3D2N Cameron Highlands Trip - Day 2

Day 2 မှာတော့ ဟိုတယ် မှာ ဘွတ်ကင်လုပ်ထားတဲ့ တိုးက မနက်ပိုင်းလာခေါ်မှာမို့ မနက်စာစားပြီးစောင့်ကြပါတယ်။ ကားက မီနီဗန်လေးပါ။ တခြားဟိုတယ်တစ်ခုကိုလည်း လူသွားခေါ်ရပါသေးတယ်။ အဲဒီဟိုတယ်မှာ အဖွဲ့သုံးဖွဲ့တက်ပါတယ်။ နှစ်ဖွဲ့က အဆင်သင့်စောင့်နေကြတော့ အဆင်ပြေပေမယ့် ကျန်တစ်ဖွဲ့က လေးဆယ့်ငါးမိနစ်ခန့် စောင့်ရပါတယ်။ ၁၅ မိနစ်အကြာမှာ တစ်ဖွဲ့က စုံတွဲက ကွန်ပလိန်းတက်ပေမယ့် ကားသမားကတော့ တောင်းပန်တာအပြင် ပိုမလုပ်ပေးနိုင်ပါဘူး။ နောက်ဆုံး အဖွဲ့လိုက်ထွက်လာကြတော့ တရုတ်လူငယ် မိန်းကလေး၊ ယောက်ျားလေး ၆ ယောက်ပါ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော ခပ်ချောချော ခပ်မိုက်မိုက်တွေပါ။ ဟေးဟေးဟားဟားနဲ့ ကားပေါ်ကို တက်လာကြပါတယ်။ သူတို့နောက်ကျတဲ့အတွက် ဘယ်သူကမှ မတောင်းပန်ပါဘူး။ ကားသမားက ကသောကမျော သူ့ထိုင်ခုံပေါ်တက်တဲ့အချိန် ခုန ကွန်ပလိန်းတက်ထားတဲ့ အတွဲက အမျိုးသားက ထပ်ပြောတဲ့အခါ တရုတ် အုပ်စုထဲက ကောင်လေးတစ်ယောက်က ဆောရီးလို့ တောင်းပန်ပြီး ကျန်တဲ့သူတွေက ဘာလဲဆိုပြီး အဲဒိအမျိုးသားကို ၀ိုင်းကြည့်ကြပါတယ်။ ဒါပေမယ့် ကားပေါ်တက်ခါစကလို အများကြီး ပွက်လောရိုက်မနေတော့ဘဲ ပုံမှန်( ဆူဆူညံညံ) နဲ့ပဲ သူတို့ဘာသူတို့ စကားဆက်ပြောနေကြပါတယ်။ သူတို့အချင်းချင်း တရုတ်လိုရော ၊ အင်္ဂလိပ်လိုရော ပြောကြပါတယ်။ ဒီလိုကိစ္စမျိုးတွေကတော့ လူအများနဲ့ ခရီးသွားတိုင်း တစ်နေရာရာ ကြုံရစမြဲပါ။

cameron highlands လက်ဖက်ခင်း

ပထမဆုံးသွားတာက BOH လက်ဖက်ခင်းတွေပါ။ တောင်ပေါ်ကို အနည်းငယ်တက်ရပါတယ်။ ဒီခရီးကို လာချင်တဲ့အကြောင်းနှစ်ခုမှာ ဒါ တစ်ခုပါ။ တစ်ခုကတော့ လဗန်ဒါရူးဆိုတော့ လဗန်ဒါ ပန်းခင်းပေါ့။ တစ်မျှော်တစ်ခေါ်ကြီး ကတ္တီပါ အစိမ်းကြီးခင်းထားသလို စိမ်းနေတဲ့ လက်ဖက်ခင်းတွေက မျက်စိအေးစေပါတယ်။ တိုးဂိုက်တစ်ဖြစ်လဲ ကားသမားကပဲ လက်ဖက်ပင်တွေအကြောင်း ရှင်းပြပါတယ်။ ကင်မရွန်းဟိုင်လန်းမှာ လက်ဖက်ခင်းတွေအများကြီး မျက်စိတစ်ဆုံးဆိုပေမယ့် တကယ်တန်း အများဆုံး ပိုင်တာက ပိုင်ရှင်နှစ်ယောက်ပဲ ရှိပါတယ်။ တစ်ယောက်က BOH လက်ဖက်စိုက်ခင်းကို ပိုင်ပြီး နောက်တစ်ယောက်က Cameron Valley စိုက်ခင်း ပိုင်ရှင်ပါ။ BOH လက်ဖက်စိုက်ခင်း က ပိုကြီးပြီး စုစုပေါင်း ဧက ၈၀၀၀ ရှိပါတယ်။ လက်ဖက်ပင်က မြေသြဇာလည်း ကျွေးဖို့မလို၊ ရေလည်း လောင်းဖို့မလိုပါဘူး။ တောင်ပေါ်ဒေသရဲ့ သဘာဝမြေ၊ အေးမြတဲ့ ရာသီဥတုက လက်ဖက်ပင်တွေကို အလိုအလျောက် ရှင်သန်စေပါတယ်။ ဒါဆို လက်ဖက်ပင် ရှင်သန်ဖို့ ဘာလုပ်ပေးရလဲဆိုတော့ လက်ဖက်ပင်တွေကို အမြင့်ကြီးဖြစ်မလာအောင် ညှပ်ပေးရတာပါ။ တကယ်လို့ မညှပ်ပေးခဲ့ဘူးဆိုရင် လက်ဖက်ပင်ဟာ ကုက္ကိုပင်လို အပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာပါလိမ့်မယ်။ ဒါကြောင့် လက်ဖက်ပင်တွေကို ၃ ပေခန့်အမြင့် ချုံပင်လို့ ထင်ရစေပါတယ်။ လက်ဖက်ခူးနေတဲ့ အလုပ်သမားတွေက အများအားဖြင့် ဘင်္ဂလားဒေ့်ရှ်က လို့ သိရပါတယ်။
ကြည့်လေရာရာ လက်ဖက်ပင်များ

အဲဒိ ညှပ်နဲ့ ထိပ်ကလေးတွေကို ခူးပြီး နောက်က တောင်းထဲ ထည့်ကြတယ်

ခူးပြီးသား လက်ဖက် အိတ်

လက်ဖက်ခင်းမှ အလုပ်သမားများ

ဒီလမ်းလေးတွေကနေ ကားက ဟိုဘက်ကွေ့လိုက် ဒီဘက်ကွေ့လိုက် မြင်မြင်သမျှ လက်ဖက်ခင်းတွေချည်းပဲ

BOH လက်ဖက်ခြောက် ဘယ်လို ထုတ်လုပ်သလဲဆိုတာကို အဆင့်ဆင့် BOH စက်ရုံမှာ လေ့လာနိုင်ပါတယ်။ (မှတ်ချက်.. စက်ရုံက တနင်္လာနေ့တိုင်း ပိတ်ပါတယ်)။ ပြီးရင် စက်ရုံ ကပ်လျက်မှာ ရှိတဲံ BOH စားသောက်ဆိုင်မှာ လက်ဘက်ရည်အမျိုးမျိုး မြည်း၊ မုန့်စားရင်း ပတ်ဝန်းကျင်ရဲ့ အလှအပကို ခံစားနိုင်ပါတယ်။ ဆိုင်က လူတန်းကတော့  တကယ်ကို ရှည်ပါတယ်။ ရိုးရိုး လက်ဖက်ရည်က ရင်းရစ် ၃.၇၀ ပေးရပြီး အနံ့တွေနဲ့ လက်ဖက်ရည်ကတော့ ရင်းဂစ် ၆ ကနေ ၈.၅၀ ထိ ရှိပါတယ်။


လက်ဖက်ခြောက်ထုတ်လုပ်ပုံထဲမှ အဆင့်တစ်ခု


BOH မှ ရေနွေးကြမ်း

BOH tea shop မှ လှမ်းမြင်ရသော မြင်ကွင်း

အဲဒိနောက် တောင်ရဲ့ အမြင့်ဆုံးနေရာထိကားနဲ့ ဆက်တက်ပြီး ကားသမားက လမ်းလျှောက်ဖို့နေရာ နှစ်နေရာ ရွေးခိုင်းပါတယ်။ တစ်နေရာက ရေညှိတော (mossy forest) လမ်းနဲနဲကြမ်းမယ်၊ ရွံ့နဲနဲပေမယ်၊ တက်ရဆင်းရတာတွေ များမယ်။ နောက်တစ်နေရာက သစ်သားတံတား အတိုင်းလမ်းလျှောက်ပြီး ရေကန်ရှိမယ်လို့ ပြောပြီး လူခွဲပါတယ်။ သူကတော့ ခက်ခဲတဲ့ ရေညှိတောကို လမ်းပြအနေနဲ့ လိုက်ပြီး သစ်သားတံတား လျှောက်မယ့်သူတွေကိုတော့ စလျှောက်ရမယ့် နေရာပြပြီး ပြန်စုရမယ့်အချိန်ပြောပါတယ်။ 

Mossy Forest

ကိုယ်တို့အဖွဲ့တစ်ဖွဲ့ပဲ ရေညှိတောကိုရွေးပြီး ကျန်တဲ့သူတွေအားလုံးက သစ်သားတံတားကို ရွေးပါတယ်။
တောတစ်တောလုံး သစ်ပင်တွေမှာ ရေညှိပင်တွေ ပေါက်နေပြီး မြေကြီးလို့ မရှိတော့ဘဲ  သစ်မြစ်တွေမှာကပ်နေတဲ့ ရေညှိတွေကို နင်းသွားရတယ်။ နင်းတိုင်း အိအိသွားပြီး တစ်ချို့နေရာတွေမှာ ရွံ့တွေ စိမ့်ထွက်လာပါတယ်။ လူသွားပါများလို့ လမ်းဖြစ်ပေမယ့် လမ်းက အဖြောင့်တော့လည်းမဟုတ်။ ဒီသစ်ကိုင်းခွကျော်၊ ဟို သစ်ကိုင်းခုန်ကူးနဲ့ အပေါ်တက် အောက်ဆင်း သွားရတာပါ။

Pitcher Plant (ရေတကောင်းပင်)

ငယ်ငယ်တုန်းက စာထဲသင်ရတဲ့ ရေတကောင်းပင် (pitcher plant) တွေလည်းတွေ့ရပါတယ်။ လက်ထည့်ကြီးရင် အဖုံးပိတ်သွားမလားဆိုပြီး ထည့်ကြည့်လိုက်သေးတယ်။ ပြန်ဆင်းတဲ့လမ်းက တော်တော်မတ်ပါတယ်။ အေးမြတဲ့ရာသီဥတုမှာ နေရိပ်မထိုးတဲ့ တောအုပ်ထဲ လမ်းလျှောက်ရင်းချွေးတွေတောင် စို့လာပါတယ်။ဘာအားကစားမှ လုပ်လေ့ရှိသူမဟုတ်တော့ မောလည်းအတော်မောပါတယ်။

ဒီလို တက်ရင်းလည်း ဓာတ်ပုံရိုက်လိုက်သေးတယ်

သစ်ပင်တွေကြားထဲ ခေါင်းငုံ့ပြီးသွားရတာ ကစားနေရတာကျနေတာပဲ

ရေညှိတော တစ်နေရာ

ဒီလမ်းအတိုင်းပြန်ဆင်းခဲ့ရတယ်

တောင်ပေါ်ကဆင်းလာပြီး လိပ်ပြာဥယျာဉ်ကို သွားကြပါတယ်။ သံဇကာတွေ ကာထားတဲ့ ပန်းခင်းထဲမှာ လိပ်ပြာရောင်စုံ အရွယ်စုံကို ထည့်ထားတာပါ။ ၀င်ဝင်ချင်း လိပ်ပြာလေးတွေ အများကြီးတွေ့ရပြီး ပန်းတွေပေါ်မှာ နားနေတဲ့ သူတို့နားကို ကပ်သွားတာတောင် ထမပျံလို့ ၀မ်းသာသွားပေမယ့်၊ ခဏအကြာ သတိထားမိတာက သူတို့ကို လက်နဲ့ထိတာတောင် ပျံမသွားဘဲ ဒီပန်းပေါ်မှာမှာ တွယ်ကပ်နေကြတာပါ။ စိတ်အထင်တော့ ပန်းပေါ်မှာ သူတို့ စွဲလန်းစေတဲ့ တစ်ခုခု ထည့်ထားတယ်လို့ ထင်မိပါတယ်။ တစ်ချို့ လိပ်ပြာတွေကတော့ လွတ်လွတ်လပ်လပ် ပျံသန်းနေပြီး လူအနားကပ်မခံပါဘူး။ အဲဒါမှ ပုံမှန်လို့ ထင်ပါတယ်။ 

ပန်းနဲ့လိပ်ပြာ

ဘာလိပ်ပြာခေါ်လဲမသိ

ဒီလိပ်ပြာကတော့ အလှပြနေသလားမှတ်ရတယ်။ အနားဘယ်လောက်ကပ်ကပ် သူမမှု

ဒါကတော့ သူရိုက်ထားတဲ့ အကြိုက်ဆုံးပုံထဲက တစ်ပုံ

ဒါက နောက်တစ်ပုံ

အဲဒိနောက် ဟိုတယ်ကို ပြန်ပို့ပေးပါတယ် ။ ပိုက်ဆံနဲနဲလိုနေတာနဲ့ အနားက money changer မှာ ထပ်လဲရပါသေးတယ်။ နေ့လည်စာကိုတော့ ဟိုတယ်နားက ဆိုင်တစ်ဆိုင်မှာပဲ အိန္ဒိယစာစားခဲ့ပါတယ်။ ဟိုတယ်မှာ တရေးတမော ပြန်အိပ်ပြီး ညနေမှာ တက်စီနဲ့ ညဈေးကိုသွားပါတယ်။ ကံဆိုးစွာပဲ မိုးဖွဲဖွဲကနေ ညဈေးအရောက်မှာ မိုးစိပ်စိပ်ဖြစ်လာပါတယ်။ ထီးလည်းမပါကြတာနဲ့ သုပ်သုပ်သွား၊ သုပ်သုပ်ကြည့်၊ သုပ်သုပ်ဝယ်ပြီး ပြန်ဖို့ ပြင်ရပါတယ်။ အဲဒိက ပျားရည်ဝယ်ခဲ့ပါသေးတယ်။ ညစာစားဖို့ကို ညဈေးတန်းနားက ဆိုင်တွေထက် လမ်းမှာတွေ့ခဲ့ရတဲ့ မီးတွေထိန်လင်းတဲ့ ဆိုင်အကြီးကြီးကို မျက်စိကျကြပါတယ်။ တက်စီငှားပြီး အဲဒိဆိုင်ကို ပို့ခိုင်းပြီး ညစာကို steamboat ကြပြန်ပါတယ်။ ဆိုင်ကကြီးပြီး စားပွဲထိုးက နည်းတော့ ဆိုင်ရောက်ပြီး အတော်ကြာတာတောင် မှာလို့မရပါဘူး၊ စားပွဲပေါ် စားစရာ ရောက်လာဖို့ကို စုစုပေါင်း နာရီဝက်လောက်စောင့်လိုက်ရပါတယ်။

လူ ၃ ယောက်စာ မှာတာ အဲလို အရေအတွက်နဲ့ လာချပေးတာပါ (ပုစွန် ၃ ကောင်၊ ကြက်ဥ ၃ လုံး)

အရွက်တွေ လတ်ဆတ်တာတော့ ကြိုက်ပါတယ်။ အဲဒိ အသားလုံးတွေ အသားပြားတွေ မကြိုက်။ 


နောက်နေ့တော့ မနက် ၉ နာရီခန့် တာနာရာတ ဘက်စကားဝင်းထဲကနေ အီပိုး၊ အီပိုးကတဆင့် စင်ကာပူကို ပြန်ခဲ့ကြပါတယ်။ 

3D2N Cameron Highlands Trip - နိဒါန်း
3D2N Cameron Highlands Trip - Day 1


3D2N Cameron Highlands Trip - Day 1

( အလုပ်တွေ ရှုပ်နေတာရော၊ အရှုပ်တွေ လုပ်နေတာရော၊ အပျင်းကြီးနေတာရော၊ ကျန်းမာရေး မကောင်းနေတာရော အားလုံးပေါင်းပြီး ဒီပို့စ်က နှစ်လကျော်ကြာသွားပါတယ်။ )

အီပိုးကနေ စီးလာတဲ့ကားက တောင်ပေါ်လမ်းကို ကွေ့ကာဝိုက်ကာနှင့် ဘရစ်ချန် မြို့ကို ဖြတ်ပြီးမှ တာနာရာတ (Tanah Rata) က ကားဂိတ်မှာ ဂိတ်ဆုံးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းပဲ အဲဒိကားဂိတ်ကနေ အပြန်အတွက် လက်မှတ်ဝယ်ထားလိုက်ပါတယ်။ ကားဂိတ်နဲ့ ဟိုတယ်က နီးနီးလေးပါ။ ၅ မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါတယ်။

(Tanah Rata bus interchange)

ကားဝင်းထဲက ထွက်ထွက်ချင်း ဟိုတယ်ကို ချက်အင် မ၀င်သေးဘဲ နေ့လည်စာစားဖို့ လျှောက်ကြည့်ကြပါတယ်။ တာနာရာတရဲ့ တစ်ခုတည်းသော လမ်းလေးဝဲယာမှာ ဆိုင်လေးတွေရှိပါတယ်။ အများစုက မလေးအစားအသောက်တွေရောင်းချတဲ့ဆိုင်များဖြစ်ပြီး အိန္ဒိယ အစားအသောက်ဆိုင်များလည်းတွေ့ရပါတယ်။ စတားဘက် (starbucks) နှင့် မေရီဘရောင်း (Mary Browns) တို့လည်း ရှိပါတယ်။ တရုတ်အစားအစာဆိုင်တစ်ဆိုင်နှင့် ထိုင်းအစားအစာဆိုင်တစ်ဆိုင်လည်း ရှိပေမယ့် အဲဒိဆိုင်တွေမှာ လူတော်တော်ပါးပါတယ်။မြို့လေးကိုက လူလည်းမများလှဘဲ တိတ်ဆိတ် အေးချမ်းလွန်းလှပါတယ်။ မလေးလူမျိုးထက် တရုတ်၊ အိန္ဒိယလူမျိုးများကို သာ အများစု တွေ့ရပါတယ်။ နောက်ဆုံးတော့ အိန္ဒိယ အစားအသောက်ပဲ စားဖြစ်ပါတယ်။ လက်ဘက်ရည်အရမ်းကောင်းပြီး ကျန်တဲ့ အစားအသောက်တွေလည်း စားကောင်းပေမယ့် သူတို့ အစားအသောက်ထားတဲ့ စင်ပေါ်မှာ ယင်ကောင်တစ်ချို့ ပျံဝဲနေတာကြည့်ပြီး စားမဖြောင့်ပါဘူး။ 

ဟိုတယ်ကို လမ်းလျှောက်အသွား

ဟိုတယ်ကို ချက်အင်ဝင်ရင်း နေ့လည် လည်ဖို့ အတွက် တက်စီကို မှာထားလိုက်ပါတယ်။ တစ်နာရီ ရင်းဂစ် ၃၀ ပါ။ နေရမယ့်အခန်းက သန့်သန်ရှင်းရှင်းရှိပါတယ်။ ကိုယ်အခန်းရွေးရင် အဓိကအချက် က ပြတင်းပေါက်ပါတာပါပဲ။ အခု အခန်းကတော့ ပြတင်းပေါက်ဆိုတာထက် ပိုပါတယ်။ ခန်းလုံးပြည့်မှန်တံခါးကို လိုက်ကာ နှစ်ထပ် ကာထားပါတယ်။ မှန်တံခါးဖွင့်ဖွင့်ချင်း လေအေးများက အခန်းထဲကို ရုတ်ခနဲ ၀င်လာပါတယ်။ အမျိုးသားက ဖွင့်ထားရင် ညဘက် အေးနေမယ် လို့ သတိပေးပေမယ့် ဒီလိုလေကို ခံစားချင်လို့ပဲ ဒီကိုလာခဲ့တယ် မဟုတ်လားလို့ ဆင်ခြေပေးရင်း ဆက်ဖွင့်ထားလိုက်ပါတယ်။ မြင်ရတဲ့ ရှုခင်းကလည်း တောင်ကုန်းဆိုတော့ ဖွင့်ထားလည်း လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။

(ဟိုတယ်အခန်း မှန်တံခါး)

အခန်းထဲ ခဏနား၊ ရေချိုးပြီး နေ့လည် ၂ နာရီခန့်မှာ စလည်ပတ်ပါတယ်။ တက်စီ မောင်းသမားက အိန္ဒိယ လူမျိုးပါ။ သူက လွန်ခဲ့တဲ့ နှစ်ကမှ မြန်မာပြည်ကို ၃ ပတ်အလည်သွားခဲ့သူဆိုတော့ သူသိခဲ့တဲ့ မြန်မာပြည် အကြောင်း အာပေါင်ရင်းသန်သန် ပြောတော့တာပါပဲ။ 

ပထမဆုံး သွားတာက Rose Valley ပါ။ နှင်းဆီတောင်ကြားလို့ နာမည်တပ်ထားပေမယ့် နှင်းဆီတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး။ ပန်းပေါင်းစုံ ရှိတာပါ။ နှင်းဆီအမျိုးအနွယ်တွေကတော့ ပိုများတာပေါ့လေ။လွန်ခဲ့တဲ့ ၆ နှစ်လောက်က တစ်ခေါက်ရောက်ဖူးတာမို့ အသစ်အဆန်း တော့ မဖြစ်ပါဘူး။ အရင်တုန်းက အတူတူသွားခဲ့တဲ့ သူငယ်ချင်းတွေကို သတိတရ အရမ်းရှိမိပါတယ်။ အဲဒိတုန်းကတော့ ပန်းတစ်မျိုးချင်းစီနဲ့ ဓာတ်ပုံတွေ အလုအယက်ရိုက်ခဲ့ပေမယ့် အခုတော့ ပန်းတွေကိုသာ ဓာတ်ပုံ ရိုက်မိပါတယ်။ အသက်ကြီးလာခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ငယ်တုန်းရွယ်တုန်း ခရီးသွားဖို့ တိုက်တွန်းကြတာ ဖြစ်ပါလိမ့်မယ်။ 

(ပွင့်အာလု နှင်းဆီ)

(ပွင့်အာပြီး နှင်းဆီ)

အ၀ါရောင်ပန်းကလေး
အနီရောင်

ဒီပန်းကိုကြည့်ပြီး ကိုယ်တို့ငယ်ငယ်တုန်းက အိမ်မှာ ရှိတဲ့ ဖယောင်းပန်းကို သတိရမိတယ်

ပန်းခြုံပုတ်

ပန်းခင်းအလယ်က decoration

ဓာတ်ပုံတွေ ရိုက်ခဲ့လား မမေးပါနဲ့။ ထိုင်နေရင်း အချင်းချင်းတောင် ဒီလိုရိုက်တာ။

နောက်တစ်ခုသွားတာက Lavender Garden ပါ။ ၂၀၁၃ က မှဖွင့်တာဆိုတော့ နေရာအသစ်လို့ ဆိုနိုင်ပါတယ်။ ဂျူး ၀တ္ထု ဖတ်ပြီးကတည်းက ရူးခဲ့ရတဲ့ လဗန်ဒါ ပန်းတွေကို ပြင်သစ်အထိ သွားမကြည့်နိုင်ပေမယ့် ဒီနေရာ ဒီမှာရှိတယ် သိကတည်းက သွားချင်ခဲ့တဲ့ နေရာတစ်ခုပါ။ လဗင်ဒါ ပန်းခြံလို့ နာမည်တပ်ထားပေမယ့် ထုံးစံအတိုင်း တခြားပန်းတွေလည်း စိုက်ထားပါတယ်။ မနေနိုင်လို့ လဗန်ဒါပန်းတွကို ငုံ့နမ်းမိတဲ့အခါ ရတဲ့ရနံ့က ကိုယ်တို့ သုံးစွဲနေကြ လဗင်ဒါ အနံ့ပါဝင်တဲ့ ရေချိုးဆပ်ပြာတို့ ရေမွှေးတို့ လိုးရှင်းတို့လို အနံ့သီးသန့်မဟုတ်ဘဲ အဲဒါတွေထက် အနည်းငယ် ပိုပြင်းတဲ့ အနံ့ကို အရွက်လတ်လတ်ဆတ်ဆတ်အနံ့နဲ့ ပေါင်းထားတဲ့ နှစ်သက်ဖွယ်ရာ အနံ့ရပါတယ်။

(ချစ်သော လဗန်ဒါ) တစ်နေ့တော့ ပြင်သစ်က တကယ့် လဗန်ဒါပန်းခင်းကြီးဆီ သွားမည်။

တကယ်တော့ လဗန်ဒါက မြက်မျိုးနွယ်ပါ။ အမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။ 

ရောင်စုံပန်းခင်းကြီး

one of their decors

ကိုယ်ပြန်ခြဲ့ပီ လမ်းကလေး.....


လဗန်ဒါ ပန်းခြံထဲမှာပဲ ဘေးမှာ စတော်ဘယ်ရီ အခင်းလေးရှိပါတယ်။ အဲဒိဘက် အကူးမှာ မိုးခပ်စိပ်စိပ်ရွာလာပါတယ်။ ပန်းခင်းတွေကတော့ အပေါ်က အမိုးတွေရှိတဲ့အတွက် အေးအေးဆေးဆေး ကြည့်လို့ရပါတယ်။ စတော်ဘယ်ရီတစ်ချို့ ၀ယ်ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်ရှိပြီး ချိုပါတယ်။

စတော်ဘယ်ရီ ခူးကြမလား

စတော်ဘယ်ရီ ပင်အောင် ချိန်းတွေ့လို့ရပြီ

စတော်ဘယ်ရီ ချောကလက်နှစ်ရင်...  (ချိုချိုချဉ်ချဉ် အရမ်းစားကောင်းတယ်)


အဲဒိက အပြန် တက်စီသမားကို ကန္တာရ အပင်လေးတွေရှိရာ ပို့ခိုင်းလိုက်ပါတယ်။ အဲဒိတော့ သူလိုက်ပို့တဲ့နေရာက Cactus Valley။ အရင်တစ်ခေါက်လာတုန်းက သွားတဲ့နေရာက Cactus Point။ ဆိုတော့ မရောက်ဖူးတဲ့ နေရာအသစ်ပဲပေါ့။ ဒါပေမယ့် အထဲမှာကတော့ အတူတူပါပဲ။ ကန္တာရ အပင်မျိုးစုံကို မြင်တွေ့ရပြီး အိုးသေးသေးလေးတွေကို ရောင်းတဲ့နေရာလည်း ရှိပါတယ်။ မ၀ယ်ဘူး တင်းထားပေမယ့် အပင်သေးသေးလေး ၆ ပင်တော့ ပါလာခဲ့ပြန်ပါတယ်။ကိုယ့်ရဲ့ စိတ်ရှည်လက်ရှည် ပြုစုမှုအောက်မှာ ဘယ်နှစ်ရက်ခံမလဲမသိ။

ကပ်တီး ကပ်တပ် အပင်များ

ဒီလိုလေးတွေ အများကြီး စိုက်ချင်တာ

ညစာစားချိန်ရောက်လာတော့ တက်စီသမားကို ဘရစ်ချန်မြို့က ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ပို့ခိုင်းလိုက်ပါတယ်။ ဟော့ပေါ့ဆိုင်ရောက်တော့ မိုးက တိတ်နေပါပြီ။ မိုးရွာပြီးခါစ တောင်ပေါ်မြို့လေးရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုမှာ ဟော့ပေါ့စားရတာ တကယ်ကို နွေးထွေးပြီး စားမြိန်စေပါတယ်။

စားကြပါဦး ဟော့ပေါ့

ဆိုင်တန်းတွေနားမှာ တက်စီတွေ ရှိပါတယ်။ အပြန်ကို တက်စီငှားကြမယ်ဆို ကြည့်ကြတော့ နေ့လည်က သွားခဲ့တဲ့ တက်စီဦးလေးကြီးကိုပြန်တွေ့တာနဲ့ သူ့တက်စီကိုပဲ ငှားပြီး ဟိုတယ် ပြန်ခဲ့ကြပါတယ်။ 

3D2N Cameron Highlands Trip - နိဒါန်း

လူ ၃ ယောက်၊ ရက် ၃ ရက် ရဲ့ ခရီးအစ 

စက်တင်ဘာ ၁၁ ရက်နေ့ကို စင်ကာပူနိုင်ငံရဲ့   မဲပေးတဲ့ ရက်ဖြစ်တဲ့အတွက် ဟောလီးဒေးလို့ ရုတ်တရက်ကြေငြာလိုက်ကတည်းက ခရီးတိုလေးတစ်ခု စိတ်ပြေလက်ပျောက်သွားချင်နေခဲ့တာပါ။ အဲဒိနေ့က သောကြာဆိုတော့  တနင်္ဂနွေထိဆို ၃ ရက်ခရီးသွားလို့ရတယ်ပေါ့။ ဒါပေမယ့် ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ အချိန်ဆွဲလာလိုက်တာ စက်တင်ဘာ ၄ ရက်နေ့ကျမှပဲ မလေးရှားနိုင်ငံ ကင်မရွန်း ဟိုင်လန် (cameron highlands) ကို သွားကြစို့လို့ အဖြေထွက်လာပါတယ်။

အဲဒိနေ့ပဲ စီးတီးဟောက ပင်နီစူးလား (penisula plaza) မှာ ဗီဇာ သွားလျှောက်ပါတယ်။ နောက်တစ်နေ့ကျတော့ တရုတ်တန်း (china town) မှာ ရှိတဲ့ တိုး တွေကို မေးမြန်းစုံစမ်းကြပါတယ်။
စင်ကာပူကနေ ကင်မရွန်းကို သွားတဲ့ကားတွေက ညဘက်မှာပဲ ထွက်ကြပြီး သောကြာနေ့ ခရီးအတွက် ကြာသပတေးည ထွက်မှ အဆင်ပြေမှာပါ။ ၁၀ နာရီလောက် ကြာတဲ့ ခရီးဆိုတော့ အဲဒါမှ ဟိုကို မနက်စောစောရောက်ပြီး လည်ချိန်ပတ်ချိန် ပိုရမှာပါ။ ပြသနာက အဲဒိမှာ စတာပါပဲ။ ကြာသပတေး ညကားတွေ လုံးဝ မရှိတော့ကြောင်း ၀င်စုံစမ်းသမျှ တိုးကုမ္ပဏီတွေက အကြောင်းပြန်ပါတယ်။ သောကြာညဆိုရင်တော့ လက်မှတ်ကျန်ပါသေးတယ်။ ဒါပေမယ့် တနင်္ဂနွေ ဟိုက ပြန်လာမယ့်ကားတွေလည်း လက်မှတ်ကုန်ပြီလို့ ပြောပါတယ်။ သောကြာညကားနဲ့ထွက် စနေမနက်ရောက်၊ ရောက်ရောက်ချင်း ပြန်လာရမယ့် ကိန်းဆိုက်သွားပါပြီ။

လင်မယားနှစ်ယောက်သား စိတ်မလျှော့ကြပါဘူး။ ဒီတရုတ်တန်းက တိုးတွေက ယိုးဒယားတန်း (Golden Mile Plaza) က ထွက်တဲ့ကားတွေကို အေးဂျင့်အနေနဲ့ ပြန်ရောင်းတာမလား။ ဒီတော့ ပင်ရင်းကို သွားရင် ကျန်နိုင်သေးတယ်ဆိုပြီး ဂိုးလ်ဒင်းမိုင်း ပလာဇာကို ဆက်ကြပြန်ပါတယ်။ ဟိုရောက်တော့လည်း ဒီအဖြေပါပဲ။ မောမောပန်းပန်းနဲ့ ကျိတ်မနိုင်ခဲမရဖြစ်ပြီး ယိုးဒယားစာစားပြီး ပြန်လာကြပါတယ်။

အမှန်တော့ ၂၀၀၉ ခုနှစ်က တစ်ခေါက်ရောက်ဖူးပြီးသားပါ။ ဒါပေမယ့် မျက်လုံးထဲမှာ အေးမြတဲ့ ရာသီဥတုရယ် ၊ စိမ်းစိုနေတဲ့ တမျှော်တခေါ် လက်ဖက်ခင်းတွေရယ်ကို မြင်ယောင်မိတော့ စိတ်ထဲ ကလိကလိနဲ့ ပိုသွားချင်လာပါတယ်။ အမျိုးသားကတော့ နောက် ဟာရီယာရ (Hari Raya) ပိတ်ရက်ရှိသေးတာပဲ။ သောကြာနေ့တစ်ရက် ခွင့်ယူလိုက်။ ရက်တောင် ပိုရသေးတယ်လို့ နှစ်သိမ့်ပါတယ်။ ခွင့်ကလည်း နှစ်ကုန် ရန်ကုန်ပြန်ဖို့ စုထားတာဆိုတော့ မသုံးချင်ပါဘူး။

နောက်နေ့တွေ တခြား ဘယ်လို သွားလို့ရသေးလဲ အင်တာနက်မှာ ရှာတော့ တိုက်ရိုက်မဟုတ်ဘဲ တဆင့်သွားမယ့် နည်းလမ်းနှစ်ခု တွေ့ပါတယ်။ အဲဒါကတော့
၁။ Singapore - KL - Cameron Highlands
၂။ Singapore - Ipoh - Cameron Highlands
ကွာလာလန်ပူကနေသွားရင် ပြသနာက အဲဒိကို အစောကြီးရောက်သွားပြီး ကင်မရွန်းကို ထွက်တဲ့ကားက နောက်ကျတော့ အချိန်တော်တော်ကွာနေပါတယ်။
အီပိုးကနေ သွားရင်တော့ အဆင်ပြေမယ်ဆိုပြီး အဲဒိလမ်းကြောင်းကို ရွေးကြပါတယ်။


(Singapore-Ipoh-Cameron Highlands)

ဗုဒ္ဓဟူးနေ့ နေ့လည်မှာ လျှောက်ထားတဲ့ဗီဇာ ရပါပြီ။ ကြာသပတေးညထွက်မယ့်ကားကို ဗုဒ္ဓဟူးနေ့ညမှာပဲ အွန်လိုင်းက လက်မှတ် ၀ယ်ပါတယ်။ ဟိုတယ်ကိုလည်း တစ်ခါတည်း ဘွတ်ကင် (booking) လုပ်ပါတယ်။ နှစ်ခုလုံး ပိုက်ဆံက အကြေချေရတာပါ။

ကားလက်မှတ်နဲ့ ဟိုတယ်

ကားလက်မှတ်က စင်ကာပူ- အီပိုး လမ်းကြောင်းကိုပဲ ၀ယ်လို့ရပါတယ်။ အီပိုး ကနေ ကင်မရွန်း ကို အွန်လိုင်းမရောင်းပါဘူး။ ဟိုရောက်မှပဲ ကြည့်ဝယ်မယ်လို့ နှစ်ယောက်သား ဆုံးဖြတ်ကြပါတယ်။
ကားလက်မှတ်ကို ဒီဆိုဒ်     က ၀ယ်တာပါ။ ဟိုတယ် ကိုတော့ Expedia  က book လုပ်ပါတယ်။
Century Pines Resort  မှာ နှစ်ညစာ ၀ယ်လိုက်ပါတယ်။ မနက်စာ ပါပါတယ်။ ကားလက်မှတ်နဲ့ ဟိုတယ် ကိစ္စပြီးပြီဆိုတာနဲ့ နှစ်ယောက်သား အ၀တ်အစားအိတ်ပြင်ရပါတော့တယ်။ ဖြစ်ချင်တော့ နောက်နေ့မနက် သူငယ်ချင်းတစ်ယောက်က သူပါလိုက်မယ် လို့ ပြောပါတယ်။ သူ့မှာ ဗီဇာက အဆင်သင့် ရှိပါတယ်။ အဲဒါနဲ့ သူ့အတွက် လက်မှတ်ထပ်ဝယ်ပေး၊ ဟိုတယ် ဘွတ်လုပ်ပေးတာ အကုန်အဆင်ပြေတာနဲ့ နှစ်ယောက်သွားမယ့် ခရီးကနေ သုံးယောက်ခရီး ဖြစ်သွားပါတယ်။

စင်ကာပူ - အီပိုး (Singapore - Ipoh)

ကားက Golden Mile Complex ကနေ ည ၁၀ နာရီတိတိမှာ ထွက်ပါတယ်။ ကားက တော်တော်လေး အဆင်ပြေပါတယ်။ ကားပေါ်မှာ ၀ိုင်ဖိုင်(wifi) ပါရုံမက ထိုင်ခုံတစ်ခုံချင်းစီမှာ ဖုန်းအားသွင်းဖို့ ယူအက်စ်ဘီ (usb) တစ်ပေါက်စီ ပါပါတယ်။ ကားက Second Link လို့ခေါ်တဲ့  Tuas check point ဘက်က နေသွားတာပါ။ ဒီအချိန် woodlands check point ကသာ သွားရင် မလေးရှားပြန်မယ့်သူတွေရယ်၊ ဟောလီးဒေး ခရီးထွက်တဲ့သူတွေရယ်နဲ့ အင်မီဂရေးရှင်းရောက်ဖို့ကို တစ်ခါတစ်လေ တစ်နာရီလောက်ကြာတတ်ပါတယ်။

စင်ကာပူကနေ အီပိုးကို ကားစီးချိန် ၈ နာရီလို့ သိထားတော့ မနက် ၆ နာရီလောက် အီပိုးက အမန်ဂျရ ကားဝင်းကို (Amanjaya Terminal) ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထက်လည်း ကြာနိုင်တယ်ပေါ့လေ။ ကားပေါ်က ၀ိုင်ဖိုင်အားကိုးနဲ့ ဂူဂယ် မြေပုံ (google map) ကို ဖွင့်ပြီး ကြည့်နေတော့ ကားဝင်းရောက်ခါနီးပြီဆိုတာ သိရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဒီကားက အီပိုးမှာ ဂိတ်ဆုံးမှာဆိုတော့ တစ်ကားလုံးကလူတွေ အဲဒိကားဝင်းမှာပဲ ဆင်းမယ်ထင်လို့ သေသေချာချာ ပြင်ဆင်မထားမိပါဘူး။ ဝေလီဝေလင်းအချိန် ကားဝင်းထဲရောက်တော့ ဒရိုင်ဘာက အမန်ဂျရ.. ဘယ်သူဆင်းမှာလဲ လို့ အော်မေးပါတယ်။ အဲဒိကျမှ ကပျာကယာ သူငယ်ချင်းကို လက်တို့ပြီး အထုတ်တွေ ဆွဲချ ဆင်းရပါတယ်။ တကယ်တန်းဆင်းတာ ကိုယ်တို့ ၃ ယောက်ထဲပါ။ ကားဝင်းက မြို့ပြင်မှာ ရှိတာဆိုတော့ ကားက မြို့ထဲ ဆက်သွားတယ်လို့ ယူဆရပါတယ်။ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ဆင်းလာတာ ဒရိုင်ဘာကိုတောင် ဘယ်ဆက်သွားမှာလဲ စပ်စုချိန်မရပါဘူး။ ၃ ယောက်သား ကားဝင်း အဆောက်အအုံထဲဝင်လာတော့ ကားရပ်ပေးတာ အဆောက်အအုံရဲ့ ဒုတိယထပ်ပါ။ စားသောက်ဆိုင်တွေ၊ တခြား ဆိုင်လေးတွေ ရှိပေမယ့် စောနေသေးတော့ အကုန်ပိတ်ထားပါတယ်။ မနက် ၆ နာရီပဲ ရှိသေးတာကိုး။ လူတစ်ချို့တစ်လေ စားသောက်ဆိုင်ရှေ့က ထိုင်ခုံတွေမှာ အထုတ်အပိုးတွေနဲ့ တွေ့ရပါတယ်။

အမန်ဂျရ ဘတ်စကား ၀င်းရှေ့၊

အီပိုး - ကင်မရွန်း ဟိုင်လန် (Ipoh - Cameron Highlands)
အမျိုးသားက အောက်ထပ်ဆင်းကြည့်ပြီး ခဏနေ ပြန်တက်လာပါတယ်။ အောက်ထပ်မှာမှ ကားလက်မှတ်ရောင်းတဲ့ ဆိုင်ခန်းတွေ အပြည့်ပဲ။ ဆိုင်တစ်ချို့လည်း ဖွင့်တယ်။ တစ်ချို့ကတော့ ပိတ်နေသေးတယ်လို့ ပြောပါတယ်။
ဖွင့်တဲ့ဆိုင်တွေကို ကင်မရွန်း ဟိုင်လန် သွားမယ့်ကားလက်မှတ် ဘယ်မှာဝယ်လို့ရလဲ စုံစမ်းတော့ သူ့နောက်ကျောက ဆိုင်မှာ ရောင်းတယ်၊ မနက် ၈ နာရီ ထွက်တယ်။ အဲဒိဆိုင်က ၇ နာရီခွဲမှ ဖွင့်တယ်လို့ သိရတဲ့အတွက် အနားက ကော်ဖီဆိုင်မှာ ခဏထိုင်ပြီး ကော်ဖီသောက်ရင်း စောင့်ပါတယ်။ အီပိုး ကော်ဖီကတော့ နာမည်အတိုင်းပါပဲ။ တစ်ငုံသောက်ပြီး အီစိမ့်နေလို့ ဒီအတိုင်း ထားခဲ့ရပါတယ်။ အိမ်သာ ခဏသွားတာ တစ်ယောက်ကို ရင်းဂစ် ပြား ၃၀ ပေးရပါတယ်။

ကင်မရွန်း ကားလက်မှတ်ရောင်းတဲ့ ဆိုင်က ၇ နာရီခွဲအတိမှာ ဖွင့်ပါတယ်။ အသွားလက်မှတ်ပဲရောင်းပါတယ်။ တစ်နေ့ကို ၄ ခေါက်ပဲ ထွက်ပြီး အချိန်တွေက မနက် ၈ နာရီ၊ နေ့လည် ၁၁ နာရီ၊ ညနေ ၃ နာရီနဲ့ ည ၆ နာရီ တို့မှာ ဖြစ်ပါတယ်။
ကိုယ်တို့ကားက ၈ နာရီအတိမှာ ထွက်ပါတယ်။ အီပိုးကနေ ကင်မရွန်းကို ကားမောင်းချိန် ၂ နာရီကြာပါတယ်။

ကင်မရွန်းအကြောင်း တစေ့တစောင်း
ကင်မရွန်း ဟိုင်လန်လို့ ပြောရင် အဓိက မြို့နှစ်မြို့ကို ပြောတာပါ။ ဘရစ်ချန် (Brinchang) နဲ့ တာနာရာတ (Tanah Rata) တို့ ဖြစ်ပါတယ်။ ဘရစ်ချန်ကတော့ ဟိုတယ်တွေအပြင် တည်းခိုခန်းတွေ၊ မိုတယ်၊အင်းတွေ၊ စားသောက်ဆိုင်တွေ ဈေးတွေနဲ့  ပိုစည်ကားပါတယ်။ တာနာရာတ ကတော့ အစိုးရရုံးများသာ ရှိပြီး  ဟိုတယ် အနည်းငယ်သာ ရှိပါတယ်။ မြို့နှစ်ခုကြားမှာ ကားလမ်း တစ်လမ်းပဲ ရှိပါတယ်။ အေးအေးဆေးဆေး နေချင်တဲ့သူတွေအတွေက်ကတော့ တာနာရာတက ပိုအဆင်ပြေပါလိမ့်မယ်။ တစ်ချို့ ဟိုတယ်တွေက မြို့နှစ်မြို့ရဲ့ကြား (သို့မဟုတ်) မြို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတတ်ပါတယ်။ ကိုယ်တို့ ဘွတ်လိုက်တဲ့ ဟိုတယ်က တာနာရာတမှာ ရှိပါတယ်။ ပြီးတော့ ကင်မရွန်းရဲ့ တစ်ခုတည်းသော ကားဝင်းနဲ့ အနီးဆုံးမှာ ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားပါ။

(Cameron Highlands)


ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်ဆိုတာတော့ နောက်ပို့စ်တစ်ခုမှပဲ ဆက်ရေးပါရစေ။


ကုန်ကျငွေစုစုပေါင်း ( နှစ်ယောက်စာ၊ စင်ကာပူဒေါ်လာဖြင့်)
မလေးရှား ဗီဇာ 120.00 $
စင်ကာပူ - အီပိုး (အသွားအပြန်) ကားခ 180.96 $
အီပိုး - ကင်မရွန်း (အသွားအပြန်) ကားခ 26.00 $ (80 RM)
ဟိုတယ် ( နှစ်ည) 155.64 $
တက်စီ (တစ်နာရီ) - ရင်းဂစ် ၃၀

3D2N Cameron Highlands Trip - နိဒါန်း
3D2N Cameron Highlands Trip - Day 1
3D2N Cameron Highlands Trip - Day 2

ကြက် ရခိုင်ချက်

လွယ်လွယ်နဲ့ မြန်မြန် စားကောင်းမယ့်ဟင်းလေးမို့ ခဏခဏ ချက်ဖြစ်ပါတယ်။ ဆီလည်း မပါတာမို့ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။

ပါဝင်သော ပစ္စည်းများ
ကြက်သား တစ်ခြမ်း
ငရုတ်သီးစိမ်း ၁၅ တောင့်ခန့် (သို့) အစပ်စားနိုင်သလောက်
ငပိ စတီးဇွန်းတစ်ဝက်ခန့်
ဆနွင်းမှုန့်
စပါးလင် ၂ ချောင်း
မန်ကျည်းသီးမှည့် အနည်းငယ်
ဆား အနည်းငယ်
နံနံပင်

မန်ကျည်းမှည့်ကို ရေနွေးနှင့် စိမ်ထားပါ။

အိုးငယ်တစ်လုံးတွင် ငပိ၊ ဆနွင်းမှုန့်၊ ငရုတ်သီးစိမ်းတောင့်တို့ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းသည်အထိပြုတ်ပါ။ ထို့နောက်ပြုတ်ပြီး ငရုတ်သီးစိမ်းများကို ငရုတ်ဆုံတွင် ကြေညက်အောင် ထောင်းပါ။




ကြက်သားကို အတုံးသေးများတုံးပြီး ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့်အနည်းငယ်တို့ဖြင့် နယ်ထားပါ။


စပါးလင်ကို အနေတော်ဖြတ်ပြီး ထုထားပါ။


ကြက်သားချက်မည့်အိုးတွင် စပါးလင်နှင့်ကြက်သားကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ပြုတ်ရေခမ်းသွားလျှင် ရေကိုယ်လိုချင်သည့် အနေအထားထိ ထည့်ပြီး တည်ထားပါ။ ကိုယ့်အနေနဲ့ကတော့ ရေကို ဆမ်းစားနိုင်အောင် ခပ်များများ ထည့်လေ့ရှိပါတယ်။ 


ရေဆူလာလျှင် ခုနထောင်းထားသည့် ငရုတ်သီးများကိုထည့်ပါ။ မန်ကျည်းရည်ထည့်ပါ။ 

ကြက်သားနူးလျှင် နံနံပင် ထည့်ပြီး မီးပိတ်နိုင်ပါပြီ။






အိမ်မက်ဆိုး



အခန်း(၁)

စုငယ်တစ်ယောက် ဧည့်ခန်းဆိုဖာပေါ်ထိုင်ကာ သိုးမွေးထိုးနေရင်း နံရံပေါ်မှ နာရီကို မော့ကြည့်လိုက်သည်။ ဖေဖေနဲ့ ကိုကိုတောင် ပြန်လာချိန်တောင် နီးပြီပဲ၊ ဒါလေး မြန်မြန်လက်စသတ်မှ အတွေးနှင့် ထိုးလက်စ ကလေးခြေအိတ်ကလေးကို ကိုင်ကြည့်ရင်း တစ်ဦးတည်း ပြုံးနေမိပြန်သည်။ မပေါ့တပေါ် ဗိုက်ကလေးကို လက်ဖြင့် ဖွဖွ သပ်ရင်း ကိုကိုရေ ကိုကို့အပေါ် အနိုင်ယူဆိုးနွဲ့မယ့် စုငယ်နောက်တစ်ယောက်လာတော့မယ် ကိုကိုတော့ သနားပါတယ်ဟု တိုးတိုးလေးပြောရင်း ကလေးတစ်ယောက်လို ရယ်မိပြန်သည်။ ခြေအိတ်ကလေးနှင့် ချည်လုံးများကို ဗီရိုအံဆွဲထဲထည့်အပြီးတော့ စုငယ်အပေါ်ထပ်သို့တက်ကာ ကိုကို့ကိုကြိုဖို့ ပြင်ဆင်ရတော့သည်။

ရေချိုးပြီးသောအခါ ကိုကို့အကြိုက် သနပ်ခါးလိမ်းရင်း ပါးကွက်ကလေးပါ ကွက်လိုက်သည်။  ဒေါ်ဒေါ်မြဧ။် "စုငယ်ရေ မောင်မြတ်ကို ပြန်လာပြီ " ဟု အောက်ထပ်မှ အသံကြားသောအခါ ကသောကမျောလေး ဆင်းလာမိသည်။ ဒီနေ့ ကိုကို့ကားသံတောင် မကြားမိသလိုပဲ။ အပြေးတစ်ပိုင်းဆင်းလာရင်းမှ စူပုံ့ပုံ့ဗိုက်ကလေးကို သတိထားမိသောကြောင့် ကိုကိုမမြင်ခင် ခပ်သာသာ ဆင်းလာလိုက်သည်။ လှေကားမှ ဆင်းလာရင်း စိတ်ထဲ တစ်ခုခုပဲဟု တွေးလက်စမဆုံးခင်မှာပဲ စုငယ်အောက်ပိုင်းမှ ဆင်းလာသောသွေးများသည် လှေကားထစ်များကို ပေကျံသွားစေတော့သည်။ စိုးရိမ်ထိတ်လန့်မှုများ ငယ်ထိပ်သို့ တက်လာရင်း ဖြည်းဖြည်းထိန်းကာ ဆင်းလာရာ လှေကားရင်းဆီသို့အရောက် "ကိုကိုရေ"  ဟု စုငယ်ရဲ့ ခေါ်သံနှင့်အတူ စုငယ်တစ်ယောက်ပုံလျက်သားလဲကျသွားတော့သည်။

အခန်း(၂)

" စိတ်မကောင်းမဖြစ်နဲ့နော် စုငယ်။ အခု ကျန်းမာအောင်နေ။ စုငယ်ကျန်းမာလာမှ ကိုကိုတို့ နောက်ထပ် စုငယ်အသေးလေး ထပ်ယူကြတာပေါ့။ ခုတော့ စုငယ်ပဲ ကလေးလုပ်ဦးပေါ့ ဟုတ်လား။"  မြတ်ကိုက စုငယ်ကို ကြက်စွပ်ပြုတ်ခွံ့ရင်း ပြုံးကာ ပြောလိုက်သည်။

စုငယ်ကတော့ ငူငူငိုင်ငိုင် အတွေးစတွေနှင့်။ စုငယ်ကျန်းမာရေးက သိပ်ကောင်းသူမဟုတ်။ ငယ်ငယ်ကတည်းက ချူချာသည် မဟုတ်လား။ ယခု ကိုယ်ဝန်ကိုတောင် မည်သို့ ခက်ခက်ခဲခဲ ယူခဲ့ရသည်ကို စုငယ်ရော မြတ်ကို ပါ အသိဆုံးဖြစ်သည်။ ကလေး သိပ်ချစ်တတ်သည့် ကိုကို့အတွက် ကလေးတစ်ယောက်လောက်တော့  စုငယ် မွေးပေးချင်သည်။ ယခုလို လနုနုဖြင့် ပျက်စီးသွားမှာကို ယောင်လို့ဖြင့် မစဉ်းစားခဲ့။ ဖေဖေရော ကိုကိုပါ အတတ်နိုင်ဆုံး စုငယ်ကို သက်သောင့်သက်သာ အနေအထားနှင့် နေစေပြီး ကိုယ်ဝန်ကိုသာ စောင့်ရှောက်စေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ခေါက် ထပ်ယူဖို့သည် စုငယ်အတွက် ဧရာမ တောင်ကြီးတစ်လုံးကို တက်ရသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ စုငယ်ရင်ထဲ လေးနေမိသည်။

အခန်း(၃)

"အား... ကိုကို.. ကိုကို.. " အော်သံနှင့်အတူ အိပ်ရာမှ ထထိုင်လိုက်သော စုငယ်ကြောင့် မြတ်ကို နိုးလာသည်။ "စုငယ် ဘာဖြစ်လို့လဲ ကိုကို့ကို ပြော ကိုကိုရှိတယ်နော"်.. ပြောပြောဆိုဆို အိပ်ရာဘေးရှိ ရေချိုင့်မှာ ရေတစ်ခွက် တိုက်လိုက်သည်။ စုငယ်သည် ရေကို အငမ်းမရသောက်လိုက်ပြီး "အိပ်မက် မက်တယ် ကိုကို .. အိပ်မက်ထဲမှာလေ ကိုကိုက မိန်းမနဲ့ကလေး ရှိတယ်။ " စုငယ်စကားအဆုံး မြတ်ကိုဧ။် ခန္ဓာကိုယ် ဆတ်ကနဲ တစ်ချက် ဖြစ်သွားသည်။  စုငယ်ကတော့ သတိမထားမိ။ ဆက်ပြောသည်။

 "အိပ်မက်ထဲမှာ ကိုကိုက ငယ်ငယ်လေး။ အခု စုငယ်အရွယ်ပေါ့။ ကိုကို့မိန်းမဆိုတာလည်း အဲဒိ အရွယ်ပဲ။ ကလေးလေးကို အနှီးနဲ့ ပတ်ထားတယ်။ ကိုကိုရော အဲဒိမိန်းမရော အဲဒိကလေးလေးကို ရှေ့ချပြီး ငိုနေကြတယ်။ စုငယ်က အနောက်ကနေ ကြည့်နေတာ။ ဗြုန်းဆို အဲဒိမိန်းမက စုငယ်ဘက်ကို လှည့်ကြည့်လိုက်တာ ဒေါသထွက်ပြီး စုငယ်ကို သတ်တော့မယ့် မျက်နှာနဲ့ ကိုကို.. စုငယ်ကြောက်လိုက်တာ။"   " အိမ်မက်ပါစုငယ်ရယ်၊ ကိုကိုက စုငယ်အနားမှာလေ။ စုငယ်ကိုယ်ဝန်ပျက်ကျသွားတာကို စိတ်စွဲပြီး ကလေးတွေဘာတွေ မက်တာနဲ့ တူပါတယ်။ မကြောက်နဲ့နော်"   တုန်ယင်နေတဲ့ စုငယ်ကိုယ်လုံးလေးကို ထွေးပိုက်ကာ နှစ်သိမ့်နေတဲ့ မြတ်ကို ကိုယ်တိုင်လည်း စုငယ်နဲ့အတူ ရောယောင် တုန်ယင်နေတာ မြတ်ကိုသာ အသိဆုံးပါ။ ဒါ အိပ်မက်ဆိုးတွေပါ စုငယ်ရယ်။

အခန်း(၄)

ဦးတင်ထွေး စုငယ်တို့လင်မယား အခန်းရှေ့က အဖြတ် ငိုသံနှင့်အတူ ဆူဆူညံညံအသံတွေပါ ကြားလိုက်ရသည်။ အခန်းတံခါးကို ခေါက်အံ့ဆဲဆဲလက်ကို ရုတ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။ ကြားသုံးကြား မ၀င်နဲ့ဟု ဆိုထားသည်မဟုတ်လား။ သားမက်ဖြစ်သူ မြတ်ကို တစ်ယောက် ခုတစ်လော အလုပ်ထဲမှာ စိတ်မပါသလိုဖြစ်နေတာ။ တစ်ယောက်တည်း နေလျှင် ငူငူငေါင်ငေါင်ဖြစ်နေတာ။ မျက်နှာ မသာမယာဖြစ်နေတာ တွေကို ခုမှ သတိရလာသည်။ သမီးစုငယ် ကိုယ်ဝန်ပျက်ကျတုန်းကပင် စုငယ်အားငယ်မည်စိုးရိမ်သဖြင့် ယောက်ျားသားနှစ်ယောက် ၀မ်းနည်းနေသည်ကို ထိန်းချုပ်ကာ စုငယ်ပျော်ရွှင် ကျမ်းမာစေဖို့အရေး ဦးစားပေးခဲ့ကြသည်။

အလုပ်ကိုလည်း ကြိုးစား၊ သမီးကိုလည်း စိတ်ချမ်းသာအောင် ထားသော သားမက်ကို သားအရင်းကဲ့သို့ချစ်ခင် ယုံကြည်ပြီးသားဖြစ်သည်။ ယခုလို စုငယ်ငိုမည့်အရေး မြတ်ကို ဘယ်တော့မှ မလုပ်ဟုလည်း ယုံကြည်သည်။ သမီးစုငယ် ဘာများဖြစ်လို့ပါလိမ့်။ မမြကို မေးဦးမှ။

အခန်း(၅)

ဖေဖေနဲ့ ကိုကို အလုပ်သွားကြပြီးဆိုသည်နှင့် စုငယ် အိပ်ရာထဲတွင် ၀င်ခွေကာ မျက်ရည်များကျလာပြန်သည်။ ဖေဖေ့ရှေ့တွင် ဘာမှ မဖြစ်သယောင် ဟန်ဆောင်ရသည်မှာ ပင်ပန်းလှပြီ။ ကိုကိုမည်သို့ပင် ငြင်းစေကာမူ စုငယ်ရင်ထဲ မှာ သေချာပေါက်သိနေသည်။ ကိုကို့မှာ စုငယ်အပြင် တခြား မိန်းမတစ်ယောက်ရှိသည်။ ကလေးလည်းရှိသည်။ စုငယ်အခြေအနေက ကလေးတစ်ယောက်ရဖို့ ခဲယဉ်းလှသောကြောင့် ထိုကဲ့သို့ ကိုကိုဖြစ်ခဲ့သည်ဆိုသည်ကိုပင် စုငယ် ခွင့်လွှတ်နိုင်သည်။
စုငယ်ဖြစ်စေချင်သည်က ကိုကိုဝန်ခံပြီး ဇာတ်လမ်းကို ရှင်းစေချင်သည်။ ထို မိန်းမကို ပြတ်ပြတ်သားသား လုပ်စေချင်သည်။ ကလေးကို စုငယ်မွေးစားမည်။ ကိုကိုကလေးကို စုငယ်ကလေးကဲ့သို့ စုငယ်ချစ်နိုင်သည်။ အဓိက က အချစ်ကို ခွဲဝေမပေးချင်သော ပြသနာ။ တစ်သက်လုံး စုငယ်မျက်နှာကို အရိပ်တကြည့်ကြည့်နှင့် အလိုလိုက် ချစ်ခဲ့သော ကိုကို့အချစ်တွေကိုတော့ စုငယ် တခြား မိန်းမတစ်ယောက်နှင့် ဝေမျှမယူချင်။ ဒီကိစ္စ စုငယ်ပြောတိုင်း ကိုကိုက ပြင်းပြင်းထန်ထန်ငြင်းသည်။

ကိုကို ဖေဖေနဲ့ တစ်ရုံးတည်း လုပ်နေတာပါ စုငယ်ရယ် ရုံးသွားလည်း ဖေဖေနဲ့၊ ရုံးပြန်လည်း ဖေဖေနဲ့ အတူတူပြန်လာတာ စုငယ်သိရဲ့သားနဲ့ ကိုကို မရိုးမသားဖြစ်ရင် ဖေဖေအရင်သိမှာပေါ့ အလုပ်မသွားတဲ့ အချိန်တိုင်းလည်း စုငယ်နဲ့အတူတူ အမြဲ ရှိနေတာ မဟုတ်လား ဟု ကိုကို ပြောတိုင်း စုငယ် မည်သို့ ပြန်လည် ချေပရမည် မသိ။ ဟုတ်သည် ကိုကိုသည် ထိုကဲ့သို့လုပ်မည့် လူစားမဟုတ်။ ဒါကို စုငယ်လက်ခံပါသည်။ သို့သော် စုငယ်သံသယကို သေချာစေသည်က ထိုအိပ်မက်ကို ခဏခဏမက်တတ်ပြီး အိပ်မက်ထဲမှ အမျိုးသမီးဧ။် မျက်နှာကိုပင် မှတ်မိလာခြင်းနှင့် ထိုအိပ်မက်အကြောင်းပြောတိုင်း ကိုကို့မျက်နှာ ပျက်ပျက်သွားတတ်ကြောင်းကို စုငယ် ကောင်းကောင်း အကဲခတ်တ်နေခြင်းပင်ဖြစ်သည်။

စုငယ် ငိုရလွန်းလို့ ခေါင်းတွေ ကိုက်လှပါပြီ။

အခန်း(၆)

"သား မြတ်ကို၊ အဖေတို့ ဒီနေ့ စောစောပြန်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင် ထိုင်ရအောင်ကွာ။ သားနဲ့လည်း စကား အေးအေးဆေးဆေး မပြောရတာ ကြာပြီ။"  ဦးတင်ထွေးက အပြော မြတ်ကို တစ်စုံတစ်ခုကို နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"သားနဲ့ စုငယ် တစ်ခုခုဖြစ်နေတာတော့ ဖေဖေရိပ်မိတယ်သား။ မမြကို မေးတော့လည်း သားတို့ ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့ ပြသနာ တစ်ခုခုရှိပုံရတယ် ပြောတယ်။ ဖေဖေ့ကို ပြောနိုင်ရင် ပြောပါလားသား။" ကော်ဖီနှစ်ခွက်မှာအပြီး ဦးတင်ထွေးက အချိန်မဆိုင်း ပြောလာသည်။ "ဟုတ်ကဲ့ ဖေဖေ။ သားလည်း ဖေဖေ့ကို ပြောသင့်တယ်လို့ တွေးနေတာ ကြာပါပြီ။ ဒါပေမယ့် ဖေဖေ ဘုရားခန်းမှာ တရားထိုင်နေတာမြင်တိုင်း သားတို့ အပူတွေကို ဖေဖေ့ကို ကူးစက်စေရမှာ အားနာလာလို့ပါ ဖေဖေ။ အခုလို ဖေဖေ မေးလာတော့လည်း စုငယ်ရဲ့ အိမ်မက် အကြောင်း ပြောရတော့မှာပေါ့။"  မြတ်ကိုရဲ့  အကျဉ်းချုံးရှင်းပြလိုက်သော ပြသနာအရင်းခံအကြောင်း ဦးတင်ထွေးကြားလိုက်သောအခါ မြတ်ကိုကဲ့သို့ပင် ဆတ်ကနဲ တုန်သွားတော့သည်။ မျက်နှာတွင်လည်း သွေးမရှိသကဲ့သို့ ဖြူဖျော့လာတော့သည်။

အတန်ငယ်ကြာမှ စိတ်ကို ထိန်းလိုက်ကာ " ဒီကိစ္စ ဘယ်လိုဖြစ်တယ် ထင်သလဲ မောင်မြတ်ကို၊ သမီးလေးနေပြန်ကောင်းလာတဲ့သဘောလား။"     " သားလည်း မစဉ်းစားတတ်အောင်ဘဲ ဖေဖေ၊ စုငယ် လုံးလုံး နေပြန်ကောင်းလာတယ်ဆိုရင် အကုန်မှတ်မိရမှာပေါ့။ အခုတော့ ဒီတစ်နေရာကိုပဲ အိမ်မက်အဖြစ် ပြန်သတိရလာပြီး သူ တော်တော်စိတ်ဆင်းရဲနေတယ် ဖေဖေ။ သား ဘယ်လိုပဲ ဖျောင်းဖျ ဖျောင်းဖျ သားကို မယုံတော့ဘူး။"   မြတ်ကို ပြောရင်း ခေါင်းငိုက်စိုက်ကျသွားသည်။  " ကဲပါသားရယ် ဖေဖေတို့ အကောင်းဆုံးဆိုတဲ့အရာတစ်ခု စဉ်းစားပြီး လုပ်ကြတာပေါ့။ ဒေါက်တာ ဦးသူရနဲ့လည်း တိုင်ပင်ကြတာပေါ့ကွာ။ ကဲကဲ ပြန်ရအောင်သား။ စုငယ်မျှော်နေတော့မယ်။"

အခန်း(၇)

ဒီနေ့ ပိတ်ရက်မဟုတ်ပါဘဲ ဖေဖေရော ကိုကိုပါ ရုံးမသွားကြ။ ကော်ဖီဝိုင်းမှာ မနက်စာစားရင်း ဖေဖေက စကားစသည်။ " ဒီနေ့ ဖေဖေ ကိုသူရနဲ့ ချိန်းထားတယ် သမီး။ သူရောက်လာရင် မောင်မြတ်ကိုရော သမီးရော ဖေဖေ့စာကြည့်ခန်းကို လာခဲ့ကြနော်။"

ဦးဦး သူရက စုငယ်တို့ မိသားစု ဆရာဝန်လို့လည်း ပြောနိုင်၊ ဖေဖေ့အခင်ဆုံး သူငယ်ချင်းလို့လည်း ပြောနိုင်သူပါ။ တစ်လတစ်ခါလောက် အလည်သဘောဖြစ်ဖြစ်၊ အိမ်သားတစ်ယောက်ယောက်နေမကောင်းဖြစ်ရင် ဖြစ်ဖြစ်လာနေကြဆိုပေမယ့် ခုလို မိသားစု စုံစုံလင်လင်စကားထိုင်ပြောစရာ အကြောင်း မရှိခဲ့ဘူးပါ။ ကိုကို့မျက်နှာကို အကူအညီတောင်းသလို ကြည့်လိုက်တော့ ကိုကိုက ဘာမှ မထူးဆန်းသလို အေးအေးဆေးဆေးနှင့် ကော်ဖီသောက်နေသည်။ ဖေဖေ့မျက်နှာလည်း အေးအေးဆေးဆေးဆိုတော့ စုငယ်စိုးရိမ်စရာ ကိစ္စတော့ ဟုတ်ပုံမရဘူးဟုတွေးကာ " ဟုတ်ကဲ့ဖေဖေ "  ဟုသာ စကားပြန်လိုက်သည်။

အခန်း(၈)

စုငယ် ၈ တန်း စာမေးပွဲ ဖြေအပြီး၊ ဖေဖေရယ် မေမေရယ် စုငယ်ရယ် ဒရိုင်ဘာကြီး ဦးမျိုးရယ် မေမေ့ဆွေမျိုးများရှိရာ မြေလတ်ဒေသ သို့ ခရီးထွက်ခဲ့ကြသည်။  အချိန်က နေ၀င်ရီတရော။ နေရာက မြေလတ်မြို့လေးဆီသို့ ခွဲထွက်သွားသော မြေလမ်းလေးပေါ်မှာ။ စုငယ်က ကားနောက်ခန်းက မေမေ့ဘေးမှာထိုင်ရင်း အပြင်ကို ငေးကြည့်နေခဲ့သည်။ ကလေးဘ၀ကတည်းက မြတ်မြတ်နိုးနိုး ဆော့ကစားခဲ့သည့် အ၀တ်ရုပ်ကလေး လီလီ့ကို ပွေ့ထားရင်း မေမေပြောပြသည့် မေမေ့ဆွေမျိုးများ အကြောင်းကို နားထောင်နေခဲ့သည်။  ဖေဖေ အလုပ်ပြောင်းတိုင်း ယောင်နောက်ဆံထုံးပါ လိုက်ခဲ့ရသည့် မေမေသည် ယခုလို သမီးဖြစ်သူ ဒီအရွယ်ရောက်မှ ပြန်တွေ့ရမည့် ဆွေမျိုးများအကြောင်းပြောရင်း ရွှင်လန်း တက်ကြွနေခဲ့သည်။

ထိုအခိုက်မှာပင် အရှိန်ပြင်းပြင်းနှင့်လာနေသော ကားတစ်စီးက စုငယ်တို့ကားဆီသို့ တစ်ရှိန်ထိုးဝင်လာသောအခါ ဦးမျိုး စတီယာရင်ကို အတင်းကွေ့ရှောင်လိုက်တော့သည်။ လျှပ်တစ်ပြက် အချိန်အတွင်း စုငယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ မေမေကာကွယ်ပေးခဲ့သည်။  မေမေ့ရဲ့ သွေးအလူးလူးနှင့် မြင်မကောင်းလှစွာသော မျက်နှာကို စုငယ် သတိရတစ်ဝက် မရတစ်ဝက်ဖြင့် မြင်လိုက်ရသောအခါ တအား ကြုံးအော်ရင်း သတိမေ့သွားခဲ့သည်။ မေမေနဲ့ ဒရိုင်ဘာ ဦးမျိုး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ ဖေဖေက ဒဏ်ရာတော်တော်များများနှင့် ခေတ္တသတိမေ့နေခဲ့သည်။ တစ်ဖက်ကားမှ စုံတွဲမှာလည်း နေရာတွင်ပင် သေဆုံးခဲ့သည်။

ထိုသို့အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်သူက အနီးရှိ တောင်ယာတွင် အိမ်လေးဆောက်ကာ နေထိုင်သော မောင်မြတ်ကို။  ကားနှစ်စီးနှင့် အနိဋ္ဌာရုံ မြင်ကွင်းများကြောင့် စစချင်း သူ ဘာလုပ်ရမည်မသိ။ အိမ်ထဲတွင်လည်း မီးထွက်ခါစ ချစ်ဇနီး ရှိနေသည် မဟုတ်ပါလား။ ကျယ်လောင်သော အသံများကြောင့် ၇ ရက် မျှသာရှိသေးသော သားကလေးဘေးတွင် အိပ်နေသော မအေးအေးဝင်း အခန်းထဲမှ ထွက်လာသည်။ မြတ်ကို က ချစ်ဇနီးကို အကျိုးအကြောင်း အကျဉ်းပြောရင်း မီးနေသည် ဇနီးကို အခန်းထဲ ပြန်ဝင်စေပြီး သူသွားကြည့်ရန် စီစဉ်သည်။ သို့သော် အေးအေးဝင်းက သူပါလိုက်မည်ဟုဆိုကာ ခပ်လှမ်းလှမ်းကားလမ်းဆီသို့ နှစ်ဦးသား ထွက်ခဲ့ကြသည်။

မြင်ကွင်းကတော့ မကြည့်ရက်စရာ။ လူသွားလူလာပြတ်သော လမ်းကလေးမို့ အကူအညီတောင်းစရာ ကားလည်းမတွေ့။ စုငယ်ကို ကြည့်တော့ သတိလစ်နေကြောင်းတွေ့ရသဖြင့် မြတ်ကို ပွေ့ကာ အိမ်လေးဆီသို့ ခေါ်လာသည်။ အေးအေးဝင်းက ရွာဘက်သွားကာ လူသွားခေါ်နေစဉ် မြတ်ကိုက ကားဆီပြန်လာကာ သွေးအလိမ်းလိမ်းနှင့် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော ဦးတင်ထွေးကို ခက်ခက်ခဲခဲ ဆွဲထုတ်ရသည်။ ထိုအချိန်တွင် အိမ်ဘက်ဆီမှ ကလေးငိုသံသဲ့သဲ့ကြားလိုက်ရသည်။

ရွာမှလူများရောက်လာချိန်၊ ဦးတင်ထွေးကို ကားအပြင်ဆီသို့ ထုတ်အပြီးချိန် ရွာမှ လူတစ်ချို့နှင့်အတူ မြတ်ကိုတို့ အိမ်လေးထဲအရောက် တွေ့လိုက်ရသည်ကတော့ မွေးကင်းစကလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားသော စုငယ်သည် မျက်လုံးအပြူးသားနှင့် သူတို့အားလုံးကို ကြည့်နေလေသည်။ စုငယ်လက်ထဲမှ ကလေးကို လူကြီး ၃ ယောက်ခန့်မနည်း ဆွဲထုတ်ရသည်။ စုငယ်က မပေး။ "လီလီ" ဟု ထပ်ခါတစ်လဲလဲ ရွတ်ရင်း ငိုလေတော့သည်။ စုငယ်အတင်းပွေ့ဖက်ထားသောကြောင့် အသက်ရှူလမ်းကြောင်းပိတ်ကာ မွေးကင်းစကလေးငယ် သည် အသက်မရှိတော့။ အေးအေးဝင်းသည် အသက်ကင်းမဲ့နေသာ သူမကလေးကို ကြည့်ရင်း အသားများ တဆတ်ဆတ်တုန်လာကာ လူကြီးများအကြားတွင် ငိုနေသေးသော စုငယ်ကို စားမတတ်ဝါးမတတ်လှည့်ကြည်လေသည်။ ထို့နောက်တွင် စုငယ်ဆီသို့ ပြေးလာရင်း ခွေကနဲ လဲကျသွားတော့သည်။

စုငယ်သည်ဆေးရုံပေါ်တွင်  ၂ ရက်ခန့် သတိလစ်နေခဲ့သည်။ ရန်ကုန်မှ သူငယ်ချင်း ဆရာဝန် ကိုသူရရောက်လာချိန်တွင်တော့ တစ်ချိန်လုံး ကယောင်ကတမ်းပြောလိုက် သတိလစ်သွားလိုက်နှင့် အဖျားကြီးနေသာ စုငယ်၊ ဇနီးသည်နှင့် ကလေးကို သဂြိုဟ်ရန်စီစဉ်နေသော မြတ်ကို၊ ဇနီးသည်အလောင်းရှေ့တွေ မျက်ရည်တွေ ကျနေသော ဦးတင်ထွေးတို့ကို စိတ်မချမ်းသာစရာ တွေ့လိုက်ရသည်။

စုငယ်သတိရလာချိန်တွင်တော့ ကားထဲတွင် သွေးသံရဲရဲဖြင့် တွေ့လိုက်ရသော မေမေ့ကိုသာ နောက်ဆုံး မှတ်မိကာ ထို့နောက်ပိုင်းအဖြစ်အပျက်များကိုတော့ လုံးဝ မမှတ်မိတော့ပေ။ ထိုမှစကာ စုငယ်ဧ။် ကျန်းမာရေးသည်လည်း တရှောင်ရှောင်ဖြစ်နေလေတော့သည်။ ဦးတင်ထွေးရန်ကုန်ပြန်ချိန်တွင်တော့ မိသားစုကင်းမဲ့နေသော မြတ်ကိုကို မွေးစားသားအဖြစ်ဖြင့် ခေါ်လာခဲ့သည်။ စုငယ်သည် မြတ်ကိုကို ထိုရွာမှ လူငယ်တစ်ဦးဟုသာ မှတ်မိကာ သူမဧ။်အကိုရင်းပမာ တွယ်တာ ချစ်ခင်လာခဲ့သည်။ အပြစ်ကင်းမဲ့စွား မိမိအား တွယ်တာနေသော ကျန်းမာရေး မကောင်းသော စုငယ်ကို မြတ်ကိုသည် မိမိ မိသားစုအား ရက်စက်သော ကံကြမ္မာကို ဖြစ်စေသည်ဟုပင် မစွပ်စွဲရက်တော့ပဲ ခွင့်လွှတ်ကာ အမှုကို ကျေအေးခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ စုငယ်နဲ့ မြတ်ကိုတို့ အနေနီးရင်း အိမ်ထောင်ကျခဲ့ကြသည်။

အခန်း(၉)

"စုငယ် သမီး မေမေဆုံးတာ မှတ်မိလား"ဟု စကားစရင်း အဖြစ်အပျက် အလုံးစုံကို ပြောပြသော ဦးသူရဧ။်စကားအဆုံးတွင် စုငယ် ကိုကို့မျက်နှာကိုပင် မကြည့်ရဲလောက်အောင် ဖြစ်သွားတော့သည်။

သူမကို ကိုကို ခွင့်လွှတ်နိုင်ခဲ့သည်လား။ ခွင့်လွှတ်နိုင်ခဲ့သည်က သူမ မှတ်မိသမျှ ကာလတစ်လျှောက်လုံး ကိုကို့ရဲ့ ဂရုစိုက်မှုတွေ ချစ်ခင်ကြင်နာမှုတွေက သက်သေပါ။ ရုပ်လုံးပင် မပေါ်သေးသော ကျေပျက်သွားသော ရင်သွေးအတွက် စုငယ် အခုအချိန်ထိ တဆွေးမြေ့မြေ့ ခံစားရသည်ဆိုလျှင် ရင်သွေးရော ဇနီးပါ အဖြစ်ဆိုးနှင့် ကြုံခဲ့ရသော ကိုကိုဘယ်လောက်တောင် ခံစားခဲ့ရပါလိမ့်။ သူမ တုန်တုန်လှုပ်လှုပ်ဖြင့် စဉ်းစားရင်း မျက်ရည်များ ကျလာသောအခါ ကိုကိုသည် ထိုင်နေရာက ထကာ စုငယ်ခေါင်းလေးကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်းပြောသည်။ " ဒီအကြောင်းတွေ ကိုကိုတို့ ပြန်မပြောချင်ပါဘူး စုငယ်ရယ်။ ကိုကို့ကို သံသယတွေနဲ့ စုငယ်ပင်ပန်းနေတာ သိလို့ ဦးနဲ့ တိုင်ပင်ပြီး အခုလို အသိပေးရတာပါ။ ကိုကို စုငယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ စုငယ်သိတယ်မလား။ ဒီအိပ်မက်ဆိုးကြီးကို ကိုကို မေ့ထားခဲ့တာ ကြာပါပြီ။ စုငယ်လည်း အိမ်မက်ဆိုးကြီးထဲကနေ ထွက်လိုက်တော့နော်။ ကိုကိုနဲ့ စုငယ်တို့ မိသားစုဘ၀လေး ဖြည်းဖြည်းချင်း တည်ဆောက်သွားကြတာပေါ့..နော်..။"  

ဖေဖေနှင့် ဦးဦးသူရတို့ အလိုက်တသိနှင့် အခန်းထဲမှ ထွက်သွားကြချိန်တွင်တော့ စုငယ် ကိုကို့ရင်ခွင်ထဲဝင်ကာ နောက်ဆုံးအနေနှင့် ငိုချလိုက်ပါတော့သည်။

ဒီမျက်ရည်တွေဟာ ကိုကို့အတွက် ၀မ်းနဲခြင်း၊ ဖေဖေ့အတွက် ၀မ်းနဲခြင်း၊ စုငယ်သံသယတို့အတွက် ၀မ်းသာခြင်းတို့ အတွက်ပါကိုကို။ နောက်ပိုင်းကိုကို့ကို ဒီထက် ပိုဂရုစိုက်ပြီး စုငယ်ချစ်သွား လေးစားသွားမှာပါကိုကိုရယ်။ ဒီစကားများကတော့ စုငယ်ရင်ထဲမှ စကားများသာ ဖြစ်ပါတော့သည်။

စင်ကာပူမှာ သွေးလှူခြင်း

စင်ကာပူမှာနေထိုင်နေတဲ့သူများ သွေးလှူချင်တယ်ဆို ဘယ်မှာ ဘယ်လို လှူလို့ရတယ်ဆိုတာလေး နဲနဲ မျှဝေချင်ပါတယ်။ တော်တော်များများတော့ သိပြီးသားဖြစ်မှာပါ။

ဘာကြောင့် သွေးလှူကြသလဲ

ကိုယ့်အမျိုးသားက ရန်ကုန်မှာကတည်းက ရန်ကုန်ဆေးရုံကြီးမှာ သွေးသွားလှူတတ်ပါတယ်။ အထူးသဖြင့် ကိုယ်တို့ အထိမ်းအမှတ်နေ့တွေမှာပေါ့။ သူစင်ကာပူရောက်လာတော့လည်း သူ့လုပ်နေကျအလုပ်ကို သူမမေ့ပါဘူး။ ဘယ်မှာ လှူလို့ရလဲ၊ ဘယ်လိုလှူရလဲ စုံစမ်းခိုင်းပြီး စလှူခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်မွေးနေ့၊ သူ့မွေးနေ့၊ သမီးရည်စား နှစ်ပတ်လည်နေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့ စသည့် အမှတ်တရနေ့တွေမှာ သူသွေးလှူနိုင်တဲ့ ကာလ ရောက်ရင် အမြဲလှူပါတယ်။ သွေးလှူရင် တစ်ခါနဲ့ တစ်ခါကြားကို ၃ လ ခြားရလေ့ရှိပါတယ်။ သွေးဘာလို့လှူသလဲမေးရင် သူက အလှူဒါနပြုတာလို့ ပြန်ဖြေလေ့ရှိပါတယ်။ အရေးပေါ် သွေးလိုနေတဲ့ လူနာတွေ၊ ကင်ဆာရောဂါသည်တွေ၊ မွေးကာစကလေးတွေ၊ ကလေးမွေးပြီးစ မိခင်တွေကနေ သွေးအမြဲသွင်းနေရတဲ့ လူကီးမီးယားလူနာတွေ စသည် မည်သူမှန်းမသိဘဲ လှူလိုက်ရတဲ့ ပီတိကို သူသဘောကျပါတယ်။ အရင်ရုံးတုန်းက သွေးလှူတဲ့ ပွဲတစ်ပွဲ ရုံးက စီစဉ်ပြီး ရုံးမှာ လုပ်ပါတယ်။ သွေးလှူမယ့်သူတွေ စာရင်း၊ ကူညီမယ့်လူစာရင်းကောက်တော့ သွေးလှူမယ့်သူက အ၇မ်းကိုနည်းပါတယ်။ အပြင်လူလည်း လာလှူလို့ရတဲ့အတွက် အမျိုးသားနာမည် စာရင်းပေးတော့ လုပ်ဖော်ကိုင်ဖက်တွေက တအံ့တသြနဲ့ ဘာလို့လှူတာလဲ မေးပါတယ်။ ကိုယ်လည်း တအံ့တသြနဲ့ ဘာလို့ မလှူကြတာလဲ ပြန်မေးလိုက်ပါတယ်။

အလှူခံရတဲ့သွေးကို ဘယ်လိုသုံးသလဲ

သွေးထဲမှာ သွေးနီဥ (red cell)၊  သွေးဖြူဥ (white cell) ၊ ပလိတ်လက် (platelets) နဲ့ ပလက်စမာ (plasma) ဆိုတဲ့ အပိုင်းတွေ ပါဝင်ပါတယ်။ သွေးနှစ်စက်ကနေ သုံးစက်အတွင်းမှာ သွေးနီဥ ( Red Blood Cell) တွေ ၁ ဘီလီယံခန့်ပါဝင်ပါတယ်။ သွေးနီဥ အရေအတွက် ၆၀၀ တိုင်းမှာ သွေးဖြူဥ ၁ ဥ၊ ပလိတ်လက် အရေအတွက် ၄၀ ရှိကြပါတယ်။ ယခုခေတ် သွေးသွင်းကုသရာမှာ လိုအပ်ချက်ပေါ်မူတည်ပြီး သွေးကို ဒီအတိုင်းသွင်းပြီး ကုသရတာ ရှိသလို၊ သွေးထဲမှာ ပါတဲ့ အပိုင်းတွေကိုပဲ  သွင်းပြီးကုသရတာ ရှိတယ်လို့ဆိုပါတယ်။ လှူတဲ့အခါမှာလည်း သွေးပုံမှန်လှူလို့ရသလို သွေးရဲ့ တစ်ချို့အပိုင်းတွေကိုပဲ ခွဲလှူလို့လည်းရပါတယ်။  သွေးအပြည့်လှူရင်သာ တစ်ခါနဲ့ တစ်ခါကြားကို ၃ လခြားရလေ့ရှိတာပါ။ သွေးအပိုင်းအစ လှူရင် တစ်လတစ်ခါ လှူလို့ရပါတယ်။

ဘယ်သူတွေ လှူလို့ရလဲ

မည်သူမဆို

  • အသက် ၁၆ နှစ်နှင့် ၆၀ အကြား
  • ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ်နဲ့ အထက်
  • ဟေမိုဂလိုဘင် ၁၂.၅ အထက်
  • ကျန်းမာရေးကောင်းသူ
  • လွန်ခဲ့တဲ့ တစ်ပတ်အတွင်း နေမကောင်းဖြစ်နေသူ မဟုတ်သူ
  • လွန်ခဲ့တဲ့ ၃ ပတ်အတွင်း အဖျားရှိသူ မဟုတ်သူ
ထိုသူတွေ လှူလို့ရပါတယ်


စင်ကာပူက ဘယ်နေရာတွေမှာ သွေးလှူကြမလဲ

စင်ကာပူမှာ သွေးအလှူခံတဲ့ အဖွဲ့အစည်း နှစ်ခု ရှိပါတယ်။ Health Sciences Authority နဲ့  Singapore Red Cross ကပါ။ ထို အဖွဲ့အစည်းနှစ်ခုမှ ပူးပေါင်းပြီးဖြစ်စေ သီးခြားစီဖြစ်စေ သွေးလှူနိုင်တဲ့ event (ပွဲ) လေးတွေကို မိမိပတ်ဝန်းကျင်တွေထိ လာရောက်ကျင်းပ အလှူခံလေ့ရှိပါတယ်။ ထိုပွဲလေးများတွင် လှူခွင့်မကြုံလိုက်ပါက ၄င်းအဖွဲ့အစည်းတည်ရှိရာ နေရာတွေသို့ သွားရောက်လှူနိုင်ပါတယ်။ Singapore Red Cross မှာ မလှူဖူးလို့ သူအမြဲလှူနေကျ Health Sciences Authority (HSA) မှာ ဘယ်လိုလှူရတယ်ဆိုတာလေးပဲ ရေးပါရစေ။ အင်္ဂလိပ်လို ပြည့်ပြည့်စုံစုံရေးထားတာလေးကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ http://www.hsa.gov.sg/content/hsa/en/Blood_Services.html

HSA ရဲ့ အောက်မှာ သွေးလှူဘဏ် လေးခုရှိပါတယ်။
Bloodbank@HSA
Health Sciences Authority
(Opposite Outram Park MRT Station)
11 Outram Road
Singapore 169078

Bloodbank@Dhoby Ghaut
Dhoby Xchange (Near Exit B)
#B1-05/06/07/08/09
11 Orchard Road
Singapore 238826

Bloodbank@Woodlands
Woodlands Civic Centre
(Opposite Causeway Point)
900 South Woodlands Drive
#05-07 Singapore 730900

Bloodbank@Westgate Tower
1 Gateway Drive #10-01 to 05
Westgate Tower
Singapore 608531

သွေးလှူခြင်းအဆင့်

၁။ ဖောင်ဖြည့်ခြင်း (Form Filling)
ကြိုတင် အပွိုင့်မန့်ယူပြီးသွားလို့ရသလို ဟိုရောက်မှ ဖောင်ဖြည့်ပြီး မှတ်ပုံတင်လို့ရပါတယ်။  ၀င်ဝင်ချင်း စားပွဲလေးတစ်လုံးမှာ ဖြည့်ရမယ့် ဖောင်တွေရယ်၊ ဘောပင်ရယ် ထားထားပါတယ်။ အဲဒါကို ကိုယ့်ဘာသာယူပြီး ဖောင်ဖြည့်ရမယ့် နေရာမှာ ဖြည့်ရပါတယ်။ ဖြည့်ပြီးရင်တော့ Registration Counter မှာ ဖောင်ကို သွားပေးရပါတယ်။ ထို့နောက် ကိုယ့်နာမည်အခေါ်ကို စောင့်ရပါတယ်။
ဒီစားပွဲလေးပေါ်က ဖောင်ကိုယူဖြည့်ပါ

ဒီမှန်ခန်းလေးတွေက တစ်ယောက်စာ ဖောင်ဖြည့်ဖို့ နေရာလေးတွေပါ။


၂။ မှတ်ပုံတင်ခြင်း (Registration)
ကိုယ့်နာမည်ခေါ်တော့ Registration Counter ကို ပြန်သွားပြီး သူတို့မေးတာ အနည်းငယ် ဖြေရပါတယ်။ ထို့နောက် ပရင့်ထုတ်ထားတဲ့ ဖောင်နဲ့ queue နံပါတ်ပြန်ပေးပြီး စောင့်ရမယ့်နေရာမှာ ထပ်စောင့်ရပါတယ်။
ဖောင်မှတ်ပုံတင်ရမယ့် ကောင်တာများ


၃။ ဆေးစစ်ခြင်း (Medical screening)
ဒီတစ်ခါတော့ queue နံပါတ်ကို မျက်နှာကျက်မှာ ချိတ်ထားတဲ့ screen ကနေကြည့်ပြီး အလှည့်ကျရင် စစ်ရမယ့် အခန်းထဲ ၀င်သွားရုံပါပဲ။ HSA မှာ ဆေးစစ်တဲ့အခန်း ၃ ခန်း ရှိပါတယ်။ နှစ်ခန်းလောက်က မြန်မာ ဆရာဝန်တွေပါ။ အဲဒိမှာ ကိုယ်အလေးချိန်ချိန်၊ အရပ်တိုင်းပြီး ခရီးထွက်ထားတာရှိလား စသည်ဖြင့် မေးပါတယ်။ ပြီးလျှင် ကိုယ့်ရဲ့ဖောင်ကို ယူသွားပြီး သွေးစစ်တဲ့ ကောင်တာမှာ သွားထပ်ရပါတယ်။
ဆေးစစ်ရမယ့် အခန်းများ


၎။ သွေးစစ်ခြင်း (Blood test)
ကောင်တာမှ နာမည်ကို ခေါ်မှာ ဖြစ်ပါတယ်။  ကောင်တာမှ သူနာပြုကပဲ သွေးကို ဖောက်ထားလိုက်မှာ ဖြစ်ပါတယ်။ ထို့နောက် တခြားသူနာပြုတစ်ယောက်က ဖောက်ထားတဲ့သွေးကို ဟေမိုဂလိုဘင် ပြည့်မပြည့် စစ်နေတဲ့အခိုက်မှာ စောင့်ရမယ့်နေရာမှာ ခေတ္တပြန်စောင့်နေရပါတယ်။ ခဏအကြာ နာမည်ပြန်ခေါ်ပြီး ဟေမိုဂလိုဘင် result ကိုပြပါတယ်။ သတ်မှတ်ထားတဲ့နံပါတ် ပြည့်မှီတယ်ဆိုရင် သွေးလှူလို့ရပါပြီ။ ခုနစောင့်တဲ့နေရာမှာ ပြန်စောင့်နေပြီး ဒီတစ်ခါ သွေးလှူခန်းထဲကို ၀င်ဖို့ ပထမပေးထားတဲ့ queue နံပါတ်ကိုပဲ ပြန်စောင့်ရပါတယ်။
အများအားဖြင့် မိန်းကလေးတွေက သွေးအားနည်းလေ့ရှိပါတယ်။ ခန္ဓာကိုယ်ကသာ ၀နေပေမယ့် တကယ်တမ်းသွေးစစ်လိုက်ရင် ဟေမိုဂလိုဘင် မပြည့်ကြတာ များပါတယ်။ ကိုယ်ကိုယတိုင်လည်း ပြည့်လေ့မရှိတဲ့အတွက် ပြည့်ပြီး သွေးလှူနိုင်တဲ့ အမျိုးသမီးများကို တကယ်ပဲ အားကျရပါတယ်။
သွေးစစ်တဲ့ ကောင်တာ


၅။ သွေးလှူခြင်း ( Blood donation)
ကိုယ့် အလှည့်နံပါတ် ပေါ်လာပြီဆိုရင်တော့ သွေးလှူခန်းထဲဝင်သွားရုံပါပဲ။ အထဲမှာ ရှိတဲ့ သူနာပြုတွေက လွတ်နေတဲ့ ကုတင်ကို ခေါ်သွားပြီး သွေးထုတ်ပါတယ်။ ပုံမှန် သွေးလှူချိန်က ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။ တစ်ခါထုတ်ရင် ၃၅၀ မီလီ ကနေ ၄၅၀ မီလီအထိ ဆန့်တဲ့ အိတ်တစ်အိတ်စာပါ။ အဲဒိအခန်းထဲမှာလည်း မြန်မာ သူနာပြုတွေ အမြဲရှိတာပါပဲ။ သွေးလှူရှင်တစ်ယောက်လျှင် မုန့်စားဖို့ လက်မှတ်တစ်စောင် ပေးပါတယ်။ မြန်မာ သူနာပြုတွေနဲ့တွေ့လို့ စကားစမြည်ပြောရင်း အပြင်မှာ ကိုယ်စောင့်နေတာ သိသွာရင် လက်မှတ် တစ်စောင် ပိုပေးလေ့ရှိပါတယ်။ သူ့မွေးနေ့မှာ လှူမှန်းသိတဲ့အခါလည်း မွေးနေ့လက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။
သွေးလှူခန်း


၆။ အာဟာရကျွေးခြင်း  (Refreshments)
ခုနပေးလိုက်တဲ့ လက်မှတ်နဲ့ သွေးလှူဘဏ်ထဲက မုန့်ရောင်းတဲ့နေရာမှာ ပြပြီး မုန့်စားလို့ရပါပြီ။ လက်မှတ်တစ်စောင်ကို မုန့်တစ်ခု၊ အပူတစ်ခွက်နဲ့ အချိုပွဲတစ်ပွဲ စားခွင့်ရှိပါတယ်။ မုန့်တွေကတော့ ပက်ဖ် (puffs) ၊ ဆင်းဝှစ် (sandwich) ၊ ပေါက်စီ(pau)၊  ပေါင်မုန့် (bread) စတာတွေပါ။ ကြိုက်ရာ တစ်ခု ရွေးရပါတယ်။ အပူအနေနဲ့ ကော်ဖီ၊ လက်ဘက်ရည်၊ မိုင်လိုထဲက ရွေးရပါတယ်။ အချိုပွဲကတော့ တစ်မျိုးပဲ ရှိပါတယ်။ ပဲစိမ်း စွပ်ပြုတ် (Green bean soup )ပါ။ ကိုယ်တို့မြန်မာနိုင်ငံမှာ သွေးလှူပြီးရင် ကျွေးတဲ့ ကြက်ဥပြုတ်တို့ ငှက်ပျောသီးတို့ ဘာလို့မကျွေးတာပါလိမ့်။
သူရွေးတဲ့မုန့်

မွေးနေ့လှူလို့ ရလာတဲ့ လက်ဆောင်

မွေးနေ့လှူလို့ ရလာတဲ့ လက်ဆောင်


ကိုယ့် သွေးအလှူ

ကိုယ်ကတော့ ခုချိန်ထိ တစ်ခါပဲ လှူဖူးပါတယ်။ ပုံမှန်ဆို သွေးလှူဖို့သွားတိုင်း ဟေမိုဂလိုဘင် က သတ်မှတ်ချက်ပြည့်မှီလေ့မရှိပါဘူး။ အဲဒိ တစ်ခါပဲ ၁၂.၅ နဲ့ အတိအကျ ပြည့်နေပါတယ်။ သွေးစစ်ပေးတဲ့ဆရာမက အင်တင်တင်နဲ့ မလှူစေချင်ပါဘူး။ ကိုယ်ကလည်း အရမ်းတက်ကြွနေတော့ သတ်မှတ်ချက်ပြည့်မီနေတာလည်း ငြင်းမရတော့ လှူခွင့်ပေးလိုက်ပါတယ်။ အမျိုးသားနဲ့အတူတူ ဘေးချင်းကပ် လှူရာမှာ သူ့သွေးက ခဏနဲ့ တစ်အိတ်ပြည့်သွားပြီး ကိုယ့်သွေးကတော့ မကျချင်ကျချင်နဲ့ တစ်စက်ချင်းနီးပါး ကျနေပါတယ်။ သွေးပျစ်လို့ပါ။ သွေးထုတ်တဲ့အပ် ကို ထိုးတော့လည်း အဆင်မပြေပါဘူး။ သွေးကြောက အရမ်းသေးနေပြီး အပ်က သွေးကြောလောက်ကြီးနေလို့ပါ။ အပ်ကို ထိုးသွင်းအပြီး သွေးက အပြင်ကို ထွက်လာပါတယ်။ အပ်ကိုင်တဲ့ သူနာပြုမှာ မျက်နှာဇီးရွက်လောက်ပဲ ကျန်ပါတော့တယ်။ အထပ်ထပ်အခါခါတောင်းပန်ပြီး နောက်တစ်နေရာကို ထပ်ကြိုးစားပါတယ်။ ခက်ခက်ခဲခဲကြိုးစားရပြီး ရသွားပေမယ့် ခုနပြောသလို သွေးအကျနှေးတာကြောင့် ပုံမှန်လူ ၃ ယောက်စာလောက် အပြီးမှာမှ ကိုယ်လှူတဲ့ သွေးတစ်အိတ် ပြည့်ပါတော့တယ်။ လက်လည်း အညိုအမည်းစွဲလာပါတယ်။ လှူနေတဲ့ တစ်လျှောက်လုံးလည်း သူနာပြုတွေ တစ်ယောက်ပြီးတစ်ယောက် လာရောက်ဂရုစိုက် မေးကြပါတယ်။ သွေးလှူရှင်က လူနာပြန်ဖြစ်သွားသလိုပါပဲ။ အပြန်မှာ သောက်ဆေး၊ လိမ်းဆေး၊ ရေခဲအိတ်ကလေးတွေ၊ ဂွမ်းတွေကို အပ်နေရာက အညိုအမည်းတွေအတွက် ပေးလိုက်ကြပါတယ်။ သွေးကြောကလေးတွေ သေးပြီး ဟေမိုဂလိုဘင် အရမ်းမများတာကြောင့် နောက်တစ်ခါ မလှူစေချင်ကြောင်းလည်း မှာလိုက်ပါသေးတယ်။ သူသွေးလှူအပြီး အပြင်မှာ အကြာကြီးစောင့်နေတဲ့ အမျိုးသားကိုလည်း ထွက်ပြောကြပါသေးတယ်။ အဲဒိကတည်းက ကိုယ့်ရဲ့ သွေးလှူခွင့်ပါမစ် ပိတ်သွားတော့တာပါပဲ။





Happy Birthday Mg

သူက အသံအကျယ်ကြီးနဲ့ စကားပြောတတ်ပြီး တစ်ခါတစ်ခါ ရန်ဖြစ်နေတယ်ထင်ရအောင် အော်ပြောတတ်သူ။
ကိုယ်က အိညှက် အိညှက်နဲ့ ပလုံးပထွေး စကားမြန်မြန်ပြောတတ်သူ။
ဒါကြောင့် သူအော်ပြောနေတဲ့အချိန် ကိုယ်ငြိမ်နားထောင်ရတယ်။ ကိုယ့်ပလုံးပထွေးစကားသံကို သူနားလည်အောင် ကြိုးစားရတယ်။ (အဲဒိအချိန် အပြင်ကကြည့်ရင် ငြိမ်နေတဲ့သူက သနားစရာလေး)

သူက ဘယ်သွားသွား  သူ့လက်ကို ဆွဲထားမှကြိုက်သူ။
ကိုယ်က လက်ဖ၀ါး ချွေးထွက်လွယ်သူ။
ဒါကြောင့် ကိုယ်တို့နှစ်ယောက်ကို တွေ့ရင် လက်တွဲထားလျက်ကြီး အမြဲတွေ့ရမယ်။ တစ်ရှူးတစ်ထုပ်လည်း တစ်ယောက်ယောက်ရဲ့ အိတ်ထဲမှာ ရှိလိမ့်မယ်။
(ဒီအရွယ်ကြီး လက်တွဲထားတယ်လို့ ကြည့်ရမှာ ရှက်နေတဲ့သူတွေလည်း ရှိလိမ့်မယ်)

သူက ရေအေးအေးနဲ့မှ ရေချိုးချင်သူ။
ကိုယ်က ရေအေးနဲ့ထိရင် ဖျားတတ်သူ။
ဒါကြောင့် အိမ်မှာ ရေပူရေအေး တပ်ထားတယ်။
(ကိုယ်ဆောင်းတွင်းတွေမှာ နေ့တိုင်းရေမချိုးတတ်တာ အခု သူသိသွားပြီ)

သူက လူကြီးလုပ်ပြီး ဆုံးမချင်သူ။
ကိုယ်က ကလေးလုပ်ပြီး ချွဲ့နွဲ့ချင်သူ။
ဒါကြောင့် ကိုယ်က အသက်ကြီးပြီး မရင့်ကျက်လာဘူး။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ကရင့်နေပြီ။
(ကိုယ်ကလည်း သူ့ထက်ငယ်တယ်လို့ အထင်ခံရရင် ပါးစပ်စိမရတော့ဘူး၊ အင်း တစ်ခါမှလည်း အထင်မခံရဘူး။ )

သမီးရည်းစားဘ၀မှာ သူက အနိုင်ယူသူ။
အိမ်ထောင်သည်ဘ၀မှာ ကိုယ်က အနိုင်ယူသူ။
ဒါကြောင့် ဘဲစားဘဲချေလို့ သူ့ကို ကိုယ်အမြဲပြောတယ်။
( တရားပါတယ်နော်၊ ကိုယ်က တရားမျှတမှုကို လိုလားတယ်လေ။)

သူက ကိုယ့်စိတ်ကို ၉၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ကိုယ်က သူ့စိတ်ကို ၁၀ ရာခိုင်နှုန်း ဖတ်နိုင်သူ။
ဒါကြောင့် ၁၀၀ ရာခိုင်နှုန်း နားလည်မှုတွေ ရှိကြတယ်။
(နားလည်မှုက အရေးကြီးတယ်လေ။ ဘယ်လိုပဲ နားလည် နားလည်)

အသက်ကြီးလို့ အနားယူကြရင် သူက အေးမြတဲ့ ဒေသမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာဖတ်ချင်သူ။
ကိုယ်က အညာက နွေနေပူပူက ထန်းလက်တဲလေးထဲမှာ နှီးယပ်တောင်လေးခပ်ပြီး ရေနွေးကြမ်းသောက်ချင်သူ။
ဒါကြောင့် ပြင်ဦးလွင်မှာ မြေတကွက်ဝယ်ဖို့၊ ကျောက်ပန်းတောင်းမှာ ယာတကွက်ဝယ်ဖို့ ပိုက်ဆံစုနေကြတယ်။
( ဘယ်တော့မှ မဖြစ်လာနိုင်မှန်း သိလည်းပ။ဲ)

နှစ်ယောက်သား မတူတဲ့ ဓလေ့စရိုက်တွေကို ရန်ဖြစ်ရင်း ပြန်ချစ်ရင်း သည်းခံရင်း စိတ်ဆိုးရင်း အတူတူ ဖြတ်သန်းလာခဲ့ကြတာ ဘာလိုလိုနဲ့ သူတောင် မွေးနေ့ဆိုတဲ့ မှတ်တိုင်တစ်ခု ရောက်လာပြန်ပြီ။



ချစ်ရတဲ့ ကိုယ့်အမျိုးသားလေး နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ မိသားစုနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...