စက်တင်ဘာ ၁၁ ရက်နေ့ကို စင်ကာပူနိုင်ငံရဲ့ မဲပေးတဲ့ ရက်ဖြစ်တဲ့အတွက် ဟောလီးဒေးလို့ ရုတ်တရက်ကြေငြာလိုက်ကတည်းက ခရီးတိုလေးတစ်ခု စိတ်ပြေလက်ပျောက်သွားချင်နေခဲ့တာပါ။ အဲဒိနေ့က သောကြာဆိုတော့ တနင်္ဂနွေထိဆို ၃ ရက်ခရီးသွားလို့ရတယ်ပေါ့။ ဒါပေမယ့် ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ အချိန်ဆွဲလာလိုက်တာ စက်တင်ဘာ ၄ ရက်နေ့ကျမှပဲ မလေးရှားနိုင်ငံ ကင်မရွန်း ဟိုင်လန် (cameron highlands) ကို သွားကြစို့လို့ အဖြေထွက်လာပါတယ်။
အဲဒိနေ့ပဲ စီးတီးဟောက ပင်နီစူးလား (penisula plaza) မှာ ဗီဇာ သွားလျှောက်ပါတယ်။ နောက်တစ်နေ့ကျတော့ တရုတ်တန်း (china town) မှာ ရှိတဲ့ တိုး တွေကို မေးမြန်းစုံစမ်းကြပါတယ်။
စင်ကာပူကနေ ကင်မရွန်းကို သွားတဲ့ကားတွေက ညဘက်မှာပဲ ထွက်ကြပြီး သောကြာနေ့ ခရီးအတွက် ကြာသပတေးည ထွက်မှ အဆင်ပြေမှာပါ။ ၁၀ နာရီလောက် ကြာတဲ့ ခရီးဆိုတော့ အဲဒါမှ ဟိုကို မနက်စောစောရောက်ပြီး လည်ချိန်ပတ်ချိန် ပိုရမှာပါ။ ပြသနာက အဲဒိမှာ စတာပါပဲ။ ကြာသပတေး ညကားတွေ လုံးဝ မရှိတော့ကြောင်း ၀င်စုံစမ်းသမျှ တိုးကုမ္ပဏီတွေက အကြောင်းပြန်ပါတယ်။ သောကြာညဆိုရင်တော့ လက်မှတ်ကျန်ပါသေးတယ်။ ဒါပေမယ့် တနင်္ဂနွေ ဟိုက ပြန်လာမယ့်ကားတွေလည်း လက်မှတ်ကုန်ပြီလို့ ပြောပါတယ်။ သောကြာညကားနဲ့ထွက် စနေမနက်ရောက်၊ ရောက်ရောက်ချင်း ပြန်လာရမယ့် ကိန်းဆိုက်သွားပါပြီ။
လင်မယားနှစ်ယောက်သား စိတ်မလျှော့ကြပါဘူး။ ဒီတရုတ်တန်းက တိုးတွေက ယိုးဒယားတန်း (Golden Mile Plaza) က ထွက်တဲ့ကားတွေကို အေးဂျင့်အနေနဲ့ ပြန်ရောင်းတာမလား။ ဒီတော့ ပင်ရင်းကို သွားရင် ကျန်နိုင်သေးတယ်ဆိုပြီး ဂိုးလ်ဒင်းမိုင်း ပလာဇာကို ဆက်ကြပြန်ပါတယ်။ ဟိုရောက်တော့လည်း ဒီအဖြေပါပဲ။ မောမောပန်းပန်းနဲ့ ကျိတ်မနိုင်ခဲမရဖြစ်ပြီး ယိုးဒယားစာစားပြီး ပြန်လာကြပါတယ်။
အမှန်တော့ ၂၀၀၉ ခုနှစ်က တစ်ခေါက်ရောက်ဖူးပြီးသားပါ။ ဒါပေမယ့် မျက်လုံးထဲမှာ အေးမြတဲ့ ရာသီဥတုရယ် ၊ စိမ်းစိုနေတဲ့ တမျှော်တခေါ် လက်ဖက်ခင်းတွေရယ်ကို မြင်ယောင်မိတော့ စိတ်ထဲ ကလိကလိနဲ့ ပိုသွားချင်လာပါတယ်။ အမျိုးသားကတော့ နောက် ဟာရီယာရ (Hari Raya) ပိတ်ရက်ရှိသေးတာပဲ။ သောကြာနေ့တစ်ရက် ခွင့်ယူလိုက်။ ရက်တောင် ပိုရသေးတယ်လို့ နှစ်သိမ့်ပါတယ်။ ခွင့်ကလည်း နှစ်ကုန် ရန်ကုန်ပြန်ဖို့ စုထားတာဆိုတော့ မသုံးချင်ပါဘူး။
နောက်နေ့တွေ တခြား ဘယ်လို သွားလို့ရသေးလဲ အင်တာနက်မှာ ရှာတော့ တိုက်ရိုက်မဟုတ်ဘဲ တဆင့်သွားမယ့် နည်းလမ်းနှစ်ခု တွေ့ပါတယ်။ အဲဒါကတော့
၁။ Singapore - KL - Cameron Highlands
၂။ Singapore - Ipoh - Cameron Highlands
ကွာလာလန်ပူကနေသွားရင် ပြသနာက အဲဒိကို အစောကြီးရောက်သွားပြီး ကင်မရွန်းကို ထွက်တဲ့ကားက နောက်ကျတော့ အချိန်တော်တော်ကွာနေပါတယ်။
အီပိုးကနေ သွားရင်တော့ အဆင်ပြေမယ်ဆိုပြီး အဲဒိလမ်းကြောင်းကို ရွေးကြပါတယ်။
(Singapore-Ipoh-Cameron Highlands)
ဗုဒ္ဓဟူးနေ့ နေ့လည်မှာ လျှောက်ထားတဲ့ဗီဇာ ရပါပြီ။ ကြာသပတေးညထွက်မယ့်ကားကို ဗုဒ္ဓဟူးနေ့ညမှာပဲ အွန်လိုင်းက လက်မှတ် ၀ယ်ပါတယ်။ ဟိုတယ်ကိုလည်း တစ်ခါတည်း ဘွတ်ကင် (booking) လုပ်ပါတယ်။ နှစ်ခုလုံး ပိုက်ဆံက အကြေချေရတာပါ။
ကားလက်မှတ်နဲ့ ဟိုတယ်
ကားလက်မှတ်က စင်ကာပူ- အီပိုး လမ်းကြောင်းကိုပဲ ၀ယ်လို့ရပါတယ်။ အီပိုး ကနေ ကင်မရွန်း ကို အွန်လိုင်းမရောင်းပါဘူး။ ဟိုရောက်မှပဲ ကြည့်ဝယ်မယ်လို့ နှစ်ယောက်သား ဆုံးဖြတ်ကြပါတယ်။
ကားလက်မှတ်ကို ဒီဆိုဒ် က ၀ယ်တာပါ။ ဟိုတယ် ကိုတော့ Expedia က book လုပ်ပါတယ်။
Century Pines Resort မှာ နှစ်ညစာ ၀ယ်လိုက်ပါတယ်။ မနက်စာ ပါပါတယ်။ ကားလက်မှတ်နဲ့ ဟိုတယ် ကိစ္စပြီးပြီဆိုတာနဲ့ နှစ်ယောက်သား အ၀တ်အစားအိတ်ပြင်ရပါတော့တယ်။ ဖြစ်ချင်တော့ နောက်နေ့မနက် သူငယ်ချင်းတစ်ယောက်က သူပါလိုက်မယ် လို့ ပြောပါတယ်။ သူ့မှာ ဗီဇာက အဆင်သင့် ရှိပါတယ်။ အဲဒါနဲ့ သူ့အတွက် လက်မှတ်ထပ်ဝယ်ပေး၊ ဟိုတယ် ဘွတ်လုပ်ပေးတာ အကုန်အဆင်ပြေတာနဲ့ နှစ်ယောက်သွားမယ့် ခရီးကနေ သုံးယောက်ခရီး ဖြစ်သွားပါတယ်။
စင်ကာပူ - အီပိုး (Singapore - Ipoh)
စင်ကာပူကနေ အီပိုးကို ကားစီးချိန် ၈ နာရီလို့ သိထားတော့ မနက် ၆ နာရီလောက် အီပိုးက အမန်ဂျရ ကားဝင်းကို (Amanjaya Terminal) ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထက်လည်း ကြာနိုင်တယ်ပေါ့လေ။ ကားပေါ်က ၀ိုင်ဖိုင်အားကိုးနဲ့ ဂူဂယ် မြေပုံ (google map) ကို ဖွင့်ပြီး ကြည့်နေတော့ ကားဝင်းရောက်ခါနီးပြီဆိုတာ သိရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဒီကားက အီပိုးမှာ ဂိတ်ဆုံးမှာဆိုတော့ တစ်ကားလုံးကလူတွေ အဲဒိကားဝင်းမှာပဲ ဆင်းမယ်ထင်လို့ သေသေချာချာ ပြင်ဆင်မထားမိပါဘူး။ ဝေလီဝေလင်းအချိန် ကားဝင်းထဲရောက်တော့ ဒရိုင်ဘာက အမန်ဂျရ.. ဘယ်သူဆင်းမှာလဲ လို့ အော်မေးပါတယ်။ အဲဒိကျမှ ကပျာကယာ သူငယ်ချင်းကို လက်တို့ပြီး အထုတ်တွေ ဆွဲချ ဆင်းရပါတယ်။ တကယ်တန်းဆင်းတာ ကိုယ်တို့ ၃ ယောက်ထဲပါ။ ကားဝင်းက မြို့ပြင်မှာ ရှိတာဆိုတော့ ကားက မြို့ထဲ ဆက်သွားတယ်လို့ ယူဆရပါတယ်။ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ဆင်းလာတာ ဒရိုင်ဘာကိုတောင် ဘယ်ဆက်သွားမှာလဲ စပ်စုချိန်မရပါဘူး။ ၃ ယောက်သား ကားဝင်း အဆောက်အအုံထဲဝင်လာတော့ ကားရပ်ပေးတာ အဆောက်အအုံရဲ့ ဒုတိယထပ်ပါ။ စားသောက်ဆိုင်တွေ၊ တခြား ဆိုင်လေးတွေ ရှိပေမယ့် စောနေသေးတော့ အကုန်ပိတ်ထားပါတယ်။ မနက် ၆ နာရီပဲ ရှိသေးတာကိုး။ လူတစ်ချို့တစ်လေ စားသောက်ဆိုင်ရှေ့က ထိုင်ခုံတွေမှာ အထုတ်အပိုးတွေနဲ့ တွေ့ရပါတယ်။
အမန်ဂျရ ဘတ်စကား ၀င်းရှေ့၊
အီပိုး - ကင်မရွန်း ဟိုင်လန် (Ipoh - Cameron Highlands)
အမျိုးသားက အောက်ထပ်ဆင်းကြည့်ပြီး ခဏနေ ပြန်တက်လာပါတယ်။ အောက်ထပ်မှာမှ ကားလက်မှတ်ရောင်းတဲ့ ဆိုင်ခန်းတွေ အပြည့်ပဲ။ ဆိုင်တစ်ချို့လည်း ဖွင့်တယ်။ တစ်ချို့ကတော့ ပိတ်နေသေးတယ်လို့ ပြောပါတယ်။
ဖွင့်တဲ့ဆိုင်တွေကို ကင်မရွန်း ဟိုင်လန် သွားမယ့်ကားလက်မှတ် ဘယ်မှာဝယ်လို့ရလဲ စုံစမ်းတော့ သူ့နောက်ကျောက ဆိုင်မှာ ရောင်းတယ်၊ မနက် ၈ နာရီ ထွက်တယ်။ အဲဒိဆိုင်က ၇ နာရီခွဲမှ ဖွင့်တယ်လို့ သိရတဲ့အတွက် အနားက ကော်ဖီဆိုင်မှာ ခဏထိုင်ပြီး ကော်ဖီသောက်ရင်း စောင့်ပါတယ်။ အီပိုး ကော်ဖီကတော့ နာမည်အတိုင်းပါပဲ။ တစ်ငုံသောက်ပြီး အီစိမ့်နေလို့ ဒီအတိုင်း ထားခဲ့ရပါတယ်။ အိမ်သာ ခဏသွားတာ တစ်ယောက်ကို ရင်းဂစ် ပြား ၃၀ ပေးရပါတယ်။
ကင်မရွန်း ကားလက်မှတ်ရောင်းတဲ့ ဆိုင်က ၇ နာရီခွဲအတိမှာ ဖွင့်ပါတယ်။ အသွားလက်မှတ်ပဲရောင်းပါတယ်။ တစ်နေ့ကို ၄ ခေါက်ပဲ ထွက်ပြီး အချိန်တွေက မနက် ၈ နာရီ၊ နေ့လည် ၁၁ နာရီ၊ ညနေ ၃ နာရီနဲ့ ည ၆ နာရီ တို့မှာ ဖြစ်ပါတယ်။
ကိုယ်တို့ကားက ၈ နာရီအတိမှာ ထွက်ပါတယ်။ အီပိုးကနေ ကင်မရွန်းကို ကားမောင်းချိန် ၂ နာရီကြာပါတယ်။
ကင်မရွန်းအကြောင်း တစေ့တစောင်း
ကင်မရွန်း ဟိုင်လန်လို့ ပြောရင် အဓိက မြို့နှစ်မြို့ကို ပြောတာပါ။ ဘရစ်ချန် (Brinchang) နဲ့ တာနာရာတ (Tanah Rata) တို့ ဖြစ်ပါတယ်။ ဘရစ်ချန်ကတော့ ဟိုတယ်တွေအပြင် တည်းခိုခန်းတွေ၊ မိုတယ်၊အင်းတွေ၊ စားသောက်ဆိုင်တွေ ဈေးတွေနဲ့ ပိုစည်ကားပါတယ်။ တာနာရာတ ကတော့ အစိုးရရုံးများသာ ရှိပြီး ဟိုတယ် အနည်းငယ်သာ ရှိပါတယ်။ မြို့နှစ်ခုကြားမှာ ကားလမ်း တစ်လမ်းပဲ ရှိပါတယ်။ အေးအေးဆေးဆေး နေချင်တဲ့သူတွေအတွေက်ကတော့ တာနာရာတက ပိုအဆင်ပြေပါလိမ့်မယ်။ တစ်ချို့ ဟိုတယ်တွေက မြို့နှစ်မြို့ရဲ့ကြား (သို့မဟုတ်) မြို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတတ်ပါတယ်။ ကိုယ်တို့ ဘွတ်လိုက်တဲ့ ဟိုတယ်က တာနာရာတမှာ ရှိပါတယ်။ ပြီးတော့ ကင်မရွန်းရဲ့ တစ်ခုတည်းသော ကားဝင်းနဲ့ အနီးဆုံးမှာ ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားပါ။
(Cameron Highlands)
ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်ဆိုတာတော့ နောက်ပို့စ်တစ်ခုမှပဲ ဆက်ရေးပါရစေ။
ကုန်ကျငွေစုစုပေါင်း ( နှစ်ယောက်စာ၊ စင်ကာပူဒေါ်လာဖြင့်)
မလေးရှား ဗီဇာ 120.00 $
စင်ကာပူ - အီပိုး (အသွားအပြန်) ကားခ 180.96 $
အီပိုး - ကင်မရွန်း (အသွားအပြန်) ကားခ 26.00 $ (80 RM)
ဟိုတယ် ( နှစ်ည) 155.64 $
တက်စီ (တစ်နာရီ) - ရင်းဂစ် ၃၀
3D2N Cameron Highlands Trip - နိဒါန်း
3D2N Cameron Highlands Trip - Day 1
3D2N Cameron Highlands Trip - Day 2
မဗေဒါက National Day ပိတ်ရက်တုန်းက cameron သွားချင်လို့ ကြံစည်ခဲ့သေးတာ... နောက်တော့ ရက်ကပ်ပြီး ကားလက်မှတ် မကျန်တော့လို့ မသွားရတော့တာ... JB ကနေ စီးလို့ရတယ်ဆိုပေမဲ့ မလေးရှားဆိုတော့ ကြောက်လို့... အစ်မကတော့ ပိုသတ္တိကောင်းတယ်... အားကျတယ်... နောက်တစ်ခေါက်တော့ အဲ့လို စမ်းသွားကြည့်မှပဲ... Ipoh မှာ ရပ်တဲ့ ကားဂိတ်မှာ ကန်မရွန်အတွက် လက်မှတ်ဝယ်လို့ရတယ်ဆို တာ ဘယ်လိုသိလဲ... မဗေဒါ စိုးရိမ်တာက တစ်နေရာရောက်ပြီးမှ အချိတ်အဆက် မမိမှာပဲ...
ReplyDeleteအီပိုးကနေ ကင်မရွန်းကို ဘယ်လိုသွားရမလဲဆိုတာ ဒီ ဘလော့ ပို့စ် (http://magictravelblog.com/2011/12/how-to-get-from-ipoh-to-the-cameron-highlands-easily/ ) ကနေ သိတာ။ ပို့စ်က ၂၀၁၁ ကဆိုတော့ update မဖြစ်နိုင်မှန်းတော့ ကြိုတွက်ထားတယ်။ သူ့ပို့စ်အရဆိုရင် အီပိုးကားဂိတ်ကနေ ကင်မရွန်းကိုထွက်တဲ့ နောက်ကားဂိတ်တစ်ခုကို မိနစ်၂၀ လောက်ထပ်သွားရမှာ။ အဲဒါ တက်စီစီးသွားမယ်လို့မှန်းထားတာ။ ကံကောင်းချင်တော့ အီပိုးကားဂိတ်မှာတင် ကင်မရွန်းထွက်တဲ့ကား ရှိနေတာပဲ။ အဲဒါ ကြိုမသိဘူး အဲဒိရောက်မှ သိတာ။ အဆိုးဆုံး အချိတ်အဆက်မမိရင် အီပိုးကနေ ကင်မရွန်အထိ တစ်ခါတည်း တက်စီစီးဖို့ စဉ်းစားထားတယ်။ ရင်းဂစ် ၁၄၀၊ ၁၅၀ လောက်ကျမယ်လို့ ကြိုမှန်းထားတယ်။
Delete