Showing posts with label Foods. Show all posts
Showing posts with label Foods. Show all posts

ဝက်သား တညင်းသီး


တညင်းသီးက ကိုယ့်အကြိုက်ဆုံးအသီး၊
ဝက်သားက ကိုယ့်အကြိုက်ဆုံးအသားဆိုတော့
ဝက်သား တညင်းသီးဆိုတဲ့ ဟင်းက ကိုယ် ခေါင်းမဖော်တမ်းစားတဲ့ဟင်းပေါ့။

တညင်းသီးက ကျောက်ကပ်ထိစေတယ်၊ ၀က်သားက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့
တော်တော်များများ လက်ခံလာကြပြီးနောက် ဒီဟင်းကို တစ်ခါ ချက်စားဖို့ နှစ်နဲ့ကိုချီပါတယ်။

ကိုယ့်အနေနဲ့ကတော့ ဘယ်အစားအသောက်ဆို တန်ဆေး လွန်ဘေး။
အများကြီး မစားရင်၊ ဆက်တိုက် စွဲမစားရင် ကျန်းမာရေး မထိခိုက်ပါဘူးလို့ ဆင်ခြေပေးပေမယ့်
အိမ်ကလူတွေက စားခါနီးတိုင်း တားကြတာမို့ တစ်နှစ်နေမှ တစ်ခါလောက်ချက်ဖြစ်တာပါ။

ကိုယ့်အလိုအတိုင်းဆို တစ်လ တစ်ခါလောက်တော့ ချက်စားဖြစ်မလားပဲ။ :P

တစ်နှစ်နေမှ တစ်ခါ လောက်ချက်စားဖြစ်တဲ့ဟင်းမို့ နောက်ရက်တွေဆို ကိုယ့်ဘာသာကိုယ် ဖုန်းထဲက ပုံလေးကြည့် သွားရည်ကျရတာပါပဲ။

တခါတလေမှ ချက်စားရတဲ့ဟင်းလေး ချက်နည်း အောက်မှာ ရှယ်ထားတယ်နော်။



ကဆစ်သီး အမဲခြောက်ဟင်း


ဒီလဆန်း မြန်မာပြည်ပြန်တော့ အညာကို ခဏသွားဖြစ်တယ်။ 
ထုံးစံအတိုင်း အညာလက်ဆောင်တွေ ရလာတာပေါ့လေ။
အဲဒိထဲကမှ အမဲခြောက်၊ ကဆစ်သီး၊ မြေပဲဆုံဆီ လေးတွေ ပါလာတော့
အမဲခြောက် ကဆစ်သီးဟင်း ချက်စားခဲ့ပါတယ်။

ကဆစ်သီးဆိုတာ ဖရဲသီးအသေးလေးနဲ့ပုံစံတူပြီး အရသာကတော့ သခွားသီးဆန်ဆန်ပါပဲ။
အချိုသီးနဲ့ အခါးသီးဆိုပြီး ရှိပြီး အခါးသီးကို ချက်စားရင်တော့ အသီးထဲက အစေ့တွေကို ထုတ်လိုက်ရင် အခါးမရှိတော့ပါဘူး။
အချိုသီးဆိုရင်တော့ အစေ့ပါ ထည့်ချက်စားလေ့ရှိပါတယ်။

အညာမှာ ရှိတယ်ဆိုပေမယ့် အမြဲတမ်းလည်းရှိတာမဟုတ်ပါဘူး။
အိမ်စားဖို့ စိုက်ထားလေ့ရှိကြပြီး စိုက်ထားတဲ့အိမ်က အသီးသီးမှ၊
အိမ်စားပြီးပိုမှ ရောင်းကြတာမို့ အဲလိုရောင်းတာနဲ့လည်းကြုံမှ စားရတာပါ။

ဦးလေးတစ်ယောက်အိမ် အလည်သွားရင်း သူတို့အိမ်မှာ ၀ယ်ထားတာ 
အဆင်သင့်ရှိတာနဲ့ အတင်းကို လက်ဆောင်ပေးလိုက်တာပါ။ 
ကိုယ်ကလည်း သိပ်မလိုချင်ပါဘူး။ ဟီးဟီး ဆိုပြီး ထုတ်လာတာပါပဲ။

အောက်မှာ ဘယ်လိုချက်လဲဆိုတာလေး ရေးပေးထားပါတယ်။




ပြည်ပလာတာ




ပြည်သွားတုန်းက မစားခဲ့ရတဲ့ အတွက် ကိုယ့်ဘာသာ ချက်စားဖြစ်တဲ့ ပြည်ပလာတာလေး တင်ပါရစေ။
သူငယ်ချင်းတစ်ယောက်ဆီက မေးထားတဲ့ နည်းနဲ့ပါ။

ပါဝင်သော ပစ္စည်းများ
ကြက်သား  ၃၀ သားခန့်
အာလူး ၃ လုံး
ကုလားပဲခြမ်း နို့ဆီဗူး တစ်ဗူးခန့်
ဂျင်း သေးသေး တစ်ခု
ကြက်သွန်နီ ဥလတ် တစ်လုံး ( အနှစ်လုပ်ရန်)
ကြက်သွန်နီ ဥကြီး တစ်လုံး ( ပါးပါးလှီးပြီး တွဲစားရန်)
ကြက်သွန်ဖြူ ၃ မွှာခန့်
ငရုတ်သီး အစိမ်းမှုန့် (အရောင်တင်မှုန့်) အနည်းငယ်
ပျဉ်းတော်သိမ်ရွက် အနည်းငယ်
မဆလာ အနည်းငယ်
ဂေါ်ဖီ
သံပရာသီး
ငံပြာရည်
ဆီ
ဆား

အနှစ်အတွက်
ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး မှုန့်တိုကို ရောထောင်းထားပါ (သို့မဟုတ် ကြိတ်ပါ)

ကုလားပဲ ရေစိမ်

ပဲ အတွက်
ကုလားပဲကို အနည်းဆုံး ၄ နာရီခန့် ရေစိမ်ထားပါ။ ပွလာပြီဆိုရင် မီးဖိုပေါ်တင်ပြီး ပြုတ်ပါ။ ဆားမထည့်ရပါ။ ဝေကျတတ်သဖြင့် အဖုံးဖွင့်ပြုတ်ပါ။ နူးအိလာသည်အထိပြုတ်ပြီး ပဲများကို ဇကာဖြင့်စစ်ပြီး အအေးခံပါ။ ပဲရည်ကို သွန်မပစ်ပါနှင့်။ အချိုရည်တွေ ကျန်နေသဖြင့် ဟင်းချက်တဲ့အခါ ပြန်ထည့်ရန် ဖြစ်ပါတယ်။ ပဲများ အေးပြီဆိုရင် ဇကာရှိက ဇကာနှင့်တိုက်ချပါ။ ညက်နေသော အနှစ်ရရန်ဖြစ်ပါတယ်။ ဇကာ မရှိပါက ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။


ကြက်သားကို ဒိန်ချဉ်နဲ့ နှပ် 

ကြက်သား အတွက်
ကြက်သားကို အတုံး သေးသေးလေးတွေ တုံးပါ။ ဒိန်ချဉ်၊ ဆား၊ ကြက်သားမှုန့် တို့နှင့် နယ်ပြီး ၄ နာရီခန့် နှပ်ထားပါ။

အာလူး အတွက်
အာလူးကို အခွံခွာပြီး အတုံး ခပ်သေးသေး တုံးထားပါ။
(တစ်ချို့က အာလူးကို ဆီအနည်းငယ်ဖြင့် အပေါ်ယံတင်းအောင် အရင်ကြော်ပါတယ်)

ပျဉ်းတော်သိမ်ရွက်

ကြက်ပဲဟင်း ချက်ကြရအောင်
အိုးထဲကို ဆီထည့်ပြီး ဆီပူလာလျှင် ငရုတ်ကြက်သွန်ထောင်းထားတာကို ထည့်ဆီသတ်ပါ။ ပျဉ်းတော်သိမ်ရွက်ကိုလည်း တစ်ခါတည်း ထည့်ဆီသတ်ပါ။ ကြက်သွန် များ အညိုရောင်သမ်းပြီး ခြောက်လာလျှင် ငံပြာရည်ထည့်၊ ပြီးလျှင် နယ်ထားသော ကြက်သားများကို ထည့်လုံးပါ။  ခဏအဖုံးအုပ်ထားပြီး ကြက်သားမှ ထွက်လာသည့်အရည်များ ခန်းပြီး ဆီပြန်သောအချိန်တွင် အာလူးကို ထည့်ပြီး ခဏမွှေပါ။ ပြီးလျှင် ပဲပြုတ်ရည်ကို ထည့်ပါ။ ပဲပြုတ်ရည် ပွက်ပွက်ဆူချိန်တွင် ကြေအောင် စကာတိုက်ထားသော (သို့မဟုတ် ကြိတ်ထားသော) ပဲများကို ထည့်ပြီး မကြာခဏ မွှေပေးပါ။ ပဲအနှစ်ပါသည့်အတွက် အိုးကပ်တတ်ပါတယ်။ အပေါ့အငန်မြည်းပြီး လိုတာထည့်ပါ။ ကြက်သားနူးပြီ၊ အာလူးနပ်ပြီဆို အိုးကို မီးဖိုပေါ်မှ ချလို့ရပါပြီ။ တစ်ချို့က အရည်ကျဲကျဲ ကြိုက်ပြီး တစ်ချို့က ပျစ်ပျစ်စားပါတယ်။ ကိုယ်နှစ်သက်သလို အရည်ကို ချိန်ဆထည့်ပါ။





ပြင်ဆင်ကြစို့
ပလာတာကို ရေခဲသေတ္တာထဲက ထုတ်ပြီးပြီးချင်း အမာအချပ်လေးအတိုင်းပဲ ဆီနည်းနည်းနဲ့ ကြော်ပါတယ်။ ပြီးရင် လက်နဲ့ မွှထားပါ။
ဂေါ်ဖီကို  ပါးပါးလှီးထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပါ။
ပူစီနံကို အရွက်များ ချွေထားပါ။
ငရုတ်သီးစိမ်း တောင့်ကို လှီးထားပါ။
သံပုရာသီး စိတ်ထားပါ။


စားကြမယ်
မွှထားသော ပလာတာကို ပန်းကန်ထဲထည့်၊ ကြက်သားအာလူးပဲရည် ထည့်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပူစီနံ၊ ငရုတ်သီးစိမ်း၊ မဆလာဖြူးပြီး သံပုရာစိတ် ညှစ်ထည့်ပြီးလျှင် ပြည်ပလာတာတစ်ပွဲ အဆင်သင့်ဖြစ်ပါပြီ။








ကိုရီးယား ၀က်သားကင်

ကိုရီးယား ၀က်သားကင် ဆလပ်ရွက်ထုပ်
(samgyeopsal-gui)


ကိုရီးယားအသားကင် ဘူဖေးစားတိုင်း တခြားအသားတွေထက် ၀က်သားသုံးထပ်သား ကင်တာကို ဆလပ်ရွက်နဲ့ ထုပ်စားရတာ အရမ်းကြိုက်ပါတယ်။ ဘူဖေးဆိုတော့ စိတ်ကြိုက်စားလွန်းလို့ လူက တစ်ခါစား အနည်းဆုံး ၁ ကေဂျီလောက် တိုးနေလေတော့ နောက်ပိုင်းကျ အိမ်မှာ လုပ်စားပါတယ်။ နဲနဲတော့ limit နဲ့ ဖြစ်သွားတာပေါ့လေ။

စင်ကာပူမှာနေတဲ့မှာ နေတဲ့ ကိုရီးယားလူမျိုးတွေကတော့ ၀က်သားကို wet market ကနေ၀ယ်ပြီး ရောင်းတဲ့သူကို ကင်ဖို့အတွက် ဆိုပြီး လှီးခိုင်းပါတယ်။ ကိုယ်တွေကတော့ မပြောတတ်တော့ Fareprice တို့ Giant တို့လို super market ကပဲ ခဲထားတဲ့ သုံးထပ်သား အထုပ်ကိုဝယ်ပါတယ်။ ဟော့ပေါ့ထဲ ထည့်စားတဲ့ ပါးပါးလေးတွေ မဟုတ်ပါဘူး။ ထူထူကိုဝယ်တာပါ။
ဒါက NTUC Fairprice က ၀ယ်နေကျ အထုပ်

ဒါက Giant က ၀ယ်နေကျ အထုပ်

ပါဝင်သော ပစ္စည်းများ
ဝက်သား သုံးထပ်သားပြား
ဆား - အနည်းငယ်
နှမ်းဆီ - အနည်းငယ်
ကြက်သွန်ဖြူ
ကြက်သွန်နီ  - အလုံးကြီးတစ်လုံး
ငရုတ်သီးစိမ်းအတောင့်ကြီး
ဆလပ်ရွက်
ကိုရီးယား ငရုတ်ဆီ ( supermarket တွေမှာ ssamjang soybean paste ဆိုပြီး ဗူးလေးတွေ ရောင်းပါတယ်)
ငွေအပ်မှို (မထည့်လည်းရ)

ကိုရီးယားလူမျိုးတွေက ပုံမှန်အားဖြင့် ၀က်သားကို စားပွဲတင်ကင်စက်ပေါ်မှာ ကင်ရင်းစားလေ့ ရှိပါတယ်။
ကိုယ်ကတော့ အဲဒိကင်စက်မရှိတဲ့အတွက် oven နဲ့ပဲ ကင်လိုက်ပါတယ်။

ဝက်သားပြားများကင်ရန်အသင့်


၁။ ၀က်သားကင်ရန် 
ဝက်သားကို ဆားအနည်းငယ်၊ ပဲငံပြာရည်အကြည်အနည်းငယ်၊ နှမ်းဆီအနည်းငယ်ဖြင့် နယ်ပြီး နှပ်ထားပါတယ်။ ကိုယ်တွေသာ အသားကို တစ်ခုခုနဲ့ မနယ်ရရင် မနေတတ်လို့ လုပ်တာပါ။ ရုံးက ကိုရီးယား လူမျိုးတွေနဲ့ အကင်စားဖြစ်ရင်တော့ သူတို့က ၀က်သားကို ဘာနဲ့မှမနယ်ဘဲ ဒီအတိုင်းကင်တာပါ။ oven ကို အပူချိန် ၂၁၀ ဒီဂရီ စင်တီဂရိတ်ခန့်ထားပြီး တစ်ဘက်ကို  မိနစ်၃၀ ကင်ပါတယ်။ မိနစ် ၃၀ ဆိုပေမယ့် မိနစ်၂၀ လောက်ကင်အပြီးမှာ ထုတ်ကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆို နောက်တစ်ဘက်ကို နောက်ထပ် မိနစ် ၃၀ ဆက်ကင်ပါတယ်။ ၀က်သားကင်တဲ့ ဗန်းထဲကို ကြက်သွန်နီ အကွင်းလိုက်ထူထူလှီးထားတာကိုပါ ထည့်ကင်လိုက်ပါတယ်။ ငွေအပ်မှို ကိုလည်း ထည့်ကင်ပါ။

ငရုတ်ဆီ၊ ပဲငပိ၊ နှမ်းဆီ၊ နှမ်း

နယ်ရန်အဆင်သင့်

ငရုတ်ဆီရပြီ

၂။ ssamjang ငရုတ်ဆီ ပြုလုပ်ရန်
တကယ်လို့ ssamjang  ငရုတ်ဆီ ၀ယ်ပြီးသားရှိတယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။ အိမ်မှာက hot pepper paste ပဲ ရှိလို့ ဒါကိုလုပ်ရတာပါ။
ကြက်သွန်နီ အလုံးသေးတစ်လုံး နုတ်နုတ်စင်း၊ ကြက်သွန်ဖြူ တစ်မွှာနုတ်နုတ်စင်း၊ hot pepper paste စားပွဲတင်ဇွန်း တစ်ဇွန်း၊ နှမ်း နှစ်ဇွန်း၊ နှမ်းဆီ နှစ်ဇွန်း၊ ပျားရည် နှစ်ဇွန်း၊ soybean paste ရှိရင် အနည်းငယ်။
အဲဒါတွေအားလုံး ကို နယ်လိုက်ရင် အသားကင်နဲ့စားဖို့ ငရုတ်ဆီ ရပါပြီ။

ဆလပ်ရွက်

ငရုတ်သီးစိမ်း

ကြက်သွန်ဖြူ

ကြက်သွန်နီမီးကင်

၃။ တခြားပြင်ဆင်ရန်
ဆလပ်ရွက်ကိုရေဆေးပြီး စစ်ထားပါ။
ကြက်သွန်ဖြူကို ပါးပါးလှီးပါ။ (ကြက်သွန်ဖြူ ကို အစိမ်းမစားတတ်သူတွေ ကင်တဲ့အထဲ ထည့်ကင်ပါ)
ငရုတ်သီးစိမ်းအကြီးတောင့်ကို အကွင်းထူထူလှီးပါ။ (ဒါလည်း အစိမ်းမစားတတ်ရင် ကင်တဲ့အထဲ ထည့်ပါ)

ကင်ပြီးသားဝက်သားပြားကို ညှပ်

ဒီလိုအဆင်သင့်ပြင်


ဆလပ်ရွက်ကိုဖြန့် ပြင်ထားတာတွေထည့်

ထုတ်ပြီး တစ်ခါတည်းသာ ပါးစပ်ထဲ ထည့်လိုက်ပေတော့

၎။ စားကြစို့
ဆလပ်ရွက်ကို လက်ထဲမှာဖြန့်
ဝက်သားကင်ကို တစ်လက်မအရွယ်ခန့် (အမှန်တော့ ကိုယ်စားချင်တဲ့အရွယ်ပါ) ကပ်ကြေးနဲ့ ညှပ်ထားတာကို ထည့်
ကြက်သွန်ဖြူ လှီးထားတာထည့်
ငရုတ်သီးစိမ်းကွင်းထည့်
ငရုတ်ဆီထည့်
ဆလပ်ရွက်ကို ခေါက်၊ အထုပ်ကလေး လုပ်ပြီး ပါးစပ်ထဲကိုတစ်ထုပ်လုံး ထည့်လိုက်ပါ။

အားပါး.... အရမ်းကောင်းတဲ့ ၀က်သားကင်ပဲ... :P

ကဆစ်သီး ကြော်ချက်


အညာကနေ အမေ တကူးတက မှာထည့်ပေးလိုက်တဲ့ ကဆစ်သီးကို စားသာစားချင်တာ ဘယ်လိုချက်ရမလဲ မေ့နေလို့ အမေက ချက်ပုံချက်နည်း စာနဲ့ ရေးပေးလိုက်ပါသေးတယ်။အညာသူမ စစ်စစ်ကြီးရဲ့ အညွှန်းအတိုင်းချက်ထားတဲ့ ရန်ကုန်သူ စစ်စ်ရဲ့ ချက်နည်းလေး ကြည့်ကြည့်ပါဦး။

ပါဝင်သော ပစ္စည်းများ
ကဆစ်သီး ၁၀ လုံးခန့်
ခရမ်းချဉ်သီး ၂ လုံး
ကြက်သွန်နီ အသေး ၁ လုံး  (ကြိတ်ထားရန်)
ကြက်သွန်ဖြူ  ၃ မွှာ (ကြိတ်ထားရန်)
ငရုတ်သီး အစိမ်းမှုန့် အနည်းငယ်
ပုစွန်ငါးပိ အနည်းငယ်
ဆား အနည်းငယ်
ဆီ အနည်းငယ်
အချိုမှုန့် အနည်းငယ်

ကဆစ်သီးဆိုတာ အပြင်ပန်းက ကြည့်ရင် ဖရဲသီး အသေးစားပုံစံလေးလိုပါပဲ။ အထဲက အသားကတော့ သခွားသီးနဲ့ တူပါတယ်။ ဒါပေမယ့် သူ့အရသာကတော့ တစ်ချို့က ချဉ်ပြီး တစ်ချို့က ခါးပါတယ်။ ဘယ်ဟာချဉ်ပြီး ဘယ်ဟာခါးလဲဆိုတာ ကိုယ့်အနေနဲ့တော့ အပြင်ကကြည့်ရင် မသိပါဘူး။ အဲဒိတော့ ဘာလုပ်ကြည့်ရလဲဆိုတော့ အခွံခွာ ထပ်ခြမ်းခြမ်းပြီး လျှာနဲ့ တို့ ကြည့်ရပါတယ်။


ကဲ စကားတွေများနေလို့ မပြီးဘူး။ စချက်ကြရအောင်။

ကဆစ်သီးကို အခွံခွာ၊ ထပ်ခြမ်းခွဲပြီးလျှာဖြင့် တို့မြည်းကြည့်ပါ။
ခါးတယ်ဆိုရင် အထဲက အစေ့တွေကို ထုတ်ပြီး၊ မခါးရင် အစေ့မထုတ်ဘဲ အခြမ်းလိုက် ချက်မယ့်အိုးထဲ ထည့်ပါတယ်။


ခရမ်းချဉ်သီး နှစ်လုံးခန့်ကို အစေ့ထုတ်ပြီး လက်ဖြင့် ဖျစ်ပြီး ခြေ ထည့်ပါတယ်။

ကြက်သွန်အဖြူအနီထောင်းထားတာကို ထည့်၊
ပုစွန်ငါးပိ အနည်းငယ်၊ ငရုတ်သီး အစိမ်းမှုန့် အနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့် (စားသုံးလျှင်) အနည်းငယ်ထည့်ပြီး လုံးချက်ပါ။

ငရုတ်သီးအနံ့ ပျောက်သည်အထိ လုံးချက်ပြီး ရေအနည်းငယ်ထည့်ကာ ကဆစ်သီးနူးသည်အထိ တည်ပါ။
ကဆစ်သီးနူးပြီး ဆီကျန် ရေကျန် အနေအထားတွင် ဟင်းအိုးမီးဖိုပေါ်မှ ချလို့ရပါပြီရှင်။


ချက်ပုံချက်နည်း တစ်နေရာနှင့်တစ်နေရာ ကွဲနိုင်သေးပေပမယ့် ဒီနည်းကတော့ ကိုယ်တို့ အညာအိမ်က အိုးသူကြီး အဒေါ်ရဲ့ ချက်နည်းပါ။

ရွာမှာဆိုရင်တော့ ဗူးရွက်ဟင်းချို၊ အမဲကြော်၊ ကဆစ်သီးဟင်း၊ ငရုတ်သီးထောင်းဆိုလို့ကတော့ ထမင်းဝိုင်းထဲ စကားမပြောတမ်း ခေါင်းငုံ့လွေးကြတာ ထမင်းဝိုင်းဘေးချထားတဲ့ ထမင်းအိုးထဲက ထမင်း အမြဲ ပြောင်တလင်းခါစမြဲပါ။

သူများတွေ ကြိုက်မကြိုက်ထက် ကိုယ်ကတော့ ဒီဟင်းလေးစားမိတိုင်း အညာမှာနေခဲ့ရတဲ့ အချိန်လေးတွေကို ပြန်ရောက်သွားသလိုပါပဲ။ ပြောရင်း စားချင်လာပြန်ပြီ။




ကြက် ရခိုင်ချက်

လွယ်လွယ်နဲ့ မြန်မြန် စားကောင်းမယ့်ဟင်းလေးမို့ ခဏခဏ ချက်ဖြစ်ပါတယ်။ ဆီလည်း မပါတာမို့ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။

ပါဝင်သော ပစ္စည်းများ
ကြက်သား တစ်ခြမ်း
ငရုတ်သီးစိမ်း ၁၅ တောင့်ခန့် (သို့) အစပ်စားနိုင်သလောက်
ငပိ စတီးဇွန်းတစ်ဝက်ခန့်
ဆနွင်းမှုန့်
စပါးလင် ၂ ချောင်း
မန်ကျည်းသီးမှည့် အနည်းငယ်
ဆား အနည်းငယ်
နံနံပင်

မန်ကျည်းမှည့်ကို ရေနွေးနှင့် စိမ်ထားပါ။

အိုးငယ်တစ်လုံးတွင် ငပိ၊ ဆနွင်းမှုန့်၊ ငရုတ်သီးစိမ်းတောင့်တို့ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းသည်အထိပြုတ်ပါ။ ထို့နောက်ပြုတ်ပြီး ငရုတ်သီးစိမ်းများကို ငရုတ်ဆုံတွင် ကြေညက်အောင် ထောင်းပါ။




ကြက်သားကို အတုံးသေးများတုံးပြီး ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့်အနည်းငယ်တို့ဖြင့် နယ်ထားပါ။


စပါးလင်ကို အနေတော်ဖြတ်ပြီး ထုထားပါ။


ကြက်သားချက်မည့်အိုးတွင် စပါးလင်နှင့်ကြက်သားကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ပြုတ်ရေခမ်းသွားလျှင် ရေကိုယ်လိုချင်သည့် အနေအထားထိ ထည့်ပြီး တည်ထားပါ။ ကိုယ့်အနေနဲ့ကတော့ ရေကို ဆမ်းစားနိုင်အောင် ခပ်များများ ထည့်လေ့ရှိပါတယ်။ 


ရေဆူလာလျှင် ခုနထောင်းထားသည့် ငရုတ်သီးများကိုထည့်ပါ။ မန်ကျည်းရည်ထည့်ပါ။ 

ကြက်သားနူးလျှင် နံနံပင် ထည့်ပြီး မီးပိတ်နိုင်ပါပြီ။






ငါးဖယ် အစာသွပ်

ပါဝင်သောပစ္စည်းများ

ငါးဖယ် (ဆား၊ နနွင်း အနည်းငယ်နှင့်နယ်၊ အဆုပ်လေးတွေ လုပ်ပြီး ကြော်ထားပါ)
ဂေါ်ဖီ (ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း (ပါးပါးလှီးထားပါ)
ရှောက်ရွက် (ပါးပါးလှီးထားပါ)
ရှောက်သီး ( အမွှာလေးတွေ နွှာထားပါ)
ကြက်သွန်ဖြူဆီချက်
ငံပြာရည်



ပြုလုပ်ပုံ

ငါးဖယ်ကို အလယ်မှ ကပ်ကြေးနှင့်ညှပ်ပြီး ခွဲပါ။
ခုနပြင်ဆင်ထားသော ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ရှောက်သီးအမွှာ၊ ကြက်သွန်ဖြူဆီချက်၊ငံပြာရည်တို့ကို ထည့်ပြီး ငါးဖယ်အစာသွပ်ကို ရေနွေးကြမ်းနှင့် မြည်းနိုင်ပါပြီ။



အစုံသုပ်

အစုံသုပ်က အမယ်များပေမယ့် လုပ်ရတာ လွယ်ပြီး ခံတွင်းမြိန်တာကြောင့် မကြာမကြာ လုပ်စားဖြစ်ပါတယ်။
အစုံသုပ်ဆိုပေမယ့် ထမင်းဆုပ်နဲ့ သဘောင်္သီးစိမ်း မထည့်မိပါဘူး။ထည့်ရင် ပိုစုံတာပေါ့လေ။

ပါဝင်သော ပစ္စည်းများ

ခေါက်ဆွဲ၊ 
ညှပ်ခေါက်ဆွဲ၊
ကြာဇံ (အနည်းငယ် ပြုတ်ထား)၊
ပဲပင်ပေါက် (ရေနွေးဖျော)၊
ဂေါ်ဖီ(ပါးပါးလှီး) ၊
တို့ဟူး(ပါးပါးလှီး)၊
အာလူး(ပြုတ်ပြီး လှီးထား)၊
ကျောက်ပွင့်( ရေစိမ်ပြီး ပွလာသောအခါ သေးသေးလေးတွေ ခွာထား)၊ သခွားသီး(အချောင်းလေးတွေလှီးထား)၊
ပဲပြားကြော်( ကပ်ကြေးနဲ့ အနေတော်ညှပ်)
ပဲကြော်
ကြက်သွန်ဖြူဆီချက်
ငံပြာရည်
ဆား
အချိုမှုန့်
ငရုတ်သီးအကျက်မှုန့်



ကိုယ်စားဖို့သုပ်တဲ့ထဲမှာ ငရုတ်သီးမှုန့်နဲနဲပဲထည့်လို့ အမျိုးသားက ကလေးစားဖို့ သုပ်ထားတဲ့ အချိုသုပ်တဲ့

အချဉ်ရည်ဖျော်နည်း

မန်ကျည်းသီးကို ရေနွေးနဲ့စိမ်၊ ပြီးရင် ဘုံကျောင်းငရုတ်ဆီနဲ့ရော၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုထောင်းထည့်၊ နံနံပင်နဲ့ ငံပြာရည်နဲနဲထည့်ရင် အချဉ်ရည် ရပါပြီ။ (ဒါပေမယ့် လက်မမှန်ပါဘူး။ အရင်တစ်ခါလုပ်စားတုန်းက သူငယ်ချင်းက ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာ အသုပ်ရဲ့ အချဉ်ရည်အတိုင်းပဲဆိုပြီး အားရပါးရစားပါတယ်။ ဒီတစ်ခါကျတော့ ဒီအချဉ်ရည်က လူကြီးဆန်လာတယ် ကလေးကြိုက်မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။ ကြည့်ရတာ အရင်တစ်ခေါက်တုန်းက ဘုံကျောင်းငရုတ်ဆီတွေ အများကြီး ထည့်မိလားမသိ :P )
ပေပေပွပွ အချဉ်ရည် (သည်းခံကြပါ၊ မသုတ်အားလို့ပါ)

စားတော့မယ်ဆို ခုနပြင်ထားတာတွေ အကုန်လုံးရောနယ်လိုက်ရုံပါပဲ။

ဗူးသီးဟင်းခါး 

ရေဆူအောင်တည်၊ ဆူလာလျှင် ကြက်သွန်ဖြူထောင်းထားတာနဲ့ ပုစွန်ခြောက်ခပ်၊ ဗူးသီးပါးပါးလှီးထားတာခပ်၊ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်၊ဗူးသီးနူးပြီဆို ငရုတ်ကောင်း ခပ်ပြီး ဗူးသီးဟင်းခါး ရပါပြီ။

မြီးရှည် (၀က်)



မြီးရှည်ကို လုပ်စားတိုင်း တစ်ခါချက်စား နည်းတစ်မျိုးနဲ့ပါ။ အိမ်မှာရှိတဲ့ပစ္စည်းပေါ်မူတည်ပြီး ပြောင်းချက်လေ့ရှိပါတယ်။ နောက်ဆုံးစားရတဲ့အရသာက ကောင်းတယ်ဆိုတော့ ဘယ်နည်းနဲ့ချက်ပါလို့ အတိအကျ မှတ်မထားတော့ပါဘူး။ မန္တလေးသူမဟုတ်တော့ တကယ့် မြီးရှည်အရသာကို မခွဲခြားတတ်လို့လည်း ဖြစ်ပါလိမ့်မယ်။ အခုနည်းနဲ့ချက်ပြီး ၄ ရက်လောက်ကို စားလိုက်ရပါတယ်။ စားတိုင်းလည်း မငြီးငွေ့ပဲ ကောင်းတယ်လို့ စားသုံးသူ ၃ ယောက်လုံး ထောက်ခံတဲ့အတွက် ရေးသားလိုက်ပါတယ်။ တကယ်က ဟိုနေ့က ကြေးအိုးချက်ပြီး တစ်ချို့အသားတွေ ပိုနေလို့ မြီးရှည်ချက်စား ဖြစ်တာပါ။

ပါဝင်သောပစ္စည်းများ
ဝက်နံရိုး
ဝက်အကြေသား (သို့) ၀က်သား နုတ်နုတ်စဉ်း
နန်းလတ် မုန့်ဖတ်
ခရမ်းချဉ်သီး
ပဲပင်ပေါက်
ကော်မှုန့်
ပဲငပိ (အချို)
ကြက်သွန်မိတ်
ရှာလကာရည်
ပဲငံပြာရည် (အကျဲ)
ကြက်သွန်ဖြူ ၄ မွှာ (ဟင်းအနှစ်ချက်ရန်)၊ တစ်လုံး (ထောင်းပြီးရေနွေးဖျောရန်)
ကြက်သွန်နီ ၁ လုံး
ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်)
ငရုတ်သီးကြမ်း
တရုတ်မဆလာ
မြေပဲလှော်
ငံပြာရည်
နှမ်းလှော်

၁။ နန်းလတ်ဖတ်ကို (ဒီမှာ laksa ဖတ်ကို သုံးထားသည်) ပြုတ်ပြီး ရေစစ်ထားပါ။



၂။ ၀က်နံရိုးကို ဆား၊ ပဲငံပြာရည်၊ သကြားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်တို့နှင့်နယ်ပြီး ပြုတ်ထားပါ။

၃။ နူးသောအခါ အသားများကိုဆယ်ပြီး ပါးပါးလှီးထားပါ။

ဝက်သားပြား


၎။ ၀က်သား နုတ်နုတ်စဉ်းကို ဆား၊ အချိုမှုန့်တို့နှင့်နယ်ထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။  ကြက်သွန်အဖြူ၊ အနီကိုထောင်းပြီးဆီသတ်ပါ။ ထို့နောက် ငရုတ်သီးအစိမ်းမှုန့်( အရောင်တင်မှုန့်) ထည့်ပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် ခရမ်းချဉ်သီးပါးပါးလှီးထားတာကိုထည့်ပါ။ခရမ်းချဉ်သီး အခွံများလိပ်လာသောအခါ နှပ်ထားသော ၀က်သားထည့်ပါ။ ရေခန်းပြီးဆီပြန်ခါနီးတွင် ပဲငပိအချိုထည့်ပါ။ ဆီပြန်လျှင်ဟင်းအိုးကို မီးပိတ်လိုက်ပါ။

ဒီပဲငပိ အချို သုံးထားသည်။ ပင်နီစူးလားက ၀ယ်သည်။



၅။ ကြက်သွန်မိတ်ကို ပါးပါးလှီးထားပါ (ဟင်းချိုထဲ ခပ်ရန်။)

နံနံပင်က မလိုပါ။ သို့ပေမယ့် ဘာစားစား နံနံပင်လေးပါမှ ကြိုက်သူအတွက် အသုပ်ထဲထည့်ရန်ပြင်ဆင်ထားခြင်းဖြစ်သည်။


၆။ ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့် ဖျော်ထားပါ။ အိုးငယ်တစ်လုံးတွင် ရေအနည်းငယ်ထည့်ပြီး ဆူလာသောအခါ ကော်ရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ရှာလကာရည် အနည်းငယ်၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး ကော်ရည်လုံးလာသောအခါ မီးပိတ်ပါ။

တော်တော်ပျစ်ပြီး လုံးသွားသည်။ ကိစ္စမရှိ။ 


၇။ ကြက်သွန်ဖြူကို ထောင်းပြီး ရေနွေးအနည်းငယ်ဖြင့် ဖျော်ထားပါ။



၈။ ဒယ်အိုးထဲတွင် ဆီပူအောင်တည်ပြီး ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ပါ။ တရုတ်မဆလာအနည်းငယ်ထည့်ပြီး ချက်ချင်းမီးပိတ်ပါ။ သို့မဟုတ်က ငရုတ်သီးများ တူးသွားပါလိ့်မ်မည်။ (ဟီးဟီး ပုံကိုကြည့်ပါ။ တူးသွားသော ငရုတ်သီးပုံ။)

ငရုတ်သီးတူးတူးလေး။ ကံကောင်းသဖြင့် မခါး။ တူးခါစဖြစ်ပုံရသည်။


၉။ မြေပဲလှော်ကို မညက်တစ်ညက် ထောင်းထားပါ။


 ၁၀။ ပဲပင်ပေါက်ကို ရေနှင့်ပြုတ်ပြီး ရေစစ်ထားပါ။

၁၁။ နှမ်းလှော်ရှိလျှင် အသင့်ပြင်ထားပါ။

မြီးရှည်ပွဲပြင်ရန်

ပန်းကန်ထဲသို့ မုန့်ဖတ်၊ ပဲပင်ပေါက်၊ လှီးထားသော ၀က်သားပြား၊ ၀က်သားပဲငပိအနှစ်ဟင်း၊ ကော်ရည်၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးဆီချက်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ငံပြာရည် အနည်းငယ်တို့ကိုထည့်ကို နယ်ပြီး စားသုံးနိုင်ပါပြီ။


ဟင်းချိုအတွက် ၀က်နံရိုးပြုတ်ရည်ကို ပူအောင်နွှေးပြီး ငရုတ်ကောင်းခတ် ကြက်သွန်မိတ်ခတ်ပြီး စားသုံးနိုင်ပါသည်။




Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...