ကြေးအိုး၊ ကြေးအိုး ဆီချက် (၀က်)

ဒီတစ်ပတ်တော့ သူ့အကြိုက် ကြေးအိုးလုပ်စားဖြစ်ပါတယ်။ အရင်ကလည်း လုပ်စားဖူးပေမယ့် ဘလော့တကာ လှည့်လည်ဖတ်ရှူပြီး သူများချက်နည်းကို အတုခိုးချက်ရသူတို့ ထုံးစံအတိုင်း မေ့သွားပါတယ်။ အခုလည်း နောက်တစ်ခါ ထပ် ရှာရဖွေရပြန်ပါတယ်။ ဒီတစ်ခါ ရှာရတာ အရင်ကလောက် မလွယ်တော့မှန်း တော်တော်သိလာပါတယ်။ တစ်ချို့ ဘလော့တွေ လင့်ခ်သေသွားပြီး တစ်ချို့ ဘလော့တွေရှာမတွေ့တော့ပါဘူး။ ဒီတော့ တွေ့သမျှ ဘလော့တွေထဲကနေပြီး ကိုယ်လုပ်နိုင်မယ်ထင်တာလေးတွေ ကူးချရပါတယ်။ နောက်တစ်ခါ ရှာရလွယ်အောင်၊ ကိုယ့်ဆီမှာ ချမှတ်ထားဖို့အတွက် ချက်နေရင်း ဓာတ်ပုံလေးတွေ ရိုက်လိုက်ပါတယ်။ စု၊တု၊ပြု ကြေးအိုးချက်နည်း လာပါပြီ။

ပါဝင်သောပစ္စည်းများ
ဝက်ရိုး
ဝက်သားနုတ်နုတ်စဉ်း (သို့) ၀က်အကြေသား
ဝက်ကလီစာ (အူချို၊ လျှာ၊ နှလုံး၊ အသဲ)
ကြာဇံ (ဆန်ကြာဇံ)
ငုံးဥ
ပဲပြား
ခုဆိုင် (ကျုဆိုင်)
ကြက်ဥ
မုန်ညင်းစိမ်း
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ကော်မှုန့်
တရုတ်မဆလာ
ဆား
သကြား
အချိုမှုန့်
နှမ်းဆီ
ပဲငံပြာရည်
ငရုတ်ကောင်း
ရှာလကာရည်
ဘုံကျောင်း ငရုတ်ဆီ

၁။ ၀က်ရိုးကို ရေဆေးပြီး ပြုတ်ပါ။ အပေါ်ယံအဆီများဝေ့လာလျှင် ဖယ်ရှားမည်ဖြစ်သောကြောင့် ပြုတ်သောအခါ အရသာ မထည့်သေးပါ။ ၀က်ရိုးပြုတ်အိုးကို မီးဖိုပေါ်တင်ပြီး ကျန်သောအရာများကို ပြင်ဆင်ပါမည်။
(ထိုအတောအတွင်း ၀က်ရိုးပြုတ်ရေမှ အဆီများဝေ့လာပါက ဖယ်ရှားပါ။ အဆီများအားလုံး ကုန်သွားသောအခါ ဆား၊သကြား၊ အချိုမှုန့်အနည်းငယ်တို့ကို ထည့်ပြီး အရသာသွင်းပါ။)



၂။ ကြာဇံကို ရေစိမ်ထားပါ။


၃။ ၀က်သား အကြေသား၊ သို့မဟုတ် အကြေသားမ၀ယ်ပါက အသားကို နုတ်နုတ်စဉ်းပါ။ ပဲငံပြာရည် (အပျစ် သို့မဟုတ် အကျဲ)၊ ကော်မှုန့်၊ တရုတ်မဆလာ၊ ဆား၊ သကြားအနည်းငယ်၊ အချိုမှုန့် (သုံးတတ်လျှင်ထည့်)၊ ကြက်ဥ တစ်လုံး၊ ကုဆိုင် (ကျူဆိုင်) ကို နုတ်နုတ်စဉ်းထည့်၊ အားလုံးထည့်ပြီး သေချာနယ်ကာ ခေတ္တနှပ်ထားပါ။ 





၎။ ၀က်ကလီစာများ (၀က်အူချို ရှာမရသဖြင့် မထည့်နိုင်၊ ၄င်းရပါက ပိုကောင်းမည်။) ၀က်အသဲ၊ လျှာနှင့် နှလုံးတို့ကို တစ်မျိုးစီ ရေစင်စင်ဆေး၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့နှင့် နယ်ကာ၊ ပြုတ်ထားပါမည်။ တစ်မျိုးစီကို ရေလဲပြီး ပြုတ်ပါ။




၅။ ငုံးဥများပြုတ်ပြီး အခွံခွာထားပါ။




၆။ ပဲပြားများကို အနေတော် တုံးထားပါ။



၇။ မုန်ညင်းစိမ်းကို အရွက်များခြွေထားပါ။



၈။ ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကို ပြုတ်ပြီး ထောင်းထားပါ။ ထို့နောက်ရေနွေး၊ ရှာလကာရည် အနည်းငယ်၊ သကြား အနည်းငယ်တို့ထည့်ပြီး ငရုတ်သီးအချဉ်ပြင်ထားပါ။  ငရုတ်ဆီအတွက် ပင်နီစူးလားမှ တရုတ်ဘုံကျောင်း ငရုတ်ဆီကို အဆင်သင့်ပြင်ထားပါ။




၉။ နှမ်းဆီကို ပူအောင်တည်ပြီး ငရုတ်ကောင်းမှုန့်ထည့် မီးပိတ်ပါ။ 


၁၀။ ခုဆိုင် (ကျုဆိုင်)ကို လိုသလောက်အရွယ်ဖြတ်ထားပါ။



၁၁။ ကြေးအိုးဆီချက်အတွက် ကြက်သွန်ဖြူကို ထောင်းကာ ဆီချက်ချက်ထားပါ။ တရုတ်အစားအစာဖြစ်သောကြောင့် နနွင်းမှုန့်မထည့်သင့်ပါ။ ဒီမှာတော့ လွယ်လွယ်ကူကူ ကြက်သွန်ဖြူကြော်ကို ထောင်း၊ ဒယ်အိုးထဲဆီထည့် ပူသောအခါ ထောင်းထားသော ကြက်သွန်ဖြူကြာ်ထောင်းကို ထည့်ကာ မီးချက်ချင်းပိတ်လိုက်ပါတယ်။ လူပျင်းနည်းပေါ့။





ကြေးအိုးပြင်ဆင်ပုံ
အိုးငယ်တစ်လုံးထဲသို့ ၀က်ရိုးပြုတ်ရည် ယောက်ချို ၃ ဇွန်းထည့်ပါ။ ဆူလာသောအခါ နယ်ထားသော အသားအကြေများကို လက်နှင့်ဆုပ်ပြီး ထည့်ပါ။ ထို့နောက် ငုံးဥ၊ ပဲပြား၊ ၀က်ကလီစာပြုတ်များ နှင့် ကြာဇံကိုထည့်ပါ။ ကြာဇံနူးသောအခါ မုန်ညင်းစိမ်းရွက်၊ ဖြတ်ထားသော ခုဆိုင်၊ ဆားနှင့် နှမ်းဆီငရုတ်ကောင်းမွှေးကို ထည့်ပြီး ခဏအကြာ စားမည့်ပန်းကန်ထဲသို့ လောင်းထည့်ပါ။ ကြေးအိုး ပူပူလေးကို ငရုတ်သီးစိမ်းအချဉ်၊ ငရုတ်ဆီ တို့ဖြင့်စားနိုင်ပါပြီ။

ကြေးအိုးဆီချက်ပြင်ဆင်ပုံ
အိုးငယ်တစ်လုံးထဲသို့ ၀က်ရိုးပြုတ်ရည် ယောက်ချို ၁ ဇွန်း ခွဲခန့် ထည့်ပါ။ ဆီချက်ဖြစ်သဖြင့် ရေခန်းသည်အထိ တည်မည် ဖြစ်သည်။ ဆူလာသောအခါ နယ်ထားသော အသားအကြေများကို လက်နှင့်ဆုပ်ပြီး ထည့်ပါ။ ထို့နောက် ငုံးဥ၊ ပဲပြား၊ ၀က်ကလီစာပြုတ်များ နှင့် ကြာဇံကိုထည့်ပါ။ ကြာဇံနူးသောအခါ မုန်ညင်းစိမ်းရွက်၊ ဖြတ်ထားသော ခုဆိုင်၊ ဆားနှင့် နှမ်းဆီငရုတ်ကောင်းမွှေးကို ထည့်ပြီး ခဏအကြာ စားမည့်ပန်းကန်ထဲသို့ လောင်းထည့်ပါ။ အပေါ်မှ ကြက်သွန်ဖြူဆီချက်ကို များများပုံပါ။ ဟင်းချိုအတွက် နောက်ထပ် ၀က်ရိုးပြုတ်ရည် ၁ ဇွန်းခန့်ထပ်တည်ပါ။ ဆူသောအခါ ဆားအနည်းငယ်ခပ်၊ မုန်ညင်းစိမ်းရွက်ထည့်ပြီး ခဏအကြာတွင် ဟင်းချိုရပါပြီ။ ကြေးအိုးဆီချက် ပူပူလေးကို ငရုတ်သီးစိမ်းအချဉ်၊ ငရုတ်ဆီ တို့ဖြင့်စားနိုင်ပါပြီ။





မှတ်ချက်။   ။ ငါးဖယ်လုံးနှင့် ၀က်အူချိုပါလျှင် ပိုကောင်းသည်။

အလုံးတစ်လုံးနဲ့ ခြာခြာလည်

ကိုယ်ချစ်သောအလုံး

ဒီဇွန်လကတော့ တကယ်ပဲ ဒီအလုံးနဲ့ အလုပ်ရှုပ်ရတဲ့လပါ။ ဘာအလုံးလဲဆိုတော့ ဘောလုံးပါ။ ကမ္ဘာ့ဖလား ပွဲတွေတိုင်း ညကြီးသန်းခေါင် တီဗွီရှေ့မှာ အဖေနဲ့အတူတူ အားပေးနေတာ ကိုယ်ပါ။ မြန်မာအသင်း ဘယ်အသင်းနဲ့ကန်ကန် တီဗွီမှာ ပြသမျှ ပွဲတိုင်း မလွတ်တန်း အားပေးတတ်သူပါ။ တီဗွီက မလွှင့်ရင်တော့ ကိုယ်လည်း ကြည့်မရဘူးလေ။ စလောင်းမှ မရှိတာကိုး။ အနားက ဗွီဒီယိုရုံလေးတွေမှာ ပြပေမယ့် အမေက ယောက်ျားလေးတွေ တရုံးရုံးကြားမှာ သွားကြည့်တာ မကြိုက်ပါဘူး။ အဖေကတော့ မသိချင်ယောင်ဆောင်နေတတ်ပါတယ်။ လိုက်ခဲ့လို့လည်းမခေါ်။ မကြည့်နဲ့လို့လည်းမပြော။ သူကတော့ အချိန်ရောက်ရင် သွားတော့တာပါပဲ။ ငယ်တုန်းကတော့ မိဘမျက်နှာရိပ် မျက်နှာကဲ ကြည့်နေခဲ့ရသူမို့ မေးတောင် မမေးရဲပါဘူး။ အခုလို အချိန်ဆိုရင်တော့ ခပ်တည်တည်နဲ့ အဖေနဲ့ လိုက်သွားဖြစ်မယ် ထင်ပါတယ်။ :P
နောက်ပိုင်း ကမ္ဘာ့ဖလားပွဲတွေတော့ ကြည့်ဖြစ်နေပေမယ့် မြန်မာအသင်းပါတဲ့ ပွဲတွေတော့ လက်လျှော့လိုက်ပါတယ်။ စားမ၀င် အိပ်မပျော်၊ နှလုံးတုန်တာတွေက သွေးဆေးသောက်လည်း မပျောက်ပဲကိုး။ ဆိုတော့ကာ ပြောချင်တာက ကိုယ်ငယ်ငယ်ကတည်းက ဘောလုံးရောဂါရှိခဲ့တယ်ဆိုတာပါ။

စူဇူကီးဖလား ၂၀၁၄

ဒီရောဂါဟောင်းက မနှစ်က စင်ကာပူမှာလာကန်သွားတဲ့ Suzuki Cup 2014 မှာ ပြန်ပေါ်လာတာပါပဲ။ မြန်မာပွဲတွေ မကြည့်ဖြစ်တော့ပေမယ့် သတင်းတွေတော့ ပွဲတစ်ခု ပြီးတိုင်း မတော်တဆ တွေ့တာလိုလို၊ ပေါ်ပြူလာဖြစ်တဲ့သတင်း သိထားမှဖြစ်မယ် ဆိုတာလိုလိုနဲ့ ဖတ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ မနှစ်က Suzuki ဖလားအတွက် မြန်မာအသင်း စင်ကာပူမှာ လာကန်မယ်ဆိုတော့ ကိုယ့်အမျိုးသားလေးက သွားကြည့်ကြမယ်ဆိုတာနဲ့ မလေးရှားနဲ့ မြန်မာပွဲကစ ကြည့်ဖြစ်ပါတယ်။ တကယ်က ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ အားမပေးဖူးတာကြောင့် သွားရမှာ နဲနဲ သွေးကြောင်နေပါသေးတယ်။ ကွင်းထဲက ဖိုက်တင်ဆင်းတွေ၊ ထီးပျံ ဖိနပ်ပျံ ခုံချိုး ဇာတ်လမ်းတွေ လည်း ကြားဖူးနားဝတွေ အများကြီးမလား။ ကိုယ့် အမျိုးသားလေးကတော့ သွားမယ်၊ ချ ဆိုတာချည်းပဲဆိုတော့ တစ်ယောက်တည်း လွှတ်လိုက်ဖို့လည်း စိတ်ပူရပါသေးတယ်။ ဒီတော့ ကိုယ်လည်း လိုက်မယ်၊ အားပေးမယ်။ တစ်ခုခုဆို ပြေးဖို့တော့ ဖိနပ်တောင် အပြေးဖိနပ် ၀တ်သွားခဲ့ပါသေးတယ်။ (ကြောက်တတ်တယ် မပြောပါနဲ့ ၊ တကယ်ကြောက်ပါတယ်။)

ဂျာစီရှာပုံတော်

ဒီက ပရိသတ်တွေက ဘောလုံးဂျာစီဝတ်ပြီး အားပေးကြမယ်ဆိုတော့ ဂျာစီရှာပုံတော် ဖွင့်ရပြန်ပါတယ်။ အဲဒိအချိန် ကိုယ်တို့ မြန်မာအသင်း ဂျာစီ က ဘယ်လိုဒီဇိုင်းဆိုတာတောင် မသိပါဘူး။ သူများပြမှ သြော် ဒါ တို့တွေ ဂျာစီဆိုပြီး ပုံလေးကိုင်ရှာရပါတယ်။ ရန်ကုန်အပြီးပြန်သွားတဲ့ အလုပ်က မောင်လေးတစ်ယောက်ကို အပူကပ်ရပါတယ်။ ရှာပေးပါ။ ၀ယ်ပေးပါ။ ပို့ပေးပါ။ ဘယ်နှစ်ယောက်စာပါ။ ဘယ်ဆိုဒ်တွေပါပေါ့။ သူ့ခမျာလည်း မအားတဲ့ကြားက မှာသမျှကို ၀ယ်ပို့ရှာပါတယ်။ ပိုက်ဆံလည်း မယူရှာပါဘူး။ (ကျေးဇူးတင်ပါတယ် ကော်ကော်ကျိုရေ) ခက်တာက ရန်ကုန်က Large Size က ကိုယ့်အမျိုးသားလေး အတွက် မတော်ပါဘူး။ ၀င်းဦး အကျီင်္ဝတ်ထားသလို ကိုယ်ကြပ်လေးဖြစ်နေပါတယ်။ သူက မ၀တ်ရဲဘူး၊ ရှက်တယ်ဆိုတာနဲ့ ပင်နီစူးလား ပလာဇာက တစ်ထည်သွားဝယ်ပါတယ်။ အမျိုးအစားတွေကလည်း  မြန်မာမိတ်ဆိုတာရယ်၊ ဒါက Lotto ကထုတ်တဲ့အစစ်ဆိုတာရယ် နှစ်မျိုးကွဲနေပါတယ်။ ရန်ကုန်က မှာထားတဲ့အကျီင်္တွေက မြန်မာမိတ်ပေါ့လေ။ ဒါနဲ့ အစစ်ဆိုရင် ဆိုဒ်မှန်လောက်တယ်၊ မြန်မာမိတ် က ဆိုဒ်သေးတာဖြစ်မယ်ဆိုပြီး ကိုယ်ပဲ သူ့အတွက် အစစ်ဆိုတဲ့ဟာ Large Size ထပ်ဝယ်လာခဲ့တယ်။ (အဲဒါပဲ အကြီးဆုံးရှိတာကိုး) အိမ်ရောက်တော့ ၀တ်ကြည့်ခိုင်းတော့ ယောင်ယောင်လေး ကြီးပေမယ့် ထုံးစံအတိုင်း မတော်ပါဘူး။ ကိုယ်ဝတ်ကြည့်တော့ မဆိုးဘူး နဲနဲပွပွလေးနဲ့ အတော်ပဲ။ အဲဒါနဲ့ ကိုယ်လည်း ဂျာစီ ၃ထည် ထည်လဲနဲ့ ပိုင်ဆိုင်သွားပါတော့တယ်။ သူလည်း တခြား အားကစား အကျီင်္ပဲ ၀တ်တော့မယ်ဆိုပြီး စိတ်လျှော့သွားပါတော့တယ်။

ဘောလုံးဆိုတာ အလုံးကြီးပါ

ပထမဆုံးနေ့ မလေးရှားနဲ့ ပွဲကနေ နောက်ဆုံးထိုင်းနဲ့ပွဲအထိ သွားအားပေးခဲ့ပေမယ့် ကိုယ့်နိုင်ငံအသင်းကန်နေတာ တစ်စက်ကလေးမှ အားရစရာ မရှိခဲ့ပါဘူး။ ဘောလုံးရောက်လာရင် ခြေထောက်ကလေးနဲ့ တော့တော့နေပြီး ဘာလုပ်ရမှန်းမသိ၊ အမြင့်ဘောမကန်တတ်၊ မဖမ်းတတ်၊ လူပေးရင် အမြဲတစ်လွဲဆိုတော့ မျှော်လင့်ချက် မရှိမှန်း ပထမပွဲနေ့ကတည်းက  သိသွားပါပြီ။ ဒါပေမယ့် ကိုယ်တို့တွေ အားပေးရတာကို ပျော်နေပါပြီ။ ဒုန်းဒုန်းဒုန်းဆိုတဲ့ ဗုံသံအနောက်မှာ မြန်မာလို့ တစ်ညီတစ်ညွတ်တည်း အော်ရတာကို အရသာတွေ့နေပါပြီ။  ကစားကွင်းထဲက ကစားသမားတွေနဲ့အတူ မတ်တတ်ရပ်၊ နိုင်ငံတော်သီချင်းကို ပြိုင်တူဆိုပြီး ကြက်သီးတွေထ မျက်ရည်တွေဝဲရင်း နိုင်ငံကို လွမ်းတတ်နေပါပြီ။ အလံအကြီးကြီးအောက်မှာ လက်တွေညီညီညာညာနဲ့ ကွင်းဟိုဘက်ကနေ ဒီဘက်အထိ အလံကို လွှင့်တတ်နေပါပြီ။ ပွဲအပြီး အမှိုက်လိုက်ကောက်ပေးနေတဲ့ မြန်မာတွေကို ကူညီရင်း ကိုယ့်အသင်းရှုံးတယ်ဆိုတယ်ဆိုတာအပေါ် အများကြီး မခံစားရတော့ပါဘူး။ မမျှော်လင့်ထားတာလည်း ပါမှာပေါ့လေ။ ပြီးတော့ ဘောလုံးဆိုတာ အလုံးကြီးမဟုတ်လား။

ဆီးဂိမ်း ၂၀၁၅

ကဲမြန်မာအသင်းလာပြန်ပြီတဲ့။ ဒါပေမယ့် ဒီတစ်ခါလာမှာ ဟိုတစ်ခါကန်တဲ့ အဖွဲ့မဟုတ်ဘူးတဲ့။ ယူ၂၃ အငယ် ကလေးတွေတဲ့။ ဘာပဲပြောပြော အားပေးတယ်ကွာ။ လာသွားကြမယ်လို့ ဒီတစ်ခါ စပြောတာက ကိုယ်ပါ။ ကိုယ့်အမျိုးသားလေးကလည်း ဟိုတစ်ခါ မ၀တ်ခဲ့ရတဲ့ ဂျာစီကို ထပ်ကြိုးစားပြန်ပါတယ်။ ဒီတစ်ခါတော့ ရန်ကုန်က သူ့အကိုက အဖြူတစ်ထည်၊ အနီတစ်ထည် ၀ယ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း large ပါပဲ။ ဒီတစ်ခါတော့ မဆိုးဘူးပြောရမယ်။ နဲနဲလေး ပိုကြီးလာပါတယ်။ ၀တ်ကြည့်တော့လည်း fitting ပါပဲ။ ဒါပေမယ့် ဒီတစ်ခါ သူချေးမများတော့ပါဘူး။ သူများတွေ ၀တ်ပြီး သူမ၀တ်ရတာ တော်တော်အားငယ်နေပုံရပါတယ်။ အကျီင်္လက် လက်မောင်းမှာ တစ်နေတာကိုလည်း အတော်ပဲနော်...အိုကေတယ်မလား လုပ်နေပါသေးတယ်။ ကဲကိုယ်ထင် ကုတင်ရွှေနန်းဆိုတဲ့ စကားပုံ ဘယ်သွားထားမတုန်း။ လှပါ့၊ ကြည့်ကောင်းပါ့၊ အိုကေပါ့ ပေါ့။

ဝင်းဦးအကျီင်္လက်နဲ့ သူ့ဂျာစီ


ပရိသတ်ရဲ့အချစ်တော် ယူ၂၃

ပထမဆုံးပွဲက အင်ဒိုနီးရှားနဲ့ပွဲပါ။ ပွဲစရင်ပဲ ဟိုးအရင်ကလို စိတ်လျှော့ပြိး အားပေးနေတဲ့ မြန်မာပရိသတ်ကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားစေပါတယ်။ အရင်လာကန်ခဲ့တဲ့ လက်ရွေးစင်အသင်းနဲ့ တော်တော်လေး ခြေကွာပါလား။ ကောင်းလိုက်တာလို့ အားပေးနေတဲ့ မြန်မာတိုင်းစိတ်ကို ၀င်ရောက် ပျော်ရွှင်စေပါတယ်။ ကစားသမားလေးတွေ တော်တော်ပြေးနိုင် ကြိုးစားနိုင်ကြပါတယ်။ တစ်သင်းလုံး ညီညီညွှတ်ညွှတ်နဲ့ အပေးအယူမမှားအောင် ကစားနိုင်ကြပါတယ်။ အမြင့်ဘောတွေ ကို သေသေသပ်သပ်ဖမ်းတတ်၊ ကန်တတ်ကြပါတယ်။ ဘောလုံးခြေထောက်ထဲရောက်ရင် နဲနဲမှ တုံ့ဆိုင်းနေခြင်းမရှိပါဘူး၊ ပေးရမယ့်သူကိုပေး၊ ဆွဲပြေးတန်ပြေးနဲ့ အရမ်းလည်း ကြိုးစားကြပါတယ်။ ဘောလုံးမကန်တတ်တဲ့အသင်းတောင် အားပေးလာတာ ဒီလို ကန်တတ်တဲ့အသင်း ဘာပြောကောင်းမလဲ။ ပရိသတ်က ရင်တွေကွဲရင်ကွဲပစေ၊ မြန်မာ မြန်မာလို့ တစ်ချိန်လုံးအော်ဟစ် အားပေးနေကြတာပါ။ အင်ဒိုကို ၄-၂ နဲ့နိုင်သွားတော့ ကွင်းထဲက ထွက်လာတဲ့ မြန်မာတွေဟာ တပြုံးပြုံးနဲ့ပေါ့။ လုံခြုံရဲလည်းမချန်၊ သူစိမ်းလည်းမချန် နုတ်ဆက်ပြုံးပြနေတော့တာပါပဲ။

ဂျလန်းဘဇားကွင်းမှာ မြန်မာ ဖန်တွေက ဒီလို ဒီလို လာအားပေးတာ

နိုင်ပွဲတွေဆက် ဆီမီးတက်ပြီ

အိမ်ရှင်စင်ကာပူအသင်းကို ထပ်နိုင်ပြန်တော့၊ ပရိသတ်က ထိန်းမရတော့ပါဘူး။ နေ့နေ့ညည၊ အိမ်မှာ၊ ရုံးမှာ၊ ဖေ့စ်ဘုတ်မှာ၊ ယူ၂၃ ဖြစ်ကုန်တော့တာပါပဲ။ ငါတို့အသင်းကွဆိုပြီး မာန်တက်တဲ့သူကတက်၊ သူများအသင်းကို ရန်သွားတွေ့တဲ့သူကတွေ့နဲ့ အပျော်တွေ လွန်ကုန်ကြတော့တာပါပဲ။ ကိုယ်တွေတောင် မနဲထိန်းထားရတာ တစ်ချို့တွေလည်း လွတ်မှာပေါ့လို့ တွေးမိပါတယ်။ ပြသနာကြီးကြီးကျယ်ကျယ်တွေ မဖြစ်လို့ တော်ပါသေးတယ်။ စင်ကာပူဆိုတာ ဥပဒေက နေရာတိုင်းမှာ ရှိတာမလား။ အရေးမယူချင်ရင် လွှတ်ပေးထားပြီး အရေးယူချင်ရင် ချပြစရာ ဥပဒေက အမြဲရှိပြီးသားပါ။ ဖိလစ်ပိုင်အသင်းကို နိုင်၊ ကမ်ဘောဒီးယားအသင်းကို သရေကျပြီး မြန်မာ ယူ၂၃ အသင်းဟာ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်သွားပါတယ်။

လက်ပတ်ဆင်တူနဲ့ အားပေးတာ။ :P

ဆီမီးမှသည် ဖိုင်နယ်ဆီသို့

ဆီမီးဖိုင်နယ်ပွဲမှာတော့ အသဲတယားယားနဲ့ အားပေးရပါတယ်။ ဗီယက်နမ်ခြေက ကိုယ့်ရွှေအသင်းထက် ပိုကောင်းတာ အမှန်ပါ။ သူတို့ ဘက်က တိုက်စစ်တွေတရကြမ်းနဲ့ ကိုယ့်ဂိုးတိုင်နားမှာ ၀ဲနေတိုင်း ရင်ထဲမှာ အောင့်အောင့်လာပါတယ်။ ဘေးက အမကြီးကတော့ သံဗုဒ္ဓေ တောက်လျှောက်ရွတ်နေတော့ပါပဲ။ နောက်ကခုံက ကလေးမလေးတွေကတော့ အသံကုန် အော်ဟစ် အားပေးကြတာ တော်တော်အားရဖို့ကောင်းပါတယ်။ ဗီယက်နမ်ကို ၂-၁ နဲ့ နိုင်သွားတဲ့အချိန်မှာတော့ အသံတွေပြာတဲ့အထိ အော်ဟစ်အားပေးကြပါတယ်။ ကဲ တို့ရွှေတွေတော့ ဖိုင်နယ်တက်ပြီပေါ့။

စင်ကာပူ နေရှင်နယ် အားကစားကွင်း 

စင်ကာပူ နေရှင်နယ် အားကစားကွင်း 

ရွှေတို့ရဲ့ ငွေ

ဖိုင်နယ်မကန်ခင် ကိုယ့်ရဲ့ ပြိုင်ဘက် ထိုင်းအသင်းကန်ပုံကို လေ့လာကြည့်ပြီးတော့ ရွှေမြန်မာတို့ရင်ထဲ လေးသွားကြပါတယ်။ ကောင်းလှချည်လား ကိုရွှေထိုင်းတို့ ကန်ချက်။ လူတွေက ခပ်ထွားထွား။ ကန်ချက်က ပြင်းပြင်း။ တိုက်စစ်ကောင်းကောင်းနဲ့ သွက်သွက်လက်လက် ကစားပြီး အင်ဒိုနီးရှားကို ငါးဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြသွားခဲ့ပြီး ဗိုလ်လုပွဲ တက်လာပါတယ်။ တက်ကြွနေတဲ့မြန်မာပရိတ်သတ် ခမျာ ကိုယ့်ကစားသမားတွေ အားငယ်သွားမှာစိုးကာ ဖေ့စ်ဘုတ်ပေါ်ကနေ အားပေးကြပါတော့တယ်။ တစ်ခါမှ ဘောလုံး ပွဲ ၀ါသနာ မပါတဲ့သူတွေတောင် ဒီပွဲကို အားပေးဖို့ ကြိုးစားလာကြပါတယ်။ စင်ကာပူရဲ့ ကွင်းအသစ်ကြီးမှာ ကန်မယ့် ငါတို့ အသင်း ဖိုင်နယ်ရောက်တဲ့ ငါတို့အသင်း၊ ငါတို့ အားပေးမယ်ဆိုပြီး လက်မှတ်ရဖို့ အကြိတ်အနယ်ကြိုးစားကြ။ ဘောလုံးအကျီင်္ဝယ်ကြနဲ့ ပေါ့။
ဖိုင်နယ်ပထမပိုင်းမှာ သူတင်ကိုယ်တင် ကန်နိုင်ပြီး နှစ်ဘက်လုံး ဂိုးမရကြတော့ တော်တော်အားတက်လာကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ထိုင်းဘက်က ၃ ဂိုးသွင်းကာ ကိုရွှေထိုင်းတို့ စီးဂိမ်း ၂၀၁၅ ရဲ့ ဘောလုံး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။  ပရိသတ်ကတော့ အစကတည်းက မရဲတရဲ မျှော်လင့်ပြီး အားပေးလာခဲ့ကြတာဆိုတော့ ငွေနဲ့ တင်းတိမ်နိုင်အောင် ပြင်ဆင်လာခဲ့ပုံရပါတယ်။ ငွေရတဲ့ ကိုယ့်အသင်းကိုယ် ဆုယူတဲ့အထိ တစ်ချိန်းချိန်းနဲ့ အားပေးကြတာ ESPNFC Asia web site က အကောင်းဆုံး ပရိတ်သတ်အဖြစ် မြန်မာကို အသိအမှတ်ပြုရတဲ့ အထိပါပဲ။


သူ့ဂျာစီတွေ အရမ်းကြပ်နေလို့ ဖိုင်နယ်ပွဲမှာ ၀ယ်မယ့် သူ့အကျီင်္မှာ အိပ်ချည်ကြိုးနဲ့ အလံစတစ်ကာကို ချုပ်ပေးရသည်။။ အဲဒါ ပါးမှာကပ်တဲ့ အလံ စတစ်ကာလေးက တစ်ခုကို စင်ကာပူဒေါ်လာ ၀.၅ ကျပ်။


ဒီလို ဗူဖောင်းရှည်တွေကိုလည်း ပင်နီစူးလား ပလာဇာက သွားဝယ်ရသည်။ နှစ်ခုကို စင်ကာပူဒေါ်လာ ၁ ကျပ်။

ဒါကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေးမှုပေါ့။
အားပေးနေတဲ့ သူ


နိုင်ငံတော် သီချင်းဆိုရင်း ဖုန်းဖလက်တွေလင်းစေသော လက်တစ်စုံ

ဆုပေးပွဲထိ အားပေးဆဲ ဘောလုံး ပရိသတ်

နောက်ဆုံး ရလဒ်

ပွဲပြီး မီးမသေ

ယူ၂၃ အသင်းကြီးက ငွေဆုကြီးပိုက်ပြီး ရန်ကုန်သို့ ပြန်သွားပါပြီ။ စင်ကာပူက ပရိတ်သတ်များကတော့ ပွဲပြီး မီးမသေနိုင်ကြပါ။ သံယောဇဉ်တွေ အမျှင်တန်းလို့ ဘောလုံးသမားလေးများရဲ့ ဖေ့စ်ဘုတ်မှာ အားပေးကြ၊ နောက် ကန်မယ့် ပွဲတွေအကြောင်း ဆွေးနွေးကြ၊ ခြိမ့်ခြိမ့်သဲ အားပေးခဲ့တဲ့ ကာလတွေကို စားမြုံ့ပြန်ကြနဲ့ တသသ ဖြစ်နေတုန်းပါပဲ။ ကိုယ်တွေလည်း ဒီပရိတ်သတ်ထဲ တစ်ယောက်အပါအ၀င်ပေါ့။ ခုလည်း နောက်နှစ် မြန်မာပြည်မှာ ကျင်းပမယ့် suzuki cup 2016 ကို ပြန်ကြည့်ရင် ကောင်းမလား၊ Sea Games 2017 ကို မလေးရှားမှာ သွားအားပေးရင် ကောင်းမလားနဲ့ အရှိန်မသေသေးဘဲ အကွက်တွေချ အကြံတွေထုတ်နေပါတယ်။


ကဲ စာဖတ်သူရော၊ ဘယ်လိုအကြံများ ပေးချင်ပါသလဲ။

ပဲစောင်းလျားသီးသုပ်

ပါဝင်သောပစ္စည်းများ
ပဲစောင်းလျားသီး
နှမ်း
ကြက်သွန်နီဥကြီးတစ်လုံး
ဆား
ကြက်သွန်နီဆီချက်
ငရုတ်သီး အကျက်မှုန့်
သံပုရာသီးတစ်စိတ်

တစ်ထုပ်ကိုမှ ပြားကိုးဆယ်ဆိုတော့ ဟင်းတစ်ခွက်ရဖို့အရမ်းတန်ပါတယ်။ ကြိုက်တာလည်း ပါမှာပေါ့လေ။ ပြုတ် ပြီး ငပိရည်နဲ့လည်း တို့စားလေ့ရှိပါတယ်။ 

ပဲစောငးလျားသီးတွေကို ရေစင်စင်ဆေး၊ ထိပ်နှစ်ဘက်ကို ဖြတ်ပြီး အကြောသင်ထားပါတယ်။

 အိုးတစ်လုံးထဲကို ရေထဲ့ပြီး ဆူအောင်တည်ထားလိုက်ပါတယ်။

 ရေနွေးအိုးတည်ထားခိုက် နှမ်းထောင်းထားပါတယ်။ ဒီမှာတော့ ကြိတ်စက်နဲ့ ကြိတ်တယ်ပေါ့လေ။ ပုံမှာပြထားတဲ့ဇွန်းနဲ့ ၃ ဇွန်းကြိတ်ပါတယ်။ ညက်မှုန့်နေအောင် မကြိတ်ပါဘူး။ အလုံးကွဲရုံလေးကြိတ်တာပါ။

 ရေနွေးပွက်ပွက်ဆူထဲကို ပဲစောင်းလျားသီးတွေထည့်ပြီး ၃ မိနစ်ခန့်ထားပါတယ်။ ထို့နောက်ဆယ်ပြီး ရေခဲရေနဲ့ ခဏစိမ်လိုက်ပါတယ်။ အစိမ်းရောင်တွေ မပျောက်အောင်နဲ့ အနည်းငယ် ကျွတ်နေအောင်ပါ။

 ကတ်ကြေးနဲ့ အနေတော်လေးတွေ ညှပ်ထားပါတယ်။

 ကဲ သုပ်တော့မယ်ဆိုတော့ ညှပ်ထားတဲ့ ပဲစောင်းလျားသီးတွေကို ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်နီဆီချက်၊ နှမ်းထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ ဆားအနည်းငယ်ထည့်ပြီး သံပုရာရည်ညှစ်ထည့်ကာ နယ်လိုက်ရုံပါပဲ။
လှလှပပလေး ဖြစ်သွားအောင် အပေါ်ကနေ ကြက်သွန်နီဆီချက် ဖြူးပြီးရင်တော့ သုံးဆောင်လို့ရပါပြီရှင်။

ကင်းပုံသီး ကြော်ချက်

ပါဝင်သော ပစ္စည်းများ
ကင်းပုံသီး
ကြက်သွန်ဖြူ
ကြက်သွန်နီ
ပုစွန်ခြောက်မှုန့်
ငရုတ်သီးအစိမ်းမှုန့်
ဆားအနည်းငယ်
အချိုမှုန့်အနည်းငယ်

မူဆာဖာ(mustafa) ရောက်ရင် မ၀ယ်ရမနေနိုင် အမြဲဝယ်ဖြစ်တာက ကင်းပုံသီးပါ။ ရန်ကုန်တုန်းကတော့ အချို၊ အခါး၊ အချဉ် သုံးမျိုးလုံးစားခဲ့ရပေမယ့် ဒီမှာ ၀ယ်လို့ရတာက အချိုတစ်မျိုးတည်းရှိပါတယ်။ 

ကင်းပုံသီးကို ရေသေချာဆေးပြီး ဘေးနှစ်ဘက်အနည်းငယ်ကိုလှီးပါ။ ပုံပါအတိုင်း ထက်ခြမ်းခြမ်းပါ။ထို့နောက် လှီးထားသော အခြမ်းကိုမှောက်ပြီး ငရုတ်ကျည်ပွေ့နှင့် တစ်ချက်နှစ်ချက် ထုလိုက်ပါ။ 

အကုန်ထုပြီးပါပြီ။

ကြက်သွန်အဖြူ  နဲ့ အနီကို ထောင်းထားပါ။

အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ နီကိုထည့်ဆီသတ်၊ ကျက်ခါနီးတွင် ငရုတ်သီးအစိမ်းမှုန့်ထည့်။ ထို့နောက် ပုစွန်ခြောက်မှုန့်ထည့်ပြီး ဆီသတ်ပါ။ 

ဆီသတ်ပြီးသောအခါ ထုထားသော ကင်းပုံသီးများကိုပါ ထည့်ပြီး စက္ကန့်အနည်းငယ်မွှေပေးပါ။ ထို့နောက် ရေမြုပ်ရုံထည့်၊ ဆားသင့်ရုံ၊ အချိုမှုန့်သုံးလျှင် အနည်းငယ်ထည့်မွှေပြီး အဖုံးခဏဖုံးထားပါ။ 

ဆီပြန်လာပြီ၊ ကင်းပုံသီးနူးလာပြီးဆိုလျှင် ကင်းပုံသီးကြော်ချက်တစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။




ဟက်ပီဘာ့ဒေး ညီမလေး


(ပုံကို ဒီနေရာမှ ယူသည်။)

ဒီနေ့ ချစ်လှစွာသော ညီမလေးရဲ့ မွေးနေ့ဖြစ်သည်။

ညီမလေးနဲ့ ကိုယ်က အသက် ၇ နှစ်တိတိကွာသည်။ ညီမလေးသည် ကိုယ့်အတွက်တော့ သက်ရှိ အရုပ်ကလေးဖြစ်သည်။ ကိုယ်နဲ့ တခြား ရွယ်တူကလေးတွေ အရုပ်မလေးတွေနဲ့ ဆော့နေချိန် ကိုယ်ကတော့ ညီမလေးရဲ့ အကျီင်္သေးသေးလေးတွေ ကို လျှော်နေခဲ့သည်။ ညီမလေးကို အကျီင်္လဲပေး၊ ရေချိုးပေး၊ သနပ်ခါးလိမ်းပေးနှင့် ကိုယ့်ကလေးဘ၀အချိန်များရဲ့ ကစားချိန်တော်တော်များများကို သူမအတွက် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့သည်။ ကိုယ့်စိတ်ကူးပေါက်ရာ ဆံပင်ပုံစံများ ညီမလေးခေါင်းမှာ စမ်းခဲ့ဖူးသည်။ ကိုယ့်လက်ရာ သနပ်ခါးဘဲကြားနဲ့ ညီမလေးကို အရမ်းချောလိုက်တာဟု တစ်ဖွဖွ ပြောသောကြောင့် အမေတို့ အမတို့ က ၀ိုင်းဟားကြသည်။ ညီမလေး အိပ်ရာထဲ ရှူရှူးပေါက်လျှင် ကိုယ်ချက်ချင်းသိသည်။ အနှီးလဲပေးပြီး ပွစိပွစိပြောကာ ပြန်အိပ်သည်။ ညီမလေးကို အမြဲချီပိုး နေတတ်သည်။ ညီမလေး ငါးတန်းအရွယ်ထိ ချီနေသောကြောင့် ပတ်ဝန်းကျင်က ၀ိုင်းပြောကြရသည်။ ထိုင်လျှင်ကိုယ့်ပေါင်ပေါ် ညီမလေးကို အမြဲတင်ထားသည်။ ညီမလေးအိပ်နေလျှင် ပါးဖောင်းဖောင်းလေးကို ခဏခဏ ခိုးနမ်းသည်။ ကြာတော့ ညီမလေးသည် ကိုယ့်ကို အမေထက် ပိုခင်တွယ်လာသည်။

ညီမလေး ၄ နှစ် မူကြိုတက်တော့ ကိုယ်က လူကြီးလုပ်ပြီး လိုက်အပ်ပေးသည်။ ပြန်မယ်ပြင်တော့ ညီမလေးက အပြန်မခံ။ အာပြဲကြီးနှင့်အော်ငိုတာ အတင်းပြန်လိုက်ပြေးလာသည်။ ဆူလို့လည်းမရ ငေါက်လို့လည်းမရ ချော့လို့လည်းမရသည့်နောက်ဆုံး ကိုယ် သူ့မူကြိတွင် ထိုင်စောင့်နေရသည်။ နောက်ရက်တွေတော့ မူကြိုသို့ ကိုယ့်စာအုပ်တွေယူလာကာ ကျောင်းအိမ်စာများ ထိုင်လုပ်နေရသည်။ မူကြိုဆရာမက ကျောင်းတက်တာ နှစ်ယောက်ဆိုတော့ နှစ်ယောက်စာ ပေးရမယ်ဟု စသည်။

အမျိုးတွေလာလည်သဖြင့် မယ်လမုဘုရား လိုက်ပို့သည့်နေ့က ညီမလေးကို ကိုယ်ကိုယ်တိုင် ရေချိုးပေး၊ ဂါဝန်ဝတ်ပေး၊ ဆံပင်စည်းပေးပြီး၊ ပထမဆုံးအဖြစ် နုတ်ခမ်းနီဆိုးပေးလိုက်သည်။ ထိုနေ့က ညီမလေး ဘာမှ မစား။ ကျွေးလို့လည်းမရ။ နုတ်ခမ်းနီပျက်မှာစိုလို့ဆိုပြီး နုတ်ခမ်းလေးကို ထော်ထားသည်။ ကိုယ်တို့တွေ သဘောတွေကျကြရသည်။

ညီမလေးကို မည်သူ ဆူသည် ငေါက်သည်ကိုမှ ကိုယ်လက်မခံ။ ကိုယ်ကိုယ်တိုင်လည်း အမြဲချော့ပြောသည်။ ထို့ကြောင့်ပင် ညီမလေးသည် တော်တော်ဆိုးလာသည်။ စိတ်ကြီးလာသည်။ လိုချင်တာ မရလျှင် ပစ္စည်းတွေကို ကိုင်ပေါက်တတ်လာည်။ ကိုယ်ကလည်းငယ်သေးတော့ မစဉ်းစားတတ်။ အမေရိုက်မယ်ပြင်တိုင်း ညီမလေးရှေ့က ကာဆီးကာဆီးလုပ်သည်။ ကိုယ့်မုန့်ဖိုးသည် ညီမလေးအတွက် မုန့်လေးတွေ၊ ကစားစရာလေးတွေ၊ အသုံးအဆောင်လေးတွေ ၀ယ်ရင်း ကုန်သွားလေ့ရှိသည်။ ကိုယ်ကျောင်းတက်ရင်း အလုပ်လုပ်သည့်ပိုက်ဆံသည် ညီမလေး ကျောင်းဖိုး၊ ကျူရှင်ဖိုးဖြစ်သည်။ ကိုယ့်အတွက်ကိုယ် ကိုယ်တိုင် အ၀တ်အစား ၀ယ်ဝတ်လေ့မရှိပေမယ့် ညီမလေးအတွက်ဆို ကိုယ်သည် အလိုလို ၀ယ်ပြီးသား ဖြစ်နေသည်။ ညီမလေးကလည်း ကိုယ့်ကို အ၇မ်းတွယ်သည်။

ဒီလိုနဲ့ ကိုယ်တက္ကသိုလပ်တက်ချိန် ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်ဝိုင်းတွေတစ်ဖက်နဲ့ ဖြစ်လာချိန်၊ ညီမလေးလည်း ဆယ်တန်းအောင်ပြီဖြစ်သောကြောင့် ညီမလေးကို ကိုယ် လက်လွှတ်လိုက်သည်။ ကိတ်စတစ်ခုပေါ်လာတိုင်း အရင် လို ဆုံးဖြတ်မပေး။ သူ့ဘာသာ ဆုံးဖြတ်ခိုင်းသည်။ အဲဒိအချိန်မှာပဲ ၀မ်းနဲစရာ ကောင်းသောအရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။ ညီမလေးသည် ကိုယ်ရဲ့ ပြုစုမှုအောက်တွင် ကြီးပြင်းလာရသောကြောင့် အရာရာ ကိုယ့်ကိုပဲ အားကိုးနေသည်။ သူ့ဘာသာ ဘာမှ မလုပ်တတ်။ မစဉ်းစားတတ်။ မလုပ်ရဲ မကိုင်ရဲဖြစ်နေသည်။ ငယ်စဉ်က သူမကို ချစ်သောစိတ်ဖြင့် အရာရာ လုပ်ပေးရသည်ကို ကျေနပ်ခဲ့သောကိုယ် ထိုအချိန်တွင် တကယ့်ကို ကြေကွဲရသည်။ ညီမလေးကို ကိုယ်ချစ်ရာ မရောက် နှစ်ရာ ရောက်ခဲ့လေပြီ။

ကိုယ်ကိုယ်တိုင်လည်း အလုပ်တွေ မိုးလင်းက မိုးချုပ်များနေသည်ကို အကြောင်းပြပြီး ညီမလေးကို ဥပက္ခာပြုလိုက်သည်။ အရင်လို ယုယုယယမနေ။ သူမ အနားလာကပ်လျှင် အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်။ အခန်းတံခါးပိတ်ပြီး စာဖတ်ချင်ယောင်ဆောင်သည်။ တစ်ခုခုကို လာတိုင်ပင်လျှင် ဆုံးဖြတ်စေချင်လျှင် ကိုယ့်ဘာသာစဥ်းစားဟု အနည်းငယ် မာမာပြောလွှတ်သည်။ ကိုယ်ထင်သည်။ ညီမလေးသည် ထိုကာလများကို အားငယ်စွာ၊ ၀မ်းနဲစွာ ယောင်ချာချာနိုင်စွာ ကျော်ဖြတ်ခဲ့ရမည်။ ပိုဆိုးသည်က ထိုကာလများသည် ကိုယ်အတင်းတက်ခိုင်းသောကြောင့် တက်ခဲ့ရသော စီးပွားရေးတက္ကသိုလ် ပညာသင်နှစ်များဖြစ်နေခြင်းပင်ဖြစ်သည်။ ညီမလေးသည် စာရင်းအင်းကို နဲနဲမှ ၀ါသနာမပါ။ ခေါင်းသိပ်ရှုပ်တတ်သည်။ ကိုယ်က ဒါကောင်းတယ် ဒါတက်ဟု ပြောခဲ့သည်ကို ညီမလေးသည် မလွန်ဆန်ရဲ။ ၀ါသနာလုံးလုံး မပါသည့်ဘာသာများကို တတ်နိုင်သမျှကြိုးစားပြီး သင်ယူခဲ့ရှာသည်။ ထိုအတောအတွင်းမှာပင် အားကိုးစရာ အမသည် သူမကို လုံးလုံး လျစ်လျူရှုနေခဲ့ခြင်းဖြစ်သည်။

ညီမလေးဘွဲ့ရတော့ အလုပ်ဝင်သည်။ ဒါကိုလည်း ကိုယ်မကူညီ။ ကိုယ့်စိတ်သည် တစ်ဖက်စွန်းကို ရောက်သွားသည်။ အသိထဲက ဘွဲ့ရခါစ ကလေးတွေ အကူအညီလိုလျှင် ကိုယ်တတ်နိုင်သမျှကူညီသည်။ ပြောပေးသည်။ အလုပ်ရှာပေးသည်။ အလုပ်သွင်းပေးသည်။ ညီမလေးဘွဲ့ရသော် ကိုယ့်အားကိုယ်ကိုးစေလိုသော စေတနာဟု ဆင်ခြေပေးတာ ကူညီခဲ့ခြင်း အလျင်းမရှိ။ ညီမလေးသည် ကိုယ့်ကို အပြစ်မဆို။ ကိုယ်ညီမလေးနဲ့ ခပ်ခွာခွာနေသည့်နောက်ပိုင်းတွင် ညီမလေးသည် အမေ့နား အလိုလိုကပ်သွားသည်။ ထို့နောက်တွင်တော့  ကိုယ် နိုင်ငံခြား ထွက် အလုပ်လုပ်သည်။ အိမ်ထောင်ကျသည်။ ညီမလေးနဲ့ ပိုဝေးသွားသည်။

ဒီနှစ် နောက်ပိုင်း ရန်ကုန် ခဏခဏပြန်ဖြစ်တော့ ညီမလေးနဲ့ ပြန်ရင်းနှီးလာသည်။ သူမသည် ကိုယ့်ကိုယ်ကို အားကိုးတတ်နေပြီ။ မိဘနှစ်ပါးကို အနီးကပ်ပြုစုပြီး အိမ်တွင်လည်း သူမသည် တကယ့်အိမ်ရှင်မကြီးလို စီစဉ်တတ်နေပြီ။ မိဘတွေရဲ့ စိတ်ဆန္ဒကို တခြား သားသမီးတွေထက် အတူနေ ညီမလေးက ကောင်းကောင်းနားလည်သည်။ လူတွေရဲ့အကြောင်းကို ကိုယ့်ထက် ညီမလေးက ပိုသိနေသည်။ ကိုယ့်ရန်ကုန်ပြန်တိုင်းညီမလေးသည် လိုလေသေ့မရှိ ပြုစုသည်။ သူမရဲ့ နည်းပါးလှစွာသော လခထဲမှ သူမထက် အဆပေါင်းများစွာ လခရသောကိုယ့်အတွက် တစ်ခုပြီးတစ်ခု ၀ယ်ပေးသည်။ ညီမလေးသည် ကိုယ့်ကို သူငယ်စဉ်က စောင့်ရှောက်ခဲ့သည်များကို ပြန်လည်ပေးဆပ်နေသလားဟုပင် အောက်မေ့ရသည်။ ဘာပဲပြောပြော ညီမလေးဧ။် အခုအနေအထားကြောင့် ကိုယ်စိတ်သက်သာရာ အများကြီးရသည်။ ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေသော ညီမလေးကြောင့်ကိုယ် ဂုဏ်ယူရသည်။

ညီအစ်မတွေချစ်ခြင်းသည် နေရာ အနီးအဝေးနှင့်လည်းမဆိုင်။ အလိုလိုနားလည်ပြီး အလိုလိုနီးကပ်နေသည်ဟု ကိုယ်ကိုယ်တိုင် ခံစား လက်ခံရသည်။

ဒီနေ့တော့ ထိုညီမလေးသည် မွေးနေ့ဟူသောမှတ်တိုင်တစ်တိုင်သို့ ရောက်ပြန်လေပြီ။

မိဘကို အနီးကပ်ပြုစုလုပ်ကျွေးနေသော ချစ်ရတဲ့ညီမလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ ကိုယ်ရင်ထဲက ဆုတောင်းလိုက်ပါသည်။

ပုစွန် ပဲကြာဇံသုပ်

လွယ်လွယ်ကူကူဟင်းတစ်ခွက်မလို့ ခဏခဏ လုပ်စားဖြစ်တဲ့ ပုစွန် ပဲကြာဇံ သုပ်လေးပါ။ အလုပ်က အပြန်နောက်ကျလို့ ဘာဟင်းမှ မချက်ချင်တော့ရင် မြန်မြန်နဲ့စားကောင်းမယ့်ဟင်းလို့ စဉ်းစားလိုက်တာနဲ့ သူပဲ ပေါ်ပေါ်လာပါတယ်။

ပုစွန် ပဲကြာဇံသုပ်အတွက် လိုအပ်သော ပစ္စည်းများ

ပုစွန် 
ပဲကြာဇံ
ကြက်သွန်နီ
ငရုတ်သီးစိမ်း
သံပုရာသီး
နံနံပင်
ဆား
ဆနွင်းမှုန့်
အချိုမှုန့်

ပုစွန်ကို ဆား၊ ဆနွင်း၊ အချိုမှုန့်အနည်းငယ်နဲ့ နယ်ပြီး ဒယ်အိုးတစ်လုံးနဲ့ မီးဖိုပေါ်မှာ လှော်ပါတယ်။ ပုစွန် အစိမ်းနံ့ ပျောက်ပြီဆိုရင် ဒယ်အိုးပေါ်က ချပါတယ်။ 

 ရေနွေးပွက်ပွက်ဆူထဲ ပဲကြာဇံကိုထည့်ပြီး ချက်ချင်းပြန်ဆယ်ပါတယ်။ ခုန လှော်ထားတဲ့ ပုစွန်ကို အနေတော်လေးတွေ ကပ်ကြေးနဲ့ညှပ်၊ပြီးရင် ပဲကြာဇံရေနွေးဖျော၊ နံနံပင်ညှပ်၊ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီးစတာတွေနဲ့ ရောပြီး သံပုရာရည်ညှစ်ထည့်လိုက်ရင် ပုစွန်သုပ်တစ်ပွဲရပါပြီ။ ဘယ်လောက်ထည့်ရမလဲဆိုတာတွေ ထည့်မရေးတော့တာ ကိုယ်ကြိုက်တာ့ဟာကို ကြိုက်သလောက် ထည့်စားနိုင်အောင်လို့ပါ။ အိမ်က အချဉ်ကြိုက်တော့ သံပုရာသီးတွေ အများကြီးထည့်ညှစ်စားရင် တစ်ခါတစ်လေ ပုစွန် အချိုတောင် ပျောက်ပျောက်သွားပါတယ်။


ကဲ အားရပါရ သုပ်ပြီးပါပြီ။ အားပေးသုံးဆောင်ကြပါဦးရှင်။

ပဲကြီးနှပ်

ငယ်ငယ်တုန်းကတော့ မနက်ဖြန် ပဲကြီးနှပ်မယ်လို့ အမေပြောတိုင်း စိတ်ညစ်ရပါတယ်။ တစ်အိမ်လုံးစာ အများကြီးစိမ်ထားသော ပဲကြီးများကို တစ်ယောက်တည်း ပျင်းပျင်းရိရိနဲ့ ညှစ်ရဦးမှာကိုး။ ဒါလောက်လည်း စားကာင်းတာမဟုတ်ဘဲနဲ့ ဘာလို့များ အလုပ်ရှုပ်ခံပြီး ချက်စားနေကြလည်း မသိဘူးလို့လည်း တွေးမိသေးတာပါ။ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်လာပြီး ပဲကြီးနှပ်နဲ့ဝေးရာ ဒေသရောက်လာတော့ အမေချက်တဲ့ ပဲကြီးနှပ်ကိုပဲ တမ်းတမ်းတတစားချင်လာပြန်ပါတယ်။ အညာစာတွေ သိပ်မစားတတ်တဲ့ အမျိုးသားကလည်း ထူးထူးဆန်းဆန်း ပဲကြီးနှပ်ကြိုက်တယ်ဆိုတော့ ရန်ကုန်က မှာလို့တစ်ဖုံ၊ ပင်နီစူးလားပလာဇာက ၀ယ်လို့တစ်မျိုး ပဲကြီးနှပ်စားဖြစ်ပါတယ်။ ခုလိုကျတော့လည်း တီဗွီရှေ့ထိုင်ရင်း ညှစ်လိုက် ဘာကြာတာလိုက်လို့လဲ လို့ တွေးမိနေပါပြီ။ အမေသိရင် မျက်စောင်းထိုးမယ်ထင်ပါတယ်။း)

ပဲကြီးနှပ်အတွက် လိုအပ်သော ပစ္စည်းများ
ပဲကြီး 
ကြက်သွန်နီ
ဆနွင်းမှုန့်
ဆီ
ဆား

အခုနောက်ပိုင်း မြန်မာပြည်ကဈေးတွေမှာ ပဲကြီးကို အခွံခွာပြီးသားတွေ ရောင်းနေပါပြီ။ လွယ်လွယ်ကူကူချက်စားနိုင်ကြတာပေါ့။ ခွာပြီးသား ၀ယ်ဖို့ မလွယ်တော့လည်း ပဲကြီးကို တစ်ညကြို ရေစိမ်ရပါတယ်။ မနက်ချက်မယ်ဆို ညကတည်း ရေမြုပ်အောင် စိမ်ထားလိုက်ပါတယ်။ ပဲကြီးတစ်ဆ ရေ၃ ဆလောက်နဲ့ စိမ်ပါတယ်။ ပွလာမှာနဲ့ အတော်ဖြစ်အောင်ပါ။ အမေဆို စိမ်ပြီးပွလာတဲ့ပဲတွေကို ရေစိုဝတ်နဲ့ အုပ်ပြီး အညှောင့်ဖောက်ပါသေးတယ်။ ကိုယ်ကတော့ အဲလောက်မစောင့်နိုင်လို့ ဒီအတိုင်းပဲ ချက်ပါတယ်။


ချက်မယ့်အိုးထဲ အခွံခွာပြီးသား ပဲကြီးထည့်၊ ဆားသင့်ရုံ၊ ပဲဆီအနည်းငယ် (ဆီများများနဲ့နှပ်ချင်ရင်တော့ များများပေါ့)၊ ကြက်သွန်နီ အသေး အလုံးလိုက် (အသေးမရှိတော့ အကြီးကိုပဲ လေးစိတ်ထိုးထည့်လိုက်ပါတယ်)၊ ဆနွင်းမှုန့်အနည်းငယ် (အရောင်အတွက်ပါ၊ ဖြူဖြူလေးနှပ်ချင်ရင် မထည့်ပါနဲ့) ထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါတယ်။  မိနစ်အနည်းငယ် မွှေပေးပါ။ အဓိကကတော့ ဆနွင်းနံ့လေး ပျောက်ချင်လို့ပါ။ အားလုံး လုံးမိသွားပြီဆိုရင် ရေထည့်ပါ။ ရေကို ပဲမြုပ်ပြီး အပေါ် လက်တစ်ဆစ်ခန့်ထည့်ပါ။  အဖုံးဖုံးပြီး ရေခန်းတဲ့အထိ စောင့်ပါ။


ရေခန်းလာပြီး ဆီပြန်လာပြီဆို ပဲနူးမနူးစမ်းကြည့်ပြီး နူးရင် ဟင်းအိုးချလို့ရပါပြီ။ ရေခန်းခါနီး မှာ ပဲတွေကို မမွှေပါနဲ့။ ဟင်းအိုးလေးကို မမပြီး အသာ လှုပ်ပေးပါ။ ပဲတွေကြေသွားမှာ စိုးလို့ပါ။ 

အမေ့လက်ရာကို မမီပေမယ့် ကိုယ်ဘာသာ ဒီလောက်ဖြစ်တာကို ကျေနပ်နေပါတယ်။ ဟီး။
ကဲ ပဲကြီးနှပ်ဝါ၀ါလေး စားကြပါဦး။

မြန်မာနိုင်ငံသားများ စင်ကာပူ ပီအာ စွန့်လွှတ်မည်ဆိုလျှင် ဘာတွေ လုပ်ရမလဲ


မြန်မာပြည်ပြန်သွားသော စင်ကာပူပီအာ သူငယ်ချင်းတစ်ယောက် ပီအာစွန့်လွှတ်ဖို့ အတွက် ဘာတွေလိုမလဲ ဘယ်လောက်ကြာမလဲကို ကူညီရှာဖွေပေးရင်း မှတ်တမ်းလေး တစ်ခုဖြစ်ဖို့ ဒီပို့စ်ကို ရေးပါတယ်။ 

ဒီပို့စ်က ပုံမှန် ပီအာတစ်ယောက် (အိမ်မ၀ယ်ထားသော၊ စီပီအက်ဖ်ဖြင့် ရှယ်ယာများ ၀ယ်မထားသော၊ ကျောင်းချေးငွေများ မရှိသော) ၊ ပီအာစွန့်လွှတ်ရန် စင်ကာပူသို့ လာနိုင်သော သူအတွက် ရည်ရွယ်ပါတယ်။ 

ပီအာစွန့်လွှတ်ကြောင်း စာတင်ရန် ( ကြာချိန် - ၁ ရက်)

စင်ကာပူ လူဝင်မှုကြီးကြပ်ရေး ရုံး (ICA) အိုင်စီအေ သို့ သွားရောက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းများ တင်ရမှာ ဖြစ်ပါတယ်။

အိုင်စီအေရုံးလိပ်စာ

Immigration & Checkpoints Authority
ICA Building, 10 Kallang Road (PR Department)
Singapore 208718, Beside Lavender MRT
Weekdays 8.00 am to 5.00 pm
Saturdays 8.00 am to 1.00 pm 

လိုအပ်သော စာရွက်စာတမ်းများ

            ၁။ ပတ်စ်ပို့ မူရင်း
၂။ ပတ်စ်ပို့ မိတ္တူ (အမည်၊ မွေးနေ့၊ ပတ်စ်ပို့နံပါတ်၊ ထုတ်ပေးသည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲတို့ ပါရှိရမည်။)
၂။ ပီအာကဒ် မူရင်း
၃။ ပီအာထုတ်ပေးစဉ် ပေးထားသော ပီအာဖြစ်ကြောင်း လက်မှတ် ( REP certificate)
၎။ အိုင်စီအေသို့ လိပ်မူပြီး ပီအာ စွန့်လွှတ်လိုကြောင်း ရေးထားသော စာ
 စာထဲတွင် ပါရမည့် အချက်များ
·         ပီအာစွန့်လွှတ်လိုကြောင်း၊
·         မိမိသည် စင်ကာပူပီအာ မဟုတ်တော့ကြောင်း ထောက်ခံစာ လိုချင်ကြောင်း (ထိုစာသည် စီပီအက်ဖ်ရုံ့းတွင် စီပီအက်ဖ်များ ထုတ်ရာတွင် လိုပါသည်။)
·         ဆက်သွယ်ရမည့်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ စသည် အပြည့်အစုံ

ဘယ်လောက်ကုန်မလဲ

စင်ကာပူပီအာ စွန့်လွှတ်ရန် ပိုက်ဆံ လုံးဝ ပေးစရာ မလိုပါ။

ဘယ်လောက်ကြာမလဲ

ဘယ်လောက်ကြာမလဲဆိုတာက အိုင်စီအေရုံးက မိမိပီအာမဟုတ်တော့ကြောင်း ရေးသားထားသော စာကို ဘယ်အချိန် ထုတ်ပေးမလဲကို ဆိုလိုသည်။ စီပီအက်ဖ်ရုံးသွားရာတွင် ထိုစာရွက်က အရေးကြီးပါသည်။ ရှာကြည့်ရသလောက် ထိုစာရွက် ဘယ်အချိန်မှာ ပြန်ရလဲဆိုတာ ဘယ်မှာမှ တိတိကျကျ ရေးမထားပါ။ ဘလော့ဂါတစ်ချို့ရဲ့ အတွေ့အကြုံအရ စာရွက်စာတမ်းများတင်အပြီး ၁၀ မိနစ်လောက်အကြာမှာ ပြန်ရကြပြီး။  ၂၀၁၅ ဖေဖော်ဝါရီ မှာ ပီအာစွန့်လွှတ်သွားသော သူငယ်ချင်းတစ်ယောက် အတွ့အကြုံအရ မနက်ပိုင်းစာရွက်စာတမ်းများတင်အပြီး ညနေပြန်လာယူရန် ချိန်းလိုက်သည်ဟုဆိုသည်။ ၂၀၁၅ သြဂုတ်တွင် ပီအာစွန့်သော သူငယ်ချင်းကတော့ ၄၅မိနစ်ခန့် စောင့်ရသည်ဟု ပြောသည်။ ဆိုတော့ တစ်ရက်အတွင်း ရသည်ဟု ယေဘုယျသတ်မှတ်နိုင်သည်။

အိုင်စီအေရုံးမှ ပီအာကဒ်ကို သိမ်းထားလိုက်ပြီး ထိုစာရွက်နှင့်အတူ အလည်အပတ်ဗီဇာဖြင့် နေထိုင်ခွင့် ၁ လ ပေးမည်ဖြစ်သည်။

စီပီအက်ဖ် (CPF) ပြန်ထုတ်ရန် (ကြာချိန် - ၃ ပတ်)

ပြန်မထုတ်မီ သတိပြုစရာလေးတွေ

၁။ ကျန်းမာရေး သို့ အသက် အာမခံကို စီပီအက် (medisave) မှ လစဉ် သို့မဟုတ် နှစ်စဉ် ပေးဆောင်နေသည်များ ရှိပါက အာမခံကုမ္ပဏီနှင့် ဦးစွာ ပြန်လည် ညှိနှိုင်းရန်
၂။ စင်ကာပူအစိုးရကို ပေးစရာ အခွန်များ ရှိမရှိ (သင့်မှာ အခွန်လက်ကျန် ပေးဆောင် စရာ ရှိလျှင် စီပီအက်ရုံးသည်  စင်ကာပူ အခွန်ရုံးနှင့်ဆက်သွယ်ပြီး သင့်စီပီအက်ဖ်ထဲမှ ထို အခွန်ငွေကို နုတ်ထားလိုက်မည် ဖြစ်ပါသည်။ )

ဘာစာရွက်စာတမ်းတွေ လိုမလဲ

၁။ စီပီအက်ဖ် ၀က်ဘ်ဆိုဒ်မှ ဒေါင်းလုပ်ဒ် လုပ်ပြီး ဖြည့်ထားသော ဖောင် (ဖောင်ကို ဒီမှာ ဒေါင်းလုပ် လုပ်နိုင်ပါသည်။) 
၂။ စင်ကာပူမှာနေခဲ့စဉ် (သို့) အလုပ်လုပ်ခဲ့စဉ် အသုံးပြုခဲ့သော ပတ်စ်ပို့
၃။ လက်ရှိကိုင်ထားသော ပတ်စ်ပို့
၎။ စင်ကာပူ အင်မီဂရေးရှင်း (လူဝင်မှုကြီးကြပ်ရေးရုံး) မှ ထုတ်ပေးထားသော စင်ကာပူပီအာ စွန့်လွှတ်ကြောင်း ထောက်ခံစာ

စာရွက်စာတမ်းတွေကို ဘယ်လိုတင်ရမလဲ

စီပီအက်ဖ် ပြန်ထုတ်ရန် လျှောက်ထားသော ဖောင်ကိုဖြည့်ပြီး
၁) စာတိုက်မှ ပို့နိုင်သည်။
            ဖြည့်ပြီးသားဖောင်ကို စာတိုက်မှ ပို့ရန်ဖြစ်သည်။ ဖောင်တွင် စင်ကာပူ သံရုံးမှ အရာရှိဧ။် တံဆိပ်တုံး (သို့) တံဆိပ်ခေါင်း ပါရမည်။ တခြား လိုအပ်သော စာရွက်စာတမ်းများတွင်လည်း အထက်ပါ တံဆိပ်တုံး ပါရမည်။

၂) လူကိုယ်တိုင် တင်နိုင်သည်။
            ဖောင်ကိုဖြည့်ပြီး ထိုဖောင်နဲ့တစ်ကွ လိုအပ်သော စာရွက်စာတမ်းများယူကာ အောက်ပါ စီပီအက်ဖ်ရုံးတွင်  သွားရောက်တင်နိုင်သည်။   
CPF Building (near Tanjong Pagar MRT Station)
CPF Board, Withdrawal Schemes Department, 79 Robinson Road, Singapore 068897
Fax: 6229-3177
Operation Hours
Mondays - Fridays          (8am - 5pm )

စီပီအက်ဖ်တွေကို ဘယ်လိုပုံစံနဲ့ပြန်ပေးမလဲ

အောက်ပါ နည်းများထဲမှ ကိုယ်အဆင်ပြေမယ့် ပုံစံတစ်ခု ရွေးနိုင်ပါတယ်။
၁၊ သင့်စင်ကာပူဘဏ်အကောင့်ထဲသို့ လွှဲရန်
၂၊ မြန်မာနိုင်ငံရှိ သင့်ဘဏ်ထဲသို့ လွှဲရန် (ဘဏ်လိပ်စာ၊ ဘဏ့် swift code တို့ကို တိတိကျကျ ပေးရပါမည်။ ထို ဘဏ်အကောင့်သည် စင်ကာပူဒေါ်လာ လက်ခံနိုင်သော ဘဏ့်အကောင့်ဖြစ်ရပါမည်။)
၃၊ အထက်ပါနှစ်ခု အဆင်မပြေပါက ချက်လက်မှတ်ဖြင့် (စင်ကာပူဒေါ်လာ) ပေးမည်။

updated on 2018-08-21: စီပီအက်ဖ် အတိုးကို တစ်နှစ်တစ်ခါ ဒီဇင်ဘာလမှာ ထည့်ပေးတဲ့အတွက် ကိုယ်ရမယ့်အတိုးကို ဇန်န၀ါရီမှ ပီအာ စွန့်လွှတ်တဲ့ လအထိ တွက်ပြီး ထပ်ပေးပါတယ်။ အဲဒါကြောင့် တကယ်ရတဲ့ ပိုက်ဆံက စီပီအက်ဖ်မှာ ကိုယ်မြင်နေရတဲ့ ပိုက်ဆံထက် များပါလိမ့်မယ်။

ဘယ်လောက်ကြာမလဲ

စင်ကာပူဘဏ်အကောင့်သို့လွှဲလျှင်    - အလုပ်လုပ်ရက် ၁၅ ရက် (၃ ပတ်)
( မှတ်ချက်။   ။ ၂၀၁၈၊ ဧပြီတွင် ပီအာပြန်အပ်သော သူငယ်ချင်းကတော့ စင်ကာပူဘဏ်ထဲကို ရောက်ဖို့ ၇ ပတ် စောင့်ရတယ် ပြောပါတယ်။ )

တခြား သို့ လွှဲလျှင်                         - အလုပ်လုပ်ရက် ရက် ၂၀ (၁ လ)


မှတ်ချက်။  ။ စီပီအက်ဖ်ငွေတွေ လွှဲရန် သင် စင်ကာပူမှာ ရှိနေရန် မလိုအပ်ပါ။



Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...