3D2N Cameron Highlands Trip - Day 2

Day 2 မှာတော့ ဟိုတယ် မှာ ဘွတ်ကင်လုပ်ထားတဲ့ တိုးက မနက်ပိုင်းလာခေါ်မှာမို့ မနက်စာစားပြီးစောင့်ကြပါတယ်။ ကားက မီနီဗန်လေးပါ။ တခြားဟိုတယ်တစ်ခုကိုလည်း လူသွားခေါ်ရပါသေးတယ်။ အဲဒီဟိုတယ်မှာ အဖွဲ့သုံးဖွဲ့တက်ပါတယ်။ နှစ်ဖွဲ့က အဆင်သင့်စောင့်နေကြတော့ အဆင်ပြေပေမယ့် ကျန်တစ်ဖွဲ့က လေးဆယ့်ငါးမိနစ်ခန့် စောင့်ရပါတယ်။ ၁၅ မိနစ်အကြာမှာ တစ်ဖွဲ့က စုံတွဲက ကွန်ပလိန်းတက်ပေမယ့် ကားသမားကတော့ တောင်းပန်တာအပြင် ပိုမလုပ်ပေးနိုင်ပါဘူး။ နောက်ဆုံး အဖွဲ့လိုက်ထွက်လာကြတော့ တရုတ်လူငယ် မိန်းကလေး၊ ယောက်ျားလေး ၆ ယောက်ပါ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော ခပ်ချောချော ခပ်မိုက်မိုက်တွေပါ။ ဟေးဟေးဟားဟားနဲ့ ကားပေါ်ကို တက်လာကြပါတယ်။ သူတို့နောက်ကျတဲ့အတွက် ဘယ်သူကမှ မတောင်းပန်ပါဘူး။ ကားသမားက ကသောကမျော သူ့ထိုင်ခုံပေါ်တက်တဲ့အချိန် ခုန ကွန်ပလိန်းတက်ထားတဲ့ အတွဲက အမျိုးသားက ထပ်ပြောတဲ့အခါ တရုတ် အုပ်စုထဲက ကောင်လေးတစ်ယောက်က ဆောရီးလို့ တောင်းပန်ပြီး ကျန်တဲ့သူတွေက ဘာလဲဆိုပြီး အဲဒိအမျိုးသားကို ၀ိုင်းကြည့်ကြပါတယ်။ ဒါပေမယ့် ကားပေါ်တက်ခါစကလို အများကြီး ပွက်လောရိုက်မနေတော့ဘဲ ပုံမှန်( ဆူဆူညံညံ) နဲ့ပဲ သူတို့ဘာသူတို့ စကားဆက်ပြောနေကြပါတယ်။ သူတို့အချင်းချင်း တရုတ်လိုရော ၊ အင်္ဂလိပ်လိုရော ပြောကြပါတယ်။ ဒီလိုကိစ္စမျိုးတွေကတော့ လူအများနဲ့ ခရီးသွားတိုင်း တစ်နေရာရာ ကြုံရစမြဲပါ။

cameron highlands လက်ဖက်ခင်း

ပထမဆုံးသွားတာက BOH လက်ဖက်ခင်းတွေပါ။ တောင်ပေါ်ကို အနည်းငယ်တက်ရပါတယ်။ ဒီခရီးကို လာချင်တဲ့အကြောင်းနှစ်ခုမှာ ဒါ တစ်ခုပါ။ တစ်ခုကတော့ လဗန်ဒါရူးဆိုတော့ လဗန်ဒါ ပန်းခင်းပေါ့။ တစ်မျှော်တစ်ခေါ်ကြီး ကတ္တီပါ အစိမ်းကြီးခင်းထားသလို စိမ်းနေတဲ့ လက်ဖက်ခင်းတွေက မျက်စိအေးစေပါတယ်။ တိုးဂိုက်တစ်ဖြစ်လဲ ကားသမားကပဲ လက်ဖက်ပင်တွေအကြောင်း ရှင်းပြပါတယ်။ ကင်မရွန်းဟိုင်လန်းမှာ လက်ဖက်ခင်းတွေအများကြီး မျက်စိတစ်ဆုံးဆိုပေမယ့် တကယ်တန်း အများဆုံး ပိုင်တာက ပိုင်ရှင်နှစ်ယောက်ပဲ ရှိပါတယ်။ တစ်ယောက်က BOH လက်ဖက်စိုက်ခင်းကို ပိုင်ပြီး နောက်တစ်ယောက်က Cameron Valley စိုက်ခင်း ပိုင်ရှင်ပါ။ BOH လက်ဖက်စိုက်ခင်း က ပိုကြီးပြီး စုစုပေါင်း ဧက ၈၀၀၀ ရှိပါတယ်။ လက်ဖက်ပင်က မြေသြဇာလည်း ကျွေးဖို့မလို၊ ရေလည်း လောင်းဖို့မလိုပါဘူး။ တောင်ပေါ်ဒေသရဲ့ သဘာဝမြေ၊ အေးမြတဲ့ ရာသီဥတုက လက်ဖက်ပင်တွေကို အလိုအလျောက် ရှင်သန်စေပါတယ်။ ဒါဆို လက်ဖက်ပင် ရှင်သန်ဖို့ ဘာလုပ်ပေးရလဲဆိုတော့ လက်ဖက်ပင်တွေကို အမြင့်ကြီးဖြစ်မလာအောင် ညှပ်ပေးရတာပါ။ တကယ်လို့ မညှပ်ပေးခဲ့ဘူးဆိုရင် လက်ဖက်ပင်ဟာ ကုက္ကိုပင်လို အပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာပါလိမ့်မယ်။ ဒါကြောင့် လက်ဖက်ပင်တွေကို ၃ ပေခန့်အမြင့် ချုံပင်လို့ ထင်ရစေပါတယ်။ လက်ဖက်ခူးနေတဲ့ အလုပ်သမားတွေက အများအားဖြင့် ဘင်္ဂလားဒေ့်ရှ်က လို့ သိရပါတယ်။
ကြည့်လေရာရာ လက်ဖက်ပင်များ

အဲဒိ ညှပ်နဲ့ ထိပ်ကလေးတွေကို ခူးပြီး နောက်က တောင်းထဲ ထည့်ကြတယ်

ခူးပြီးသား လက်ဖက် အိတ်

လက်ဖက်ခင်းမှ အလုပ်သမားများ

ဒီလမ်းလေးတွေကနေ ကားက ဟိုဘက်ကွေ့လိုက် ဒီဘက်ကွေ့လိုက် မြင်မြင်သမျှ လက်ဖက်ခင်းတွေချည်းပဲ

BOH လက်ဖက်ခြောက် ဘယ်လို ထုတ်လုပ်သလဲဆိုတာကို အဆင့်ဆင့် BOH စက်ရုံမှာ လေ့လာနိုင်ပါတယ်။ (မှတ်ချက်.. စက်ရုံက တနင်္လာနေ့တိုင်း ပိတ်ပါတယ်)။ ပြီးရင် စက်ရုံ ကပ်လျက်မှာ ရှိတဲံ BOH စားသောက်ဆိုင်မှာ လက်ဘက်ရည်အမျိုးမျိုး မြည်း၊ မုန့်စားရင်း ပတ်ဝန်းကျင်ရဲ့ အလှအပကို ခံစားနိုင်ပါတယ်။ ဆိုင်က လူတန်းကတော့  တကယ်ကို ရှည်ပါတယ်။ ရိုးရိုး လက်ဖက်ရည်က ရင်းရစ် ၃.၇၀ ပေးရပြီး အနံ့တွေနဲ့ လက်ဖက်ရည်ကတော့ ရင်းဂစ် ၆ ကနေ ၈.၅၀ ထိ ရှိပါတယ်။


လက်ဖက်ခြောက်ထုတ်လုပ်ပုံထဲမှ အဆင့်တစ်ခု


BOH မှ ရေနွေးကြမ်း

BOH tea shop မှ လှမ်းမြင်ရသော မြင်ကွင်း

အဲဒိနောက် တောင်ရဲ့ အမြင့်ဆုံးနေရာထိကားနဲ့ ဆက်တက်ပြီး ကားသမားက လမ်းလျှောက်ဖို့နေရာ နှစ်နေရာ ရွေးခိုင်းပါတယ်။ တစ်နေရာက ရေညှိတော (mossy forest) လမ်းနဲနဲကြမ်းမယ်၊ ရွံ့နဲနဲပေမယ်၊ တက်ရဆင်းရတာတွေ များမယ်။ နောက်တစ်နေရာက သစ်သားတံတား အတိုင်းလမ်းလျှောက်ပြီး ရေကန်ရှိမယ်လို့ ပြောပြီး လူခွဲပါတယ်။ သူကတော့ ခက်ခဲတဲ့ ရေညှိတောကို လမ်းပြအနေနဲ့ လိုက်ပြီး သစ်သားတံတား လျှောက်မယ့်သူတွေကိုတော့ စလျှောက်ရမယ့် နေရာပြပြီး ပြန်စုရမယ့်အချိန်ပြောပါတယ်။ 

Mossy Forest

ကိုယ်တို့အဖွဲ့တစ်ဖွဲ့ပဲ ရေညှိတောကိုရွေးပြီး ကျန်တဲ့သူတွေအားလုံးက သစ်သားတံတားကို ရွေးပါတယ်။
တောတစ်တောလုံး သစ်ပင်တွေမှာ ရေညှိပင်တွေ ပေါက်နေပြီး မြေကြီးလို့ မရှိတော့ဘဲ  သစ်မြစ်တွေမှာကပ်နေတဲ့ ရေညှိတွေကို နင်းသွားရတယ်။ နင်းတိုင်း အိအိသွားပြီး တစ်ချို့နေရာတွေမှာ ရွံ့တွေ စိမ့်ထွက်လာပါတယ်။ လူသွားပါများလို့ လမ်းဖြစ်ပေမယ့် လမ်းက အဖြောင့်တော့လည်းမဟုတ်။ ဒီသစ်ကိုင်းခွကျော်၊ ဟို သစ်ကိုင်းခုန်ကူးနဲ့ အပေါ်တက် အောက်ဆင်း သွားရတာပါ။

Pitcher Plant (ရေတကောင်းပင်)

ငယ်ငယ်တုန်းက စာထဲသင်ရတဲ့ ရေတကောင်းပင် (pitcher plant) တွေလည်းတွေ့ရပါတယ်။ လက်ထည့်ကြီးရင် အဖုံးပိတ်သွားမလားဆိုပြီး ထည့်ကြည့်လိုက်သေးတယ်။ ပြန်ဆင်းတဲ့လမ်းက တော်တော်မတ်ပါတယ်။ အေးမြတဲ့ရာသီဥတုမှာ နေရိပ်မထိုးတဲ့ တောအုပ်ထဲ လမ်းလျှောက်ရင်းချွေးတွေတောင် စို့လာပါတယ်။ဘာအားကစားမှ လုပ်လေ့ရှိသူမဟုတ်တော့ မောလည်းအတော်မောပါတယ်။

ဒီလို တက်ရင်းလည်း ဓာတ်ပုံရိုက်လိုက်သေးတယ်

သစ်ပင်တွေကြားထဲ ခေါင်းငုံ့ပြီးသွားရတာ ကစားနေရတာကျနေတာပဲ

ရေညှိတော တစ်နေရာ

ဒီလမ်းအတိုင်းပြန်ဆင်းခဲ့ရတယ်

တောင်ပေါ်ကဆင်းလာပြီး လိပ်ပြာဥယျာဉ်ကို သွားကြပါတယ်။ သံဇကာတွေ ကာထားတဲ့ ပန်းခင်းထဲမှာ လိပ်ပြာရောင်စုံ အရွယ်စုံကို ထည့်ထားတာပါ။ ၀င်ဝင်ချင်း လိပ်ပြာလေးတွေ အများကြီးတွေ့ရပြီး ပန်းတွေပေါ်မှာ နားနေတဲ့ သူတို့နားကို ကပ်သွားတာတောင် ထမပျံလို့ ၀မ်းသာသွားပေမယ့်၊ ခဏအကြာ သတိထားမိတာက သူတို့ကို လက်နဲ့ထိတာတောင် ပျံမသွားဘဲ ဒီပန်းပေါ်မှာမှာ တွယ်ကပ်နေကြတာပါ။ စိတ်အထင်တော့ ပန်းပေါ်မှာ သူတို့ စွဲလန်းစေတဲ့ တစ်ခုခု ထည့်ထားတယ်လို့ ထင်မိပါတယ်။ တစ်ချို့ လိပ်ပြာတွေကတော့ လွတ်လွတ်လပ်လပ် ပျံသန်းနေပြီး လူအနားကပ်မခံပါဘူး။ အဲဒါမှ ပုံမှန်လို့ ထင်ပါတယ်။ 

ပန်းနဲ့လိပ်ပြာ

ဘာလိပ်ပြာခေါ်လဲမသိ

ဒီလိပ်ပြာကတော့ အလှပြနေသလားမှတ်ရတယ်။ အနားဘယ်လောက်ကပ်ကပ် သူမမှု

ဒါကတော့ သူရိုက်ထားတဲ့ အကြိုက်ဆုံးပုံထဲက တစ်ပုံ

ဒါက နောက်တစ်ပုံ

အဲဒိနောက် ဟိုတယ်ကို ပြန်ပို့ပေးပါတယ် ။ ပိုက်ဆံနဲနဲလိုနေတာနဲ့ အနားက money changer မှာ ထပ်လဲရပါသေးတယ်။ နေ့လည်စာကိုတော့ ဟိုတယ်နားက ဆိုင်တစ်ဆိုင်မှာပဲ အိန္ဒိယစာစားခဲ့ပါတယ်။ ဟိုတယ်မှာ တရေးတမော ပြန်အိပ်ပြီး ညနေမှာ တက်စီနဲ့ ညဈေးကိုသွားပါတယ်။ ကံဆိုးစွာပဲ မိုးဖွဲဖွဲကနေ ညဈေးအရောက်မှာ မိုးစိပ်စိပ်ဖြစ်လာပါတယ်။ ထီးလည်းမပါကြတာနဲ့ သုပ်သုပ်သွား၊ သုပ်သုပ်ကြည့်၊ သုပ်သုပ်ဝယ်ပြီး ပြန်ဖို့ ပြင်ရပါတယ်။ အဲဒိက ပျားရည်ဝယ်ခဲ့ပါသေးတယ်။ ညစာစားဖို့ကို ညဈေးတန်းနားက ဆိုင်တွေထက် လမ်းမှာတွေ့ခဲ့ရတဲ့ မီးတွေထိန်လင်းတဲ့ ဆိုင်အကြီးကြီးကို မျက်စိကျကြပါတယ်။ တက်စီငှားပြီး အဲဒိဆိုင်ကို ပို့ခိုင်းပြီး ညစာကို steamboat ကြပြန်ပါတယ်။ ဆိုင်ကကြီးပြီး စားပွဲထိုးက နည်းတော့ ဆိုင်ရောက်ပြီး အတော်ကြာတာတောင် မှာလို့မရပါဘူး၊ စားပွဲပေါ် စားစရာ ရောက်လာဖို့ကို စုစုပေါင်း နာရီဝက်လောက်စောင့်လိုက်ရပါတယ်။

လူ ၃ ယောက်စာ မှာတာ အဲလို အရေအတွက်နဲ့ လာချပေးတာပါ (ပုစွန် ၃ ကောင်၊ ကြက်ဥ ၃ လုံး)

အရွက်တွေ လတ်ဆတ်တာတော့ ကြိုက်ပါတယ်။ အဲဒိ အသားလုံးတွေ အသားပြားတွေ မကြိုက်။ 


နောက်နေ့တော့ မနက် ၉ နာရီခန့် တာနာရာတ ဘက်စကားဝင်းထဲကနေ အီပိုး၊ အီပိုးကတဆင့် စင်ကာပူကို ပြန်ခဲ့ကြပါတယ်။ 

3D2N Cameron Highlands Trip - နိဒါန်း
3D2N Cameron Highlands Trip - Day 1


3D2N Cameron Highlands Trip - Day 1

( အလုပ်တွေ ရှုပ်နေတာရော၊ အရှုပ်တွေ လုပ်နေတာရော၊ အပျင်းကြီးနေတာရော၊ ကျန်းမာရေး မကောင်းနေတာရော အားလုံးပေါင်းပြီး ဒီပို့စ်က နှစ်လကျော်ကြာသွားပါတယ်။ )

အီပိုးကနေ စီးလာတဲ့ကားက တောင်ပေါ်လမ်းကို ကွေ့ကာဝိုက်ကာနှင့် ဘရစ်ချန် မြို့ကို ဖြတ်ပြီးမှ တာနာရာတ (Tanah Rata) က ကားဂိတ်မှာ ဂိတ်ဆုံးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းပဲ အဲဒိကားဂိတ်ကနေ အပြန်အတွက် လက်မှတ်ဝယ်ထားလိုက်ပါတယ်။ ကားဂိတ်နဲ့ ဟိုတယ်က နီးနီးလေးပါ။ ၅ မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါတယ်။

(Tanah Rata bus interchange)

ကားဝင်းထဲက ထွက်ထွက်ချင်း ဟိုတယ်ကို ချက်အင် မ၀င်သေးဘဲ နေ့လည်စာစားဖို့ လျှောက်ကြည့်ကြပါတယ်။ တာနာရာတရဲ့ တစ်ခုတည်းသော လမ်းလေးဝဲယာမှာ ဆိုင်လေးတွေရှိပါတယ်။ အများစုက မလေးအစားအသောက်တွေရောင်းချတဲ့ဆိုင်များဖြစ်ပြီး အိန္ဒိယ အစားအသောက်ဆိုင်များလည်းတွေ့ရပါတယ်။ စတားဘက် (starbucks) နှင့် မေရီဘရောင်း (Mary Browns) တို့လည်း ရှိပါတယ်။ တရုတ်အစားအစာဆိုင်တစ်ဆိုင်နှင့် ထိုင်းအစားအစာဆိုင်တစ်ဆိုင်လည်း ရှိပေမယ့် အဲဒိဆိုင်တွေမှာ လူတော်တော်ပါးပါတယ်။မြို့လေးကိုက လူလည်းမများလှဘဲ တိတ်ဆိတ် အေးချမ်းလွန်းလှပါတယ်။ မလေးလူမျိုးထက် တရုတ်၊ အိန္ဒိယလူမျိုးများကို သာ အများစု တွေ့ရပါတယ်။ နောက်ဆုံးတော့ အိန္ဒိယ အစားအသောက်ပဲ စားဖြစ်ပါတယ်။ လက်ဘက်ရည်အရမ်းကောင်းပြီး ကျန်တဲ့ အစားအသောက်တွေလည်း စားကောင်းပေမယ့် သူတို့ အစားအသောက်ထားတဲ့ စင်ပေါ်မှာ ယင်ကောင်တစ်ချို့ ပျံဝဲနေတာကြည့်ပြီး စားမဖြောင့်ပါဘူး။ 

ဟိုတယ်ကို လမ်းလျှောက်အသွား

ဟိုတယ်ကို ချက်အင်ဝင်ရင်း နေ့လည် လည်ဖို့ အတွက် တက်စီကို မှာထားလိုက်ပါတယ်။ တစ်နာရီ ရင်းဂစ် ၃၀ ပါ။ နေရမယ့်အခန်းက သန့်သန်ရှင်းရှင်းရှိပါတယ်။ ကိုယ်အခန်းရွေးရင် အဓိကအချက် က ပြတင်းပေါက်ပါတာပါပဲ။ အခု အခန်းကတော့ ပြတင်းပေါက်ဆိုတာထက် ပိုပါတယ်။ ခန်းလုံးပြည့်မှန်တံခါးကို လိုက်ကာ နှစ်ထပ် ကာထားပါတယ်။ မှန်တံခါးဖွင့်ဖွင့်ချင်း လေအေးများက အခန်းထဲကို ရုတ်ခနဲ ၀င်လာပါတယ်။ အမျိုးသားက ဖွင့်ထားရင် ညဘက် အေးနေမယ် လို့ သတိပေးပေမယ့် ဒီလိုလေကို ခံစားချင်လို့ပဲ ဒီကိုလာခဲ့တယ် မဟုတ်လားလို့ ဆင်ခြေပေးရင်း ဆက်ဖွင့်ထားလိုက်ပါတယ်။ မြင်ရတဲ့ ရှုခင်းကလည်း တောင်ကုန်းဆိုတော့ ဖွင့်ထားလည်း လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။

(ဟိုတယ်အခန်း မှန်တံခါး)

အခန်းထဲ ခဏနား၊ ရေချိုးပြီး နေ့လည် ၂ နာရီခန့်မှာ စလည်ပတ်ပါတယ်။ တက်စီ မောင်းသမားက အိန္ဒိယ လူမျိုးပါ။ သူက လွန်ခဲ့တဲ့ နှစ်ကမှ မြန်မာပြည်ကို ၃ ပတ်အလည်သွားခဲ့သူဆိုတော့ သူသိခဲ့တဲ့ မြန်မာပြည် အကြောင်း အာပေါင်ရင်းသန်သန် ပြောတော့တာပါပဲ။ 

ပထမဆုံး သွားတာက Rose Valley ပါ။ နှင်းဆီတောင်ကြားလို့ နာမည်တပ်ထားပေမယ့် နှင်းဆီတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး။ ပန်းပေါင်းစုံ ရှိတာပါ။ နှင်းဆီအမျိုးအနွယ်တွေကတော့ ပိုများတာပေါ့လေ။လွန်ခဲ့တဲ့ ၆ နှစ်လောက်က တစ်ခေါက်ရောက်ဖူးတာမို့ အသစ်အဆန်း တော့ မဖြစ်ပါဘူး။ အရင်တုန်းက အတူတူသွားခဲ့တဲ့ သူငယ်ချင်းတွေကို သတိတရ အရမ်းရှိမိပါတယ်။ အဲဒိတုန်းကတော့ ပန်းတစ်မျိုးချင်းစီနဲ့ ဓာတ်ပုံတွေ အလုအယက်ရိုက်ခဲ့ပေမယ့် အခုတော့ ပန်းတွေကိုသာ ဓာတ်ပုံ ရိုက်မိပါတယ်။ အသက်ကြီးလာခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ငယ်တုန်းရွယ်တုန်း ခရီးသွားဖို့ တိုက်တွန်းကြတာ ဖြစ်ပါလိမ့်မယ်။ 

(ပွင့်အာလု နှင်းဆီ)

(ပွင့်အာပြီး နှင်းဆီ)

အ၀ါရောင်ပန်းကလေး
အနီရောင်

ဒီပန်းကိုကြည့်ပြီး ကိုယ်တို့ငယ်ငယ်တုန်းက အိမ်မှာ ရှိတဲ့ ဖယောင်းပန်းကို သတိရမိတယ်

ပန်းခြုံပုတ်

ပန်းခင်းအလယ်က decoration

ဓာတ်ပုံတွေ ရိုက်ခဲ့လား မမေးပါနဲ့။ ထိုင်နေရင်း အချင်းချင်းတောင် ဒီလိုရိုက်တာ။

နောက်တစ်ခုသွားတာက Lavender Garden ပါ။ ၂၀၁၃ က မှဖွင့်တာဆိုတော့ နေရာအသစ်လို့ ဆိုနိုင်ပါတယ်။ ဂျူး ၀တ္ထု ဖတ်ပြီးကတည်းက ရူးခဲ့ရတဲ့ လဗန်ဒါ ပန်းတွေကို ပြင်သစ်အထိ သွားမကြည့်နိုင်ပေမယ့် ဒီနေရာ ဒီမှာရှိတယ် သိကတည်းက သွားချင်ခဲ့တဲ့ နေရာတစ်ခုပါ။ လဗင်ဒါ ပန်းခြံလို့ နာမည်တပ်ထားပေမယ့် ထုံးစံအတိုင်း တခြားပန်းတွေလည်း စိုက်ထားပါတယ်။ မနေနိုင်လို့ လဗန်ဒါပန်းတွကို ငုံ့နမ်းမိတဲ့အခါ ရတဲ့ရနံ့က ကိုယ်တို့ သုံးစွဲနေကြ လဗင်ဒါ အနံ့ပါဝင်တဲ့ ရေချိုးဆပ်ပြာတို့ ရေမွှေးတို့ လိုးရှင်းတို့လို အနံ့သီးသန့်မဟုတ်ဘဲ အဲဒါတွေထက် အနည်းငယ် ပိုပြင်းတဲ့ အနံ့ကို အရွက်လတ်လတ်ဆတ်ဆတ်အနံ့နဲ့ ပေါင်းထားတဲ့ နှစ်သက်ဖွယ်ရာ အနံ့ရပါတယ်။

(ချစ်သော လဗန်ဒါ) တစ်နေ့တော့ ပြင်သစ်က တကယ့် လဗန်ဒါပန်းခင်းကြီးဆီ သွားမည်။

တကယ်တော့ လဗန်ဒါက မြက်မျိုးနွယ်ပါ။ အမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။ 

ရောင်စုံပန်းခင်းကြီး

one of their decors

ကိုယ်ပြန်ခြဲ့ပီ လမ်းကလေး.....


လဗန်ဒါ ပန်းခြံထဲမှာပဲ ဘေးမှာ စတော်ဘယ်ရီ အခင်းလေးရှိပါတယ်။ အဲဒိဘက် အကူးမှာ မိုးခပ်စိပ်စိပ်ရွာလာပါတယ်။ ပန်းခင်းတွေကတော့ အပေါ်က အမိုးတွေရှိတဲ့အတွက် အေးအေးဆေးဆေး ကြည့်လို့ရပါတယ်။ စတော်ဘယ်ရီတစ်ချို့ ၀ယ်ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်ရှိပြီး ချိုပါတယ်။

စတော်ဘယ်ရီ ခူးကြမလား

စတော်ဘယ်ရီ ပင်အောင် ချိန်းတွေ့လို့ရပြီ

စတော်ဘယ်ရီ ချောကလက်နှစ်ရင်...  (ချိုချိုချဉ်ချဉ် အရမ်းစားကောင်းတယ်)


အဲဒိက အပြန် တက်စီသမားကို ကန္တာရ အပင်လေးတွေရှိရာ ပို့ခိုင်းလိုက်ပါတယ်။ အဲဒိတော့ သူလိုက်ပို့တဲ့နေရာက Cactus Valley။ အရင်တစ်ခေါက်လာတုန်းက သွားတဲ့နေရာက Cactus Point။ ဆိုတော့ မရောက်ဖူးတဲ့ နေရာအသစ်ပဲပေါ့။ ဒါပေမယ့် အထဲမှာကတော့ အတူတူပါပဲ။ ကန္တာရ အပင်မျိုးစုံကို မြင်တွေ့ရပြီး အိုးသေးသေးလေးတွေကို ရောင်းတဲ့နေရာလည်း ရှိပါတယ်။ မ၀ယ်ဘူး တင်းထားပေမယ့် အပင်သေးသေးလေး ၆ ပင်တော့ ပါလာခဲ့ပြန်ပါတယ်။ကိုယ့်ရဲ့ စိတ်ရှည်လက်ရှည် ပြုစုမှုအောက်မှာ ဘယ်နှစ်ရက်ခံမလဲမသိ။

ကပ်တီး ကပ်တပ် အပင်များ

ဒီလိုလေးတွေ အများကြီး စိုက်ချင်တာ

ညစာစားချိန်ရောက်လာတော့ တက်စီသမားကို ဘရစ်ချန်မြို့က ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ပို့ခိုင်းလိုက်ပါတယ်။ ဟော့ပေါ့ဆိုင်ရောက်တော့ မိုးက တိတ်နေပါပြီ။ မိုးရွာပြီးခါစ တောင်ပေါ်မြို့လေးရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုမှာ ဟော့ပေါ့စားရတာ တကယ်ကို နွေးထွေးပြီး စားမြိန်စေပါတယ်။

စားကြပါဦး ဟော့ပေါ့

ဆိုင်တန်းတွေနားမှာ တက်စီတွေ ရှိပါတယ်။ အပြန်ကို တက်စီငှားကြမယ်ဆို ကြည့်ကြတော့ နေ့လည်က သွားခဲ့တဲ့ တက်စီဦးလေးကြီးကိုပြန်တွေ့တာနဲ့ သူ့တက်စီကိုပဲ ငှားပြီး ဟိုတယ် ပြန်ခဲ့ကြပါတယ်။ 

3D2N Cameron Highlands Trip - နိဒါန်း

လူ ၃ ယောက်၊ ရက် ၃ ရက် ရဲ့ ခရီးအစ 

စက်တင်ဘာ ၁၁ ရက်နေ့ကို စင်ကာပူနိုင်ငံရဲ့   မဲပေးတဲ့ ရက်ဖြစ်တဲ့အတွက် ဟောလီးဒေးလို့ ရုတ်တရက်ကြေငြာလိုက်ကတည်းက ခရီးတိုလေးတစ်ခု စိတ်ပြေလက်ပျောက်သွားချင်နေခဲ့တာပါ။ အဲဒိနေ့က သောကြာဆိုတော့  တနင်္ဂနွေထိဆို ၃ ရက်ခရီးသွားလို့ရတယ်ပေါ့။ ဒါပေမယ့် ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ အချိန်ဆွဲလာလိုက်တာ စက်တင်ဘာ ၄ ရက်နေ့ကျမှပဲ မလေးရှားနိုင်ငံ ကင်မရွန်း ဟိုင်လန် (cameron highlands) ကို သွားကြစို့လို့ အဖြေထွက်လာပါတယ်။

အဲဒိနေ့ပဲ စီးတီးဟောက ပင်နီစူးလား (penisula plaza) မှာ ဗီဇာ သွားလျှောက်ပါတယ်။ နောက်တစ်နေ့ကျတော့ တရုတ်တန်း (china town) မှာ ရှိတဲ့ တိုး တွေကို မေးမြန်းစုံစမ်းကြပါတယ်။
စင်ကာပူကနေ ကင်မရွန်းကို သွားတဲ့ကားတွေက ညဘက်မှာပဲ ထွက်ကြပြီး သောကြာနေ့ ခရီးအတွက် ကြာသပတေးည ထွက်မှ အဆင်ပြေမှာပါ။ ၁၀ နာရီလောက် ကြာတဲ့ ခရီးဆိုတော့ အဲဒါမှ ဟိုကို မနက်စောစောရောက်ပြီး လည်ချိန်ပတ်ချိန် ပိုရမှာပါ။ ပြသနာက အဲဒိမှာ စတာပါပဲ။ ကြာသပတေး ညကားတွေ လုံးဝ မရှိတော့ကြောင်း ၀င်စုံစမ်းသမျှ တိုးကုမ္ပဏီတွေက အကြောင်းပြန်ပါတယ်။ သောကြာညဆိုရင်တော့ လက်မှတ်ကျန်ပါသေးတယ်။ ဒါပေမယ့် တနင်္ဂနွေ ဟိုက ပြန်လာမယ့်ကားတွေလည်း လက်မှတ်ကုန်ပြီလို့ ပြောပါတယ်။ သောကြာညကားနဲ့ထွက် စနေမနက်ရောက်၊ ရောက်ရောက်ချင်း ပြန်လာရမယ့် ကိန်းဆိုက်သွားပါပြီ။

လင်မယားနှစ်ယောက်သား စိတ်မလျှော့ကြပါဘူး။ ဒီတရုတ်တန်းက တိုးတွေက ယိုးဒယားတန်း (Golden Mile Plaza) က ထွက်တဲ့ကားတွေကို အေးဂျင့်အနေနဲ့ ပြန်ရောင်းတာမလား။ ဒီတော့ ပင်ရင်းကို သွားရင် ကျန်နိုင်သေးတယ်ဆိုပြီး ဂိုးလ်ဒင်းမိုင်း ပလာဇာကို ဆက်ကြပြန်ပါတယ်။ ဟိုရောက်တော့လည်း ဒီအဖြေပါပဲ။ မောမောပန်းပန်းနဲ့ ကျိတ်မနိုင်ခဲမရဖြစ်ပြီး ယိုးဒယားစာစားပြီး ပြန်လာကြပါတယ်။

အမှန်တော့ ၂၀၀၉ ခုနှစ်က တစ်ခေါက်ရောက်ဖူးပြီးသားပါ။ ဒါပေမယ့် မျက်လုံးထဲမှာ အေးမြတဲ့ ရာသီဥတုရယ် ၊ စိမ်းစိုနေတဲ့ တမျှော်တခေါ် လက်ဖက်ခင်းတွေရယ်ကို မြင်ယောင်မိတော့ စိတ်ထဲ ကလိကလိနဲ့ ပိုသွားချင်လာပါတယ်။ အမျိုးသားကတော့ နောက် ဟာရီယာရ (Hari Raya) ပိတ်ရက်ရှိသေးတာပဲ။ သောကြာနေ့တစ်ရက် ခွင့်ယူလိုက်။ ရက်တောင် ပိုရသေးတယ်လို့ နှစ်သိမ့်ပါတယ်။ ခွင့်ကလည်း နှစ်ကုန် ရန်ကုန်ပြန်ဖို့ စုထားတာဆိုတော့ မသုံးချင်ပါဘူး။

နောက်နေ့တွေ တခြား ဘယ်လို သွားလို့ရသေးလဲ အင်တာနက်မှာ ရှာတော့ တိုက်ရိုက်မဟုတ်ဘဲ တဆင့်သွားမယ့် နည်းလမ်းနှစ်ခု တွေ့ပါတယ်။ အဲဒါကတော့
၁။ Singapore - KL - Cameron Highlands
၂။ Singapore - Ipoh - Cameron Highlands
ကွာလာလန်ပူကနေသွားရင် ပြသနာက အဲဒိကို အစောကြီးရောက်သွားပြီး ကင်မရွန်းကို ထွက်တဲ့ကားက နောက်ကျတော့ အချိန်တော်တော်ကွာနေပါတယ်။
အီပိုးကနေ သွားရင်တော့ အဆင်ပြေမယ်ဆိုပြီး အဲဒိလမ်းကြောင်းကို ရွေးကြပါတယ်။


(Singapore-Ipoh-Cameron Highlands)

ဗုဒ္ဓဟူးနေ့ နေ့လည်မှာ လျှောက်ထားတဲ့ဗီဇာ ရပါပြီ။ ကြာသပတေးညထွက်မယ့်ကားကို ဗုဒ္ဓဟူးနေ့ညမှာပဲ အွန်လိုင်းက လက်မှတ် ၀ယ်ပါတယ်။ ဟိုတယ်ကိုလည်း တစ်ခါတည်း ဘွတ်ကင် (booking) လုပ်ပါတယ်။ နှစ်ခုလုံး ပိုက်ဆံက အကြေချေရတာပါ။

ကားလက်မှတ်နဲ့ ဟိုတယ်

ကားလက်မှတ်က စင်ကာပူ- အီပိုး လမ်းကြောင်းကိုပဲ ၀ယ်လို့ရပါတယ်။ အီပိုး ကနေ ကင်မရွန်း ကို အွန်လိုင်းမရောင်းပါဘူး။ ဟိုရောက်မှပဲ ကြည့်ဝယ်မယ်လို့ နှစ်ယောက်သား ဆုံးဖြတ်ကြပါတယ်။
ကားလက်မှတ်ကို ဒီဆိုဒ်     က ၀ယ်တာပါ။ ဟိုတယ် ကိုတော့ Expedia  က book လုပ်ပါတယ်။
Century Pines Resort  မှာ နှစ်ညစာ ၀ယ်လိုက်ပါတယ်။ မနက်စာ ပါပါတယ်။ ကားလက်မှတ်နဲ့ ဟိုတယ် ကိစ္စပြီးပြီဆိုတာနဲ့ နှစ်ယောက်သား အ၀တ်အစားအိတ်ပြင်ရပါတော့တယ်။ ဖြစ်ချင်တော့ နောက်နေ့မနက် သူငယ်ချင်းတစ်ယောက်က သူပါလိုက်မယ် လို့ ပြောပါတယ်။ သူ့မှာ ဗီဇာက အဆင်သင့် ရှိပါတယ်။ အဲဒါနဲ့ သူ့အတွက် လက်မှတ်ထပ်ဝယ်ပေး၊ ဟိုတယ် ဘွတ်လုပ်ပေးတာ အကုန်အဆင်ပြေတာနဲ့ နှစ်ယောက်သွားမယ့် ခရီးကနေ သုံးယောက်ခရီး ဖြစ်သွားပါတယ်။

စင်ကာပူ - အီပိုး (Singapore - Ipoh)

ကားက Golden Mile Complex ကနေ ည ၁၀ နာရီတိတိမှာ ထွက်ပါတယ်။ ကားက တော်တော်လေး အဆင်ပြေပါတယ်။ ကားပေါ်မှာ ၀ိုင်ဖိုင်(wifi) ပါရုံမက ထိုင်ခုံတစ်ခုံချင်းစီမှာ ဖုန်းအားသွင်းဖို့ ယူအက်စ်ဘီ (usb) တစ်ပေါက်စီ ပါပါတယ်။ ကားက Second Link လို့ခေါ်တဲ့  Tuas check point ဘက်က နေသွားတာပါ။ ဒီအချိန် woodlands check point ကသာ သွားရင် မလေးရှားပြန်မယ့်သူတွေရယ်၊ ဟောလီးဒေး ခရီးထွက်တဲ့သူတွေရယ်နဲ့ အင်မီဂရေးရှင်းရောက်ဖို့ကို တစ်ခါတစ်လေ တစ်နာရီလောက်ကြာတတ်ပါတယ်။

စင်ကာပူကနေ အီပိုးကို ကားစီးချိန် ၈ နာရီလို့ သိထားတော့ မနက် ၆ နာရီလောက် အီပိုးက အမန်ဂျရ ကားဝင်းကို (Amanjaya Terminal) ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထက်လည်း ကြာနိုင်တယ်ပေါ့လေ။ ကားပေါ်က ၀ိုင်ဖိုင်အားကိုးနဲ့ ဂူဂယ် မြေပုံ (google map) ကို ဖွင့်ပြီး ကြည့်နေတော့ ကားဝင်းရောက်ခါနီးပြီဆိုတာ သိရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဒီကားက အီပိုးမှာ ဂိတ်ဆုံးမှာဆိုတော့ တစ်ကားလုံးကလူတွေ အဲဒိကားဝင်းမှာပဲ ဆင်းမယ်ထင်လို့ သေသေချာချာ ပြင်ဆင်မထားမိပါဘူး။ ဝေလီဝေလင်းအချိန် ကားဝင်းထဲရောက်တော့ ဒရိုင်ဘာက အမန်ဂျရ.. ဘယ်သူဆင်းမှာလဲ လို့ အော်မေးပါတယ်။ အဲဒိကျမှ ကပျာကယာ သူငယ်ချင်းကို လက်တို့ပြီး အထုတ်တွေ ဆွဲချ ဆင်းရပါတယ်။ တကယ်တန်းဆင်းတာ ကိုယ်တို့ ၃ ယောက်ထဲပါ။ ကားဝင်းက မြို့ပြင်မှာ ရှိတာဆိုတော့ ကားက မြို့ထဲ ဆက်သွားတယ်လို့ ယူဆရပါတယ်။ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ဆင်းလာတာ ဒရိုင်ဘာကိုတောင် ဘယ်ဆက်သွားမှာလဲ စပ်စုချိန်မရပါဘူး။ ၃ ယောက်သား ကားဝင်း အဆောက်အအုံထဲဝင်လာတော့ ကားရပ်ပေးတာ အဆောက်အအုံရဲ့ ဒုတိယထပ်ပါ။ စားသောက်ဆိုင်တွေ၊ တခြား ဆိုင်လေးတွေ ရှိပေမယ့် စောနေသေးတော့ အကုန်ပိတ်ထားပါတယ်။ မနက် ၆ နာရီပဲ ရှိသေးတာကိုး။ လူတစ်ချို့တစ်လေ စားသောက်ဆိုင်ရှေ့က ထိုင်ခုံတွေမှာ အထုတ်အပိုးတွေနဲ့ တွေ့ရပါတယ်။

အမန်ဂျရ ဘတ်စကား ၀င်းရှေ့၊

အီပိုး - ကင်မရွန်း ဟိုင်လန် (Ipoh - Cameron Highlands)
အမျိုးသားက အောက်ထပ်ဆင်းကြည့်ပြီး ခဏနေ ပြန်တက်လာပါတယ်။ အောက်ထပ်မှာမှ ကားလက်မှတ်ရောင်းတဲ့ ဆိုင်ခန်းတွေ အပြည့်ပဲ။ ဆိုင်တစ်ချို့လည်း ဖွင့်တယ်။ တစ်ချို့ကတော့ ပိတ်နေသေးတယ်လို့ ပြောပါတယ်။
ဖွင့်တဲ့ဆိုင်တွေကို ကင်မရွန်း ဟိုင်လန် သွားမယ့်ကားလက်မှတ် ဘယ်မှာဝယ်လို့ရလဲ စုံစမ်းတော့ သူ့နောက်ကျောက ဆိုင်မှာ ရောင်းတယ်၊ မနက် ၈ နာရီ ထွက်တယ်။ အဲဒိဆိုင်က ၇ နာရီခွဲမှ ဖွင့်တယ်လို့ သိရတဲ့အတွက် အနားက ကော်ဖီဆိုင်မှာ ခဏထိုင်ပြီး ကော်ဖီသောက်ရင်း စောင့်ပါတယ်။ အီပိုး ကော်ဖီကတော့ နာမည်အတိုင်းပါပဲ။ တစ်ငုံသောက်ပြီး အီစိမ့်နေလို့ ဒီအတိုင်း ထားခဲ့ရပါတယ်။ အိမ်သာ ခဏသွားတာ တစ်ယောက်ကို ရင်းဂစ် ပြား ၃၀ ပေးရပါတယ်။

ကင်မရွန်း ကားလက်မှတ်ရောင်းတဲ့ ဆိုင်က ၇ နာရီခွဲအတိမှာ ဖွင့်ပါတယ်။ အသွားလက်မှတ်ပဲရောင်းပါတယ်။ တစ်နေ့ကို ၄ ခေါက်ပဲ ထွက်ပြီး အချိန်တွေက မနက် ၈ နာရီ၊ နေ့လည် ၁၁ နာရီ၊ ညနေ ၃ နာရီနဲ့ ည ၆ နာရီ တို့မှာ ဖြစ်ပါတယ်။
ကိုယ်တို့ကားက ၈ နာရီအတိမှာ ထွက်ပါတယ်။ အီပိုးကနေ ကင်မရွန်းကို ကားမောင်းချိန် ၂ နာရီကြာပါတယ်။

ကင်မရွန်းအကြောင်း တစေ့တစောင်း
ကင်မရွန်း ဟိုင်လန်လို့ ပြောရင် အဓိက မြို့နှစ်မြို့ကို ပြောတာပါ။ ဘရစ်ချန် (Brinchang) နဲ့ တာနာရာတ (Tanah Rata) တို့ ဖြစ်ပါတယ်။ ဘရစ်ချန်ကတော့ ဟိုတယ်တွေအပြင် တည်းခိုခန်းတွေ၊ မိုတယ်၊အင်းတွေ၊ စားသောက်ဆိုင်တွေ ဈေးတွေနဲ့  ပိုစည်ကားပါတယ်။ တာနာရာတ ကတော့ အစိုးရရုံးများသာ ရှိပြီး  ဟိုတယ် အနည်းငယ်သာ ရှိပါတယ်။ မြို့နှစ်ခုကြားမှာ ကားလမ်း တစ်လမ်းပဲ ရှိပါတယ်။ အေးအေးဆေးဆေး နေချင်တဲ့သူတွေအတွေက်ကတော့ တာနာရာတက ပိုအဆင်ပြေပါလိမ့်မယ်။ တစ်ချို့ ဟိုတယ်တွေက မြို့နှစ်မြို့ရဲ့ကြား (သို့မဟုတ်) မြို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတတ်ပါတယ်။ ကိုယ်တို့ ဘွတ်လိုက်တဲ့ ဟိုတယ်က တာနာရာတမှာ ရှိပါတယ်။ ပြီးတော့ ကင်မရွန်းရဲ့ တစ်ခုတည်းသော ကားဝင်းနဲ့ အနီးဆုံးမှာ ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားပါ။

(Cameron Highlands)


ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်ဆိုတာတော့ နောက်ပို့စ်တစ်ခုမှပဲ ဆက်ရေးပါရစေ။


ကုန်ကျငွေစုစုပေါင်း ( နှစ်ယောက်စာ၊ စင်ကာပူဒေါ်လာဖြင့်)
မလေးရှား ဗီဇာ 120.00 $
စင်ကာပူ - အီပိုး (အသွားအပြန်) ကားခ 180.96 $
အီပိုး - ကင်မရွန်း (အသွားအပြန်) ကားခ 26.00 $ (80 RM)
ဟိုတယ် ( နှစ်ည) 155.64 $
တက်စီ (တစ်နာရီ) - ရင်းဂစ် ၃၀

3D2N Cameron Highlands Trip - နိဒါန်း
3D2N Cameron Highlands Trip - Day 1
3D2N Cameron Highlands Trip - Day 2

ကြက် ရခိုင်ချက်

လွယ်လွယ်နဲ့ မြန်မြန် စားကောင်းမယ့်ဟင်းလေးမို့ ခဏခဏ ချက်ဖြစ်ပါတယ်။ ဆီလည်း မပါတာမို့ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။

ပါဝင်သော ပစ္စည်းများ
ကြက်သား တစ်ခြမ်း
ငရုတ်သီးစိမ်း ၁၅ တောင့်ခန့် (သို့) အစပ်စားနိုင်သလောက်
ငပိ စတီးဇွန်းတစ်ဝက်ခန့်
ဆနွင်းမှုန့်
စပါးလင် ၂ ချောင်း
မန်ကျည်းသီးမှည့် အနည်းငယ်
ဆား အနည်းငယ်
နံနံပင်

မန်ကျည်းမှည့်ကို ရေနွေးနှင့် စိမ်ထားပါ။

အိုးငယ်တစ်လုံးတွင် ငပိ၊ ဆနွင်းမှုန့်၊ ငရုတ်သီးစိမ်းတောင့်တို့ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းသည်အထိပြုတ်ပါ။ ထို့နောက်ပြုတ်ပြီး ငရုတ်သီးစိမ်းများကို ငရုတ်ဆုံတွင် ကြေညက်အောင် ထောင်းပါ။




ကြက်သားကို အတုံးသေးများတုံးပြီး ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့်အနည်းငယ်တို့ဖြင့် နယ်ထားပါ။


စပါးလင်ကို အနေတော်ဖြတ်ပြီး ထုထားပါ။


ကြက်သားချက်မည့်အိုးတွင် စပါးလင်နှင့်ကြက်သားကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ပြုတ်ရေခမ်းသွားလျှင် ရေကိုယ်လိုချင်သည့် အနေအထားထိ ထည့်ပြီး တည်ထားပါ။ ကိုယ့်အနေနဲ့ကတော့ ရေကို ဆမ်းစားနိုင်အောင် ခပ်များများ ထည့်လေ့ရှိပါတယ်။ 


ရေဆူလာလျှင် ခုနထောင်းထားသည့် ငရုတ်သီးများကိုထည့်ပါ။ မန်ကျည်းရည်ထည့်ပါ။ 

ကြက်သားနူးလျှင် နံနံပင် ထည့်ပြီး မီးပိတ်နိုင်ပါပြီ။






Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...