နံနက်စာစားပြီးပြီးချင်း ATV သွားစီးကြပါတယ်။ ချမ်းလွန်းလို့ လေးလံနေတဲ့သူတွေအားလုံး ချွေးထွက်သွားကြတယ်။ သူတို့သတ်မှတ်ထားတဲ့ တောလမ်းကြမ်းကို တစ်ယောက်တစ်စီး လမ်းပြ၄ ယောက်လောက်နဲ့ တသီတတန်းကြီး မောင်းကြတာပါ။ တစ်ချို့လမ်းပြက မစီးရဲတဲ့သူနဲ့တွဲမောင်း။ တစ်ချို့က သူတို့ဘာသာတစ်စီးနဲ့လိုက်စောင့်ရှောက်ကြတာပါ။ အမှန်က မောင်းရတာ လွယ်ပါတယ်။ ဘရိတ်နဲ့ စတီယာရင်ပဲ ပါတာကိုး။ ဘရိတ်လိုဟာက သွားချင်ရင် နင်း၊ ရပ်ချင်ရင် လွှတ်၊ ဒါပဲကို။ တသီတတန်းကြီးကွင်းပြင်ကြီးကို ပတ်ပြီးသွားနေချိန်မှာ ဘယ်လိုဖြစ်မှန်းမသိ။ သွားနေတဲ့ လမ်းကနေ ဘေးကကွင်းပြင်ကြီးထဲ ကွေ့မိလို့ လမ်းပြတစ်ယောက် အော်ပြီး ကိုယ့်နောက်က လိုက်လာပါတော့တယ်။ ကွင်းပြင်က တော်တော်ကြမ်းပါတယ်၊ လယ်ထွန်ပြီးစ မြေလိုမျိုး၊ ကိုယ်ကလည်း လမ်းကြမ်းကြမ်းကြီးထဲမှာ လီဗာတွေ တအားနင်းပြီးရှေ့ကိုသွား၊ လမ်းပြက ကိုယ်နားမလည်တဲ့ စကားတွေနဲ့ နောက်ကအော်ပြီးလိုက်၊ ပုံမှန်လမ်းပေါ်က အတန်းကြီးက ကိုယ်တို့တွေကို လှမ်းကြည့်၊ နောက်ဆုံးကိုယ်က ပုံမှန်လမ်းပေါ်ပြန်ရောက်သွားတော့ အတန်းကြီးရဲ့ ရှေ့ဆုံးဖြစ်သွားပါတယ်။ ဖြတ်လမ်းက သွားသလို ဖြစ်သွားတာကိုး။ ဟီးဟီး။
Jeju Folk Village Museum
အဲဒိနောက် သွားတာက jeju folk village museum ပါ။ အိမ်ပေါင်း ၁၁၇ အိမ်ရှိပြီး၊ ၁၈၉၀ ခုနှစ်တုန်းက ရွာတွေရဲ့ပုံစံအတိုင်း ဆောက်ထားပါတယ်။ မြန်မာပြည်မှာ ပြသွားတဲ့ ကိုရီးယားဇာတ်ကား (နန်းတွင်းရတနာ) ထဲမှ ချန်ဂင် ဆေးပညာသင်ယူတဲ့ဇာတ်ဝင်ခန်းတွေကို ဒီမှာ ရိုက်တယ်လို့ ဆိုပါတယ်။သူတို့ရိုးရာ အိမ်လေးတွေ ကျောင်းတွေကို ပုံစံတူလေးတွေ ဆောက်ပြထားတာတယ်။
ဒါကတော့ အ၀င်ဝ တစ်နေရာပါ။
အောက်ကပုံကတော့ ရွာကို အပေါ်စီးက လှမ်းရိုက်ထားတာပါ။
တိုးဂိုက်က ရှင်းပြတဲ့အထဲမှာ ၀က်ရဲ့အစာကို လူတွေ ဘယ်လိုကျွေးလဲဆိုတာပါတော့ သိပြီးသားဖြစ်တာတောင် နဲနဲတော့ တွန့်သွားပါသေးတယ်။
ပန်းလေးတွေ လှတာနဲ့ ဘာရယ်မဟုတ်. ကင်မရာခလုတ်နှိပ်မိပါတယ်။
ဒါကတော့ ရိုးရာရွာနဲ့ တစ်နေရာပါ။
ဇာတ်ဝင်ခန်းထဲမှ နေရာ တစ်ချို့။ ကိုရီးယားကားကတော့ မကြည့်တော့ ဘယ်အခန်းတွေမှာပါတာလဲ မပြောတတ်ပါ။
အဲဒိနောက် လိမ္မော်သီးခြံကို သွားကြပါတယ်။ ဆောင်းလိမ္မော်သီးတွေ ခူးဆွတ်ပြီးချိန်ဖြစ်လို့ အသီးများများစားစား အပင်မှာ မရှိတော့ပါဘူး။ နွေမှာခူးမယ့်အသီးတွေရှိတဲ့ ခြံဘက်ကိုတော့ သွားရောက်ခွင့်မပြုပါဘူး။ ဆောင်းသီးတွေ ခူးပြီး အပင်ပေါ်မှာကျန်နေသေးတဲ့ အသီးတွေကိုတော့ ကြိုက်သလောက်ခူးစားခွင့်ပြုပါတယ်။ ဘာပြောကောင်းမလဲ။ လူတိုင်းလူတိုင်း ခူးလိုက်စားလိုက်နဲ့ ပေါ့။
နောက်တစ်နေရာကတော့ Trick Art Museum ပါ။ အဖွဲ့ကလူတွေကတော့ ပျင်းတယ်ဆိုပြီး ခဏနေအခန်းထဲက ထွက်သွားကြပါတယ်။ ကိုယ်တွေကတော့ ဓာတ်ပုံရိုက်စရာနေရာရပြီဆိုပြီး ဂိုက်ပေးတဲ့ အချိန် ၁ နာရီကို အပြည့်အ၀ အသုံးချတော့တာပါပဲ။
နောက်တစ်နေရာကတော့ Teddy Bear Museum ပါ။ ကလေးတွေအကြိုက်ပေါ့။ လူကြီးတွေတော့ စိတ်ညစ်ပြီး ခဏနေပြန်ထွက်သွားကြပြန်ပါရော။ ကိုယ်တွေပဲ ရောက်တုန်းရောက်ခိုက်တန်အောင် ဓာတ်ပုံတစ်ချို့ ပေကပ်ပြီး ရိုက်ခဲ့ပါတယ်။
တိုက်ပေါ်က လှမ်းကြည့်နေတဲ့ ၀က်ဝံမောင်နှမ။
ဝက်ဝံမကြီးတို့အိမ် အလည်သွားစဉ်
သူ့မိသားစုဓာတ်ပုံ
ကြုံတုန်းလေး လက်ခံခဲ့မိတယ်။
ရုပ်ရှင်ကြည့်မယ် ကိုဝက်ဝံရေ လက်မှတ်တစ်စောင်ပေးပါ။
ဒီမိသားစု ဘာတွေ အလုပ်ရှုပ်နေပါလိမ့်။
ငါးမျှားနေသလား ပျားမျှားနေသလား။
ကဲ ရေငုပ်ကြစို့။
သီချင်းတစ်ပုဒ်တော့ ဟစ်ခဲ့တယ်။
ပြိုင်ကြမယ် မောင်းကြမယ်။
နေရာတစ်ကာ ၀က်ဝံများ။
မပါမှန်းသိပေမယ့် ကိုယ့်နိုင်ငံကို အသည်းအသန် ရှာနေမိသေးတယ်။ ဗမာဝတ်စုံလေးနဲ့ ၀က်ဝံစုံတွဲလေးကိုပေါ့။
ဝက်ဝံပြတိုက်က အပြန်တော့ Dragon Head လို့ခေါ်တဲ့ နေရာကိုသွားပါတယ်။ တိုးဂိုက် ကီကီက အဲဒိကိုသွားမယ်လို့ ပြောတုန်း ရယ်ပြီးပြောပါတယ်။ ပြီးတော့ နေရာကို သိပ်မျှော်လင့်မထားဖို့ ကျောက်တုံးလေးတစ်တုံးသာရှိကြောင်း တဖွဖွပြောပါတယ်။ သူလည်း ခရီးစဉ်အရသာ လိုက်ပို့ရှာတာ ဒီလိုနေရာ ဘာလို့သွားပါလိမ့်လို့ ထင်နေပုံပါ။ ကဲရောက်ပါပြီ။ နဂါးခေါင်းပုံကျောက်တုံးရှိတဲ့ ပင်လယ်။
ဟုတ်ပါတယ်။ ကီကီပြောသလိုပါပဲ ဒီကျေက်တုံးတစ်ခုကလွဲလို့ ထူးထူးခြားခြား မရှိလှပါ။ ဒါပေမယ့် ကမ်းခြေတစ်လျှောက်လမ်းလျှောက်နေတဲ့သူတွေနဲ့ တော့ ပြည့်နေတာပါပဲ။ ကိုယ်တို့လို ဧည့်သည်တွေလဲ ပါတာပေါ့။
ဟိုတယ်ကို ပြန်မပို့ခင်မှာ Junggang Shopping Mall ကို လိုက်ပို့ပါတယ်။ မြေအောက် ရှော့ပင်းမောလ်ပါ။
အောက်ကို အဲဒိလှေကားလေးအတိုင်း ဆင်းသွားရုံပါပဲ။
ဒီလိုလမ်းအရှည်ကြီး မဆုံးတော့ဘူးလားထင်ရအောင် ဘေးမှာ ဆိုင်ခန်းတွေ။
မောလ်ထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီးပျင်းလာတာနဲ့ အပေါ်ပြန်တက်ပြီး ဟိုနားဒီနား လျှောက်ပါတယ်။
ဒီနေ့ခရီးကတော့ ဒါပါပဲ။ မနက်ဖြန်တော့ ဒယ်ဂူးကိုသွားမှာဖြစ်ပါတယ်။ ဘိုင့်ဘိုင်ဂျယ်ဂျူးရေ။
ဟိုတယ်ရှေ့မှာ ဂျယ်ဂျူးက မပြန်ခင်လေး။
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6
ကိုရီးယား အလှကုန်များ
No comments:
Post a Comment