ကင်းပုံသီး ကြော်ချက်

ပါဝင်သော ပစ္စည်းများ
ကင်းပုံသီး
ကြက်သွန်ဖြူ
ကြက်သွန်နီ
ပုစွန်ခြောက်မှုန့်
ငရုတ်သီးအစိမ်းမှုန့်
ဆားအနည်းငယ်
အချိုမှုန့်အနည်းငယ်

မူဆာဖာ(mustafa) ရောက်ရင် မ၀ယ်ရမနေနိုင် အမြဲဝယ်ဖြစ်တာက ကင်းပုံသီးပါ။ ရန်ကုန်တုန်းကတော့ အချို၊ အခါး၊ အချဉ် သုံးမျိုးလုံးစားခဲ့ရပေမယ့် ဒီမှာ ၀ယ်လို့ရတာက အချိုတစ်မျိုးတည်းရှိပါတယ်။ 

ကင်းပုံသီးကို ရေသေချာဆေးပြီး ဘေးနှစ်ဘက်အနည်းငယ်ကိုလှီးပါ။ ပုံပါအတိုင်း ထက်ခြမ်းခြမ်းပါ။ထို့နောက် လှီးထားသော အခြမ်းကိုမှောက်ပြီး ငရုတ်ကျည်ပွေ့နှင့် တစ်ချက်နှစ်ချက် ထုလိုက်ပါ။ 

အကုန်ထုပြီးပါပြီ။

ကြက်သွန်အဖြူ  နဲ့ အနီကို ထောင်းထားပါ။

အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ နီကိုထည့်ဆီသတ်၊ ကျက်ခါနီးတွင် ငရုတ်သီးအစိမ်းမှုန့်ထည့်။ ထို့နောက် ပုစွန်ခြောက်မှုန့်ထည့်ပြီး ဆီသတ်ပါ။ 

ဆီသတ်ပြီးသောအခါ ထုထားသော ကင်းပုံသီးများကိုပါ ထည့်ပြီး စက္ကန့်အနည်းငယ်မွှေပေးပါ။ ထို့နောက် ရေမြုပ်ရုံထည့်၊ ဆားသင့်ရုံ၊ အချိုမှုန့်သုံးလျှင် အနည်းငယ်ထည့်မွှေပြီး အဖုံးခဏဖုံးထားပါ။ 

ဆီပြန်လာပြီ၊ ကင်းပုံသီးနူးလာပြီးဆိုလျှင် ကင်းပုံသီးကြော်ချက်တစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။




ဟက်ပီဘာ့ဒေး ညီမလေး


(ပုံကို ဒီနေရာမှ ယူသည်။)

ဒီနေ့ ချစ်လှစွာသော ညီမလေးရဲ့ မွေးနေ့ဖြစ်သည်။

ညီမလေးနဲ့ ကိုယ်က အသက် ၇ နှစ်တိတိကွာသည်။ ညီမလေးသည် ကိုယ့်အတွက်တော့ သက်ရှိ အရုပ်ကလေးဖြစ်သည်။ ကိုယ်နဲ့ တခြား ရွယ်တူကလေးတွေ အရုပ်မလေးတွေနဲ့ ဆော့နေချိန် ကိုယ်ကတော့ ညီမလေးရဲ့ အကျီင်္သေးသေးလေးတွေ ကို လျှော်နေခဲ့သည်။ ညီမလေးကို အကျီင်္လဲပေး၊ ရေချိုးပေး၊ သနပ်ခါးလိမ်းပေးနှင့် ကိုယ့်ကလေးဘ၀အချိန်များရဲ့ ကစားချိန်တော်တော်များများကို သူမအတွက် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့သည်။ ကိုယ့်စိတ်ကူးပေါက်ရာ ဆံပင်ပုံစံများ ညီမလေးခေါင်းမှာ စမ်းခဲ့ဖူးသည်။ ကိုယ့်လက်ရာ သနပ်ခါးဘဲကြားနဲ့ ညီမလေးကို အရမ်းချောလိုက်တာဟု တစ်ဖွဖွ ပြောသောကြောင့် အမေတို့ အမတို့ က ၀ိုင်းဟားကြသည်။ ညီမလေး အိပ်ရာထဲ ရှူရှူးပေါက်လျှင် ကိုယ်ချက်ချင်းသိသည်။ အနှီးလဲပေးပြီး ပွစိပွစိပြောကာ ပြန်အိပ်သည်။ ညီမလေးကို အမြဲချီပိုး နေတတ်သည်။ ညီမလေး ငါးတန်းအရွယ်ထိ ချီနေသောကြောင့် ပတ်ဝန်းကျင်က ၀ိုင်းပြောကြရသည်။ ထိုင်လျှင်ကိုယ့်ပေါင်ပေါ် ညီမလေးကို အမြဲတင်ထားသည်။ ညီမလေးအိပ်နေလျှင် ပါးဖောင်းဖောင်းလေးကို ခဏခဏ ခိုးနမ်းသည်။ ကြာတော့ ညီမလေးသည် ကိုယ့်ကို အမေထက် ပိုခင်တွယ်လာသည်။

ညီမလေး ၄ နှစ် မူကြိုတက်တော့ ကိုယ်က လူကြီးလုပ်ပြီး လိုက်အပ်ပေးသည်။ ပြန်မယ်ပြင်တော့ ညီမလေးက အပြန်မခံ။ အာပြဲကြီးနှင့်အော်ငိုတာ အတင်းပြန်လိုက်ပြေးလာသည်။ ဆူလို့လည်းမရ ငေါက်လို့လည်းမရ ချော့လို့လည်းမရသည့်နောက်ဆုံး ကိုယ် သူ့မူကြိတွင် ထိုင်စောင့်နေရသည်။ နောက်ရက်တွေတော့ မူကြိုသို့ ကိုယ့်စာအုပ်တွေယူလာကာ ကျောင်းအိမ်စာများ ထိုင်လုပ်နေရသည်။ မူကြိုဆရာမက ကျောင်းတက်တာ နှစ်ယောက်ဆိုတော့ နှစ်ယောက်စာ ပေးရမယ်ဟု စသည်။

အမျိုးတွေလာလည်သဖြင့် မယ်လမုဘုရား လိုက်ပို့သည့်နေ့က ညီမလေးကို ကိုယ်ကိုယ်တိုင် ရေချိုးပေး၊ ဂါဝန်ဝတ်ပေး၊ ဆံပင်စည်းပေးပြီး၊ ပထမဆုံးအဖြစ် နုတ်ခမ်းနီဆိုးပေးလိုက်သည်။ ထိုနေ့က ညီမလေး ဘာမှ မစား။ ကျွေးလို့လည်းမရ။ နုတ်ခမ်းနီပျက်မှာစိုလို့ဆိုပြီး နုတ်ခမ်းလေးကို ထော်ထားသည်။ ကိုယ်တို့တွေ သဘောတွေကျကြရသည်။

ညီမလေးကို မည်သူ ဆူသည် ငေါက်သည်ကိုမှ ကိုယ်လက်မခံ။ ကိုယ်ကိုယ်တိုင်လည်း အမြဲချော့ပြောသည်။ ထို့ကြောင့်ပင် ညီမလေးသည် တော်တော်ဆိုးလာသည်။ စိတ်ကြီးလာသည်။ လိုချင်တာ မရလျှင် ပစ္စည်းတွေကို ကိုင်ပေါက်တတ်လာည်။ ကိုယ်ကလည်းငယ်သေးတော့ မစဉ်းစားတတ်။ အမေရိုက်မယ်ပြင်တိုင်း ညီမလေးရှေ့က ကာဆီးကာဆီးလုပ်သည်။ ကိုယ့်မုန့်ဖိုးသည် ညီမလေးအတွက် မုန့်လေးတွေ၊ ကစားစရာလေးတွေ၊ အသုံးအဆောင်လေးတွေ ၀ယ်ရင်း ကုန်သွားလေ့ရှိသည်။ ကိုယ်ကျောင်းတက်ရင်း အလုပ်လုပ်သည့်ပိုက်ဆံသည် ညီမလေး ကျောင်းဖိုး၊ ကျူရှင်ဖိုးဖြစ်သည်။ ကိုယ့်အတွက်ကိုယ် ကိုယ်တိုင် အ၀တ်အစား ၀ယ်ဝတ်လေ့မရှိပေမယ့် ညီမလေးအတွက်ဆို ကိုယ်သည် အလိုလို ၀ယ်ပြီးသား ဖြစ်နေသည်။ ညီမလေးကလည်း ကိုယ့်ကို အ၇မ်းတွယ်သည်။

ဒီလိုနဲ့ ကိုယ်တက္ကသိုလပ်တက်ချိန် ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်ဝိုင်းတွေတစ်ဖက်နဲ့ ဖြစ်လာချိန်၊ ညီမလေးလည်း ဆယ်တန်းအောင်ပြီဖြစ်သောကြောင့် ညီမလေးကို ကိုယ် လက်လွှတ်လိုက်သည်။ ကိတ်စတစ်ခုပေါ်လာတိုင်း အရင် လို ဆုံးဖြတ်မပေး။ သူ့ဘာသာ ဆုံးဖြတ်ခိုင်းသည်။ အဲဒိအချိန်မှာပဲ ၀မ်းနဲစရာ ကောင်းသောအရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။ ညီမလေးသည် ကိုယ်ရဲ့ ပြုစုမှုအောက်တွင် ကြီးပြင်းလာရသောကြောင့် အရာရာ ကိုယ့်ကိုပဲ အားကိုးနေသည်။ သူ့ဘာသာ ဘာမှ မလုပ်တတ်။ မစဉ်းစားတတ်။ မလုပ်ရဲ မကိုင်ရဲဖြစ်နေသည်။ ငယ်စဉ်က သူမကို ချစ်သောစိတ်ဖြင့် အရာရာ လုပ်ပေးရသည်ကို ကျေနပ်ခဲ့သောကိုယ် ထိုအချိန်တွင် တကယ့်ကို ကြေကွဲရသည်။ ညီမလေးကို ကိုယ်ချစ်ရာ မရောက် နှစ်ရာ ရောက်ခဲ့လေပြီ။

ကိုယ်ကိုယ်တိုင်လည်း အလုပ်တွေ မိုးလင်းက မိုးချုပ်များနေသည်ကို အကြောင်းပြပြီး ညီမလေးကို ဥပက္ခာပြုလိုက်သည်။ အရင်လို ယုယုယယမနေ။ သူမ အနားလာကပ်လျှင် အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်။ အခန်းတံခါးပိတ်ပြီး စာဖတ်ချင်ယောင်ဆောင်သည်။ တစ်ခုခုကို လာတိုင်ပင်လျှင် ဆုံးဖြတ်စေချင်လျှင် ကိုယ့်ဘာသာစဥ်းစားဟု အနည်းငယ် မာမာပြောလွှတ်သည်။ ကိုယ်ထင်သည်။ ညီမလေးသည် ထိုကာလများကို အားငယ်စွာ၊ ၀မ်းနဲစွာ ယောင်ချာချာနိုင်စွာ ကျော်ဖြတ်ခဲ့ရမည်။ ပိုဆိုးသည်က ထိုကာလများသည် ကိုယ်အတင်းတက်ခိုင်းသောကြောင့် တက်ခဲ့ရသော စီးပွားရေးတက္ကသိုလ် ပညာသင်နှစ်များဖြစ်နေခြင်းပင်ဖြစ်သည်။ ညီမလေးသည် စာရင်းအင်းကို နဲနဲမှ ၀ါသနာမပါ။ ခေါင်းသိပ်ရှုပ်တတ်သည်။ ကိုယ်က ဒါကောင်းတယ် ဒါတက်ဟု ပြောခဲ့သည်ကို ညီမလေးသည် မလွန်ဆန်ရဲ။ ၀ါသနာလုံးလုံး မပါသည့်ဘာသာများကို တတ်နိုင်သမျှကြိုးစားပြီး သင်ယူခဲ့ရှာသည်။ ထိုအတောအတွင်းမှာပင် အားကိုးစရာ အမသည် သူမကို လုံးလုံး လျစ်လျူရှုနေခဲ့ခြင်းဖြစ်သည်။

ညီမလေးဘွဲ့ရတော့ အလုပ်ဝင်သည်။ ဒါကိုလည်း ကိုယ်မကူညီ။ ကိုယ့်စိတ်သည် တစ်ဖက်စွန်းကို ရောက်သွားသည်။ အသိထဲက ဘွဲ့ရခါစ ကလေးတွေ အကူအညီလိုလျှင် ကိုယ်တတ်နိုင်သမျှကူညီသည်။ ပြောပေးသည်။ အလုပ်ရှာပေးသည်။ အလုပ်သွင်းပေးသည်။ ညီမလေးဘွဲ့ရသော် ကိုယ့်အားကိုယ်ကိုးစေလိုသော စေတနာဟု ဆင်ခြေပေးတာ ကူညီခဲ့ခြင်း အလျင်းမရှိ။ ညီမလေးသည် ကိုယ့်ကို အပြစ်မဆို။ ကိုယ်ညီမလေးနဲ့ ခပ်ခွာခွာနေသည့်နောက်ပိုင်းတွင် ညီမလေးသည် အမေ့နား အလိုလိုကပ်သွားသည်။ ထို့နောက်တွင်တော့  ကိုယ် နိုင်ငံခြား ထွက် အလုပ်လုပ်သည်။ အိမ်ထောင်ကျသည်။ ညီမလေးနဲ့ ပိုဝေးသွားသည်။

ဒီနှစ် နောက်ပိုင်း ရန်ကုန် ခဏခဏပြန်ဖြစ်တော့ ညီမလေးနဲ့ ပြန်ရင်းနှီးလာသည်။ သူမသည် ကိုယ့်ကိုယ်ကို အားကိုးတတ်နေပြီ။ မိဘနှစ်ပါးကို အနီးကပ်ပြုစုပြီး အိမ်တွင်လည်း သူမသည် တကယ့်အိမ်ရှင်မကြီးလို စီစဉ်တတ်နေပြီ။ မိဘတွေရဲ့ စိတ်ဆန္ဒကို တခြား သားသမီးတွေထက် အတူနေ ညီမလေးက ကောင်းကောင်းနားလည်သည်။ လူတွေရဲ့အကြောင်းကို ကိုယ့်ထက် ညီမလေးက ပိုသိနေသည်။ ကိုယ့်ရန်ကုန်ပြန်တိုင်းညီမလေးသည် လိုလေသေ့မရှိ ပြုစုသည်။ သူမရဲ့ နည်းပါးလှစွာသော လခထဲမှ သူမထက် အဆပေါင်းများစွာ လခရသောကိုယ့်အတွက် တစ်ခုပြီးတစ်ခု ၀ယ်ပေးသည်။ ညီမလေးသည် ကိုယ့်ကို သူငယ်စဉ်က စောင့်ရှောက်ခဲ့သည်များကို ပြန်လည်ပေးဆပ်နေသလားဟုပင် အောက်မေ့ရသည်။ ဘာပဲပြောပြော ညီမလေးဧ။် အခုအနေအထားကြောင့် ကိုယ်စိတ်သက်သာရာ အများကြီးရသည်။ ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေသော ညီမလေးကြောင့်ကိုယ် ဂုဏ်ယူရသည်။

ညီအစ်မတွေချစ်ခြင်းသည် နေရာ အနီးအဝေးနှင့်လည်းမဆိုင်။ အလိုလိုနားလည်ပြီး အလိုလိုနီးကပ်နေသည်ဟု ကိုယ်ကိုယ်တိုင် ခံစား လက်ခံရသည်။

ဒီနေ့တော့ ထိုညီမလေးသည် မွေးနေ့ဟူသောမှတ်တိုင်တစ်တိုင်သို့ ရောက်ပြန်လေပြီ။

မိဘကို အနီးကပ်ပြုစုလုပ်ကျွေးနေသော ချစ်ရတဲ့ညီမလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ ကိုယ်ရင်ထဲက ဆုတောင်းလိုက်ပါသည်။

ပုစွန် ပဲကြာဇံသုပ်

လွယ်လွယ်ကူကူဟင်းတစ်ခွက်မလို့ ခဏခဏ လုပ်စားဖြစ်တဲ့ ပုစွန် ပဲကြာဇံ သုပ်လေးပါ။ အလုပ်က အပြန်နောက်ကျလို့ ဘာဟင်းမှ မချက်ချင်တော့ရင် မြန်မြန်နဲ့စားကောင်းမယ့်ဟင်းလို့ စဉ်းစားလိုက်တာနဲ့ သူပဲ ပေါ်ပေါ်လာပါတယ်။

ပုစွန် ပဲကြာဇံသုပ်အတွက် လိုအပ်သော ပစ္စည်းများ

ပုစွန် 
ပဲကြာဇံ
ကြက်သွန်နီ
ငရုတ်သီးစိမ်း
သံပုရာသီး
နံနံပင်
ဆား
ဆနွင်းမှုန့်
အချိုမှုန့်

ပုစွန်ကို ဆား၊ ဆနွင်း၊ အချိုမှုန့်အနည်းငယ်နဲ့ နယ်ပြီး ဒယ်အိုးတစ်လုံးနဲ့ မီးဖိုပေါ်မှာ လှော်ပါတယ်။ ပုစွန် အစိမ်းနံ့ ပျောက်ပြီဆိုရင် ဒယ်အိုးပေါ်က ချပါတယ်။ 

 ရေနွေးပွက်ပွက်ဆူထဲ ပဲကြာဇံကိုထည့်ပြီး ချက်ချင်းပြန်ဆယ်ပါတယ်။ ခုန လှော်ထားတဲ့ ပုစွန်ကို အနေတော်လေးတွေ ကပ်ကြေးနဲ့ညှပ်၊ပြီးရင် ပဲကြာဇံရေနွေးဖျော၊ နံနံပင်ညှပ်၊ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီးစတာတွေနဲ့ ရောပြီး သံပုရာရည်ညှစ်ထည့်လိုက်ရင် ပုစွန်သုပ်တစ်ပွဲရပါပြီ။ ဘယ်လောက်ထည့်ရမလဲဆိုတာတွေ ထည့်မရေးတော့တာ ကိုယ်ကြိုက်တာ့ဟာကို ကြိုက်သလောက် ထည့်စားနိုင်အောင်လို့ပါ။ အိမ်က အချဉ်ကြိုက်တော့ သံပုရာသီးတွေ အများကြီးထည့်ညှစ်စားရင် တစ်ခါတစ်လေ ပုစွန် အချိုတောင် ပျောက်ပျောက်သွားပါတယ်။


ကဲ အားရပါရ သုပ်ပြီးပါပြီ။ အားပေးသုံးဆောင်ကြပါဦးရှင်။

ပဲကြီးနှပ်

ငယ်ငယ်တုန်းကတော့ မနက်ဖြန် ပဲကြီးနှပ်မယ်လို့ အမေပြောတိုင်း စိတ်ညစ်ရပါတယ်။ တစ်အိမ်လုံးစာ အများကြီးစိမ်ထားသော ပဲကြီးများကို တစ်ယောက်တည်း ပျင်းပျင်းရိရိနဲ့ ညှစ်ရဦးမှာကိုး။ ဒါလောက်လည်း စားကာင်းတာမဟုတ်ဘဲနဲ့ ဘာလို့များ အလုပ်ရှုပ်ခံပြီး ချက်စားနေကြလည်း မသိဘူးလို့လည်း တွေးမိသေးတာပါ။ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်လာပြီး ပဲကြီးနှပ်နဲ့ဝေးရာ ဒေသရောက်လာတော့ အမေချက်တဲ့ ပဲကြီးနှပ်ကိုပဲ တမ်းတမ်းတတစားချင်လာပြန်ပါတယ်။ အညာစာတွေ သိပ်မစားတတ်တဲ့ အမျိုးသားကလည်း ထူးထူးဆန်းဆန်း ပဲကြီးနှပ်ကြိုက်တယ်ဆိုတော့ ရန်ကုန်က မှာလို့တစ်ဖုံ၊ ပင်နီစူးလားပလာဇာက ၀ယ်လို့တစ်မျိုး ပဲကြီးနှပ်စားဖြစ်ပါတယ်။ ခုလိုကျတော့လည်း တီဗွီရှေ့ထိုင်ရင်း ညှစ်လိုက် ဘာကြာတာလိုက်လို့လဲ လို့ တွေးမိနေပါပြီ။ အမေသိရင် မျက်စောင်းထိုးမယ်ထင်ပါတယ်။း)

ပဲကြီးနှပ်အတွက် လိုအပ်သော ပစ္စည်းများ
ပဲကြီး 
ကြက်သွန်နီ
ဆနွင်းမှုန့်
ဆီ
ဆား

အခုနောက်ပိုင်း မြန်မာပြည်ကဈေးတွေမှာ ပဲကြီးကို အခွံခွာပြီးသားတွေ ရောင်းနေပါပြီ။ လွယ်လွယ်ကူကူချက်စားနိုင်ကြတာပေါ့။ ခွာပြီးသား ၀ယ်ဖို့ မလွယ်တော့လည်း ပဲကြီးကို တစ်ညကြို ရေစိမ်ရပါတယ်။ မနက်ချက်မယ်ဆို ညကတည်း ရေမြုပ်အောင် စိမ်ထားလိုက်ပါတယ်။ ပဲကြီးတစ်ဆ ရေ၃ ဆလောက်နဲ့ စိမ်ပါတယ်။ ပွလာမှာနဲ့ အတော်ဖြစ်အောင်ပါ။ အမေဆို စိမ်ပြီးပွလာတဲ့ပဲတွေကို ရေစိုဝတ်နဲ့ အုပ်ပြီး အညှောင့်ဖောက်ပါသေးတယ်။ ကိုယ်ကတော့ အဲလောက်မစောင့်နိုင်လို့ ဒီအတိုင်းပဲ ချက်ပါတယ်။


ချက်မယ့်အိုးထဲ အခွံခွာပြီးသား ပဲကြီးထည့်၊ ဆားသင့်ရုံ၊ ပဲဆီအနည်းငယ် (ဆီများများနဲ့နှပ်ချင်ရင်တော့ များများပေါ့)၊ ကြက်သွန်နီ အသေး အလုံးလိုက် (အသေးမရှိတော့ အကြီးကိုပဲ လေးစိတ်ထိုးထည့်လိုက်ပါတယ်)၊ ဆနွင်းမှုန့်အနည်းငယ် (အရောင်အတွက်ပါ၊ ဖြူဖြူလေးနှပ်ချင်ရင် မထည့်ပါနဲ့) ထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါတယ်။  မိနစ်အနည်းငယ် မွှေပေးပါ။ အဓိကကတော့ ဆနွင်းနံ့လေး ပျောက်ချင်လို့ပါ။ အားလုံး လုံးမိသွားပြီဆိုရင် ရေထည့်ပါ။ ရေကို ပဲမြုပ်ပြီး အပေါ် လက်တစ်ဆစ်ခန့်ထည့်ပါ။  အဖုံးဖုံးပြီး ရေခန်းတဲ့အထိ စောင့်ပါ။


ရေခန်းလာပြီး ဆီပြန်လာပြီဆို ပဲနူးမနူးစမ်းကြည့်ပြီး နူးရင် ဟင်းအိုးချလို့ရပါပြီ။ ရေခန်းခါနီး မှာ ပဲတွေကို မမွှေပါနဲ့။ ဟင်းအိုးလေးကို မမပြီး အသာ လှုပ်ပေးပါ။ ပဲတွေကြေသွားမှာ စိုးလို့ပါ။ 

အမေ့လက်ရာကို မမီပေမယ့် ကိုယ်ဘာသာ ဒီလောက်ဖြစ်တာကို ကျေနပ်နေပါတယ်။ ဟီး။
ကဲ ပဲကြီးနှပ်ဝါ၀ါလေး စားကြပါဦး။

မြန်မာနိုင်ငံသားများ စင်ကာပူ ပီအာ စွန့်လွှတ်မည်ဆိုလျှင် ဘာတွေ လုပ်ရမလဲ


မြန်မာပြည်ပြန်သွားသော စင်ကာပူပီအာ သူငယ်ချင်းတစ်ယောက် ပီအာစွန့်လွှတ်ဖို့ အတွက် ဘာတွေလိုမလဲ ဘယ်လောက်ကြာမလဲကို ကူညီရှာဖွေပေးရင်း မှတ်တမ်းလေး တစ်ခုဖြစ်ဖို့ ဒီပို့စ်ကို ရေးပါတယ်။ 

ဒီပို့စ်က ပုံမှန် ပီအာတစ်ယောက် (အိမ်မ၀ယ်ထားသော၊ စီပီအက်ဖ်ဖြင့် ရှယ်ယာများ ၀ယ်မထားသော၊ ကျောင်းချေးငွေများ မရှိသော) ၊ ပီအာစွန့်လွှတ်ရန် စင်ကာပူသို့ လာနိုင်သော သူအတွက် ရည်ရွယ်ပါတယ်။ 

ပီအာစွန့်လွှတ်ကြောင်း စာတင်ရန် ( ကြာချိန် - ၁ ရက်)

စင်ကာပူ လူဝင်မှုကြီးကြပ်ရေး ရုံး (ICA) အိုင်စီအေ သို့ သွားရောက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းများ တင်ရမှာ ဖြစ်ပါတယ်။

အိုင်စီအေရုံးလိပ်စာ

Immigration & Checkpoints Authority
ICA Building, 10 Kallang Road (PR Department)
Singapore 208718, Beside Lavender MRT
Weekdays 8.00 am to 5.00 pm
Saturdays 8.00 am to 1.00 pm 

လိုအပ်သော စာရွက်စာတမ်းများ

            ၁။ ပတ်စ်ပို့ မူရင်း
၂။ ပတ်စ်ပို့ မိတ္တူ (အမည်၊ မွေးနေ့၊ ပတ်စ်ပို့နံပါတ်၊ ထုတ်ပေးသည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲတို့ ပါရှိရမည်။)
၂။ ပီအာကဒ် မူရင်း
၃။ ပီအာထုတ်ပေးစဉ် ပေးထားသော ပီအာဖြစ်ကြောင်း လက်မှတ် ( REP certificate)
၎။ အိုင်စီအေသို့ လိပ်မူပြီး ပီအာ စွန့်လွှတ်လိုကြောင်း ရေးထားသော စာ
 စာထဲတွင် ပါရမည့် အချက်များ
·         ပီအာစွန့်လွှတ်လိုကြောင်း၊
·         မိမိသည် စင်ကာပူပီအာ မဟုတ်တော့ကြောင်း ထောက်ခံစာ လိုချင်ကြောင်း (ထိုစာသည် စီပီအက်ဖ်ရုံ့းတွင် စီပီအက်ဖ်များ ထုတ်ရာတွင် လိုပါသည်။)
·         ဆက်သွယ်ရမည့်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ စသည် အပြည့်အစုံ

ဘယ်လောက်ကုန်မလဲ

စင်ကာပူပီအာ စွန့်လွှတ်ရန် ပိုက်ဆံ လုံးဝ ပေးစရာ မလိုပါ။

ဘယ်လောက်ကြာမလဲ

ဘယ်လောက်ကြာမလဲဆိုတာက အိုင်စီအေရုံးက မိမိပီအာမဟုတ်တော့ကြောင်း ရေးသားထားသော စာကို ဘယ်အချိန် ထုတ်ပေးမလဲကို ဆိုလိုသည်။ စီပီအက်ဖ်ရုံးသွားရာတွင် ထိုစာရွက်က အရေးကြီးပါသည်။ ရှာကြည့်ရသလောက် ထိုစာရွက် ဘယ်အချိန်မှာ ပြန်ရလဲဆိုတာ ဘယ်မှာမှ တိတိကျကျ ရေးမထားပါ။ ဘလော့ဂါတစ်ချို့ရဲ့ အတွေ့အကြုံအရ စာရွက်စာတမ်းများတင်အပြီး ၁၀ မိနစ်လောက်အကြာမှာ ပြန်ရကြပြီး။  ၂၀၁၅ ဖေဖော်ဝါရီ မှာ ပီအာစွန့်လွှတ်သွားသော သူငယ်ချင်းတစ်ယောက် အတွ့အကြုံအရ မနက်ပိုင်းစာရွက်စာတမ်းများတင်အပြီး ညနေပြန်လာယူရန် ချိန်းလိုက်သည်ဟုဆိုသည်။ ၂၀၁၅ သြဂုတ်တွင် ပီအာစွန့်သော သူငယ်ချင်းကတော့ ၄၅မိနစ်ခန့် စောင့်ရသည်ဟု ပြောသည်။ ဆိုတော့ တစ်ရက်အတွင်း ရသည်ဟု ယေဘုယျသတ်မှတ်နိုင်သည်။

အိုင်စီအေရုံးမှ ပီအာကဒ်ကို သိမ်းထားလိုက်ပြီး ထိုစာရွက်နှင့်အတူ အလည်အပတ်ဗီဇာဖြင့် နေထိုင်ခွင့် ၁ လ ပေးမည်ဖြစ်သည်။

စီပီအက်ဖ် (CPF) ပြန်ထုတ်ရန် (ကြာချိန် - ၃ ပတ်)

ပြန်မထုတ်မီ သတိပြုစရာလေးတွေ

၁။ ကျန်းမာရေး သို့ အသက် အာမခံကို စီပီအက် (medisave) မှ လစဉ် သို့မဟုတ် နှစ်စဉ် ပေးဆောင်နေသည်များ ရှိပါက အာမခံကုမ္ပဏီနှင့် ဦးစွာ ပြန်လည် ညှိနှိုင်းရန်
၂။ စင်ကာပူအစိုးရကို ပေးစရာ အခွန်များ ရှိမရှိ (သင့်မှာ အခွန်လက်ကျန် ပေးဆောင် စရာ ရှိလျှင် စီပီအက်ရုံးသည်  စင်ကာပူ အခွန်ရုံးနှင့်ဆက်သွယ်ပြီး သင့်စီပီအက်ဖ်ထဲမှ ထို အခွန်ငွေကို နုတ်ထားလိုက်မည် ဖြစ်ပါသည်။ )

ဘာစာရွက်စာတမ်းတွေ လိုမလဲ

၁။ စီပီအက်ဖ် ၀က်ဘ်ဆိုဒ်မှ ဒေါင်းလုပ်ဒ် လုပ်ပြီး ဖြည့်ထားသော ဖောင် (ဖောင်ကို ဒီမှာ ဒေါင်းလုပ် လုပ်နိုင်ပါသည်။) 
၂။ စင်ကာပူမှာနေခဲ့စဉ် (သို့) အလုပ်လုပ်ခဲ့စဉ် အသုံးပြုခဲ့သော ပတ်စ်ပို့
၃။ လက်ရှိကိုင်ထားသော ပတ်စ်ပို့
၎။ စင်ကာပူ အင်မီဂရေးရှင်း (လူဝင်မှုကြီးကြပ်ရေးရုံး) မှ ထုတ်ပေးထားသော စင်ကာပူပီအာ စွန့်လွှတ်ကြောင်း ထောက်ခံစာ

စာရွက်စာတမ်းတွေကို ဘယ်လိုတင်ရမလဲ

စီပီအက်ဖ် ပြန်ထုတ်ရန် လျှောက်ထားသော ဖောင်ကိုဖြည့်ပြီး
၁) စာတိုက်မှ ပို့နိုင်သည်။
            ဖြည့်ပြီးသားဖောင်ကို စာတိုက်မှ ပို့ရန်ဖြစ်သည်။ ဖောင်တွင် စင်ကာပူ သံရုံးမှ အရာရှိဧ။် တံဆိပ်တုံး (သို့) တံဆိပ်ခေါင်း ပါရမည်။ တခြား လိုအပ်သော စာရွက်စာတမ်းများတွင်လည်း အထက်ပါ တံဆိပ်တုံး ပါရမည်။

၂) လူကိုယ်တိုင် တင်နိုင်သည်။
            ဖောင်ကိုဖြည့်ပြီး ထိုဖောင်နဲ့တစ်ကွ လိုအပ်သော စာရွက်စာတမ်းများယူကာ အောက်ပါ စီပီအက်ဖ်ရုံးတွင်  သွားရောက်တင်နိုင်သည်။   
CPF Building (near Tanjong Pagar MRT Station)
CPF Board, Withdrawal Schemes Department, 79 Robinson Road, Singapore 068897
Fax: 6229-3177
Operation Hours
Mondays - Fridays          (8am - 5pm )

စီပီအက်ဖ်တွေကို ဘယ်လိုပုံစံနဲ့ပြန်ပေးမလဲ

အောက်ပါ နည်းများထဲမှ ကိုယ်အဆင်ပြေမယ့် ပုံစံတစ်ခု ရွေးနိုင်ပါတယ်။
၁၊ သင့်စင်ကာပူဘဏ်အကောင့်ထဲသို့ လွှဲရန်
၂၊ မြန်မာနိုင်ငံရှိ သင့်ဘဏ်ထဲသို့ လွှဲရန် (ဘဏ်လိပ်စာ၊ ဘဏ့် swift code တို့ကို တိတိကျကျ ပေးရပါမည်။ ထို ဘဏ်အကောင့်သည် စင်ကာပူဒေါ်လာ လက်ခံနိုင်သော ဘဏ့်အကောင့်ဖြစ်ရပါမည်။)
၃၊ အထက်ပါနှစ်ခု အဆင်မပြေပါက ချက်လက်မှတ်ဖြင့် (စင်ကာပူဒေါ်လာ) ပေးမည်။

updated on 2018-08-21: စီပီအက်ဖ် အတိုးကို တစ်နှစ်တစ်ခါ ဒီဇင်ဘာလမှာ ထည့်ပေးတဲ့အတွက် ကိုယ်ရမယ့်အတိုးကို ဇန်န၀ါရီမှ ပီအာ စွန့်လွှတ်တဲ့ လအထိ တွက်ပြီး ထပ်ပေးပါတယ်။ အဲဒါကြောင့် တကယ်ရတဲ့ ပိုက်ဆံက စီပီအက်ဖ်မှာ ကိုယ်မြင်နေရတဲ့ ပိုက်ဆံထက် များပါလိမ့်မယ်။

ဘယ်လောက်ကြာမလဲ

စင်ကာပူဘဏ်အကောင့်သို့လွှဲလျှင်    - အလုပ်လုပ်ရက် ၁၅ ရက် (၃ ပတ်)
( မှတ်ချက်။   ။ ၂၀၁၈၊ ဧပြီတွင် ပီအာပြန်အပ်သော သူငယ်ချင်းကတော့ စင်ကာပူဘဏ်ထဲကို ရောက်ဖို့ ၇ ပတ် စောင့်ရတယ် ပြောပါတယ်။ )

တခြား သို့ လွှဲလျှင်                         - အလုပ်လုပ်ရက် ရက် ၂၀ (၁ လ)


မှတ်ချက်။  ။ စီပီအက်ဖ်ငွေတွေ လွှဲရန် သင် စင်ကာပူမှာ ရှိနေရန် မလိုအပ်ပါ။



ကိုရီးယား အလှကုန်များ (Korea Skin Care Products)

ကိုရီးယားခရီးတုန်းက ၀ယ်လာခဲ့တဲ့ အလှကုန်လေးတွေပါ။ အရင်တုန်းက skin care ဆိုတာ ဘာမှန်းမသိ၊ ကြားပဲ ကြားဖူးပြီး တစ်ခါမှ ဂရုမစိုက်ဖူးတဲ့ ဘ၀ကနေ ဒီခရီးစဉ်မှာတော့ ထပ်ခါတလဲလဲကြားရဖန်များလို့ စိတ်ဝင်စားပြီး ၀ယ်ဖြစ်ခဲ့တာပါ။ ခရီးက ပြန်လာပြီးချိန်ကတည်းက ၀ယ်လာတဲ့ ပစ္စည်းလေးတွေသုံးရင်း ဆက်တိုက်သုံးဖြစ်သွားပါတယ်။ အောက်မှာ ပြထားထဲ့ ဈေးတွေက ကိုရီးယားဝမ်အနေနဲ့ပါ။  တစ်ချို့လည်း ဘောင်ချာတွေ ပျောက်သွားလို့ ဈေးမသိတော့ပါ။ စင်ကာပူ ဒေါ်လာနဲ့ ပြန်တွက်ကြည့်တော့ စူပါမာ့ကက်တွေက ကောင်တာဈေးတွေနဲ့ စာရင် သက်သာပေမယ့် အွန်လိုင်း စတိုး (e.g qoo10.sg) တွေနဲ့ စာရင်တော့ ဈေးနဲနဲ ပိုကြီးပါသေးတယ်။

သူတို့ ပြောတဲ့ skin care steps တွေက ဒီလိုပါ။
၁။ Exfoliator (Peeling/Scrub) - မျက်နှာက ချေးညှော်တွေကို ရှင်းပေးပါတယ်။ သေနေတဲ့ဆဲလ်အဟောင်းတွေကို ရှင်းပေးပါတယ်။ တစ်ပတ်တစ်ခါ လုပ်သင့်ပါတယ်။
၂။ Cleanser (Facial Foam) မျက်နှာသစ်ဆပ်ပြာ - ဒါကတော့ မျက်နှာပေါ်က ဖုန်တွေ ချေးတွေကို သန့်စင်ပေးပါတယ်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၃။ Toner (Refresher) - မျက်နှာသစ်ပြီးစ အစိုဓာတ်ကို ညှိပေးသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၎။ Essence - မျက်နှာကို ချောမွေ့စေပြီး ကြညလင်တောက်ပစေသည်။  နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၅။ Moisturizer  (Emulsion) - အစိုဓာတ်ကို အသားထဲထိ စိမ့်ဝင်စေပြီး မျက်နှာစိုပြေစေသည်။ နေ့စဉ် မနက်တစ်ခါ ညတစ်ခါ သုံးပါ။
၆။ Sun cream - အပြင်သွားမယ်ဆိုရင်တော့ sun cream ကို မဖြစ်မနေသုံးပါ။
၇။ Night cream (sleeping pack) - ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာရဲ့အစိုဓာတ်ကို အိပ်နေစဉ် ထိန်းသိမ်းထားဖို့ ညတိုင်းသုံးပါ။

သူတို့တွေတကယ် အဲဒိ အဆင့်တွေအတိုင်းသုံးတယ်လို့ ဆိုကြပါတယ်။ ဒါတောင် eye cream တို့ facial mask တို့ ampoule တို့ ထည့်မပြောတော့ပါဘူး။ အဲဒါတွေက အထူးသုံးတွေဖြစ်ပါတယ်။

Facial Masks
လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်တဲ့ masks လေးတွေပါ။
Esfolio Green Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Esfolio Aloe Tea Essence Mask Sheet (10 pcs)  - 9600 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်
Odbo Vitamin C Essential Brightening Mask (1 pcs) - 1160 ကိုရီးယားဝမ်

Laneige
ဒီတံဆိပ်ကိုတော့ ကြေငြာမင်းသမီး (song hye kyo) ကို သဘောကျပြီး စမ်းသုံးကြည့်ရာကနေ အခုချိန်မှာ ပင်တိုင်သုံးဖြစ်သွားပါတယ်။ သုံးဖူးသမျှထဲမှာ စိတ်တိုင်းမကျစရာ မပါတဲ့အပြင် ဈေးလည်း မဆိုးဘူး ထင်ပါတယ်။ အပေါ်က ပြောသလို အွန်လိုင်း စတိုးတွေက ၀ယ်ရင်ပေါ့လေ။


Laneige Water Sleeping Pack (80ml) - 25,000 ကိုရီးယားဝမ်
ဒါက Laneige နဲ့ product series ထဲက နာမည်ကျော် ထုတ်ကုန်ပါ။  ညအိပ်ရာမ၀င်ခင် လိမ်းပြီး မနက်ကျမှ တစ်ခါတည်း မျက်နှာသစ်လိုက်ရုံပါပဲ။ ညအိပ်နေစဉ် မျက်နှာရဲ့ အစိုဓာတ်ကို တစ်ညလုံး စိမ့်ဝင်စေပြီး မနက်မှာ မျက်နှာလေး စိုစိုဝင်းဝင်းလေး ဖြစ်စေပါတယ်။ လိမ်းစမှာ အနည်းငယ်စေးကပ်ကပ်နိုင်ပေမယ့် ခြောက်သွားရင် အဆင်ပြေသွားပါပြီ။ ဒီမှာ ၀ယ်လို့ရပါတယ်။


 (ပုံကို google မှယူပါသည်။)

Laneige Whitening BB Cushion (15g) - 37,000 ကိုရီးယားဝမ်
ဒါကတော့ ကိုရီးယား BB cream ရဲ့နောက်ပုံစံတစ်မျိုးပါ။ ဘီဘီကရင်တွေလို အရမ်းဆွဲစရာမလိုပါဘူး။ Makeup foundation အနေနဲ့ သုံးပါတယ်။ moisturizer လိမ်းအပြီးမှာ သူရဲ့ puff လေးနဲ့ ဖိဖိပြီး လိုက်တို့ ပေးရပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ရွေးပြီး ၀ယ်လို့ရပါတယ်။ ဗူးတစ်ဗူးထဲမှာပဲ refill တစ်ခု ထပ်ပါတာကြောင့် အချိန်တော်တော်ကြာ (၄ လကနေ ၆ လအထိ) သုံးလို့ရပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။

The Faceshop


The Faceshop Rice Water Bright cleansing foam - လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနေ ခုထိ သုံးနေတဲ့ မျက်နှာသစ်ဆပ်ပြာပါ။ ဘယ်လောက်ကြိုက်လဲဆိုတာတော့ ပြောနေစရာ မလိုတော့ဘူးပေါ့နော်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Faceshop Whie Tree Snow exfoliating form cleanser - ဒါကတော့ မျက်နှာချေးချွတ်ဆပ်ပြာပါ။ မဆိုးပါဘူး။ ကြမ်းကြမ်းကြီးလည်းမဟုတ်ဘဲ အနေတော်လေးပါ။ ဒါပေမယ့် သုံးလေ့သုံးထ သိပ်မရှိတာနဲ့ အဲဒိဝယ်လာတဲ့ တစ်ခါပဲ သုံးပြီး ထပ်မ၀ယ်ဖြစ်တော့ပါ။ 

The Faceshop Chia Seed Watery Toner - သူ့ skin care အဆင့်တစ်ဆင့်အနေနဲ့ တိုနာ သုံးမယ်ဆိုတော့ ဒါလေးမဆိုးပါဘူး။ ဒါပေမယ့် ပျော့ပါတယ်။ watery ဆိုတဲ့အတိုင်းပဲ ရေအတိုင်းပါပဲ။ အနံ့လည်း ဖျော့ဖျော့လေးပါ။ တိုနာကို စစမ်းသုံးကြည့်ချင်ပြီး မျက်နှာနဲ့ ဓာတ်မတည့်မှာ ကြောက်တဲ့သူတွေ စမ်းလို့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 

The Facesohp Chia Seed Watery Lotion - ဒါကလည်း သူ့စီးရီးထဲက တိုနာနဲ့ အတွဲပါ။ နို့ကျဲကျဲလေးလို ဖြူဖြူပျစ်ပျစ်နဲ့ လိမ်းရတာ အရမ်းကို အဆင်ပြေပါတယ်။ တိုနာနဲ့ စာရင် ဒီလိုးရှင်းကို သဘောပိုကျပါတယ်။ ဒီမှာ ၀ယ်လို့ရပါတယ်။ 
  
The Faceshop Face It Artist Finger Gloss - နုတ်ခမ်းနီတစ်တောင့်မှ မရှိလို့ သူဝယ်စေချင်တဲ့ ၀ယ်လာခဲ့တဲ့ lip gloss ပါ။ ခုချိန်ထိသုံးဆဲပါ။ ဆိုးပြီး အကြာကြီးတော့ မခံပါဘူး။



The Faceshop NEO CLASSIC HOMME BLACK ESSENTIAL MEN'S CC CREAM - ဒါကတော့ သုံးစေချင်လို့ သူ့အတွက် ၀ယ်ပေးတဲ့ ယောက်ျားလေးသုံး မိတ်ကပ် (cc cream) ပါ။ ဆိုင်မှာ သေသေချာချာ စမ်းခဲ့ပါတယ်။ မျက်နှာကို မိတ်ကပ် အရောင်လုံးဝမထင်ဘဲ ကြည်ကြည်ပြောင်ပြောင်လေးဖြစ်နေလို့ ကိုယ်က သဘောတော်တော်ကျပြီး ၀ယ်ပေးလိုက်တာပါ။ ကိုရီးယားမှာ နေတုန်း အရမ်းအေးတော့ မျက်နှာ်တွေ ခြောက်လို့ သူသုံးပေမယ့် စင်ကာပူပြန်ရောက်ကတည်းက မသုံးတော့ပါဘူး။ ($$ ပလုံ :P ) စိတ်ဝင်စားရင်တော့ ဒီမှာ ၀ယ်လို့ရပါတယ်။

Etude House


Etude House Hand Cream
(1) You Did It, Almost There (Floral Musk)
(2) Don’t Worry, I’m on Your Side (Powdery Citrus)
(3) It’s Fine, All is Well ( Citrus Floral)
(4) Good Luck, You are the Best (Floral Fruity Woody)
သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ ၀ယ်လာတဲ့ hand cream လေးတွေပါ။  ပေးရင်းနဲ့ ကိုယ့်အတွက် မကျန်လို့ စမ်းမသုံးလိုက်ရပါဘူး။ သူငယ်ချင်းတွေက သုံးပြီး အရမ်းသဘောကျကြပါတယ်။ ကောင်းတယ်၊ သုံးပြီး စေးကပ်ကပ် ဖြစ်မနေဘူးလို့ feedback ပြန်ပေးကြပါတယ်။အခု ညွှန်းဖို့ သူ့ ၀က်ဘ်ဆိုဒ်မှာ ပြန်ရှာကြည့်တော့ မတွေ့တော့ပါဘူး။ ကြည့်ရတာ ဗားရှင်း အမျိုးမျိုးထုတ်နေပုံရပါတယ်။ ဟန်းခရင် အသစ် ဒီဇိုင်းလေးတွေတော့ ဒီမှာ ကြည့်လို့ရပါတယ်။ qoo10 မှာတော့ ရောင်းနေဆဲပါ။ ဒီမှာ ၀ယ်လို့ရပါတယ်။ 



တိုးဂိုက်ကတော့ ဒီတံဆိပ်ကို သူတို့ နိုင်ငံရဲ့ SKII လို့ ပြောပါတယ်။ အရည်အသွေးအရမ်းကောင်းတယ်လို့ ပြောပြီး သူကိုယ်တိုင်လည်း ဒါပဲ သုံးတယ်လို့ ကြေငြာပါတယ်။ ကိုရီးယားနိုင်ငံထဲမှာပဲ ၀ယ်လို့ရပါတယ်။ ဒါပေမယ့် qoo10 မှာ ရှာကြည့်တော့ တွေ့ပါတယ်။ ဈေးအနေနဲ့ပြောရရင် ဈေးကြီးပါတယ်။ ပစ္စည်းအရည်အသွေးအနေနဲ့ ပြောရရင်လည်း ကောင်းတယ်၊ ကြိုက်တယ်လို့ ပြောရမှာပါ။

The odbo Aqua Soothing Silky Essence - အမှန်ပြောရရင်  SKII နဲ့ facial treatment essence ထက်ပိုကြိုက်ပါတယ်။ SKII treatment essence က သိပ်မနှစ်မြို့စရာ အနံ့နဲနဲရှိပါတယ်။ odbo ကတော့ အနံ့မရှိပါ။ လိမ်းလိုက်တဲ့အခါ မျက်နှာကို ချက်ချင်း ကြည်လင်းဝင်းပသွားစေပါတယ်။ ပြသနာက ခဏလေးနဲ့ အကုန်မြန်တာပါပဲ။ ဈေးကလည်း ကြီး၊ အကုန်လည်းမြန်ဆိုတော့ ကုန်သွားပြီးကတည်း မ၀ယ်ဖြစ်တော့ပါဘူး။

The odbo Peeling Gel - တခြား peeling gel တွေ မသုံးဖူးတော့ ဒီသုံးဖူးတဲ့တစ်ခုပဲ ကောင်းတယ်ပြောရတော့မှာပါ။ တစ်ပတ်တစ်ခါသုံးဖို့ တိုက်တွန်းထားပေမယ့် တစ်လတစ်ခါတောင် မသုံးဖြစ်ပါဘူး။

The odbo Sleeping Pack - ဒါကတော့ ခုထိ ဗူးအသစ်ပါပဲ။ sleeping pack အနေနဲ့ Laneige sleeping pack က ခုချိန်ထိ မကုန်သေးတော့ ဒါကို ဖွင့်ကို မဖွင့်ရသေးပါဘူး။

ကိုရီးယား ခရီးစဉ် Day 6

ဆိုးလ်မြို့ Seoul။  ၂၆ ဖေဖော်ဝါရီ ၂၀၁၄။

Beauty Academy (The Faceshop Outlet)
ဒီနေ့ ဆိုးလ်မြို့ကို လည်ပါတယ်။ မိုးလင်းလင်းချင်းသွားတာက Beauty Academy ဆိုတဲ့ faceshop outlet ကို သွားပါတယ်။ သူတို့ တကယ်ရောင်းချင်တဲ့ ပစ္စည်းက Adbo ဆိုတဲ့ တံဆိပ်ပါ။ skin care လုပ်ပုံလုပ်နည်းကို Adbo တံဆိပ် set တစ်ခုလုံးနဲ့ သေချာ ရှင်းပြပြီး လိုက်လုပ်ခိုင်းပါတယ်။ ဂျပန်က နာမည်ကျော် SKII နဲ့ အရည်အသွေးအတူတူလို့တောင် ပြောပြီး ကြေငြာကြပါတယ်။ ဈေးကလည်း မသေးပါဘူး။ SKII လောက်ဈေးမကြီးပေမယ့် သူ့လောက်နီးနီးပါပဲ။ တိုနာ (toner) ကနေ နောက်ဆုံး sun cream အထိ series အလိုက်ကို ထုတ်တာပါ။ နိုင်ငံခြားက တိုးရစ်တွေကိုပဲ ဆွဲဆောင် ရောင်းတဲ့ တံဆိပ်ဖြစ်ပြီး ပြည်တွင်းမှာ ကြော်ငြာပြီး မရောင်းပါဘူး။ အပြောကောင်းတာနဲ့ တစ်ချို့ဝယ်ခဲ့ပါတယ်။ (နောက်ကြုံမှပဲ ၀ယ်လာခဲ့တဲ့ အလှကုန်ပစ္စည်းတွေ ကို ဈေးတွေနဲ့ တစ်ကွ ကြွားပါမယ်။)

Lotte World



နောက် လိုက်ပို့တဲ့နေရာက Lotte World ပါ။ Amusement Park ပေါ့။ ၀င်ကြည့်ပေမယ့် တစ်ခုမှ မစီးဖြစ်ပါဘူး။ သွားတဲ့နေ့က ကြားရက် ဖြစ်တာတောင် တစ်ခုတစ်ခု စီးဖို့တန်းစီနေတဲ့ အတန်းကြီးက အရှည်ကြီးပါ။ ဂိုက်ပေးထားတဲ့ ၂ နာရီအတွင်းမှာ စီးမယ်ဆိုရင် တစ်ခု၊ နှစ်ခု လောက်ပဲ စီးရမယ့်ပုံပေါ်ပါတယ်။ အဲဒါနဲ့ စီးဖို့လည်း စိတ်မပါတော့ဘဲ သေသေချာချာ နေရာအနှံ့သာ လည်ပတ်ကြည့်ရှူခဲ့ပါတယ်။

Myeong-dong








Lotte World က အပြန် နာမည်ကျော် မြောင်ဒုံး (Myeong-dong) ရှော့ပင် လမ်းကို လိုက်ပို့ပါတယ်။ ကိုရီးယား နိုင်ငံထုတ် အလှကုန်ပစ်စည်း အမျိုးမျိုးကို အဲဒိမှာ ၀ယ်လို့ရပါတယ်။ Face mask တွေ တန်ပါတယ်။ တစ်ခုကို စင်ကာပူဒေါ်လာ ၁ ဒေါ်လာလောက်ပဲ ရှိတာပါ။ လက်ဆောင် တွေလည်း ပေးပါသေးတယ်။

ဂိုက်က မြောင်ဒုံးပြီးရင် တခြား ဈေးဝယ်တဲ့နေရာတစ်ခုဖြစ်တဲ့ ဒေါင်ဒေမန် (Dongdaemun) ကိုလိုက်ပို့မယ် ပြောပါတယ်။ ကိုယ်တွေကတော့ ဈေးဝယ်ဖို့ထက် ရှခင်းကြည့်ဖို့ အားသန်နေပြီး ဈေးဝယ်စရာလည်း ပိုက်ဆံ မကျန်တော့တာနဲ့ ဂိုက်ကို ဒေါင်ဒေမန် မလိုက်တော့ကြောင်းပြောပြီး ဆိုးလ်တာဝါ (Seoul Tower (or) Namsam Tower) ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပါတယ်။

Seoul Tower 



အစကတည်းက သွားဖို့အစီအစဉ်ရှိတော့ ဘယ်လိုသွားရမလဲဆိုတာကို စင်ကာပူမှာ ကတည်းက ရှာလာခဲ့ပြီးသားပါ။ ရောက်နေတဲ့ မြောင်ဒုံးကနေပဲ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရင်ဆိုးလ်တာဝါရှိတဲ့ တောင်အောက်ခြေကို ရောက်ပါပြီ။အဲဒိ တောင်ခြေစခန်းကနေ ကေဘယ်လ်ကားစီးပြီး တောင်ပေါ်တက်ပါတယ်။တောင်ပေါ်မှာ တော်တော်လေး ချမ်းပါတယ်။ ၀တ်သွားတာတဲ့ ခြေအိတ်ရှည်က လမ်းလျှောက်တိုင်း အောက်ကို လျှောလျှောကျတော့ ဂါဝန်နဲ့ လွတ်နေတဲ့ ခြေအိတ်ကြား အအေးဒဏ်ကို အဲဒိညက တော်တော်ခံလိုက်ရပါတယ်။ နောက်ကိုတော့ ဒီလိုအေးတဲ့ နိုင်ငံတွေ လည်ရင် လှဖို့ ပဲများဖို့ထက် နွေးနွေးထွေးထွေး သက်သောင့်သက်သာဖြစ်ဖို့ ဦးစားပေးရတော့မယ်။ နို့မို့ ပတ်ဝန်းကျင်အလှအပလည်း ကောင်းကောင်းမခံစားနိုင်ပဲ ဒီအေးတာကိုပဲ စိတ်က ကသိကအောက်နဲ့ ဖြစ်နေမှာပါ။ 

Seoul Tower က ချစ်ချင်း သင်္ကေတတွေ






တောင်ပေါ်ရောက်ရောက်ချင်း တွေ့လိုက်ရတာက သော့ဂလာက်တွေပါပဲ။ လက်ရန်းဘောင်တွေ၊ သစ်ပင်ပုံစံ သံစင်တွေမှာ ချိတ်ထားကြပါ။ သူတို့အဆိုအရတော့ သမီးရည်းစားတွေ သော့ဂလာက်တွေမှာ သူတို့နာမည်ရေး၊ ဒီနေရာမှာ လာချိတ်ပြီး သော့တံကိုတော့ သူတို့နာမည်ကျော် ဟန်မြစ်ထဲ သွားပစ်ကြတယ် ပြောပါတယ်။ သူတို့အချစ်က မကွဲမကွာအတူတူ ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုကြပါတယ်။ သော့ဂလောက်တင်မက ဖုန်းကာဗာတွေ၊ ရာဘာကဒ်ပြားလေးတွေ စသည်ဖြင့် ချိတ်လို့ရတာမှန်သမျှ နာမည်တွေ ပုံတွေရေးပြီး ချိတ်ထားကြပါတယ်။  ကိုယ်တွေလည်း အားကျမခံ ဖုန်းက ကာဗာကို ဖြုတ် နာမည်ထိုးပြီး ချည်ခဲ့ပါသေးတယ်။ ရောက်ဖြစ်ရင် ရှာကြည့်လိုက်ပါဦး၊ ခရမ်းရောင် ကာဗာလေးပါး။ :P ရှေ့နည်းနည်း ဆက်လျှောက်မှ သော့တွဲလေးတွေ ရောင်းတဲ့ ဆိုင်တွေ ရှိမှန်း သိခဲ့ရပါတယ်။ သော့မယူသွားမိရင်၊ ချိတ်စရာမပါရင် စုံတွဲတွေ ၀မ်းနဲနေဖို့ မလိုဘူးပေါ့နော်။







 ဆိုးလ်တာဝါရဲ့ observation deck (ရှုခင်းကြည့်နေရာ) ပေါ်တက်ဖို့ လက်မှတ် ၀ယ်ရပါတယ်။  ဓာတ်လှေကားထဲမှာ တီဗွီ အကြီးကြီးနဲ့ ဒီတာဝါရဲ့ အမြင့်နဲ့ နေရာကို ပြပေးနေပါတယ်။ နန်စမ့် တောင်ပေါ်မှာ ရှိလို့ နန်စမ့် တာဝါလို့ နာမည်ပေးထားပေမယ့် တိုးရစ်တွေကြားမှာတော့ ဆိုးလ်တာဝါလို့ လူသိပိုများပါတယ်။ ၂၃၆.၇ မီတာ မြင့်တယ်လို့ သိရပါတယ်။  အဲဒိ short video လေး အပြီးနဲ့ observatory ကို ရောက်တဲ့အချိန် ကွက်တိပါပဲ။ တာဝါပေါ်မှာ ပတ်ပတ်လည် မှန်တွေကာထားပြီး ဆိုးလ်မြို့ကို အပေါ်စီးက ရှုထောင့် အမျိုးမျိုးက မြင်ရပါတယ်။ မုန့်ရောင်းတဲ့ ကောင်တာအကြီးတစ်ခု ရှိပါတယ်။ ထိုင်စရာ ထိုင်ခုံ မရှိပါဘူး။ ဒါတောင် တစ်နေရာကို တော်တော်ကြာကြာ မတ်တပ်ရပ်ပြီး ဆိုးလ်ရဲ့ ညရှူခင်းကို နေရာပေါင်းစုံက ခံစားခဲ့ပါတယ်။ တောင်အောက်က ဆိုးလ်မှာ မီးတွေလင်းနေတယ်ဆိုပေမယ့် စင်ကာပူလို ထိန်ထိန်ညီးမနေပါဘူး။ ပြီး စင်ကာပူလို သေသေသပ်သပ် စီစီရီရီ ထွန်းထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပီသတဲ့ မြို့လေးအဖြစ် ချစ်ဖို့ အရမ်းကောင်းပါတယ်။ တောင်ကြီးမြို့လေးနဲ့ မြေအနေအထားတော်တော်တူပါတယ်။ အချိန်ကြာကြာနေပြီးမှ ပြန်ဆင်းခဲ့ပါတယ်။
 


တာဝါအောက်ထပ် နေရာ တော်တောများများမှာ တွေ့ရတဲ့ နံရံကပ် ကျောက်ပြားလေးတွေပါ။ အဲဒိကျောက်ပြားလေးတွေကို အနီးအနားက ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ ဘာစာရေးချင်သလဲ ဘယ်လိုဒီဇိုင်းဆွဲချင်သလဲ ဓာတ်ပုံလေးတွေ ထည့်ချင်သလား အဲဒိ ဆိုင်တွေမှာ အကုန် လုပ်လို့ရပါတယ်။ချစ်လည်းချစ်နိုင်ကြတဲ့ ဆိုးလ်က စုံတွဲတွေပါပဲ။


နှစ်ယောက်တွဲပုံလေးလိုချင်တာနဲ့ အနားက ကိုရီးယားကောင်မလေး နှစ်ယောက်ကို အကူအညီတောင်းပြီး ရိုက်ခိုင်းရပါတယ်။ သူတို့က အင်္ဂလိပ်စကားကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ ဒါပေမယ့် ကင်မရာပြပြီး တာဝါကို လက်ညှိုးထိုးနေတော့ ဓာတ်ပုံရိုက်ခိုင်းနေမှန်းတော့ သိပုံရပါတယ်။ နှစ်ယောက်သားရယ်ပြီး နင်ရိုက်ပေးလိုက်၊ ငါရိုက်ပေးလိုက် လုပ်နေကြပါတယ်။ နောက်တော့ တစ်ယောက်က ကင်မရာယူပြီး ရိုက်ပေးပါတယ်။ ၂ ပုံ လောက်ရိုက်ပေးပြီး ကင်မရာ ပြန်ပေးပေမယ့် ထွက်မသွားသေးပါဘူး။ ပုံကောင်းမကောင်း ကြည့်ပြီး မကောင်းသေးရင် ထပ်ရိုက်ပေးမယ့် ပုံနဲ့ စောင့်နေကြပါတယ်။ ကိုယ်တွေလည်း ဒီလောက်ရ မဆိုးဘူး အမှတ်တရဖြစ်ပြီဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာကို အရမ်းသဘောတွေကျပြီး ရယ်နေပါတော့တယ်။

တော်တော်လေးအေးလာတာနဲ့ လာလမ်းအတိုင်း ကေဘယ်လ်ကားစီး၊တောင်အောက်ကိုဆင်းပြီး မြောင်ဒုံးကို လမ်းလျှောက်ကြပါတယ်။ မြောင်ဒုံးဘူတာကနေ ဟိုတယ်ကို ရထားစီးပြီး ပြန်ကြပါတယ်။ ကိုရီးယား ဘူတာကို သဘောကျတဲ့ တစ်ချက်က ဘူတာပလက်ဖောင်းမှာ မုန့်ဆိုင်လေးတွေ ရှိပြီး ရထားစောင့်ရင်း မုန့်စားလို့ရတာပါပဲ။ အမှန်တော့ ဆင်းတဲ့ ဘူတာက ဟိုတယ်နဲ့ သိပ်မနီးလှပါဘူး။ ကိုယ်တွေက ရှုခင်းတွေကြည့်ချင်၊ ဆိုးလ်ရဲ့ ညကို ခံစားချင်တာနဲ့ တက်စီမစီးဘဲ ရထားနဲ့ ပြန်တဲ့ လမ်းကို ရွေးခဲ့တာပါ။ နောက်နေ့ဆို စင်ကာပူကို ပြန်ရပြီဆိုတော့ ကိုရီးယားခရီးပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ


ဝက်နံရိုးကြော်

ကိုရီးယားခရီးစဉ်ကို ရေးရမှာ ပျင်းနေတာနဲ့ လွယ်လွယ်ကူကူ ဟင်းချက်နည်းနဲ့ပဲ ဂဠုန် ဆားချက်လိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ဝက်နံရိုး
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် အနည်းငယ်
ခရုဆီ အနည်းငယ်
ကြက်ဥ ၃ လုံး
ရွှေကြည်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း



ဝက်နံရိုးကို ခရုဆီ၊ ပဲငံပြာရည် အကြည်၊ အနောက်တို့နဲ့ နယ်ထားပါ။ 

ကြက်ဥ နဲ့ ရွှေကြည်မှုန့်တို့ကို ပန်းကန်တစ်ခုထဲ ထည့်ပါ။

ကြက်ဥနှင့် ရွှေကြည်မှုန့် သေချာရောသွားသည်အထိ ဇွန်းနဲ့ခေါက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပူအောင်တည်ပါ။
ဆီပူလာသောအခါ ခေါက်ထားသော ကြက်ဥအရည်ထဲသို့ ၀က်နံရိုးကို တစ်ခုချင်းစီ နှစ်ပြီး ဆီပူထဲ ထည့်ကြော်ပါ။ တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်သို့လှန်ပေးပါ။

ဝက်နံရိုးကြော်ပူပူကြွပ်ကြွပ်လေး ရပါပြီ။
အမြင်မလှပေမယ့် အရမ်းအရသာရှိပါတယ်။


Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...