ယောက်သား မြန်မာလို တွတ်ထိုးကြတာ စားပွဲထိုး ကောင်လေးက မြန်မာတွေလား။ လာပါ။ ထိုင်ပါ ဆိုတာနဲ့ မတိုင်ပင်ရဘဲ ဆိုင်ထဲ ၀င်သွားကြတာပါပဲ။ တစ်ဆိုင်လုံး စားပွဲထိုး၊ cashier၊ ချက်တဲ့သူ အကုန်လုံးနီးနီး မြန်မာတွေချည်းပါပဲ။ စကားတော့ အင်မတန်ဝဲကြပါတယ်။ အစားအသောက်ကလည်း တော်တော်ကောင်းပါတယ်။ 

ဟိုတယ် ချက်အင် ၀င်

ရှော့ပင် အနည်းငယ်လုပ်ပြီး နေ့လည် ၂ နာရီလောက်မှာတော့ GoKL ခရမ်းလိုင်းနဲ့ပဲ တည်းမယ့်ဟိုတယ်နဲ့အနီးဆုံးနေရာဖြစ်တဲ့ Pasar Seni ကိုသွားပါတယ်။ ဟိုတယ်က အဲဒိကနေ ၁၀ မိနစ်ပျော့ပျော့လောက်ပဲ လျှောက်ရတာပါ။ ရှာရ အင်မတန်လွယ်ပါတယ်။ Central Market ဘေးအတိုင်း တည့်တည့်လျှောက်သွားပြီး ဈေးလမ်းဆုံးတာနဲ့ ဟိုတယ်ရောက်သွားတာပါပဲ။ ဟိုတယ်အခန်းကတော့ စင်ကာပူ ၃၅ ဒေါ်လာတန်ဆိုတော့ များများစားစား ပြောပလောက်အောင် မရှိပါဘူး။ မနက်စာမပါဘူး။ အခန်းက ကျဉ်းပါတယ်။ ပြတင်းပေါက်မပါပါဘူး။ ပြတင်းပေါက်ကို ကျယ်နိုင်သမျှ ကျယ်မှ ကြိုက်တဲ့ ကိုယ့်အတွက်တော့ အမှတ်တွေလျော့စေတဲ့ အခန်းပါပဲ။ အခန်းမီးတွေက အ၀ါရောင်တွေဖြစ်နေတော့ အခန်းထဲနေရင် နေ့လားညလားတောင် မသိပါဘူး။ အခန်းထဲဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ပဲ ကောင်းပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာ အကုန် အဆင်ပြေပါတယ်။ အဲကွန်းလည်းတော်တော်အေးတယ်။ ရေချိုးခန်း အိမ်သာ ကျယ်ပြီး သန့်ရှင်းပါတယ်။ အပေါ်ထပ်မှာ ရေကူးကန်ရှိပါတယ်။

central market ရဲ့ အတွင်းတစ်နေရာ

central market က ဆိုင်တစ်ဆိုင်

မနက်ကတည်းက လမ်းလျှောက်နေရတာဆိုတော့ ပင်ပန်းပြီး အိပ်ပျော်သွားပါသေးတယ်။ ညနေ ၄ နာရီလောက်မှ တစ်ခါ ပြန်ထွက်ပြီး central market ကို လည်ပါတယ်။ ဈေးက တော်တော် သန့်သန့်ရှင်းရှင်းရှိပြီး ၀ယ်လို့ ကြည့်လို့တော်တော်ကောင်းပါတယ်။ ကိုယ်တို့နိုင်ငံက ဗိုလ်ချုပ်ဈေးလိုမျိုးပါပဲ။ ရှေးဟောင်းဈေးဖြစ်ပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ အင်မတန်ကောင်းတဲ့နေရာပါ။ လက်မှုပစ္စည်းမျိုးစုံ၊ ရိုးရာအထည်မျိုးစုံနဲ့ ပန်းချီကားတွေ ၀ယ်လို့ရပါတယ်။ ပါတိတ်ဆိုင်တွေလည်း တော်တော်များများတွေ့ပါတယ်။ မြန်မာဆိုင်တစ်ချို့လည်းတွေ့ရပါတယ်။ လိုချင်တာလေးတွေဝယ်ပြီး အပြင်ထွက်တော့ မိုးရွာနေပါတယ်။ ဒါနဲ့ ဟိုတယ်ပြန် ၀ယ်ထားတဲ့ ပစ္စည်းတွေထားပြီး မိုးတိတ်အောင် ခဏစောင့်ပါတယ်။ ဟိုတယ်က ဈေးကပ်ရပ်ဆိုတော့ မိုးမစိုဘဲ ပြန်လို့ရတာ တော်တော်အဆင်ပြေသွားပါတယ်။ 

Petaling Street ရောက် ရွှေတစ်ယောက်

မိုးစဲတာနဲ့ ပြန်ထွက်ပြီး နာမည်ကျော် တရုတ်တန်းရဲ့ Petaling Street ကို လမ်းလျှောက်ပါတယ်။ အဲဒိလမ်းက တော်တော်ရှည်ပြီး တစ်လမ်းလုံး လမ်းပေါ်မှာ ဈေးဆိုင်တွေခင်းပြီးရောင်းတာပါ။ ဈေးလမ်းတွေက နိုင်ငံတကာမှာရှိတာပဲ၊ ဒီလမ်းကဘာထူးခြားလို့လဲဆိုတော့ အဲဒိမှာရောင်းတဲ့ဆိုင်တွေက နာမည်ကျော် ဘရန်းပေါင်းစုံရဲ့ အတုတွေကိုရောင်းတာပါ။ coach, Micheal Kor, Prada, LV, Burberry အစရှိတဲ့ အိတ်တွေ၊ under armour, addidas, nike အစရှိတဲ့ အ၀တ်အစား တွေ၊ gucci, ck အစရှိတဲ့ ရေမွှေးပေါင်းစုံ၊ rolex လို နာရီပေါင်းစုံ အပြင် ဒီဇိုင်နာ ဖိနပ်အစုံကိုလည်း ၀ယ်နိုင်ပါတယ်။ ကြိုက်တဲ့ တံဆိပ်သာပြော သူတို့ရောင်းတယ်ဆိုတဲ့ ပုံစံပါပဲ။ ဈေးလမ်းက လမ်းမကို အလယ်မှာထားပြီး ဟိုဘက်ဒီဘက် လမ်းကျဉ်းတစ်လျှောက်ရောင်းတာပါ။ လမ်းမရဲ့ တစ်ဖက်က လမ်းကျဉ်းက ပုံမှန်လမ်းကျဉ်းဖြစ်ပြီး တခြား တစ်ဖက်က အဲဒိလမ်းကျဉ်းကိုမှ အလည်မှာ ဆိုင်နှစ်ဆိုင် ကျောချင်းကပ်လျက်ပုံစံ ပြန်ဆောက်ထားတာမို့ လမ်းက လူတစ်ယောက်စာပဲ သွားလို့ရပါတော့တယ်။  တစ်လမ်းထဲကိုပဲ ဒီဘက်အခြမ်းလမ်းက စ၀င်ပြီး လမ်းဆုံးတော့ တစ်ခြားတစ်ဖက်က ပြန်ထွက်တော့ လမ်းနှစ်လမ်းစာ လျှောက်ရသလိုပါပဲ။ 


အကင်ဆိုင်က တုတ်ထိုးတွေ။ ကင်မလား ပြုတ်မလား ကြိုက်တာရွေး။

တုတ်ထိုးအကင်။  အပြုတ်စားမယ်ဆို နောက်က ရေနွေးအိုးထဲမှာ ကိုယ့်ဘာသာ ထည့်ပြုတ်ပြီး စားရမှာပါ။ စားပွဲတစ်လုံးကို ပြုတ်အိုး တစ်အိုးတင်ပေးထားပါတယ်။

ညစာကတော့ အဲဒိနားက လမ်းဘေးက အကင်ဆိုင် တစ်ဆိုင်မှာပဲ စားဖြစ်ပါတယ်။ ထုံးစံအတိုင်း အကင်ရောင်းနေတဲ့ သူတွေ၊ စားပွဲထိုးတွေက မြန်မာတွေပါပဲ။ အကင်က စားအကောင်းကြီးမဟုတ်ပါဘူး။ တစ်ဝက်လောက်က စားကောင်းပြီး တစ်ဝက်လောက်ကတော့ အရသာ မရှိပါဘူး။ ဒါပေမယ့် ဘေးကပ်လျက်ဆိုင်က မြန်မာဝန်ထမ်းလေးတွေရယ် အကင်ဆိုင်က မြန်မာဝန်ထမ်းတွေရယ် အချင်းချင်း ချစ်ချစ်ခင်ခင် ကူညီဖေးမပြီး စနောက်နေကြတာတွေ ကြားနေမြင်နေရတော့ ဒီဆိုင်မှာစားရတာ အရမ်းကို ကျေနပ်ခဲ့ပါတယ်။

central market ဈေးလမ်းအနီးမှာ တွေ့ရတဲ့ လမ်းဘေးဆိုင်

ည ၈ နာရီလောက်မှာတော့ ဟိုတယ် ကို လမ်းလျှောက် ပြန်ခဲ့ကြပါတယ်။ ပထမအစီအစဉ်က မနက်ဖြန် bird park သွားမယ်ပေါ့လေ။ ဒါပေမယ့် ဒီနေ့မိုးရွာနေလို့ ခရီးဖင့်ထားတော့ တစ်ချို့နေရာတွေ မသွားဖြစ်လိုက်တာမို့ ဟိုတယ်ရောက်တာနဲ့ နောက်တစ်နေ့ အစီအစဉ်ပြန်ဆွဲကြပါတယ်။ 

Weekend getaway to Kuala Lumpur - Day 1
Weekend getaway to Kuala Lumpur - Day 2

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...