ပြည် ဘုရားဖူး သွားကြမယ် (၂)




၂၇ ဒီဇင်ဘာ ၂၀၁၅
အကောက်တောင် ၊ ထုံးဘိုတစ်ဖက်ကမ်း။


ပြည်မြို့မှ ထုံးဘိုမြို့သို့

မနက်စောစောထပြီး ဟိုတယ်မှာပဲ မနက်စာစားလိုက်ပါတယ်။ ဟိုတယ်မှ တစ်ခါတည်း check out လုပ်ပြီး အကောက်တောင်ဘက်ကို ပြည်န၀ဒေးတံတားကြီးကို ကူးပြီး စတင်ထွက်ခွာခဲ့ပါတယ်။

အကောက်တောင်လို့ခေါ်တဲ့နေရာက ဧရာဝတီမြစ်ကမ်းဘေး ဧရာဝတီတိုင်းအတွင်းမှာ တည်ရှိပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအရ ပဲခုးတိုင်း ထုံးဘိုမြို့ နှင့်နီးပြီး သွားရလွယ်တာကြောင့် ထုံးဘို အကောက်တောင်လို့ လူသိပိုများပါတယ်။ ဖတ်ရသမျှအနေနဲ့ကတော့ ၁၈၅၃ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီးမှာ ဒီအကောက်တောင်နေရာက အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ပိုင်းခြားတဲ့ နေရာဖြစ်သွားပါတယ်။
အထက်ပိုင်းကတော့ မြန်မာဘုရင်ပိုင်ပြီး၊ အောက်ပိုင်းကတော့ အင်္ဂလိပ်ပိုင်ဖြစ်သွားတာပါ။ အင်္ဂလိပ်တွေက ဒီနေရာမှာ အကောက်ခွန်စခန်း တည်ဆောက်ပြီး အဲဒိနေရာကိုဖြတ်ပြီး ဧရာဝတီမြစ်အတွင်း စုံဆန် ကုန်စည်ရောင်းဝယ်ကြတဲ့ လှေတွေကို အခွန်ကောက်ပါတယ်။ တစ်ခါတစ်လေ ရာသီဥတုကြောင့် ဧရာဝတီမြစ်အတွင်း ၀ဲဂယက်များထရာမှာ ခရီးဆက်လို့မဖြစ်နိုင်တာကြောင့် စောင့်ဆိုင်းရတဲ့အခါမှာ ဖြစ်ဖြစ်၊ အခွန်ကောက်တဲ့လှေတွေ အရမ်းများလို့ ရက်နဲ့ချီပြီး တန်းစီရတဲ့အခါမှာဖြစ်ဖြစ်  လှေထိုးသားတွေက သူတို့ အားတဲ့အချိန်တွေကို မြစ်ကမ်းဘေး ကျောက်နံရံများမှာ မြတ်စွာဘုရား ပုံတော်များထွင်းထုပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ အဲလိုနဲ့ ဒီနေ့ အကောက်တောင်ဘုရားများလို့ နာမည်ကြီးလာတဲ့ ကျောက်ထွင်းဘုရားများ ဖြစ်လာပါတယ်။


လမ်းဘေးတစ်နေရာ

ပြည်မြို့ကနေ ထုံးဘိုမြို့ကို ၂ နာရီခန့် မောင်းရပါတယ်။ ကားလမ်းတော်တော်သာပါတယ်။ လမ်းမှာ ဥသျှစ်ပင်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာကို ဖြတ်ရပါတယ်။ ရွာလို့ခေါ်ပေမယ့် မြို့ ဖြစ်ပုံရပါတယ်။ ဈေးရှေ့က ဖြတ်သွားတဲ့အခါ လူအရမ်းစည်တာကြောင့် ကားကို ဖြည်းဖြည်းပဲ မောင်းလို့ရပါတယ်။


ထုံးဘိုမြို့ ဆိပ်ကမ်း

ထုံးဘိုမြို့ကတော့ မြို့လို့ နာမည်တပ်ပေမယ့် ရွာတစ်ရွာလို့ပဲ မြင်ပါတယ်။ သခင်မြရဲ့ မွေးရပ်မြေလို့ ဆိုင်းဘုတ်ထူကာ မြို့သူမြို့သားတွေ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။  ရွာမှ လမ်းအတိုင်းမောင်းလို့ လမ်းဆုံးရင် အကောက်တောင်ဘက်ကမ်းကိုကူးမယ့် လှေဆိပ်ကို ရောက်ပါပြီ။ ကားဝင်းလို့ခေါ်တဲ့ မြေကွက်ကျယ်ကြီးတစ်ခုမှာ ကားရပ်လို့ရပါတယ်။ အဲဒိကပ်ရပ် အများသုံးအိမ်သာလည်း ၆ လုံးလောက်ရှိပါတယ်။ ဟိုဘက်ကမ်းကိုကူးမယ့် လှေ၊ စက်တပ် သမ္ဗာန်များနှင့် လက်မှတ်ဝယ်ရန် ရုံလေးတွေ တွေ့ရပါတယ်။ ဘုရားတင်ဖို့ ပန်း၊ ညောင်ပင်ထောက်ဖို့ ၀ါးတုတ်ချောင်းလေးတွေ၊ ဘုရားပူဇော်ဖို့ အမွေးတိုင်များကို လိုက်ရောင်းနေတဲ့ ဈေးသည်တွေ ထဲက  မိန်းကလေး ခပ်ငယ်ငယ်ဆီက အားပေးလိုက်ပါတယ်။ 


ထုံးဘိုမြို့ဆိပ်ကမ်း (အကောက်တောင်ဘက် ကူးရန်နေရာ)

စက်လှေကတော့ သူများနဲ့ အတူတူစီးရင် ဈေးတစ်မျိုး ၊ တစ်စီးလုံး ကိုယ့်အုပ်စုပဲသွားရင် ဈေးတစ်မျိုးပါ။ နေအရမ်းပူနေတာကြောင့် သူများကို မစောင့်တော့ဘဲ တစ်စီးလုံးပဲ ငှားလိုက်ပါတယ်။  (ဈေးကတော့ သူ့ပြန်မေးကြည့်လိုက်ပါဦးမယ်။ မေ့နေလို့)


ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ဧရာဝတီမြစ်တစ်လျှောက် ၅ မိနစ်လောက်မောင်းရင် မြစ်ကမ်းဘေး တောင်နံရံတွေဆီမှ အကောက်တောင် ဘုရားတွေကို စတင်ဖူးမျှော်လို့ရပါပြီ။ ကင်မရာနဲ့ ဘယ်လိုပဲ မှတ်တမ်းတင်တင် အပြင်မှာ မြင်ရတဲ့ အလှ၊ မြစ်ကြောင်းပေါ်မှ ဖြတ်တိုက်လာတဲ့ လေအေးကို ဓာတ်ပုံထဲမှာတော့ မမြင်ရနိုင်ပါဘူး။ စက်လှေပေါ်မှာ မောင်းတဲ့သူနဲ့အတူ ၈နှစ်အရွယ် ကလေးတစ်ယောက် ပါလာပါတယ်။ သူကတော့ လှေအဆင်းအတက်မှာ လှေကို ကိုင်ပေးပြီး ကူညီပါတယ်။ စက်လှေမောင်းသမားက အကောက်တောင်ဘုရားတွေစတင်မြင်ရတဲ့နေရာကစပြီး လှေကို ဖြည်းဖြည်းပဲ မောင်းပါတယ်။ 

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ


ကမ်းပါးနံရံပေါ်မှ ဘုရားရုပ်တုများ

၁၅ မိနစ်လောက် အကြာမှာတော့ အကောက်တောင်ဘက် ကမ်းကို ဆိုက်ပါပြီ။ လှေပေါ်က ကလေးက ကိုယ်တို့နဲ့ အတူ တောက်လျှောက်လိုက်လာပါတယ်။ 


အကောက်တောင်ဆိပ်ကမ်း

အကောက်တောင် ဆိပ်ကမ်းအနီးမှ လှေများ


အကောက်တောင် အတက်လမ်း

အကောက်တောင် အတက်လမ်း

ကမ်းဆိပ်ကနေ တောင်ပေါ်တက်တဲ့အခါ တစ်ချို့နေရာ လှေကား တစ်ချို့နေရာ မြေညီတောင်ပတ်လမ်းနဲ့ တက်ရပြီး အတက်က တော်တော်ပြေပါတယ်။ အရမ်းအမြင့်ကြီးလည်း မဟုတ်ပါဘူး။ လမ်းတစ်လျှောက် ဈေးသည်လေးတွေ ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ထိုင်ရောင်းနေတာ တွေ့ရပါတယ်။ ကိုယ်လည်း ကလေးအဖော်နဲ့ တက်ရင်း စပ်စုကြည့်တော့ ကလေးက ၇ တန်း ကျောင်းသားပါ။ ကျောင်းတက်ရင်း ပိတ်ရက်တွေ မှာ ဒီကို လာပြီး ခရီးသည်တွေကို ကူညီတဲ့ အလုပ်ကို လုပ်နေတာပါ။ အရမ်းချစ်ဖို့ ကောင်းပါတယ်။ စကားဝဲလွန်းလို့ အမျိုးသားက နားမလည်ပါဘူး။ စကားပြောတဲ့အခါ ရိုးသားတဲ့ဟန်က အထင်းသားပေါ်ပါတယ်။ ကိုယ်က အညာလေသံ၊ သထုံလေသံ၊ မွန်လေသံ အမျိုးမျိုးကို နားရည်ဝအောင် နားထောင်နေကျဆိုတော့ သူဘာပြောနေလဲဆိုတာ နားလည်ပါတယ်။ အမျိုးသားနဲ့ သူနဲ့ ကြားမှာ စကားပြန်လည်း လုပ်ရပါသေးတယ်။ 


ဧရာဝတီရဲ့ မြေနုကျွန်း

အကောက်တောင်မှ မြင်ရတဲ့ ဧရာဝတီမြစ်

တောင်ပေါ်မှာတော့ စေတီတစ်ဆူ ရှိပါတယ်။ မုန့်ဈေးဆိုင်တန်းလည်း ရှိပါတယ်။  ကလေးကို မုန့်လက်ဆောင်းသောက်မလားဆိုတော့ သူက ခေါင်းညိမ့်ပါတယ်။  သောက်ပြီး ပိုက်ဆံရှင်းတော့ ခေါ်တုန်းက တစ်ဈေး၊ တကယ်ယူတော့ တစ်ဈေးဖြစ်နေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ကလေးက ပြောမလို့ ပါးစပ်ပြင်တုန်း ကိုယ်က ရတယ်သား ထားလိုက်လို့ ပြောတာကို မျက်မှောင်ကြီးကုပ်ပြီး ဈေးသည်ကို ကြည့်တာမြင်ရတာ အရမ်းသဘောကျမိပါတယ်။ ကိုယ့်အနေနဲ့က သူတို့ ပိုယူတဲ့ဈေးက တကယ်တမ်း မဖြစ်စလောက်လေး ဖြစ်နေတာရယ်၊ ပိုယူတဲ့ဈေးကတောင် ရန်ကုန်ထက် အများကြီးသက်သာနေတာရယ်။ သူတို့တွေ ဒီတောင်ပေါ်အထိ ပင်ပင်ပန်းပန်း သယ်ယူပြီးရောင်းမှ ဒီလောက်ကလေး ပဲ ရတာရယ်တွေးပြီး ထားမိတာပါ။ 


မုန့်လက်ဆောင်း အေးအေးမွှေးမွှေးချိုချိုလေး


အကောက်တောင် မျှစ်ချဉ်

အဲဒိဆိုင်မှာပဲ မျှစ်ချဉ်ထုပ်ကလေးတွေရောင်းပါတယ်။ ငါးဖယ်ချဉ် ပုစွန်ချဉ်တို့လို မျှစ်နုနုလေးတွေကို ထမင်းနဲ့ အချဉ်တည်ထားတာပါ။ သုပ်ပြီးသားကို အမြည်းအနေနဲ့ကျွေးလို့ အိမ်အတွက်ဝယ်ခဲ့ပါသေးတယ်။ ၃ ထုပ် တစ်ထောင်ထင်ပါရဲ့။ 

အနောက်ဘက်ကို ဆင်းသွားရင် ဘုန်းကြီးကျောင်းရှိပြီး ဇရပ်ထဲမှာ လာသမျှပရိသတ်ကို ထမင်းကျွေးဧည့်ခံပါတယ်။ ကိုယ်တို့လည်း ထပ်စားလိုက်ပါသေးတယ်။ ကလေးကို ခေါ်ပေမယ့် သူက သားဗိုက်ပြည့်နေတယ် ဆိုပြီး ငြင်းပါတယ်။ ဇရပ်အပြင်ဘက်ရင်ပြင်တော်ပေါ်က ခုံတန်းလျားလေးကနေ ထိုင်စောင့်နေပါတယ်။ 


အကောက်တောင်နှင့် ဧရာဝတီ

ပဲဝတုတ်

ညောင်ပင်မှာ အဲလိုထောက်ကြတယ် အသက်ရှည်ရာ ရှည်ကြောင်းပေါ့

ကိုယ်တို့ ပြန်အထွက်မှာတော့ သူက ဟိုးနောက်ဘက်မှာ ဘုရားတွေ ရှိသေးတယ်ဆိုပြီး လိုက်ပို့ပါတယ်။ အပြန်ရင်ပြင်တော်ပေါ် ပြန်တက်တော့ ဓာတ်ပုံရိုက်၊ ညောင်ထောက်၊ ခဏနားပြီး ပြန်ဆင်းခဲ့ပါတယ်။

အပြန်မှာလည်း ကလေးရဲ့ ချစ်စရာကောင်းပုံက ဒီခရီးစဉ်တစ်ခုလုံး ကိုယ့်အတွက် အမှတ်တရ ဖြစ်စရာ အများဆုံးပါ။ အပြန်ထုံးဘိုကမ်းဘက် ပြန်ရောက်ပြီး ကလေးကို နုတ်ဆက်ပြီး လမ်းခွဲပါတယ်။ ကားရပ်ထားတဲ့နေရာမှာ ကားတွေ ဖြစ်သလိုရပ်ထားတာကြောင့် ရှေ့မှာ ကားတစ်စီး ပိတ်နေလို့ ထွက်လို့မရပါဘူး။ ဘုရားဖူးလာတာဖြစ်လို့ ခါတိုင်းလို လောလော လောလော ကွန်ပလိန်းမတက်ဘဲ သူလည်း မြင်နေရတဲ့ ဈေးဆိုင်လေးမှာ ဆေးလိပ်သွားဝယ်၊ ကိုယ်လည်း ဆိုင်လေးတစ်ဆိုင်က ခုံအလွတ်လေးမှာ ထိုင်နေဖြစ်ပါတယ်။ အတော်ကြာတဲ့အခါ ရှေ့ကားက လူရောက်လာပြီး တောင်းပန်ရင်း သူတို့ကား ထွက်သွားပါတယ်။ ကားထွက်လို့ရပေမယ့် မထွက်သေးဘဲ သူဆေးလိပ်သောက်အပြီး စောင့်ရင်း စကားထိုင်ပြောနေကြတာ တော်တော်လေးကြာတဲ့အချိန်မှာ  ခုက ကလေး အနားပြန်ရောက်လာပါတယ်။ ကိုကြီးတို့ ကားဘာဖြစ်လို့လဲ သားဟိုက လှမ်းကြည့်တာ ကြာလှပြီ မထွက်သေးလို့ တခုခုဖြစ်လို့လားဆိုပြီး သူပြန်လာတာတဲ့။ ကိုယ်တို့နှစ်ယောက်လုံး ကြွေဆင်းသွားတာပဲ။   

နေ့လည်စာစားချိန်ရောက်နေပမယ့် ပြည်ကို ပြန်ရောက်မှပဲ စားမယ်ဆိုပြီး အပြန်ကို တောက်လျှောက်မောင်းလာပါတယ်။ ပြည်ရောက်တော့ နေ့လည် ၂ နာရီလောက်ရှိပါပြီ။ ဟိုတယ်ဘွတ်ကင်လုပ်တုန်းက ကိုယ်တို့တည်းမည့်ရက် အခန်းလွတ်မရှိလို့ မတည်းခဲ့ရတဲ့ မင်္ဂလာ ဂါးဒန်း ဟိုတယ် မှာပဲ နေ့လည်စာ သွားစားခဲ့ပါတယ်။


မင်္ဂလာဂါးဒန်း ရီဆော့

နေ့လည်စာ

နေရာက အေးဆေးတိတ်ဆိတ်ပြီး ကြည်နူးစရာ ဖြစ်ပေမယ့် စားသောက်စရာကတော့ ဆိုလောက်အောင်မကောင်းပါဘူး။ ဆီသုံးများပါတယ်။ 

အပြန် လက်ဆောင်ဝယ်ပြီး ပြည်ကထွက်တော့ ညနေ ၃ နာရီပါ။ ရန်ကုန်အ၀င်နောက်ကျတော့မယ်ဆိုပြီး စားချင်တဲ့ ပြည်ဒေါ်ဥ ထမင်းသုပ်ဆိုင်လေးတောင် မရှာနိုင်တော့ပါဘူး။ နောက် ရွှေဘုံသာမုနိဘုရားလည်း မဖူးခဲ့ရပါဘူး။ နောက်တစ်ခေါက်လာဦးမယ်လို့တေးရင်း ဒီ ပြည်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

နောက်တစ်ခါ ကမ်းခြေသွားရအောင်။ လိုက်ခဲ့ကြဦးနော်။

ပြည် ဘုရားဖူး သွားကြမယ် (၁)

ပြည် ဘုရားဖူး သွားကြမယ် (၂)

ပြည် ဘုရားဖူး သွားကြမယ် (၁)

၂၆ ဒီဇင်ဘာ ၂၀၁၅
ရွှေတောင်၊ ပြည်၊ သရေခေတ္တရာ။

ပြည်မြို့ ဗိုလ်ချုပ်ရုပ်တု

ဒီတစ်ခေါက်မြန်မာပြည်ပြန်တာ အရမ်းတန်တယ်လို့ ခံစားရပါတယ်။ ကိုယ်သွားချင်တဲ့ ခရီးတွေ သွားနေရတာကိုး။ ပြင်ဦးလွင်က အပြန်မှာ နောက်ထပ် ခရီးတိုလေးအဖြစ် ပြည်ကို တစ်ညအိပ် နှစ်ရက်ခရီး သွားရောက်လည်ပတ်ခဲ့ပါတယ်။


အိမ်ကနေ မနက် ၅ နာရီလောက် စထွက်ပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ မြို့ဖြစ်တာကြောင့် မသွားခင် လမ်းအရင်မေးတော့ အရယ်ခံရပါတယ်။ ပြည်လမ်းအတိုင်း တည့်တည့်သွား၊ လမ်းဆုံးရင် ပြည်ရောက်မယ်တဲ့။ ကိုယ်ကလည်း ခေသူတော့ မဟုတ်ပါဘူး။ google map က ကြည့်ပြီးသားပါ။ သေချာအောင် ထပ်မေးရတာဟာကို။ မြေပုံမှာ ကားမောင်းချိန် ၅ နာရီခွဲလို့ ပြပေမယ့် ကိုယ်ကတော့ ၂ နာရီလောက် ထပ်ပေါင်းပါတယ်။ သူကားမောင်းမြန်တာလည်း ကိုယ်မကြိုက်တာ တစ်ကြောင်း၊ လမ်းမှာ ဟိုဝင်ဒီဝင် အေးဆေး ထိုင်စားဦးမှာ ဖြစ်တာတစ်ကြောင်းမို့ပါ။

မနက်စာ မုန့်ဟင်းခါး ဗူးကြော်နဲ့

တိုက်ကြီးက လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ မနက်စာ ၀င်စားပါတယ်။ စားပြီးဆက်အထွက်မှာ လမ်းမပေါ်မှာပဲ အကြော်တဲတစ်ခု မြင်တာနဲ့ ရပ်ပြီး အကြော်ဆင်းဝယ်ပါတယ်။ သူက ကားမောင်းကိုယ်ကတော့ မုန့်စားရင်းပေါ့။ လမ်းဘေး တစ်ဘက်တစ်ချက် သစ်ပင်တန်းတွေနဲ့ ပြည်လမ်းက သာယာလှပါတယ်။ လမ်းကတော့ ကောင်းပေမယ့် ကျဉ်းပါတယ်။ ကားသေးနှစ်စီး ရှောင်သာရုံလေး ရှိတာပါ။ ဆိုင်ကယ်၊ တုတ်တုတ်နဲ့ စက်ဘီးတို့ကိုလည်း လမ်းခရီးတစ်လျှောက် တောက်လျောက် တွေ့ရပါတယ်။  ခရီးသွားကားကြီးတွေရဲ့ အရှိန်က ပြင်းလွန်းတာကြောင့်ရော၊ အနှေးယာဉ်လေးတွေကို ဖြည်းဖြည်းချင်း ကျော်နေရတာရောကြောင့် ကိုယ်တို့ကားရဲ့ မောင်းနှုန်းက ကီလို ၆၀ တောင် မပြည့်ချင်ပါဘူး။   ဥက္ကံ၊ သာယာဝတီ၊ လက်ပံတန်း တို့ကို ဖြတ်လာတော့ တောင်သူလယ်သမား အရေးတော်ပုံကို သတိရမိပါတယ်။

ရွှေတောင် ရွှေမျက်မှန် ဘုရား

ရွှေတောင် ရွှေမျက်မှန်ဘုရား ပွဲဈေးတန်းမှ စောင်၊ လွယ်အိတ်ဆိုင်

ရွှေတောင် ရွှေမျက်မှန်ဘုရားကြီး မုဒ်ဦးအ၀င်ဝ


ရွှေတောင် ရွှေမျက်မှန်ဘုရားကြီး ရင်ပြင်တော်တနေရာ

နို့အေးချောင်းလေး ၀ယ်စားခဲ့တယ်

မုန့်သိုင်းခြုံဆိုင်

ကြို့ပင်ကောက်၊ ဇီးကုန်း၊ အင်းမတို့ ကျော်ပြီးမှာတော့ ရွှေတောင်ကို နေ့လည် ၁၁ နာရီခန့်မှာ ၀င်ပါပြီ။ လမ်းမကနေ ဗယ်ဘက်ကို ချိုးလို့  ရွှေမျက်မှန်ဘုရားကို ၀င်ဖူးပါတယ်။ ကံကောင်းချင်တော့ ဘုရားပွဲဈေးတန်းနဲ့ တိုးပါလေရော။ ဘုရားနားထိ ကားကို မောင်းလို့မရတော့ လမ်းဘေး တစ်နေရာမှာပဲ ထားခဲ့ပါတယ်။ နေ့လည်ဘက်ဆိုတော့ လူအရမ်းမစည်ပေမယ့် ဆိုင်တော်တော်များများဖွင့်ထားပါတယ်။ ဟိုငေးဒီငေးနဲ့ ပဲ ဘုရားဆီလမ်းလျှောက်ကြပါတယ်။ ဘုရားဝင်းထဲက ဆိုင်မှာ အမေမှာလိုက်တဲ့ ယိုစုံဗူး ၀ယ်လာခဲ့ပါသေးတယ်။


ရွှေတောင်မြို့ ပြည်လမ်းမပေါ်က အိုဆာကာ ရွှေတောင်ခေါက်ဆွဲ

စားလို့ ကောင်းမှကောင်း... အုန်းနို့ဆီချက်လေးပါ ပေးသေးတယ်...လူတိုင်းတစ်ယောက်နှစ်ပွဲပဲ

ဘုရားက ပြန်အထွက် ဗိုက်ဆာနေပြီဆိုတော့ အိုဆာကာ ရွှေတောင် ခေါက်ဆွဲဆိုင်မှာ ရွှေတောင် ခေါက်ဆွဲ ၀င်စားပါတယ်။ အရမ်းစားလို့ကောင်းတဲ့ ဆိုင်ပါပဲ။ ဆိုင်ထဲမှာ ပြုံးစရာတစ်ခု ကြုံခဲ့ပါသေးတယ်။ ကောင်လေးနှစ်ယောက် ဆိုင်ကယ်ရပ်ပြီး ဆိုင်ထဲဝင်လာပါတယ်။ စားပွဲထိုးကောင်မလေးက အကို ဘယ်နှစ်ပွဲလဲလို့ မေးတော့ သူက မုန့်ဟင်းခါးရလားလို့ မေးပါတယ်။ ကောင်မလေးက မရပါဘူး အကိုဆိုတော့ နန်းကြီးသုပ်ရောလို့ မေးပါတယ်။ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ ဆိုင်ရှင်ဖြစ်ပုံရတဲ့ လူကြီးတစ်ယောက်က လှမ်းပြောပါတယ်။ ဒီမှာ ရွှေတောင်ခေါက်ဆွဲပဲ ရပါတယ်တဲ့။ အဲဒိမှာ ကောင်လေးတွေ က စိတ်ရှုပ်သွားဟန်နဲ့  အဲဒိတစ်မျိုးထဲပဲရတာလား၊ တခြား ဘာမှ မရဘူးလားတဲ့။ လူကြီးက အေး အဲဒိတစ်မျိုးပဲရတယ်။ မင်းတို့ ဆိုင်ထဲမ၀င်ခင် ဆိုင် ဆိုင်းဘုတ်အရင် ဖတ်ခဲ့ဖို့ကောင်းတယ်ဆိုပြီး ဘုတောပါလေရော။ ဆက်ပြောသေးတယ်။ ဟိုမှာတွေ့လား ရေးထားတာ ရွှေတောင်ခေါက်ဆွဲလို့။ ကောင်လေးနှစ်ယောက်လည်း ဒေါသထွက်ပြီး ဆိုင်ထဲက ပြန်ထွက်သွားပါလေရော။ ကိုယ်တို့လည်း တစ်ယောက်နှစ်ပွဲနှုန်း လွေးကြပါတယ်။ တစ်ပွဲ တစ်ထောင် ထင်ပါရဲ့။  ဆိုင်မှာ တစ်ခုကောင်းတာက ဘာစားရင်ကောင်းမလဲ စဉ်းစားစရာ မလိုတော့ဘူး စားပွဲထိုးကလေးတွေကလည်း မေးကတည်းက လူအရေအတွက်ကြည့်ပြီး ပွဲအရေအတွက် သေချာအောင် မေးရုံပါပဲ။ ရန်ကုန်မှာ ဆိုင်ခွဲရှိတယ်လို့ သိရပါတယ်။

ပြည်မြို့အ၀င် ဆိုင်းဘုတ်

Lucky Dragon Hotel ၀င်း

ရွှေတောင်ကနေ ပြည်ကတော့ နာရီဝက်လောက်ပဲ မောင်းရတာပါ။ ရန်ကုန်ကနေ လှမ်းပြီး ဘွတ်ကင်တင်ထားတဲ့ ဟိုတယ်က ကမ်းနားမှာရှိတဲ့ Lucky Dragon Hotel ပါ။  ဘန်ဂလိုပုံစံ အခန်းလေးတွေပါ။ ဟိုတယ်အ၀င်ဝမှာ ရေကူးကန် သေးသေးလေး ရှိပါတယ်။  ဟိုတယ် ချက်အင် ၀င်ပြီးတာနဲ့ ခဏနား ရေချိုး အ၀တ်အစားလဲပြီး သရေခေတ္တရာမြို့ဟောင်းကို သွားကြပါတယ်။


ဟိုတယ်မှ သရေခေတ္တရာမြို့ဟောင်းသို့ 

မြို့ဟောင်းရောက် တောသူမ တစ်ယောက်

သရေခေတ္တရာ ပျူမြို့ဟောင်း အထိမ်းအမှတ် ကျောက်တုံးနဲ့

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း မှာ  မြို့တံခါးပေါက်ကိုးခု ဘုရားစေတီ ၉၀ အပါအ၀င် သိမ်၊ ဂူဘုရား၊ ဘုန်းကြီးကျောင်း၊ အရိုးအိုးကုန်း၊ အုတ်ကုန်း၊ ကျုံး စုစုပေါင်း ရှေးဟောင်း အဆော
က်အအုံ ၂၇၀ ခန့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မြို့ရိုးမှာ ထုထည်ကြီးမားပြီး အ၀န်းအ၀ိုင်းပုံဖြစ်ပါတယ်။ မြို့ရိုးတောင်ဘက်တွင် ဘောဘော၊ ဘဲဘဲနှင့် လေးမျက်နှာဘုရားတို့ ရှိပါတယ်။ မြို့ရိုး အပြင်ဘက် တောင်စူးစူးမှာ ဗိသာနိုး မိဖုရား သချိင်္ုင်း ရှိပါတယ်။

မြို့ရိုးအဟောင်း


ရဟန္တာ တံခါး

ပြတိုက်အတွင်းမှ ပျူလူမျိုးတို့အကြောင်း

မြို့ဟောင်းဆိုပေမယ့် ပုဂံလို ဟိုနေရာ ထိုးထိုးထောင်ထောင် ဒီနေရာ ထိုးထိုးထောင်ထောင် အဆောက်အအုံတွေ ဘုရားတွေကို မြင်နေရတာ မဟုတ်ပါဘူး။ တူးဖော်ထားတဲ့ မြို့ရိုးတွေကိုသာ အုတ်ပုံအဖြစ် မြင်နေရတာပါ။ တစ်နေရာနဲ့ တစ်နေရာလည်း ဝေးပါတယ်။ ပထမဆုံး ပြတိုက်ကို အရင်ဝင်ပါတယ်။ ပြတိုက်မှာ မြို့ရိုးတူးဖော်ရမှာ ရရှိခဲ့တဲ့ ပစ္စည်းများကို ပြသထားပါတယ်။ ရွှေ၊ ငွေ၊ ခဲ၊ ကြေး အရုပ်များ၊ မြေ၊ ဂေါဒန်၊ မဟူရာ၊ ကျောက်သလင်း၊ ကျောက်စမ်း ပုတီးများ၊ ၏ပျူ ဒင်္ဂါးပြားများ၊ အရိုးအိုးကျောက်စာများကို ပြသထားပြီး အေးအေးလူလူ လေ့လာရင်း ဓာတ်ပုံရိုက်ခွင့်လည်း ပြုထားပါတယ်။
ရဟန္တာကန်နှင့် ဘောဘောကြီး ဂူဘုရား

ပြတိုက်က ထွက်ပြီး မြို့ဟောင်းဝန်းကျင်ကို လိုက်ကြည့်ပါတယ်။ လမ်းတွေက ကျဉ်းပြီးမကောင်းတော့ ဆိုင်ကယ်နဲ့ သွားမှ ပိုအဆင်ပြေမှာပါ။ တစ်နေရာနဲ့ တစ်နေရာ ဝေးတယ်ဆိုတော့ ကားကိုထားပြီး လမ်းလျှောက်ကြည့်လို့လည်း အဆင်မပြေတာမို့ ကားနဲ့ပဲ ရသလောက်မောင်းပြီး ကြည့်ခဲ့ပါတယ်။

ဘောဘောကြီး ဘုရားသို့

ဘောဘောကြီးဘုရား

ရဟန္တာကန်

မြို့ဟောင်းရဲ့ အထင်ရှားဆုံးနဲ့ အကြီးဆုံးကတော့ ဘောဘောကြီး ဂူဘုရားပါပဲ။ ရဟန္တာကန်ကနေ လှမ်းမြင်နေရတဲ့ ဘောဘောကြီး ဂူဘုရားဟာ ငါတို့ လူမျိုးတွေဟာ ခုမှပေါ်လာတဲ့ လူမျိုးမဟုတ်ဘူး။ ဟိုးပဝေသဏီကတည်းက ခမ်းခမ်းနားနားနေလာခဲ့တယ်ဆိုတဲ့ အမျိုးမာနလေးကို လှစ်ခနဲ ၀င်စေပါတယ်။

ရဟန္တာဂူဘုရား

ချစ်ဖို့ကောင်းတဲ့ စစ်စီးသုတ်ထားတဲ့ အမှိုက်ပုံး

ရဟန္တာဂူဘုရားထဲကိုလည်း ၀င်ခဲ့ပါသေးတယ်။ သမိုင်းမကျေခဲ့တော့ ခေါင်းငုံ့ပြီးဝင်ရတဲ့ ဒီဂူဘုရားသေးသေးလေးထဲမှာ ဘာလို့ နံရံကပ် အုတ်ခွက်ဘုရားတွေ ပူဇော်ထားတယ်ဆိုတာ မသိခဲ့ပါဘူး။ လူကတော့ တော်တော်ရှင်းပါတယ်။ လူငယ် တစ်စုကိုသာ ဆိုင်ကယ်တွေနဲ့ ခဏတွေ့လိုက်ရပြီး နောက်လုံးဝ မတွေ့တော့ပါဘူး။ လူသူမတွေ့တော့ ဆိုင်းဘုတ်ညွှန်ရာကိုသာ စမ်းတစ်ဝါးဝါး မောင်းရင်း လိုက်ကြည့်ရပါတယ်။ ဗိသနိုးမိဖုရား သချိင်္ုင်းလို့ ညွှန်ထားတဲ့ဘက်ကို သွားရင်း ကွင်းပြင်ကြီးထဲ ရောက်ပြီး ဘာမှလည်း မတွေ့ရ၊ မေးရမယ့်သူလည်းမရှိ နဲ့ မထူးပါဘူး ရှေ့သာမောင်းကွာဆိုပြီး သွားကြတာ နောက်ဆုံး ရွာတစ်ရွာထဲ ရောက်သွားပါတယ်။ အဲဒိကျမှ ပြည်မြို့ကို ဘယ်လို ပြန်ရမလဲ မေးမြန်းပြီး ပြန်ခဲ့ရပါတယ်။ မြို့ရိုးရဲ့ တခြားတစ်ဘက်ထိကို ရောက်သွားခဲ့ပုံပါပဲ။ ပြည်မြို့ကို တော်တော်ဝေးဝေး မောင်းပြီးပြန်ခဲ့ရပါတယ်။


ပြည်ကမ်းနားက အကြော်စုံ

ပြည် ကမ်းနားလမ်း

ပြည်မြို့ ဧရာဝတီမြစ်ဆည်းဆာ

ညနေလည်းစောင်းပြီဆိုတော့ ကမ်းနားဘက်က အကြော်ဆိုင်မှာ ထိုင်ရင်း ဧရာဝတီရဲ့ နေ၀င်ချိန်အလှကို ခဏထိုင် ခံစားပြီးမှ ဟိုတယ်ပြန်ကြပါတယ်။ ရေချိုး အ၀တ်အစားလဲပြီး ပြည်မြို့ရဲ့ ရွှေဆံတော်ဘုရားကို လမ်းလျှောက်ကြပါတယ်။ ဟိုတယ်ကနေ ၁၀ မိနစ်လောက်ပဲ လျှောက်ရတာပါ။ ဟိုတယ် ကပ်ရပ်လမ်းက ညဈေးလေး ရှိပါတယ်။ ညစာကို ဟိုဟာစားမယ် ဒီဟာစားမယ်နဲ့ ဈေးတန်းမှာ ရှိမမျှမုန့် စိတ်နဲ့ ပစ်မှားရင်း ဘုရားကို ရောက်ခဲ့ပါတယ်။

ပြည်ရွှေဆံတော် ဘုရား


လေးမျက်နှာဘုရား

ဘုရားရိပ်တရားရိပ်ဟာ ဘယ်အချိန်မဆို အေးမြစေပေမယ့် ညအချိန် လသာသာဆိုရင်တော့ တခြားအချိန်တွေထက် ပိုအေးမြစေတယ်လို့ ခံစားရပါတယ်။ အဲဒါနဲ့ပဲ နောက်ပိုင်း ဘုရားတက်ဖြစ်ရင် ညဘက်တွေ ပိုပိုများလာခဲ့ပါတယ်။ ရွှေဆံတော်ဘုရားကနေ လေးမျက်နှာဘုရားကို လှမ်းဖူးမြင်ရတာ အရမ်းကို သပ္ပာယ်လွန်းလှပါတယ်။
လပြည့်ည

ပြည်ရွှေဆံတော်ရောက် ဖိုးဝရုပ်စုံတွဲ

အပြန်ကို ညဈေးတန်းက မုန့်ပေါင်းစုံဝယ်ပြီး ဟိုတယ်ရောက်မှ စားကြပါတယ်။ ဗိုက်ကားသွားပြီ။ အိပ်တော့မယ်။ မနက်ဖြန်မနက်ကို အကောက်တောင်သွားမယ်။ လိုက်ခဲ့ကြပါဦးနော်။

ပြည် ဘုရားဖူး သွားကြမယ် (၁)
ပြည် ဘုရားဖူး သွားကြမယ် (၂)

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...