ကိုရီးယား ခရီးစဉ် Day 5

ယောင်ပြုံးမြို့။ Yongpyong Ski Resort ၂၅ ဖေဖော်ဝါရီ ၂၀၁၄။

မနက်စာကို ဟိုတယ်ရှေ့က စားသောက်ဆိုင်လေးမှာ ကျွေးပါတယ်။ အဲဒိဆိုင်က နာမည်ကျော်ကိုရီးယားကား winter sonata ရိုက်ကွင်းမှာ ပါတဲ့ဆိုင်လို့ တိုးဂိုက်က ပြောပါတယ်။ ဆိုင်ရှေ့မှာရော ဆိုင်ထဲမှာပါ အဲဒိကားမှာပါတဲ့ မင်းသား မင်းသမီးတွေပုံကို နေရာတကာ တွေ့ရပါတယ်။
မနက်စာက ပုံမှန် ဥရောပဘူဖေးပါပဲ။
မနေ့ညက ဟိုတယ်ရောက်ရောက်ချင်း ဆိုင်ကို လှမ်းရိုက်ထားတာပါ။

ဒါကတော့ မနက်စာစားဖို့ ဆိုင်ထဲမ၀င်ခင် အတူသွားတဲ့ ခရီးသွားအုပ်စုအမှတ်တရပါ။

ဆိုင်ထဲ နံရံအားလုံးမှာ winter sonata ထဲက မင်းသားမင်းသမီးပုံတွေ ကပ်ထားပါတယ်။

ဒါကတော့ ကိုယ့်မင်းသားပေါ့။ (အဟက်)

မနက်စာစားပြီးတာနဲ့ ကေဘယ်ကားစီးဖို့ ယောင်ပြုံးတောင်ခြေကို ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်တဲ့ လမ်းတစ်လျှောက်အောက်မှာ  စကီးစီးနေတဲ့သူတွေကိုတွေ့နေရတော့ ငါတို့အဲဒိတောင်ပေါ်ကနေ ဆင်းလာရင်တော့ သေချာပေါက် မှောက်ရက်လဲမှာပဲလို့ အချင်းချင်းပြောပြီးတွေးကြောက်နေကြပါတယ်။

ဒါကတော့ ကေဘယ်ကားအဆီအသွား လမ်းမှာပါ။

ကေဘယ်ကားပေါ်က လှမ်းရိုက်ထားတာပါ။ 

တောင်ပေါ်ရောက်တော့ ဂိုက်က စကီးစီးရမှာ တောင်အောက်မှာပါ။ ဒီအပေါ်ခေါ်လာတာ ရှုခင်းကြည့်ဖို့ပါဆိုမှ ပေါ့ပေါ့ပါးပါ့း ရယ်နိုင်ပါတော့တယ်။ ပထမဆုံးအကြီမ် ရေခဲတောင်ပေါ် နင်းဖူးတာဆိုတော့ စိတ်ရှိလက်ရှိဆော့ကြတာ ကလေးတွေထက်တောင် ဆိုးပါတယ်။ ရေခဲတွေ လုံးပြီး တစ်ယောက်နဲ့တစ်ယောက်ပေါက်ကြ။ ပေါက်ကရပုံစံတွေနဲ့ ဓာတ်ပုံရိုက်ကြနဲ့။ တောင်ပေါ်မှာ နေက ခြစ်ခြစ်တောက်ပူတာပါ။ ဒါပေမယ့် အနွေးထည်ချွတ်ဖို့ စိတ်ကူးလို့ကို မရပါဘူး။ နေပူထဲမှာ ရာသီဥတုက အေးစိမ့်နေပါတယ်။

တောင်ပေါ်မှာပါ။ နေပူနေတော့ မျက်လုံးကို မဖွင့်နိုင်ကြပါဘူး။ 

ရေခဲဆုပ်နဲ့ ကစားစို့။

တောင်ခြေကိုကေဘယ်ကားနဲ့ပဲ ပြန်ဆင်းလာပြီး စကီးသွားငှားကြပါတယ်။ ကိုယ့်ပစည်းတွေကို လော့ကာ (locker) ထဲထည့်ပြီးထားခဲ့ရပါတယ်။ ဖြစ်ချင်တော့ လော့ကာရှေ့က ခုံတန်းရှည်လေးမှာ စကီးဖိနပ်စီးနေတုန်း ဘေးမှာ ခဏချထားတဲ့ စကီးစီးမျက်မှန် ပျောက်သွားပါတယ်။ လူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထိုင်ခုံမှာထိုင်ပြီး ဖိနပ်စီးကြ၊ ပစည်းတွေခဏချကြဆိုတော့ တစ်ယောက်ယောက်မှားယူသွားတာ ဖြစ်နိုင်ပါတယ်။ အဲဒိစကီးမျက်မှန်ကလည်း resort ဆိုင်က ငှားလာတာဆိုတော့ လျော်ရတော့မယ်ဆိုပြီး လူလည်းတော်တော်မပျော်မရွှင်ဖြစ်သွားပါတယ်။
(လျော်တဲ့တန်ဖိုးကလည်း မနည်းပါ။ စင်ကာပူဒေါ်လာ ၃၀ လောက်ပေးလိုက်ရပါတယ်။ )

စကီးဆိုင်က စကီးတွေ။

အဖွဲ့လိုက်ကို စကီးစီးနည်း ၁၀ မိနစ်ခန့်ပြပါတယ်။ တစ်ခါ နှစ်ခါလောက်ချော်လဲပြီး ကာင်းကောင်းစီးတတ်သွားပါတယ်။ တောင်ခြေမှာပဲ ပိုမြင့်တဲ့ဘက်ကို စကီးတွေသယ်ပြီးသွား၊ အဲဒိနေရာရောက်တော့မှ စကီးကိုစီးပြီး ဆင်းကြတာပါ။ ဒါပေမယ့် အောက်ခြေကို စကီးနဲ့ လျှောစီးရတာ ပျော်ဖို့ ကောင်းသလောက် စကီးကိုသယ်ပြီး ပြန်အတက်ကတော့ တော်တော်ကို ပင်ပန်းပါတယ်။ နေပူပူမှာ မျက်မှန်မပါဘဲစီးရတော့ တော်တော်ကို ပူအိုက်နေတာပါ။ ပူအိုက်နေလို့ ဂျာကင်ချွတ်မယ်ဆိုပြန်တော့လည်း တော်တော်ကို အေးပါတယ်။ ကဲမခက်ပေဘူးလား။


ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

ပုစွန်ကင်

အိမ်မှာ လုပ်စားဖြစ်တဲ့ ပုစွန်ကင်လေး ရှယ်ချင်ပါတယ်။

ဒီပစ္စည်းတွေထည့်ထားတယ်
ပုစွန် - 500 g ( ၄ - ၅ ယောက်စာ)
ကြက်သွန်ဖြူ - ၄ တက်
ငရုတ်သီးခြောက် - ၈ တောင့်
ဆားအနည်းငယ်

ဒီလိုပြင်ဆင်ထားတယ်
ကြက်သွန်ဖြူကို မညက်တညက် ကြိတ်ပါ (သို့) ထောင်းပါ။
ငရုတ်သီးခြောက်ကို နုတ်နုတ်စင်းပါ။  (အိမ်မှာ ငရုတ်သီးခြောက်ကုန်နေလို့ အစိမ်းမှုန့်သုံးလိုက်ပါတယ်)
ပုစွန်ကို အမြီးနေရာ ချန်ပြီး ကျန်တာ အခွံခွာပါ။
ပြီး ကြက်သွန်ဖြူ ထောင်း ၊ ငရုတ်သီး၊ ဆားနဲ့ ပုစွန်ကို ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီခန့်နှပ်ထားပါ။




ဒီလိုကင်တယ်
ပုစွန်ကို သီတံမှာ သီပါ။ (၀ါးချွန်သီတံ သို့ စတီးသီတံ)


oven မှာ အပူချိန် ၂၅၀ ဒီဂရီ စင်တီဂရိတ်လောက်နဲ့ ၃၀ မိနစ်ကင်ပါ။
(သို့မဟုတ်) မီးသွေးဖိုမှာ ၁၀ မိနစ်လောက်ကင်ပါ။



စားကြမယ်ဗျို့
သံပုရာသီးလေးညှစ်ပြီး ပူတုန်းလေး စားကြရအောင်။


ကိုရီးယားခရီးစဉ် Day 4

ဒယ်ဂူးမြို့။ ၂၄ ဖေဖော်ဝါရီ ၂၀၁၄။

Daegu Cheese School - ပီဇာကိုယ်တိုင်လုပ်ကြမယ်

ဟိုတယ်မှာ မနက်စာစားပြီး Daegu Cheese School ကို သွားကြပါတယ်။ သင်တန်းဆရာက ပီဇာလုပ်နည်းပြပေးပြီး နှစ်ယောက်တစ်ခု လုပ်ရပါတယ်။ ပြီးနေ့လည်စာကို အဲဒိပီဇာပဲစားရမယ်ဆိုတော့ လူတိုင်းက အားကြိုးမာန်တက် ကောင်းအောင် လုပ်ကြရပါတယ်။ အမှန်တော့ ဂျုံကလည်းနည်ပြီးသား၊ အထဲမှာထည့်မယ့်အဆာပလာတွေကလည်း ပြင်ဆင်ပြီးသားပါ။ ကိုယ်တွေက ဂျုံကိုပြားပြီး အဆာလေးတွေ ပုံပေးရုံပါပဲ။ ဒါကိုပဲ သင်တန်းဆိုပြီး အကျယ်ချဲ့ရှင်းပါတယ်။



ဂျုံကို ပေးထားတဲ့ ဒလိမ့်တုံးနဲ့ အ၀ိုင်းပုံစံရအောင်လှိမ့်၊ အနားလေးတွေကို လိပ်ပြီး အပေါ်က ဗန်းထဲက အနှစ်ကို သုပ်ပြီး ကျန်တာတွေ တစ်ခုချင်းစီ ဖြူးပါတယ်။ ပြီးတာနဲ့ oven ထဲထည့်ပြီး ဖုတ်ရအောင် ဆရာကိုပေးလိုက်ရပြီး ဆရာက ကိုယ့်ပီဇာအတွက် oven အကန့်နံပါတ်တစ်ခု ပြန်ပေးပါတယ်။ 


Daegu Cheese School - ဆန်ပေါက်ပေါက်ဖောက်ကြည့်ကြစို့

 ပီဇာ ကျက်အောင် စောင့်နေချိန်မှာ ကျောင်းဝင်းထဲ လျှောက်ကြည့်ကြပါတယ်။ ဆန်ပေါက်ပေါက်လုပ်တဲ့ စက်မှာ ဆန်လှော်တစ်ထုပ်ထည်ပြီး လက်လှည့်စက်နဲ့ ပေါက်ပေါက်ဖောက်ကြပါတယ်။ တိုးအဖွဲ့မှာ ပါလာသမျှယောက်ျားတွေအကုန်လုံး တစ်ယောက်တစ်လှည့် ၀ိုင်းလျှည့်ကြတာ ပျော်စရာတောင် ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ ဓာတ်ပုံမတင်နိုင်ပါဘူး၊ ဗွီဒီယိုတော့ ရိုက်ထားလိုက်တယ်။ နောက်ကြုံရင် ရှယ်ပါမယ်။


Daegu Cheese School - လျှောစီးကြစို့
နောက် ကျောင်းဝင်းထဲက ဘာခေါ်လဲတော့ မသိ၊ အောက်က ပုံမှာ ပါတဲ့ လျှောလေး စီးကြပါတယ်။ သူက ဘရိတ်တွေဘာတွေလဲ ပါတာမဟုတ်။ ကိုယ်တို့ငယ်ငယ်က အုန်းလက်ကို စီးသလို အမြင့်ကနေ လျှောစီးချရတာဆိုတော့ တစ်ခေါက်နဲ့တင် ကိုယ်က တော်လိုက်ပါတယ်။ သူကတော့ ထပ်ခါတလဲလဲစီးပါတယ်။


Daegu Cheese School - နွားကို နို့တိုက်ကြမယ် 
ပြီး ခြံထဲမှာ နွားကလေး ၃ ကောင်မွေးထားတာကို နို့သွားတိုက်ကြပါတယ်။ ကြံကြံဖန်ဖန်နော်၊ ကိုယ်တွေက သူ့နို့ကို အရင် မသောက်ရဘူး။ သူ့ကို အရင် နို့တိုက်နေရတယ်။ ဘာမှတော့မဆိုင် အညာကနွားတွေကိုသတိရလိုက်ပါဘိ။


ဒယ်ဂူးရဲ့ နေ့လည်စာ
အဲဒိနောက်တော့ နေ့လည်စာ စားဖို့အချိန်ရောက်ပါပြီ။ ကိုယ်လုပ်ထားတဲ့ ပီဇာနဲ့ စပါကတီခေါက်ဆွဲပါ။ ကိုရီးယားသွားပြီး စပါကတီစားရတာ တော်တော်ရင်နာဖို့ ကောင်းပါတယ်။ 


Daegu to Yongpyong Resort


 နေ့လည်စာစားပြီးတော့ စကီးစခန်းဖြစ်တဲ့ ယောင်ပြုံး (yongpyong ski resort) ကို ခရီးဆက်ကြပါတယ်။ လမ်းခရီးမှာ တဖြည်းဖြည်း နဲ့ ရေခဲနေတဲ့ မြင်ကွင်းတွေကို စမြင်လာရပါပြီ။ ရန်ကုန်ကနေမြင်းခြံအသွား၊ လမ်းမှာ ဖုန်ထူထူလမ်းတွေ၊ မန်ကျည်းပင်တွေ၊ ထနောင်းပင်တွေ၊ ကန္တာရပင်တွေ စတွေ့လာရင် ရင်ခုန်ခဲ့ဖူးသလိုပဲ လမ်းတစ်လျှောက်ရေခဲဖုံးနေတဲ့ မြေနီနီတွေကို စမြင်လာရတာ ရင်ခုန်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် တူတော့ မတူပါဘူး။ ဒီရင်ခုန်တာက ကိုယ်မမြင်ဖူးတဲ့ အသစ်အဆန်းအတွက် ပျော်ရွှင်တဲ့ ရင်ခုန်မှုပါ။ လွမ်းဆွတ်မှုတွေ မပါပါဘူး။



ယောင်ပြုံးရဲ့ ညစာ

ယောင်ပြုံးတောင်ပေါ်မြို့အ၀င်က ကိုရီးယားရိုးရာ စားသောက်ဆိုင်တစ်ခုမှာ ညစာကျွေးပါတယ်။ ဒီညစာကတော့ တော်ေ်တ်ာလေးကို စားကောင်းပါတယ်။ စားပွဲထိုးက အသက်ကြီးကြီး အဒေါ်ကြီးတွေပါ။ ကိုရီးယားရိုးရာဝတ်စုံလေးတွေ ၀တ်ထားပြီး၊ စားစရာကို တစ်ပွဲပြီးတစ်ပွဲ အခန်းထဲကို လာပို့ပေးပါတယ်။ ဟင်းပွဲပေါင်းများစွာထဲမှာ ငါးအရေခွံကိုကြော်ပြီး သုပ်ထားတာတော်တော်ကောင်းပါတယ်။ 


ဟိုတယ်မှာ ချက်ကင်ဝင်တော့ မိုးချုပ်နေပါပြီ။ ကားပေါ်ကနေ ရေခဲတွေမြင်ထားတော့ အခန်းထဲ ပစ္စည်း တွေထားပြီး ဓာတ်ပုံရိုက်ဖို့ ချက်ချင်းအပြင်ပြန်ထွက်ကြပါတယ်။ တကယ်တန်းကျ ကြာကြာမနေနိုင်ပါဘူး၊အပြင်မှာ တော်တော်လေး အေးပါတယ်။ ကဲ ဂွတ်နိုက် ယောင်ပြုံးရေ။

ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

ကြက်သားရှမ်းချဉ်

လွယ်တာတွေချည်း ချက်စားနေတယ်လို့ ပြောတဲ့သူရှိရင်တော့ သူ့အလွန်မဟုတ်ပါဘူး။ ဟင်းချက်မယ် စိတ်ကူးရင် ဘယ်ဟာအလွယ်ဆုံးလဲက စပြီး စဉ်းစားပါတယ်။ တကယ်တော့ ဒီဟင်းကို ရုံးက သူငယ်ချင်းတစ်ယောက်ချက်ပြီး ရုံးယူလာကတည်းက စားချင်နေတာပါ။ချက်စားဖြစ်တဲ့ ရက်ရောက်တော့ ဖုန်းဆက်ပြီး ထပ်မေးလိုက်ပါသေးတယ်။

ပါဝင်ပစ္စည်းများ
ကြက်သား
ရှမ်းချဉ်
ဆား
အချိုမှုန့်
ဆီ
သကြား



ပထမဆုံး ကြက်သားကို အနေတော်လေးတွေ တုံး၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်နဲ့ နယ်ထားပါတယ်။

ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူရင် နယ်ထားတဲ့ ကြက်သားထည့်လုံး၊ ကြက်သားအပေါ်ယံလေးတင်းပြီး ညှီနံ့ပျောက်ပြီထင်တဲ့အချိန်ကျ ကြက်သားနူးအောင် ရေနဲနဲထည့်ပါတယ်။

ကြက်သားမနူးတနူးအချိန်လောက်မှာ ရှမ်းချဉ်ထည့်ပါတယ်။ ပြီး သကြားနဲနဲထည့်ပါတယ်။ အဖုံးပြန်အုပ်ပြီး ကြက်သားနူးတဲ့အထိတည်ပါ။

ရှမ်းချဉ်ရဲ့အချဉ်နဲ့ သကြားရဲ့ အချိုဓာတ်တွေ ကြက်သားထဲဝင်ပြီး ချိုချိုချဉ်ချဉ် အသားတစ်ပွဲကိုရမှာဖြစ်ပါတယ်။

ဆူးပုပ်ရှောက်ရွက်ဟင်းချို

ဒီဟင်းချိုကို ပထမဆုံးစစားဖူးတာက ရွှေတိဂုံဘုရား မြောက်ဘက်ကဆင်းရင် ရောက်တဲ့ အောင်သုခ ထမင်းဆိုင်မှာ။
နေပူပူမှာ ခံတွင်းကိုရှင်းသွားစေတဲ့ ခပ်ရိုးရိုး ဟင်းချိုတစ်ခွက်ကပဲ ဘုရားသွားတိုင်း အဲဒိဆိုင်မှာ စားချင်လောက်အောင် ဆွဲဆောင်ခဲ့ပါတယ်။

ချက်နည်းကတော့ တော်တော်လွယ်ပါတယ်။

ဆူးပုပ်ရွက်ကို သင်ထား၊ ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီး၊ ရှောက်ရွက်ကို အနေတော် လှီးဖြတ်ထားပါ။


ရေကိုပွက်ပွက်ဆူအောင်တည်၊ ပွက်ရင် ဆူးပုပ်၊ ဂေါ်ဖီ၊ ဆား၊ အချိုမှုန့် ခပ်ပါ။
ဂေါ်ဖီခပ်စိမ်းစိမ်းအနေအထားမှာပဲ မီးပိတ်လိုက်ပါ။

စားခါနီးရင် တစ်ပွက်ဆူပြန်တည်၊ ပန်းကန်ထဲထည့်ပြီးမှ ရှောက်ရွက်ခပ်ပါ။
ရှောက်ရွက်က ခပ်ထားတာကြာရင် ခါးတတ်ပါတယ်။ ကဲ ပူတုန်းလေး သောက်ကြည့်ပါဦး။





ရဲယိုရွက်ငါးပေါင်းထုပ်

ဒီနေ့တော့ ရဲယိုရွက်ငါးပေါင်းထုပ်နည်းရှယ်ပါမယ်။ အမှန်တော့ သူငယ်ချင်းချက်တာပါ။ ကိုယ်ကဘေးက၀င်ရှုပ်ထားတာပါ။

ငါးခူနဲ့ဆိုပိုကောင်းမှာ ဖြစ်ပေမယ့် ရရာငါးနဲ့ (ငါးသလောက်ယောက်ဖ) ချက်ထားပါတယ်။ ငါးကို နှစ်သက်သလို အတုံးလေးတွေတုံး၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်အနည်းငယ်နဲ့ နယ်ထားပါတယ်။

ထိုင်းဆိုင်က ၀ယ်လာတဲ့ မျှစ်ကို ဒီလိုလေးတွေ ပိုင်းထားပါတယ်။




ဒါကတော့ ရဲယိုရွက်ပါ။ ရန်ကုန်က ရဲယိုရွက်က ပိုဝိုင်းပြီး ပိုကြီးပါတယ်။
အခုဟာက စီးတီးဟော ပင်နီစူးလား ပလာဇာက ၀ယ်လာတာပါ။ စင်ကာပူမှာလည်း အပင်တွေ ရှိတော့ ဒီကပဲ ခူးရောင်းတယ်လို့ ခံစားရပါတယ်။


ကြက်သွန်နီဥကြီးတစ်ဥ၊ ကြက်သွန်ဖြူ ငါးမွှာကို ထောင်းပါတယ်။ (အမှန်တော့ ကြိတ်စက်နဲ့ ကြိတ်လိုက်တာပါ)


ပြီး ခုနနယ်ထားတဲ့ ငါးထဲကို ထောင်းပြီးသားကြက်သွန်ဖြူနီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆီအနည်းငယ်ထည့်ပါတယ်။


ပိုင်းထားတဲ့ မျှစ်တွေပါ ထည့်နယ်လိုက်ပါတယ်။


ရဲယိုရွက်နောက်က အကြောလေးတွေကို ကပ်ကြေးနဲ့ ညှပ်ပါတယ်။ ထုပ်တဲ့အခါ အရွက်မပေါက်အောင်လို့ပါ။


ပြီးတာနဲ့ရဲယိုရွက်ထဲကို ငါးနဲ့ မျှစ်သမအောင်ထည့်ပြီး ထုပ်ပါတယ်။ အရွက်ကို သွားကြားထိုးတံ နဲ့ သီထားပါတယ်။ ၀ါးသွားကြားထိုးတံနဲ့ သီရမှာပါ။
အိမ်မှာတော့ ကုန်နေတာနဲ့ ရှိတဲ့ ကျောက်ကျောစားတဲ့ ပလတ်စတစ် အချောင်းလေးတွေနဲ့ပဲ သီဖြစ်ပါတယ်။

ပြီးတာနဲ့ နှစ်ထပ်ပေါင်းအိုးမှာ အောက်မှာ ရေထည့် အပေါ်မှာ ငါးပေါင်းထုပ်တွေထည့်ပြီး ပေါင်းပါတယ်။


ငါးနူးလောက်တဲ့အချိန်မှာ ချလို့ရပါပြီ။


အရမ်းလွယ်ပါတယ်။ ဆီလည်းအများကြီးမပါ၊ ခံတွင်းလည်းမြိန်စေတဲ့ လွယ်လွယ်ကူကူ ဟင်းတစ်မည်ပါ။ (ရဲယိုရွက်ရှာရတာ ခက်တဲ့နေရာက လွဲရင်ပေါ့လေ)




ကိုရီးယားခရီးစဉ် Day 3

ဒယ်ဂူးမြို့။ ၂၃ ဖေဖော်ဝါရီ ၂၀၁၄။

ဂျယ်ဂျူးမှ ဒယ်ဂူးသို့
နံနက်စာစားပြီးတာနဲ့ ဂျယ်ဂျူးလေဆိပ်ကိုဆင်းပါတယ်။ ဒယ်ဂူးကို ၁ နာရီကြာ ပြည်တွင်းလေယာဉ်စီးဖို့ပါ။


ဂိုက်က  group check-in လုပ်ပေးနေတုန်း.. ဟိုသွားဒီသွား ဟိုရိုက်ဒီရိုက်။

လေဆိပ်ကနေ လေယာဉ်ဆီကို ဘက်စ် စီးရပါတယ်။ ရန်ကုန်ကနေ စင်ကာပူကိုလာတဲ့ ပထမဆုံး လေယာဉ်စီးအတွေ့အကြုံကိုတောင် သတိရချင်ချင်ဖြစ်မိသေး။

အေးအေးချမ်းချမ်းလေးလှနေတဲ့ ဂျယ်ဂျူးကို နုတ်ဆက်လိုက်ပါတယ်။ သွားတော့မယ်ဂျယ်ဂျူးရေ။

ဒယ်ဂူးကို လေယာဉ်ပေါ်မှမြင်ရစဉ်။

Daegu Donghwasa Temple
ဒယ်ဂူးရောက်ရောက်ချင်း ပထမဆုံးသွားတာက Donghwasa Temple ပါ။ အောက်ကပုံက မုဒ်ဦးအ၀င်ဝပါ။ အထဲကို လမ်းတော်တော်လျှောက်ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ လောက်ရျိမလားမသိ။

ဒီလမ်းအတိုင်း လျှောက်ကြပါတယ်။ ဘေးမှာ တောတောင်နဲ့ ဆိုတော့ နေထွက်နေပေမယ့် သိပ်မပူပါဘူး။ 
ဒါကလမ်းတစ်ဝက်မှာရှိတဲ့ စခန်းပါ။ ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ 


အဲဒိစခန်းကမှ ဆက်သွားရပါတယ်။ သွားနေတဲ့လမ်းတစ်လျှောက်မှာ ဒီလို လမ်းညွန်ထားပါတယ်။
 

ဒီလှေကားအတိုင်း တက်ရပါသေးတယ်။ ဒါက ပြန်အဆင်းမှာ ရိုက်ထားတာပါ။

လမ်းမှာ ဘုန်းကြီးတွေလည်း တွေ့ရပါတယ်။ တရုတ်ဘုန်းကြီးနဲ့ ဆင်ပါတယ်။လှေကားပေါင်းများစွာ တော်တော်လေးတက်အပြီးမှာ ဘုရားဆီရောက်ပါပြီ။


ဘုရားဖူး၊ အမှတ်တရ ဓာတ်ပုံရိုက်ပြီး ရှုခင်းကြည့်ကြပါတယ်။ ပြီး လာရာလမ်းအတိုင်းပြန်ဆင်းပြီး ခုန ဖြတ်ခဲ့တဲ့ စခန်းမှာ ခဏနားကြပါတယ်။ အောက်ကပုံကတော့ အဲဒိစခန်းက စမ်းရေပါ။ ခွက်ကလေးတွေနဲ့ ခပ်သောက်နေကြတာမြင်တော့ ကိုယ်တို့လည်း သောက်ကြပါတယ်။ ရင်ထဲကို အေးမြသွားတာတော့ အမှန်ပါ။

ဘုရားကျောင်းရှေ့မှာ မိန်းမကြီးတွေ ကန်စွန်းဥဖုတ်နေကြပါတယ်။ မီးသွေးထည့်ဖုတ်လို့ရတဲ့ စက်ကလေးနဲ့ပါ။ ဘုရားအတွက် အလှူငွေထည့်ရင် ကန်စွန်းဥပြန်ကျွေးပါတယ်။ အလှူငွေထည့်ပြီး ကန်စွန်းဥစားဖို့ စီနေတဲ့ အတန်းထဲဝင်လိုက်တာ ကိုယ့်အလှည့်ကျမှ ပထမအသုတ်ဖုတ်ထားတဲ့ ကန်စွန်းဥတွေ ကုန်သွားလို့ နောက်တစ်သုတ်ဖုတ်တာကို အကြာကြီးစောင့်ရပါတယ်။ ကိုယ်ကလည်း အလှူငွေလည်းထည့်ထား၊ သူများစားတာကို အနံ့ကလည်း ရထားဆိုတော့ မစားဘဲ မပြန်နိုင်ပါဘူး။ အစအဆုံးဖုတ်တာကို ထိုင်ကြည့်ပြီး စောင့်တာပါပဲ။ ဂိုက်ကလည်း အေးအေးဆေးဆေး တစ်နေရာကနေ စောင့်ပါတယ်။ မစားတဲ့သူတွေနဲ့ စကားလက်ဆုံကျရင်းပေါ့။ ပြောရရင် တိုးဂိုက် ကီကီက တော်တော်စိတ်ရှည်ပါတယ်။ ဘယ်တော့မှ မလောပါဘူး။ တစ်ခါတစ်လေ သူ့ အင်္ဂလိပ်စကားကို နားမလည်တာက လွဲရင်ပေါ့။

Daegu City Centre - မြေအောက်ဈေးမှာ ဈေးဝယ်ကြမယ်
ဘုရားကအပြန်တော့ မြေအောက်ဈေးကိုပို့ပါတယ်။ ထုံးစံအတိုင်း ဆိုးလ်ရောက်မှ ဈေးဝယ်မယ်စဉ်းစားထားတော့ ဟိုကြည့်ဒီကြည့်နဲ့ လမ်းမပေါ်ပြန်တက်ပြီး လျှောက်ကြည့်ကြပါတယ်။





ဒါက သွားတဲ့အဖွဲ့ပါ။ ရှေ့ဆုံးကထိုင်နေတဲ့ ဂျာကင်အညိုနဲ့က ကီကီပါ။


ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...